← Chapters

လူသတ်သမားကို ပွေ့ဖက်မိခြင်း

Vol. 19 Ch. 261

လူသတ်သမားကို ပွေ့ဖက်မိခြင်း

Vol. 19 Ch. 261

---

"ဒါကို ဘယ်သူလုပ်ခဲ့လဲဆိုတာ ရှင်သိချင်လား"

ဖန်းယုက အနည်းငယ် အလေးအနက်ထားဟန်ဖြင့် မေးလိုက်သည်။

အာရန်သည် ပြန်မဖြေခဲ့ပေ။ သို့သော် သူ၏စိတ်ထဲ၌ တစ်ခုတည်းသော အရာကိုသာ တွေးတောနေမိသည်။

သူသာ အလေးအနက်မထားပါက ဤအကြောင်းကို အဘယ်ကြောင့် မေးမည်နည်း။

"ဂိုဏ်းထဲကလူတွေ တော့မဟုတ်ဘူးလို့ ကိုယ်ထင်တယ်" ဟု အာရန်က ပြန်ပြောလိုက်သည်။

ဘိုးဘေးအကြီးအကဲများသာ ထိုသို့သော အရာကို လုပ်နိုင်စွမ်းရှိလေသည်။

သို့သော် ဖန်းယု ပျောက်ဆုံးနေကြောင်း မသိရမချင်း ၎င်းတို့ ထွက်မလာခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့ မဖြစ်နိုင်ပေ။

ထို့ပြင် အခြား အရှင်သခင် သုံးဦးထဲတွင် မည်သူမျှ ဓားသိုင်းပညာကို အသုံးပြုမည်ဟု မထင်ထားပေ။

၎င်းတို့ထဲမှ တစ်ဦးဦးသာ မဖြစ်နိုင်ပါက အခြားမည်သူကမှ ဖန်းယု ရှိနေသော ဤနေရာတွင် ဓားကို ထုတ်ရန်ပင် ဝံ့ရဲမည် မဟုတ်ပေ။

ဤသို့ဆိုပါမူ ဒီအမှတ်အသားကို ဘယ်သူ ချန်ထားခဲ့သနည်း...။

မသိရသော အကြောင်းရင်းအချို့ကြောင့် ထိုအမှတ်အသားသည် သူနှင့် အနည်းငယ် ရင်းနှီးသည်ဟု ခံစားမိခဲ့သည်။

ထိုအရာသည် သူ ဘာလို့ ထိုဓားချက်အား ဤမျှ စိတ်ဝင်စားရသည့် အကြောင်းရင်းပင်ဖြစ်သည်။

အရှင်သခင်တစ်ဦးလောက်ပင် အင်အားကြီးသော တခြားတစ်ယောက်ယောက်များ အမှန်တကယ်ရှိနေခြင်းလော...။

"ဒီအမှတ်အသားက မကြာခင်ကမှ ပေါ်လာခဲ့တာ မဟုတ်ဘူး"

ဖန်းယုက ထိုသို့ ပြောလိုက်ပြီး သူမ၏ လက်ချောင်းများသည် ထိုအမှတ်အသားကို ထိတွေ့လိုက်သည်။

တစ်စုံတစ်ဦးမှာ နံရံများကို ထိုမျှလောက်ထိ ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်းသည် အထင်ကြီးစရာကောင်းသည်မှာ မှန်သော်လည်း သူမသည် ထိုကိစ္စနှင့်ပတ်သက်၍ ကောင်းသော အမှတ်တရများ မရှိခဲ့ပေ။

အဲဒီအစား အဲဒီအမှတ်အသားကို ကြည့်မိလိုက်တိုင်းတွင် သူမ၏ မျက်လုံးများထဲမှာ ဒေါသနှင့် မုန်းတီးမှုများသာ ရှိနေခဲ့လေသည်။

"ဒါက သူ ချန်ထားခဲ့တဲ့ လက်ဆောင်ပဲ"

ဖန်းယုသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။

"အဲ့ဒါက ကျွန်မ ဖခင်ကို သတ်ခဲ့တဲ့ သူက ချန်ထားခဲ့တဲ့ အမှတ်အသားပါ ကျွန်မကို ထာဝရ လှောင်ပြောင်ဖို့ တမင်တကာ သက်သက် ဒီမှာ ချန်ထားခဲ့သလိုပဲ"

