← Chapters

သနားစရာ ကျောင်းယန်

Vol. 48 Ch. 715

သနားစရာ ကျောင်းယန်

Vol. 48 Ch. 715

စာသင်နေရင်းဖြင့် လီန ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ဖုန်းယွီ၏ သက်တော်စောင့် ပြောသည့် စကားမှာ မည်သည်ကို ဆိုလိုကြောင်း သဘောပေါက်သလို ရှိသွားကြောင်း ခံစားလိုက်ရသည်။

အပြင်ဘက်ရှိ အခြေအနေများကို တွေးကာ ဖုန်းယွီ ဒဏ်ရာရသွားမည်ကိုသာ စိုးရိမ်နေမိသည်။

စာသင်ချိန်အပြီး၌ လီန ကျောင်းတံခါးသို့ ပြေးထွက်သွားလိုက်သည်။ သို့ရာတွင် လမ်းမကြီးသာ ရှိနေပေသည်။ လမ်းသွား လမ်းလာ တစ်ယောက် နှစ်ယောက်စ တွေ့ရသော်လည်း ဖုန်းယွီကိုမူ မတွေ့ရချေ။

“ကျောင်း အပြင်မှာ တစ်ခုခု ဖြစ်သွားသေးလား..”

လီန လုံခြုံရေး အစောင့်ကို မေးလိုက်သည်။

“ဆရာလီပါလား.. ကျောင်းပြင်မှာ ဘာဖြစ်တာလဲဆိုတော့.. မနက်ပိုင်းက ရန်ဖြစ်ကြတာလေးပါပဲ.. ရဲတွေ ရောက်လာပြီး အားလုံး ခေါ်သွားတယ်..”

ထိုစကား ကြားမှသာ လီန စိတ်သက်သာရာရသွားသည်။ ကျန်းဟန်၏ ဖခင်မှာ ရဲမှူး ဖြစ်သည်။ ရဲစခန်းသို့ ခေါ်သွားပါက ဘာမှ ဆက်ဖြစ်မည် မဟုတ်တော့ချေ။

လီန သူ့ရုံးခန်းသို့ ပြန်သွားလိုက်သည်။ ဖုန်းယွီအား ဖုန်းခေါ်ချင်သော်လည်း မခေါ်ခဲ့ချေ။ ဖုန်းယွီ ဘာမှ ဖြစ်မည် မဟုတ်ကြောင်း သိနေသလို၊ သူကိုယ်တိုင် အလုပ်ရှုတ်နေခြင်းကြောင့် မနှောက်ယှက်ချင်တော့ချေ။

ထိုအချိန်တွင် ဖုန်းယွီမှာ ခရိုင် ရဲစခန်းထဲ၌ ခြေချိတ်ထိုင်နေပေသည်။ သူသည် အခန်းတစ်ခုအတွင်း လက်ဖက်ရည် တစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်နေသည်။ ဆိုးရွားစွာ အရိုက်ခံထိထားသည့် ကျောင်းယန်မှာ သူ့ဘေးတွင် ထိုင်နေပေသည်။

“ကျုပ် ဘယ်နှစ်ခါ ပြောရမလဲ.. ကျောင်းရှန့်ကန်းဆိုတာ ကျုပ်အဖေ.. ဒီလူမိုက်တွေ ကျုပ်ကို ရိုက်နှက်ဖို့ လူတွေ ခေါ်လာတာ.. ဘာလို့ မဖမ်းတာလဲ..”

ကျောင်းယန် ခုံကိုထုခေါက်ရင်း အော်ဟစ်နေသည်။

“ဒါ မင်းအိမ်မဟုတ်ဘူး.. စားပွဲကို နောက်တစ်ခါ ထပ်ထုရဲရင် ထုကြည့်စမ်း..”

