မင်းက ငါ့ပလ္လင်ပေါ်မှာ ထိုင်နေတယ်
Vol. 19 Ch. 258
ဘိုးဘေးအကြီးအကဲသည် ထိုဖိအားကို ခံစားမိသောအခါ အံ့အားသင့်သွားမိသော်လည်း ထိုအကြောင်းကို စဉ်းစားရန်ပင် အချိန်မရခဲ့ပေ။
သူသည် အာရန်ဆီသို့ တိုက်ခိုက်မှုတစ်ခုကို ဆက်လက်လုပ်ဆောင်ခဲ့ရာ အထက်ရှိ ပုံစံကွက်ဆီမှ ထူထပ်သော လျှပ်စီးကြောင်းတစ်ခု ကျရောက်လာခဲ့သည်။
ကောင်းကင်ပြစ်ဒဏ်၏ အင်အားမျိုးဖြင့် တူညီနေသော လျှပ်စီးကြောင်းသည် ထိုဘိုးဘေးအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ ကျယ်လောင်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ထုံတက်သွားကာ မကြာမှီမှာပင် လုံးဝ မီးလောင်ကျွမ်းသွားခဲ့လေသည်။
သူသည် ပုရွက်ဆိတ်များဟု သူကိုယ်တိုင် ယခင်က အထင်သေးခဲ့သော ထို မဟာအကြီးအကဲများနှင့် မခြားနားဘဲ ဒူးထောက်လျက်သားပင် လဲကျသွားခဲ့သည်။
"မင်းပြောတာ မှန်တယ် သစ္စာဖောက်တစ်ယောက်က ဂိုဏ်းချုပ်အသစ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်" ဟု အာရန်က သူ့ကို တိုက်ခိုက်ခဲ့သော ဘိုးဘေးအကြီးအကဲဆီသို့ လက်မြှောက်ပြရင်း ပြောလိုက်သည်။
"ဒါကြောင့် သစ္စာဖောက်ကို သေဒဏ်ပေးလိုက်တယ်"
ထို့နောက် အထက်ပုံစံကွက်ဆီမှ လျှပ်စီးကြောင်းများစွာသည် ထိုဘိုးဘေးအကြီးအကဲ တစ်ဦးတည်းကို ပစ်မှတ်ထား၍ တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်လာခဲ့သည်။
"မဟုတ်ဘူး..."
ဘိုးဘေးအကြီးအကဲသည် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သူ၏ အသံသည် စိတ်ပျက်အားငယ်မှုနှင့်အတူ မယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ကောင်းကင်လျှပ်စီးကြောင်းများ၏ ရက်စက်သော တိုက်ခိုက်မှုအောက်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး အစောပိုင်းက ခမ်းနားထည်ဝါခဲ့သော သူ၏ အော်ရာသည် ထိုပြင်းထန်သည့် ဝေဒနာကို ခံစားခဲ့ရသဖြင့် ပြန်လည်ပြိုပျက်သွားခဲ့ရလေသည်။
ထိုအကာအကွယ်ပုံစံကွက် ၏ အင်အားကြီးမားမှုကို မျက်မြင်တွေ့ရှိခဲ့ကြသော အခြားဘိုးဘေးအကြီးအကဲများသည် သူ့အား ကူညီရန်ပင် တစ်ချက်ကလေးပင် မကြိုးစားခဲ့ကြပေ။
ဘိုးဘေးအကြီးအကဲ ကျားယွင် သည်ပင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သော်လည်း သူမသည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြခဲ့ပေ။