ပုံမှန်အားဖြင့် ဘိုးဘေးအကြီးအကဲများ ကဲ့သို့သော သူတစ်ဦးပင်လျှင် နန်းတော်၏ နံရံတွင် ထိုမျှနက်ရှိုင်းသော အမှတ်အသားကို ချန်ထားရစ်ခဲ့ရန်အတွက် သူတို့၏ ခွန်အားအားလုံးကို အသုံးပြုရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် နန်းတော်၏ နံရံများသည် အထူးပြုပစ္စည်းများဖြင့် ဖန်တီးထားခြင်းကြောင့် ဖြစ်လေသည်။

သို့သော် ထိုအမှတ်အသားကို ချန်ထားခဲ့သူသည် အနည်းငယ်မျှပင် ခွန်အားစိုက်ထုတ်ခဲ့ခြင်း မရှိကြောင်း ဖန်းယုတစ်ဦးတည်းသာ သိရှိနေလေသည်။

အမှန်တကယ်တွင် ၎င်းသည် မတော်တဆမှုလေးတစ်ခုသာဖြစ်ပြီး ထိုသူသည် အနည်းငယ်မျှပင် သူ၏ ခွန်အားကို ထည့်သွင်းခြင်း မရှိခဲ့ပေ။

သို့တိုင် ထိုသူသည် ထိုကဲ့သို့သော အမှတ်အသားမျိုးကို ချန်ထားရစ်ခဲ့နိုင်သည်။

အကယ်၍ ထိုသူသာ သူ၏ သူ၏ စွမ်းအားအစစ်အမှန်ကို အသုံးပြုခဲ့ပါက ဤနံရံပေါ်၌ အမှတ်အသားတစ်ခု ချန်ထားရုံသာမက ဂိုဏ်းတစ်ခုလုံးကိုပင် ခုတ်ပိုင်းပစ်နိုင်ကြောင်း သူမ သေချာသိနေခဲ့သည်။

"မင်းအဖေကို သတ်ခဲ့တဲ့သူလား"

အာရန်က အမှတ်အသားကို စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေလိုက်ပြီး ဖန်းယု မသတိထားမိစေရန် သူ၏ မျက်နှာအမူအရာများကို လျင်မြန်စွာပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။

ကံကောင်းစွာပင်် သူမသည် သူ့ဘက်သို့ ကျောခိုင်းထားသောကြောင့် သူ၏ မျက်နှာအမူအရာအနည်းငယ် ပြောင်းလဲသွားမှုကို သူမ မမြင်တွေ့ခဲ့ရပေ။

အာရန်သည် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

ဖန်းယု၏ ဖခင်ကို သတ်ခဲ့သောသူသည် မည်သူ ဖြစ်သည်ကို သူ သိထားခဲ့သည်။

၎င်းသည် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်း မှလွဲ၍ အခြားမဟုတ်ပေ။

ထိုအရာသည် သူကိုယ်တိုင်ဖြစ်သည် ဟုပင် ဆို၍ရသည်မဟုတ်ပါလား...။

နောက်ဆုံးတွင် သူ ဘာလို့ ဒီဓားရာကနေ ရင်းနှီးသည့် ခံစားချက်ကို ခံစားခဲ့ရခြင်းအား နားလည်သွားခဲ့ပြီးဖြစ်သည်။

ထိုအရာမှာ ပထမကတည်းက သူကိုယ်တိုင် ချန်ထားရစ်ခဲ့ခြင်း.... 'မဟုတ်ဘူး' သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ချန်ထားခဲ့ခြင်းပင်ဖြစ်လေသည်။

ဖန်းယုက သူမ ဖခင်ကို သတ်ခဲ့သူအကြောင်း ပြောလေလေ၊ တစ်နေ့တွင် သူမသည် သူ၏ အစစ်အမှန် အချက်အလက်များကို သိရှိသွားခဲ့ပါက မည်မျှ ရှုပ်ထွေးမှုများ ဖြစ်ပွားလာနိုင်သည်ကို သူ ပို၍ သဘောပေါက်လာလေလေဖြစ်၏။

သူသည် သူမ၏ မိသားစုကို သတ်ဖြတ်ခဲ့သူ ဖြစ်ရုံသာမက ယခု သူမကိုပင် သူ့အား ချစ်မိလာအောင် ဖျားယောင်းကာ ချစ်သူလမ်းကြောင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရဦးမည်ဖြစ်လေသည်။

ဤလမ်းကြောင်းသည် သူ့အတွက် အဘယ်ကြောင့် ဖြစ်ပေါ်လာခဲ့သည်ကို သူ နားမလည်ခဲ့ပေ။

သို့သော် သူသည် စနစ်ကို အပြစ်တင်၍ မရနိုင်မှန်း သိနေခဲ့သည်။

သူသည် ရွေးချယ်စရာ လေးခု ရရှိခဲ့ပြီး သူသည် အောင်နိုင်သူသူရဲကောင်းလမ်းကြောင်း နှင့် ချစ်သူလမ်းကြောင်း ကို ရွေးချယ်ခဲ့သူ ဖြစ်လေသည်။