စစ်ဆေးရေးမှူးမှ ပြောလိုက်သည်။

၎င်း၏ဖခင်မှာ ကျောင်းရှန့်ကန်း မဟုတ်ပါက ဤသို့ ထိုင်နေနိုင်မည် မဟုတ်ချေ။ ထို့အပြင် ၎င်းသည် မစ္စတာဖုန်း အားရိုက်နှက်ရန် စည်းရုံးစုစည်းခဲ့သူဖြစ်သည်။ သို့ရာတွင် နောက်ဆုံး၌ ၎င်းတို့အားလုံး ဖုန်းယွီ၏ ကိုယ်ရံတော်များ ရိုက်နှက်ခြင်း ခံလိုက်ရသည်။

တနည်းအားဖြင့် စစ်သည်ဟောင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ကိုယ်ရံတော်များ ခန့်ထားနိုင်သူသည် သာမန် လူတစ်ယောက် ဖြစ်နိုင်မည်လော။ ရဲစခန်းအတွင်း ရောက်ချိန်မှစ၍ ထိုဘူပြောခဲ့သည့် တစ်ခွန်းတည်းသော စကားမှာ..

“စောင့်….”

ထိုလူသည် အလွန်တည်ငြိမ်နေကာ ကျောင်းယန်မှ သူ့ဖခင်မည်သူဖြစ်ကြောင်း ပြောနေသော်လည်း မထူးခြားချေ။

ဖြစ်နိုင်ချေ(၂)ခုသာ ရှိပေသည်။ ပထမ တစ်ခုမှာ ထိုလူ၏ ဦးနှောက်ပျက်ယွင်းနေခြင်းပင်။ သို့ရာတွင် ဤသို့ မဖြစ်နိုင်ချေ။ ဒုတိယ တစ်ခုမှာ သူ့ရှေ့တွင် မည်သည့် အတားအဆီးမှ မရှိခြင်းပင်။

ထိုလူ၏ ကားကို မြင်ဖူးသည်လော။ ထိုအမျိုးအစားသည် ပေကျင်းတွင် တစ်ကြိမ်မှ မမြင်ဖူးချေ။ သို့တိုင်အောင် မိုက်မိုက်မဲမဲ အော်ဟစ် ခြိမ်းခြောက် နေသေးသည်လော။ ထိုလူ၏ အဆက်အသွယ် ရောက်လာချိန်၌ မည်သည်ကို ဆက်ပြောမည်ဖြစ်ကြောင်း စောင့်ကြည့်ရပေမည်။

၎င်း၏ဖခင် မည်သူဖြစ်ကြောင်း အဆက်မပြတ် မြည်တွန်တောက်တီးနေ၍ ဤကိစ္စ ပြေလည်သွားမည် မဟုတ်ချေ။ ဤကဲ့သို့ ကိစ္စသေးသေးလေးကို ဖြေရှင်းရန် ဤနေရာ၌ ရှိနေစရာ မလိုချေ။

ခဏအကြာတွင် ပညာရေးဌာနမှ ကားတစ်စီး အပြင်ဘက်တွင် ရပ်လာသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသည့် လူတစ်ယောက် ထွက်လာသည်။ ထိုလူမှာ ဒေါသ ကြီးနေပေသည်။ ခရိုင်ရဲစခန်းမှူး သည်လည်း ပြတင်းပေါက်မှ ထိုကားကို တွေ့လိုက်ရသည်။ သူ့အတွင်းရေးမှူးအား မည်သူလာရှာသည်ဖြစ်စေ ရုံးတွင် ရှိမနေကြောင်း ပြောခိုင်း လိုက်သည်။