သူမသည် သူမ၏ မျက်စိရှေ့ မီတာအနည်းငယ်အကွာ၌ ရပ်နေသော ထိုလူငယ်ကိုသာ ငေးစိုက် ကြည့်နေခဲ့သည်။
ဘိုးဘေးအကြီးအကဲ ယန်သည်လည်း လုံးဝ တိတ်ဆိတ်နေခဲ့ပြီး သူ၏ နှုတ်ခမ်းပေါ်ရှိ ပျော်ရွှင်နေသော အပြုံးသည် ယခုအချိန်၌ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
အာရန်သည် သူ၏ လက်ကို အောက်သို့ ပြန်ချလိုက်သောအခါမှသာ ပုံစံကွက်ဇယားဆီမှ တိုက်ခိုက်မှုသည် ရပ်တန့်သွားခဲ့သည်။
ခန်းမတစ်ခုလုံးသည် သုဿန်တစပြင် ကဲ့သို့ လုံးဝ တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် မီးလောင်ကျွမ်းသွားသော ဘိုးဘေးအကြီးအကဲ၏ အလောင်းကိုသာ ငေး ကြည့်နေမိခဲ့ ကြသည်။
အာရန်သည်လည်း ထိုသူ၏အလောင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာသည် အနည်းငယ် စိတ်ပျက်နေပုံရသည်။
သူ အဘယ်ကြောင့် ထိုမျှ စိတ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ပေ။
ဘိုးဘေးအကြီးအကဲသည် ပို၍ ခံနိုင်ရည်ရှိခဲ့မည်ဟု သူ မျှော်လင့်ထား ခဲ့သောကြောင့်လား...။
မဟာအကြီးအကဲများစွာသည် အာရန်အကြောင်း ၎င်းတို့ကြားခဲ့ရသည့် ကောလာဟလများ အထူးသဖြင့် လူများကို ညှဉ်းပန်းနှိပ်စက်ရာ၌ ပျော်ရွှင်သော စစ်မှန်သည့် နတ်ဆိုးတစ်ဦးနှင့် တူညီကြောင်း ကြားခဲ့ရသော ကောလာဟလများကို သတိရမိလိုက်ကြသည်။
အချို့မှာ အာရန်သည် သူသတ်လိုက်သော ရန်သူများ၏ အသားကို စားသုံးရသည်ကို နှစ်သက်ကြောင်း ကောလာဟလများရှိခဲ့သည်ကို သတိရလိုက်ကြသည်။
ဘိုးဘေးအကြီးအကဲသည် မီးလောင်ကျွမ်းသွားသောကြောင့် သူ့အတွက် အရသာ ပျက်သွားသည်ကို စိတ်ပျက်သွားခဲ့ခြင်းများလားဟုပင် ထိုမဟာအကြီဂအကဲများ တွေးတောမိလိုက်ကြသည်။
အာရန်သည် လုံးဝကွဲပြားခြားနားသော အကြောင်းပြချက်တစ်ခုကြောင့် အမှန်တကယ် စိတ်ပျက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ မသိနိုင်ခဲ့ပေ။
သူသည် ဘိုးဘေးအကြီးအကဲတစ်ဦးကို သတ်ခဲ့သော်လည်း မည်သည့် ပြောပလောက်သည့် အတွေ့အကြုံရမှတ်ကိုမျှ မရရှိခဲ့သောကြောင့် စိတ်ပျက်နေခြင်းဖြစ်လေသည်။
ယခုကဲ့သို့ ကိုယ်ပိုင်အစွမ်းအစဖြင့်မဟုတ်ပဲ အခြားပြင်ပ အကူအညီယူကာ တစ်စုံတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါက ဤကဲ့သို့ပင် ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်ထားပြီးဖြစ်သော်လည်း သူ၏ ခန့်မှန်းမှုမှာ မှားသွားပြီး အတွေ့အကြုံရမှတ် အချို့ ရရှိနိုင်သေးသည်ဟု သူ မျှော်လင့်မိနေဆဲဖြစ်သည်။