ထို့နောက် အာရန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်သည်။

သူ့ကိုယ်သူ အပြစ်ရှိကြောင်း ခံစားနေရမည့် အချိန်မဟုတ်ကြောင်း သူသိထားလေသည်။

သူသည် ရန်နစ်ခရိုလိုင်း မဟုတ်ပေ။ သူသည် ဤခန္ဓာကိုယ်ကို ယခုနောက်ပိုင်းမှသာ ရယူနိုင်ခဲ့သော အခြားကမ္ဘာမှ ကူးပြောင်းလာသူ အာရန် ပင်ဖြစ်လေသည်။

ဖန်းယု၏ မိသားစု သေဆုံးမှု သို့မဟုတ် ရန်နစ်ခရိုလိုင်းမှ သူ့အတွက် ချန်ထားရစ်ခဲ့သော တခြား ရှုပ်ထွေးသော လုပ်ရပ်များအတွက် သူ့တွင် တာဝန်ရှိမနေပေ။

ရန်နစ်ခရိုလိုင်း၏ လုပ်ရပ်များ အတွက် သူသည် ကိုယ်စား အပြစ်ရှိသည်ဟု ခံစားနေရန်မလိုအပ်ပေ။

---

ထို့အပြင်အကယ်၍ သူသည် အပြစ်ရှိသည်ဟု ခံစားနေမိရင်ပင် အဘယ်အရေးနည်း။

သူ၏ အသက်သည် ထိုအရာအားလုံးထက် ပို၍ တန်ဖိုးရှိလေသည်။

"ဒီအမှတ်အသားက မကြာသေးခင်ကမှ ဖြစ်ခဲ့တာ မဟုတ်ဘူးလို့ မင်းပြောလိုက်တာလား ဒါဆို ဘာလို့ ကိုယ်အရင်က မမြင်ခဲ့ရတာလဲ" ဟု အာရန်သည် ဖန်းယု၏ ဖခင်အကြောင်းမှ အမှတ်အသားအကြောင်းသို့ စကားလမ်းကြောင်းကို လှည့်၍ မေးလိုက်သည်။

ဖန်းယုသည် ထိုဓားချက်အမှတ်အသား ဆီသို့ လှည့်လိုက်ပြီး အာရန်၏ အနီးသို့ လျှောက်သွားလိုက်သည်။

သူမသည် နန်းတော်ရှိ ဖွဲ့စည်းပုံ ပုံစံကွက်များ အားလုံးကို ထိန်းချုပ်နိုင်သော သူ၏ လက်စွပ်ကို ပုတ်ပြလိုက်သည်။

"ကျွန်မ ဒါကို ဝှက်ထားဖို့ လက်စွပ်ရဲ့အစွမ်းကို အသုံးပြုခဲ့တယ်လေ ဒါပေမဲ့ ကျွန်မကို ဖမ်းဆီးနိုင်လိုက်တဲ့အခါ ပုံရိပ်ယောင် ဖွဲ့စည်းပုံက အလုပ်မလုပ်တော့တာထင်တယ် ဒ့ါကြောင့် လူတိုင်း အဲဒီအမှတ်အသားကို မြင်သွားကြတာ" ဟု သူမက အာရန်အား ရှင်းပြလိုက်သည်။

သူမကို တစ်ဖန် ပြန်လည် စိုက်ကြည့်လိုက်သောအခါ အာရန်သည် အစောပိုင်းက ခဏတာ ပျောက်ကွယ်သွားခဲ့သော အေးစက်သည့် အရှင်သခင်တစ်ဦး၏ ပုံရိပ်ကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရသည်။

လက်ထိပ်များ၏ အကျိုးသက်ရောက်မှုကြောင့် သူမသည် အနည်းငယ် အားနည်းနေသေး သော်လည်း သူမ၏ တည်ရှိမှုတစ်ခုတည်းသည်ပင် ယခင်ကကဲ့သို့ပင် ဖိအားများနေဆဲဖြစ်သည်။

"ဒါကို ဖုံးကွယ်ဖို့ ပုံရိပ်ယောင်ကို အသုံးပြုမယ့်အစား နံရံကို ပြန်ပြင်လိုက်တာပို မကောင်းဘူးလား"

သူသည် ထိုသို့ မေးလိုက်ရင်း သူမသည် အဘယ်ကြောင့် အတိတ်က ဤအရာအပေါ်၌ စွမ်းအင်များစွာ ဖြုန်းတီးခဲ့သည်ကို တွေးရင်း အံ့သြနေမိသည်။