ရာထူးအဆင့်အရ ကျောင်းရှန့်ကန်းနှင့် ခရိုင်ရဲစခန်းမှူး အဆင့်တို့မှာ တူညီပေသည်။ ၎င်းတို့ (၂)ယောက်စလုံးသည် သက်ဆိုင်ရာ ဌာနများတွင် အခွင့်အာဏာ မြင့်မားကြသည်။ သို့ရာတွင် တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရ ခြင်းမျိုး မရှိချေ။ ထို မစ္စတာဖုန်းသည် ဤမျှ ကိုင်တွယ်ရ လွယ်ကူမည့်သူမျိုး မဟုတ်ချေ။ ခရိုင်ရဲစခန်းမှူးမှာ စောင့်ကြည့် ရန်သာ ဆုံးဖြတ်လိုက်သည်။ ထို မစ္စတာဖုန်းသည် သာမန်စီးပွားရေးသမား ဆိုပါက သူကိုယ်တိုင် ထွက်လာကာ ကျောင်းရှန့်ကန်းကို ကူညီမိပေလိမ့်မည်။

ကျောင်းရှန့်ကန်း ခရိုင်ရဲစခန်းအတွင်း ဝင်ရောက်လာကာ သူ့ကို ကြိုဆိုရန် ခရိုင် ဒု-စခန်းမှူး ထွက်လာသည်။ မျက်မှောင်ကြုတ်ကာ ဘာမှ မပြောတော့ချေ။ ဌာနကိုယ်စီမှ လူများ ဖြစ်ကာ ရဲတပ်ဖွဲ့သည် အင်အားကြီး ဌာန တစ်ခု ဖြစ်ပေသည်။ စခန်းမှူး သူ့ကို ရှောင်နေသည်မှာ ပုံမှန်သာပင်။

ကျောင်းရှန့်ကန်း ခရိုင်ရဲစခန်းမှ ဖုန်းဆက်ခဲ့စဉ် မျက်နှာသာ မပေးခဲ့ချေ။ သူမကျေနပ်ဖြစ်နေသည်။ မိမိသား အရိုက်ခံရကာ မိမိသားကို ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်စက်ရန် အကြံထုတ်နေကြသည်လော။ မိမိသားအကြောင်း ကောင်းကောင်း သိပေသည်။ မိမိသားမှာ ယောက်ျားကောင်း တစ်ယောက်ဖြစ်သည်။

အခန်းတံခါး တွန်းဖွင့်ကာ ဒု-စခန်းမှူးနှင့် ကျောင်းရှန့်ကန်းတို့ ဝင်လာသည်။ အဖွဲ့ ခေါင်းဆောင်မှာ ချက်ချင်းထရပ်၍ ဒု-စခန်းမှူးအား အလေးပြုလိုက်သည်။ ဒု-စခန်းမှူးသည် ကျောင်းရှန့်ကန်းအား မိတ်ဆက်မပေး သည်ကို တွေ့သည့်အခါ အဖွဲ့ခေါင်းဆောင်မှလည်း နှုတ်မဆက်ခဲ့ချေ။

“အဖေ…”

သူ့ဖခင် ဝင်လာသည်နှင့် ကျောင်းယန် ထရပ်လိုက်သည်။ သူ့မျက်နှာ ချက်ချင်း ပြောင်းသွားသည်။ စူးရဲသည့် အကြည့်များမှာ ချက်ချင်းပင် သနားစရာ အမူအရာသို့ ပြောင်းသွားခြင်းပင်။ အသံမှာလည်း တုန်နေပေသည်။

ဖုန်းယွီ သူ့ကို ကြည့်လိုက်သည်။ ထိုကောင် အမှန်တကယ် သနားစရာကောင်းပေသည်။ သရုပ်ဆောင်မှု မည်မျှပင် ကောင်းနေသည်ဖြစ်စေ သူ့ဖခင်၏ စိတ်နေစိတ်ထားပေါ်တွင် မူတည်ပေသည်။ ဆုံးဖြတ်ချက် မှားယွင်းသွားပါက မိမိအား အပြစ်မတင်သင့်ချေ။

ကျောင်းရှန့်ကန်း သူ့သားကို တစ်ချက်ကြည့်ကာ ဖြေရှင်းချက် စောင့်နေသည့် ဒု-စခန်းမှူးဘက် လှည့်လိုက်သည်။ မိမိကို ခေါ်စဉ်က ဆင်ခြေအမျိုးမျိုး ပေးခဲ့ကြသည်။ ယခု ဤနေရာတွင် ပုဂ္ဂိုလ်ရေးအရ ရောက်နေရပြီး မိမိအား မျက်နှာသာ မပေးသေးသည်လော။

“အဖြစ်အပျက်တွေက ပြီးသွားပါပြီ.. ကျောင်းယန် သွားလို့ရပြီ..”