များစွာ မျှော်လင့်ထားသော်လည်း အမှန်တရားသည် စိတ်ပျက်စရာကောင်းနေခဲ့သည်။
အာရန်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ ဖန်းယု၏ ပလ္လင်ပေါ်၌ ထိုင်နေသော ဘိုးဘေးအကြီးအကဲ ကျားယွင် ဆီသို့ လှည့်ကြည့်လိုက်သည်။
ထို့နောက် သူသည် ပို၍ နီးကပ်စွာ လျှောက်သွားလိုက်ပြီး ပလ္လင်၏ လက်တင်ခုံပေါ်သို့ သူ၏ လက်များကို တင်လိုက်ကာ သူ၏ မျက်နှာကို ကျားယွင် ၏ မျက်နှာနှင့် ပို၍ နီးကပ်စေလိုက်သည်။
အာရန်၏ ထိုရဲတင်းလွန်းသော အပြုအမူကို မြင်လိုက်ရသော ထိုနေရာ၌ရှိနေသော မဟာအကြီးအကဲများသည် အလွန် အံ့အားသင့်သွားကြရသည်။
ဤသူသည် ဘိုးဘေးအကြီးအကဲ ကျားယွင် ကို နမ်းရန် ကြိုးစားရဲလောက်အောင် တကယ်ပင် သတ္တိရှိလွန်းခဲ့သည်လာ...။
မကြာခင်လေးကမှ သူသည် အခြားဘိုးဘေးအကြီးအကဲတစ်ဦးကို သတ်ပစ်ခဲ့ပြီး ဖြစ်သောကြောင့် ဤနေရာတွင် ထိုသို့လုပ်ရဲသည့်သူ တစ်စုံတစ်ယောက် ရှိနေခဲ့မည်ဆိုပါက ထိုတစ်စုံတစ်ယောက်သည် ထိုလူငယ်ပင်ဖြစ်မည်ဖြစ်ကြောင်းသိလိုက်ကြသည်။
ဇီယာသည် အာရန်တစ်ယောက် ကျားယွင် ဆီသို့ ပို၍ နီးကပ်စွာ ချဥ်းကပ်နေသည်ကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းများပင် တုန်ယင်သွားခဲ့သည်။
သူသည် ထိုဘိုးဘေးအကြီးအကဲ ကဲ့သို့သော တစ်စုံတစ်ဦးကို အမှန်တကယ် စိတ်ဝင်စားနေခဲ့ခြင်းများလား...။
သူမသည် သူမ၏ လက်သီးငယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကာ အာရန်၏ ကျောပြင်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့လေသည်။
အားလုံး၏ အံ့အားသင့်မှုများအောက်၌ အာရန် သူမအနားသို့ ချဉ်းကပ်လာနေသော်လည်း ကျားယွင်သည် လုံးဝ မရွေ့လျားခဲ့ပေ။
သူမသည် အာရန်အား ပြန်လည်၍ပင် မတိုက်ခိုက်ခဲ့ပေ။
သူမသည် သူ့အား အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
အာရန်၏ နှုတ်ခမ်းများသည် သူမ၏ နှုတ်ခမ်းများနှင့် ထိတွေ့ရန် လက်မအနည်းငယ်ခန့်သာ ကွာတော့သောအချိန်တွင် သူသည် ခေါင်းကို ဘေးသို့ စောင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းနှင့် အနဲငယ်သာ တေ့၍ လွဲချော်သွားခဲ့သည်။
အာရန်သည် သူ၏ နှုတ်ခမ်းများကို ကျားယွင် ၏ နားရွက်နှင့် ပို၍ နီးကပ်စေလိုက်သည်။