"သူ့သွေးနဲ့မှ ဒါကို ပြန်ပြုပြင်မယ်"

ဖန်းယုသည် ပထမဆုံးအကြိမ်အဖြစ် သူမ၏ နှုတ်ခမ်းပေါ်၌ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သို့သော် ထိုအပြုံးသည် သူမ၏ အခြားအရာအားလုံးထက် ပို၍ နတ်ဆိုးဆန်နေပုံရလေသည်။

သူမ၏ စကားများကို ကြားလိုက်သောအခါ အာရန်၏ ကျောပြင်သည် ချွေးစေးများဖြင့် စိုရွှဲသွားလေသည်။

သူ၏ ရှေ့ရှိ အမျိုးသမီးသည် သူ၏ သွေးဖြင့် နံရံကို ပြင်ဆင်ရန်ပင် မျှော်လင့်နေခြင်းဖြစ်သည်တဲ့လား...။

ဤအမျိုးသမီးသည် မည်မျှ ဆိုးသွမ်းသူဖြစ်နေခဲ့ပြီနည်း...။

"ကံကောင်းပါစေ... အဲ့ဒီလူကို မကြာခင် မင်း ရှာတွေ့နိုင်ပါစေလို့ ကိုယ် မျှော်လင့်ပါတယ်" ဟု အာရန်သည် ပါးစပ်က ထုတ်ဖော် ပြောလိုက်သော်လည်း အတွင်းစိတ်ထဲတွင်မူ သူမအား သူ့ကို ဘယ်တော့မှ ရှာမတွေ့ပါစေနှင့်ဟု ကြိတ်၍ ဆုတောင်းနေခဲ့သည်။

အာရန်သည် နောက်သို့ ဆုတ်ရန် ပြင်ဆင်လိုက်ပြီး သူ၏သွေးကို သွန်းလောင်းရန် အိပ်မက်မက်နေသော အမျိုးသမီးထံမှ အကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။

သူသည် သွေးသောက်ခြင်းကို နှစ်သက်သော နတ်ဆိုးတစ်ပါးဖြစ်သည်ဟု ကောလာဟလများ ရှိနေခဲ့သော်လည်း သူမကို ကြည့်လိုက်သောအခါ ထိုကောလာဟလများသည် သူမနှင့်သာ ပို၍ လိုက်ဖက်သည်ဟု ခံစားမိလိုက်သည်။

ကျွိ...

အာရန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်စဥ်မှာပင် တံခါးများ ပွင့်သွားသည့် အသံကို ကြားလိုက်ရသည်။

အံ့အားသင့်စွာဖြင့် ရုတ်တရက်ပင် အာရန်သည် ရှေ့သို့ တိုးလိုက်ပြီး သူ၏ ဝတ်ရုံစကို လှမ်းကိုင်လိုက်သည်။

ထို့နောက် အာရန်သည် သူ၏ဝတ်ရုံကို လျင်မြန်စွာ လွှဲလိုက်ပြီး ဖန်းယုကို ဖုံးအုပ်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ဝှက်ထားလိုက်သည်။

အထူးသဖြင့် ၎င်းတို့သည် တံခါးဘက်သို့ မျက်နှာမူထားသောကြောင့် ဖြစ်လေသည်။

ဖန်းယု အသက်ရှင်လျက်ရှိနေသေးကြောင်း မည်သူ့ကိုမျှ မသိခံ၍မရပေ။ အနည်းဆုံးတော့ ယခုလောလောဆယ်အချိန်တွင် ဖြစ်လေသည်။

ဖန်းယုသည် အာရန်၏ လက်များမှာ သူမ၏ ခါးတစ်ဝိုက်၌ ရှိနေသည်ကို ခံစားမိလိုက်သဖြင့် အံ့အားသင့်သွားခဲ့သည်။

သူမသည် ရုတ်တရက် သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး သူမ၏ ပုံရိပ်သည် သူ၏ဝတ်ရုံဖြင့် ဖုံးကွယ်ထားခြင်းခံလိုက်ရကာ အာရန်သည် သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်ရင်း သူ၏ဝတ်ရုံစများကို တစ်ချိန်တည်း ကိုင်ထားလိုက်သည်။

ဖန်းယုသည် အာရန်၏ ရင်ဘတ်အတွင်း၌ မျက်နှာအပ်ထားသလိုဖြစ်သွားကာ သူ၏ နှလုံးခုန်သံကို ရှင်းလင်းစွာ ကြားနေရသောကြောင့် ခုခံရန်ပင် မစွမ်းနိုင်ခဲ့ပေ။

#Catfoot

All Chapters