အဖွဲ့ခေါင်းဆောင်သည် ဒု-စခန်းမှူး၏ အနေအထားကို မြင်ရသည့်အခါ ချက်ချင်းပြောလိုက်သည်။

ကျောင်းယန်မှာ ဖုန်းယွီအား သင်ခန်းစာ ပေးမည်ဟု ပြောချင်နေသေးသည်။ သို့ရာတွင် သူ့ဖခင်အား စိုက်ကြည့်ကာ ငြိမ်နေလိုက်သည်။ သို့တိုင်အောင် ဖုန်းယွီရှေ့မှ ဖြတ်အလျှောက်တွင်မူ..

“မင်းတော့သေပြီ..”

ဖုန်းယွီ သူကိုင်ထားသည့် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ..

“မင်းတို့အားလုံး ထွက်သွားလို့ရပြီလို့ ငါပြောသေးလို့လား..”

ဖုန်းယွီ စကားကြားလိုက်သည့်အခါ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ဒု-စခန်းမှူးနှင့် ကျောင်းရှန့်ကန်းတို့ပင် မျက်နှာပြောင်းသွားသည်။ ကျောင်းရှန့်ကန်း ဖုန်းယွီအား ကြည့်လိုက်သည်။ ဒု-စခန်းမှူးသည် ရဲဝတ်စုံ ဝတ်ဆင်ထား သဖြင့် ဖုန်းယွီသည် ခရိုင်အတွင်းမှ ခေါင်းဆောင် တစ်ယောက် ဖြစ်ကြောင်း သိထားလောက်ပေသည်။ သို့တိုင်အောင် ဤကဲ့သို့သော စကားမျိုး ပြောရဲသေးသည်လော။ မည်သို့ အထင်ရှိနေသနည်း။

“မဟုတ်သေးပါဘူး.. ငါ မင်းကို သင်ခန်းစာ မပေးရသေးလို့ ဒီလောက် မောက်မာနေတာလား..”

ကျောင်းယန် အော်လိုက်သည်။ သူ့ဖခင်သည် ဒု-စခန်းမှူးနှင့် အတူရှိနေသည် မဟုတ်လော။ ထိုလူမှာ ဤပုံစံဖြင့် ပြောရဲနေသေးသည်လော။

“ပါးစပ် ပိတ်ထားစမ်း..”

ကျောင်းရှန့်ကန်း ကြိမ်းမောင်းလိုက်သည်။

ကျောင်းယန်မှာ သူ့ဖခင်သည် ဖုန်းယွီအား ကိုင်တွယ်ရန် မည်သည့်အတွက် မပြောခဲ့ကြောင်း နားမလည်ချေ။ သူ့ဖခင် သူ့ကို မည်သည့်အတွက် မကူညီသနည်း။

“မင်းအဖေက ပညာရေးဌာနကလား.. ကျုပ်နာမည် ကြားဖူးမယ် ထင်ပါတယ်.. ကျုပ်က ဖုန်းယွီပါ..”