"ကျုပ်တော့ မင်းက ကျုပ်ပိုင်တဲ့ ပလ္လင်ပေါ်မှာ ထိုင်နေတယ်လို့ထင်မိတယ်"
ကျားယွင်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ သူမ၏ မျက်လုံးများသည် ပို၍အက် အေးစက်သွားသည်။
"ရှင် ဒါကို လုပ်ချင်တာ သေချာလား"
"ငါ အခြားနည်းလမ်း သုံးမှာ မဟုတ်ဘူး"
အာရန်က သူမထံမှ သတ်ဖြတ်လိုသော အော်ရာများ ထွက်ပေါ်လာသည်ကို ခံစားနေရသော်လည်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
သူမသည် ယခုအချိန်တွင် သူ့အား ရုတ်တရက် တိုက်ခိုက်ပါက အချိန်မှီ ပြန်လည် တုံ့ပြန်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
"ဒီအချိန်ကို ကျွန်မ အတော်ကြာ စောင့်ဆိုင်းနေခဲ့ရတာ အဲဒီလက်စွပ်ကိုသာ ကျွန်မကို ပေးလိုက်ပါ ရှင် တောင်းဆိုလာမဲ့ ဘယ်အရာကိုမဆို ကျွန်မ လုပ်ပေးပါ့မယ်" ဘိုးဘေးအကြီးအကဲ ကျားယွင် က ထိုသို့ ပြန်ပြောလိုက်သည်။
အာရန်နှင့် ကျားယွင် တို့နှစ်ဦး ဘာတွေပြောနေခဲ့သည်ကို မည်သူမျှ မကြားနိုင်ကြပေ။
မဟာအကြီးအကဲအားလုံးနီးပါးက ထိုအရာကို စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။
"မင်း ပေးနိုင်တဲ့ ဘာတစ်ခုမှ ကျုပ် လိုအပ်တယ်လို့ မထင်မိဘူး ကျုပ် လိုချင်တာကို ကျုပ်လက်နဲ့ပဲ ရအောင်ယူမယ်"
အာရန်က နောက်သို့ဆုတ်ရင်း သူ၏ နှုတ်ခမ်းပေါ်၌ လှောင်ပြောင်သော အပြုံးအနည်းငယ် ကျန်ရစ်နေကာ သူမကို သူ့အားတိုက်ခိုက်ရန် တမင်တကာ စိန်ခေါ်နေသကဲ့သို့ ပြောလိုက်သည်။
"ကျွန်မ စောင့်ကြည့်ရသေးတာပေါ့..."
ဘိုးဘေးအကြီးအကဲ ကျားယွင် သည် ပလ္လင်မှ ထရပ်လိုက်သည်။
သူမနှင့် အာရန် ကြား တိုက်ပွဲတစ်ခု စတင်တော့မည်ဟု လူအများက ထင်မှတ်လိုက်ကြသော်လည်း သူမသည် သူမ၏ မျက်နှာ၌ အနည်းငယ်မျှပင် ဒေါသဖြစ်ခဲ့ပုံ မရဘဲ သူ့ကို ကျော်ဖြတ်သွားသောအခါ ၎င်းတို့အားလုံး စိတ်ပျက်လက်ပျက်ဖြင့် အံ့သြသွားခဲ့ ကြရသည်။
'သူမက အတော်လေး သတိကြီးတယ်'
အာရန်က ဘိုးဘေးအကြီးအကဲ ကျားယွင် ထွက်သွားသည်ကို ကြည့်ရင်း တွေးနေမိသည်။
'ဖန်းယုရဲ့ ဒေါသကို ကြိတ်မှိတ်ပြီး ခံနိုင်ရည်ရှိခဲ့တဲ့ ဘိုးဘေးအကြီးအကဲ အနည်းငယ်ထဲက တစ်ယောက်ဖြစ်တာ အံ့သြစရာ မဟုတ်တော့ပါဘူး'
၎င်းသည် သူမအား ပို၍ အန္တရာယ်များသော လူတစ်ယောက်ဖြစ်ကြောင်း ပို၍ပင် သတိထားမိလိုက်လေသည်။
ဘိုးဘေးအကြီးအကဲ ကျားယွင် သည် ထိုနေရာ၌ အင်အားအကြီးဆုံး ဘိုးဘေးအကြီးအကဲတစ်ဦး ဖြစ်လေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော လူများသည် ၎င်းတို့၏ အင်အားကို အများဆုံး အားကိုးကြလေသည်။
ဖန်းယုသည်ပင် ထိုသို့ပြုမူခဲ့လေသည်။ သို့သော် ကျားယွင် သည်မူ ကွဲပြားကြောင်း သူ မြင်နိုင်ခဲ့သည်။
သူမသည် ထိုမျှ အင်အားကြီးမားသူတစ်ဦး ဖြစ်ခဲ့သော်လည်း သူမသည် အလွန် သတိကြီးပြီး တွက်ချက်တတ်သူတစ်ဦးဖြစ်လေသည်။
ကျားယွင်ဆိုသော ထိုဘိုးဘေးအကြီးအကဲသည် နောက်ဆုတ်သွားခဲ့ခြင်း မဟုတ်ကြောင်း သူ သေချာသိနေသည်။
သူမသည် မကြာမီ ပြန်လည်ကိုက်ခဲတော့မည့် အဆိပ်ရှိသော မြွေတစ်ကောင်နှင့် ပင် တူညီနေသည်။
'သူမသာ ဖန်းယုလိုမျိုးသာဆိုရင် ကိုင်တွယ်ရ ပိုပြီး လွယ်ကူလိမ့်မယ်' ဟု အာရန်သည် သူ၏ ရှေ့ရှိ ပလ္လင်လွတ်ကို ငေးကြည့်ရင်း တွေးမိလိုက်သည်။
ထို့နောက် အာရန်သည် ရှေ့သို့ ဆက်လက်လှမ်းလိုက်ကာ ဤမိစ္ဆာဂိုဏ်း၏ တစ်ဦးတည်းသော အစစ်အမှန် အုပ်ချုပ်သူကဲ့သို့ ပလ္လင်ပေါ်၌ တက်ထိုင်လိုက်သည်။
သူသည် ပလ္လင်ပေါ်၌ နေခဲ့ဘူးသော အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် မသက်မသာ ဖြစ်မှုများကို မခံစားရတော့ပေ။
တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် သူသည် ယခုကဲ့သို့ ထိုင်ရသည်ကို ပို၍ပင် သဘောကျပုံရလေသည်။
"ဂိုဏ်းချုပ်သစ်ကို မင်းက မကြေညာပေးသွားတော့ဘူးလား" ဟု အာရန်က မထွက်ခွာသေးသော ဘိုးဘေးအကြီးအကဲ ယန်ကို မေးလိုက်သည်။
သူသည် မကြာခင်ကာလက ဂိုဏ်းချုပ်သစ်ကို ကြေညာရန် အလွန်စိတ်အားထက်သန် နေခဲ့သူလည်းဖြစ်လေသည်။
"တကယ် စိတ်ဝင်စားဖို့ကောင်းတယ်..."
ဘိုးဘေးအကြီးအကဲသည် သဘာဝကျကျ ပြုံးလိုက်ပြီး သူ၏ အမှန်တကယ် အတွေးများကို ခန့်မှန်းရန်မှာမူ မဖြစ်နိုင်ပေ။
"တကယ်ကို ပျော်စရာကောင်းတာတွေ ဖြစ်လာလိမ့်မယ်ထင်တယ်"
သူသည် ရယ်မောရင်း ထိုနေရာမှ ထပ်မံ ထွက်ခွာသွားခဲ့လေသည်။
ယခုအချိန်မှစ၍ ဤနန်းတော်သည် အာရန်၏ နယ်မြေဖြစ်သွားပြီဖြစ်သည်။
သူသည် ဤ ဂိုဏ်းချုပ် လက်စွပ်ကို ပိုင်ဆိုင်ထားသမျှကာလပတ်လုံး သူ့အား သတ်ရန် ခက်ခဲနေမည်သာဖြစ်လေသည်။
သို့သော် ယန်သည် တစ်ခုခုကို စဉ်းစားပြီးဖြစ်သည်။
ထို့နောက် သူ၏ ပျော်ရွှင်နေသော ရယ်မောသံသာ ခန်းမအတွင်း ကျန်ရစ်ခဲ့ကာ သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်လေသည်။
#Catfoot