ဖုန်းယွီမှာမူ စောစောကအတိုင်း ထိုင်နေဆဲဖြစ်သည်။

ဖုန်းယွီလော။ ဤနာမည်ကို မည်သည့်အတွက် ရင်းနှီးနေရသနည်း။ သို့ရာတွင် ကျောင်းရှန့်ကန်း ထိုလူကို မမှတ်မိချေ။ ထိုလူမှာ အလွန်အေးဆေးနေပြီး သာမန်လုပ်ရပ်တစ်ခု မဟုတ်ချေ။ သူကိုယ်တိုင် အစိုးရ ဝန်ထမ်း အဖြစ် နှစ်အတော်ကြာ လုပ်ကိုင်လာသူတစ်ယောက်ဖြစ်ကာ လူတစ်ယောက်အား အကြည့်ဖြင့်ပင် ဆုံးဖြတ် နိုင်ပေသည်။

ကျောင်းယန် ဒေါသထွက်သွားသည်။ သူ့ဖခင်အနားကပ်ကာ ဒဏ်ရာများ ပြချင်နေသည်။ သူ့ဖခင် ဒေါသထွက်ကာ ထိုမောက်မာလွန်းသည့် ကောင်ကို သင်ခန်းစာ ပေးစေချင်နေသည်။ သူ့ဖခင်သည် ထိုလူအား ပေကျင်းမှ ပျောက်သွားသည်အထိ လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့ ဖြစ်လာပါက ဆရာလီမှာ သူ့အပိုင် ဖြစ်သွားပေမည်။

ထိုအချိန်၌ ခရိုင်စခန်းမှူး အခန်းအတွင်းသို့ ဝင်လာသည်။

ဒု-စခန်းမှူး အံ့ဩသွားသည်။ စခန်းမှူးမှ ဤအဖြစ်အပျက်ကို ဖြေရှင်ရန် ပြောခဲ့သည်လော။ မည်သူ့အတွက် ပုဂ္ဂိုလ် ရေးအရ ရောက်လာသနည်း။

အံ့ဩရဆုံး အပိုင်းမှာ စခန်းမှူး အခန်းအတွင်းသို့ ဝင်လာပြီးနောက် ကျောင်းရှန့်ကန်းကို နှုတ်မဆက်ခဲ့ချေ။ လက်နှစ်ဖက် ဆန့်၍ ဖုန်းယွီထံ အမြန်လျှောက်သွားလိုက်သည်။

“မစ္စတာဖုန်း ကျုပ်နောက်ကျသွားတာ တောင်းပန်ပါတယ်.. ခွင့်လွှတ်ပေးပါ..”

ကျောင်းရှန့်ကန်း မေးရိုးများ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ မည်သို့ ဖြစ်ပျက်နေသနည်း။ စခန်းမှူး လျို မည်သည့်အတွက် ထိုလူကို အလွန်လေးစား နေသနည်း။ သူ့ကြောက်နေသည့် ပုံပင်။

ဖုန်းယွီလော။ ဖုန်းယွီ။

နောက်ဆုံးတွင် ကျောင်းရှန့်ကန်း ထိုလူမှာ မည်သူဖြစ်ကြောင်း ပြောနိုင်ပေပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပေကျင်းရှိ ကျောင်းများ၌ ထိုင်ဟွာ အဆောက်အအုံများစွာ ဆောက်လုပ်ခဲ့သည်။ ဖုန်းယွီသည် ထိုအဆော်ကအုံများ လှူဒါန်းခဲ့သူဖြစ်သည်။ ဖုန်းယွီသည် မည်သည့် အရည်အချင်း ရှိနေသည်ဖြစ်စေ အထက်လူကြီးများမှာ သူနှင့် ဆက်ဆံရေး ကောင်းမွန်စေရေး ဆက်လက်ထိန်းထားချင်ကြပေမည်။ ဤအဖြစ်အပျက်သာ ပျံ့နှံ့သွားပါက ရုတ်ရုတ် သဲသဲ ဖြစ်သွားပေတော့မည်။

ကျောင်းယန် ထိုလူကို မည်သို့ စော်ကားခဲ့သနည်း။ လျို၏ အပြုအမူကြောင့် အထက်အရာရှိများ၏ ညွှန်ကြားချက် ရထားလောက်သည်။ ကျောင်းရှန့်ကန်းနှင့် လျိုတို့သည် ရာထူးတူသူများ ဖြစ်သည်။ လျို၏ အထက်အကြီးအကဲမှာ သူ၏ အထက်အကြီးအကဲ အဆင့်ဖြစ်သည်။

“ဖြန်း….”

ကျောင်းရှန့်ကန်း သူ့သား၏ ပါးပြင်ကို ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်သည်။ ကျောင်းယန်မှာ ကြယ်လများ မြင်ကာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရကာ ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။

သူ့ဖခင် ဤသို့ ပါးရိုက်လိုက်ခြင်းကို မယုံနိုင်သေးချေ။

“မစ္စတာဖုန်း.. ကျုပ်သားကြောင့် ဒုက္ခရောက်ရတဲ့အတွက် တောင်းပန်ပါတယ်.. ဒီကောင် စည်းကမ်းမဲ့လွန်းတယ်.. လုပ်ငန်းခွင် အလဲအလှယ်လုပ်ဖို့ရှိတယ်.. ဒီကောင်ကိုထည့်ပြီး လေ့ကျင့်ဖို့အတွက် အနောက်ပိုင်းတိုင်းကို လွှတ်လိုက်ပါ့မယ်.. မစ္စတာဖုန်းကို အမြန် တောင်းပန်စမ်း..”

ကျောင်းယန် အံ့အားသင့်သွားသည်။ အနောက်တိုင်းကို သွားရမည်လော။ ထိုဆင်းရဲသော တောင်တန်း ဒေသများသို့ လော။

သို့ရာတွင် ဖခင်ဖြစ်သူ အမှန်တကယ် မျက်နှာတင်းမာနေသည်ကို တွေ့ရသည့်အခါ ခေါင်းငုံ့ကာ တောင်းပန် လိုက်သည်။

“မစ္စတာဖုန်း.. တောင်းပန်ပါတယ်..”

ဖုန်းယွီ ဖြည်းညှင်းစွာ ထရပ်ကာ..

“ခင်ဗျားမှာ နာမည်ကောင်းရှိတယ်.. ဒါပေမယ့် ခင်ဗျားသား ဒီလိုမလုပ်သင့်ဘူး.. အနောက်ဘက်တိုင်းကို လေ့ကျင့်ရေး သွားရတာ သူ့အတွက် ကောင်းပါတယ်လေ.. ဒီကိစ္စ ကျုပ်စိတ်ထဲ မထားတော့ပါဘူး..”

ဖုန်းယွီ အခန်းအတွင်းမှ ထွက်လာစဉ် ကိုယ်ရံတော်များ အပြင်ဘက်တွင် စောင့်နေကြ ပေသည်။ ဖုန်းယွီ၏ နောက်မှ စနစ်တကျတန်းစီကာ ခရိုင်ရဲစခန်းမှ ထွက်လာခဲ့လိုက်ကြသည်။ ၎င်းတို့အားလုံး ကားပေါ်တက်သွားသည့်တိုင် ရဲစခန်းအတွင်းရှိလူများ ပြတင်းပေါက်မှ လှမ်းကြည့်နေကြပေသည်။

ထိုလူ မည်သူနည်း။

ဖုန်းဘွီတွင် ကိစ္စအနည်းငယ် ရှိနေ၍သာ မဟုတ်ပါက၊ ကျောင်းရှန့်ကန်း၏ နာမည်ကောင်းကြောင့် မဟုတ်ပါက၊ ကျောင်းယန်သည် လီနအား မည်သို့မှ မကျူးလွန်သေးသောကြောင့်သာ မဟုတ်ပါက ဤကဲ့သို့ လွယ်လွယ်နှင့် လွှတ်လိုက်မည် မဟုတ်ချေ။

ဖုန်းယွီသည် ကျောင်းဟန်၏ ဖခင်အား ဖုန်းခေါ်ကာ ..

“ခင်ဗျား ရောက်နေပြီလား.. ကျုပ်လဲ ခဏနေ ရောက်တော့ပါမယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters