← Chapters

မျှော်လင့်ချက်ကင်းမဲ့ခြင်း

Vol. 19 Ch. 263

မျှော်လင့်ချက်ကင်းမဲ့ခြင်း

Vol. 19 Ch. 263

---

"ဒါက နားလည်မှုလွဲမှားတာပါလို့ ပြောရင် မင်းကိုယ့်ကို ယုံမလား" အာရန်သည် သူ၏ နောက်စေ့ကို ပြန်ကုတ်ရင်း ပြောလိုက်သည်။

ဖန်းယုသည် မည်သည့်တုံ့ပြန်မှုမျှ မပြုသော်လည်း သူမ၏ အကြည့် အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။

ထိုစကားကို ယုံကြည်ရန်မှာ သူမသည် ရူးနေမှသာဖြစ်ပေလိမ့်မည်။

သူမသည် ဇီယာအကြောင်းကောင်းစွာ သိထားလေသည်။

သူမကိုယ်သူမ လူရယ်စရာအဖြစ်ခံ၍ မည်သူ့ကိုမျှ "ဆရာ" ဟု ခေါ်မည်မဟုတ်ပေ။

"ရှုယင်များ ဒါကို သိနေမလား" ဟု သူမသည် အာရန်ကို မေးလိုက်ချင်သော်လည်း ထိုအတွေးကို မကြာမီပင် ပယ်ဖျက်လိုက်သည်။

ရှုယင်မှာ ထိုကိစ္စကို သိစရာအကြောင်းမရှိဟု သူမ ယူဆလိုက်သောကြောင့် ဖြစ်လေသည်။

အကယ်၍ သိခဲ့လျှင်လည်း သေခြာသည် တစ်ခုခု လုပ်ပြီးလောက်ပြီ ဖြစ်လေသည်။

"ရှင့်ကောင်းကျိုးအတွက် အကြံပေးရရင် ခုလို လုပ်ရပ်မျိုးတွေကို အခွင့်အရေးရှိတုန်း အချိန်မနှောင်းခင် ရပ်တန်းက ရပ်စေချင်တယ်"

ဖန်းယုသည် ထိုသို့ပြောပြီးသည်နှင့် နောက်သို့ လှည့်လိုက်ကာ ရာဇပလ္လင်ဆီသို့ တန်းတန်းမက်မက် ပြန်လျှောက်သွားလိုက်သည်။

အာရန်နှင့်မတူဘဲ သူမသည် စွမ်းရည်များ ပိတ်ဆို့ခံထားရသည့် အခြေအနေတွင် ရှိနေလေသည်။

သူမသည် ပလ္လင်ဆီသို့ တန်းတန်းမက်မက်လျှောက်သွားခဲ့ပြီး နောက်သို့တစ်ချက်မှပင် လှည့်မကြည့်တော့ပေ။

ထို့နောက် ပင်ပန်းနွမ်းနယ်စွာဖြင့် သူမသည် ဂိုဏ်းပလ္လင်ဘေးရှိ အစောပိုင်းကာလ ဘိုးဘေးအကြီးအကဲများအတွက် စီစဉ်ထားပေးသော ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး သူမ၏ မျက်လုံးများကို မှေးထားလိုက်သည်။

သူမသည် ထိုနေရာ၌ပင် အိပ်ပျော်သွားခဲ့ပုံရသော်လည်း အမှန်မှာမူ သူမသည် နိုးနေဆဲဖြစ်ပြီး အစောပိုင်း အကြောင်းအရာများကို တွေးတောနေမိခဲ့သည်။

အာရန်၏ လုပ်ရပ်များအပေါ် သူမ အဘယ်ကြောင့် ဤမျှ စိတ်ပျက်မိသည်ကို သူမ ကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။

၎င်းသည် ရှုယင်ကိုယ်စား စိတ်ပူမိသောကြောင့်ပင်လော။ သူမ မသေချာနေခဲ့ပေ။

အာရန်တွင်လည်း သူမအတွက် မည်သည့်ရှင်းပြချက်မျှ မပြုနိုင်ခဲ့ပေ။

သူ၏ အဂ္ဂိရတ်ပညာအကြောင်းလျှိ့ဝှက်ချက်ကို သူမကို ပေးမသိစေလိုသေးပေ။

သို့မဟုတ်ပါက ၎င်းသည် သူဘယ်သူလဲဆိုသည့် အချက်အလက်များနှင့် ပတ်သက်၍ မေးခွန်းများစွာ ဖြစ်ပေါ်လာစေနိုင်လေသည်။

သူ မနှစ်သက်သော်လည်း ဖန်းယုကို ထိုမှားယွင်းသော ထင်မြင်ချက်များကို ဆက်လက်သယ်ဆောင်ထားစေရုံမှတစ်ပါး အခြားမရှိတော့ပေ။

တစ်ချိန်တည်းမှာပင်သူသည် ဖန်းယုအား အဆုံရှုံးခံ၍မရကြောင်းနှင့် သူ့အား မုန်းတီးသွားစေ၍လည်း မဖြစ်သေးကြောင်း နားလည်ထားလေသည်။

သူမသည် သူ၏ ဒုတိယလမ်းကြောင်း အတွက် အရေးကြီးသော သူတစ်ဦးလည်း ဖြစ်လေသည်။

အာရန်သည် သူမအနားသို့ ချဉ်းကပ်သွားရန် ကြိုးစားလိုက်စဥ် တံခါးဘက်သို့ အာရုံရောက်သွားသဖြင့် ရပ်တန့်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ အာရန်သည် တံခါးကို ဖျက်ဆီးမပစ်ပါက မည်သူမျှ ဝင်မလာနိုင်စေရန် တံခါးကို သေခြာစွာ ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်အာရန်သည် တံခါးပေါ်သို့ လက်တင်လိုက်ကာ လက်စွပ်ကို အသုံးပြု၍ တံခါးကို ချိတ်ပိတ်ရန် ပြင်ဆင်လိုက်သည်။

သူ၏လက်စွပ် စတင်အသက်ဝင်လာပြီး တံခါးကို အတွင်းဘက်မှ ပိတ်ပစ်လိုက်သည်။

ထို့နောက်သည် ပလ္လင်အနားသို့ ပြန်လျှောက်သွားလိုက်ပြီး ထိုင်စရာနေရာတစ်ခု ယူလိုက်ကာ သူ၏ မျက်လုံးများသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေသောမိန်းမလှလေး၏ မျက်နှာပေါ်သို့ ရောက်ရှိနေခဲ့သည်။

သူမသည် အိပ်ပျော်နေချိန်တွင်ပင် အလွန်လှပလွန်းနေသည်။

သူမ၏ စွမ်းရည်အများစုကို ယာယီချိတ်ပိတ်ခြင်းခံထားသော်လည်း သူမသည် မနားမနေ ရုံးကန်ခဲ့ရပြီး သူမသည် ယခုအချိန်ခဏတွင် ဤကဲ့သို့ အနှောင့်အယှက်ကင်းကင်း အနားယူခြင်းမျိုးကို ရရှိသင့်လေသည်။

အာရန်သည် သူမအား ကြည့်နေစဉ် ဆံနွယ်စလေးတစ်မျှင်သည် သူမ၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။

သူမ အိပ်ပျော်နေသေးသည်ဟု ယူဆကာ သူသည် ညင်သာစွာဖြင့် လက်လှမ်းလိုက်သည်။

သူသည် ညင်သာစွာဖြင့် ထိုဆံနွယ်စလေးကို သူမ၏ နားနောက်ဘက်သို့ သပ်ပေးလိုက်ရာ မည်သည့်အရာမျှ သူ၏ အမြင်ကို ထပ်မံ မပိတ်ဆို့နေတော့ပေ။

သို့သော် ဖန်းယုသည် နိုးကြားနေဆဲဖြစ်ပြီး မျက်လုံးများ မှိတ်ထားခြင်းသည် အတွေးများကြား နစ်မြောခြင်းဖြစ်နေသည်ကိုတော့ သူ မသိနိုင်ခဲ့ပေ။

အာရန်၏ လက်ချောင်းကလေးများသည် သူမ၏ နားတစ်ဖက်ကို ထိတွေ့သွားသည်ကို သူမ ခံစားမိနေခဲ့သည်။

သူမသည် မျက်လုံးများကို မဖွင့်ထားသော်လည်း သူမ၏ နှလုံးခုန်သံသည် ဆက်တိုက် မြန်ဆန်လာခဲ့သည်။

သို့သော် ကံကောင်းစွာဖြင့် အာရန်သည် သူမအား ဘာမှ ဆက်၍ မလုပ်ခဲ့ပေ။

နန်း‌တော်ခန်းတစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းဖြင့်သာ ကြီးစိုးသွားခဲ့ပြီး ထိုနေရာတွင် တစ်ဦးနှင့်တစ်ဦး ဘေးချင်းကပ်လျက်ထိုင်နေသော လူသားနှစ်ဦး၏ တိုးညှင်းသော အသက်ရှူသံများကိုသာ ကြားနေရလေသည်။

အချိန်အနည်းငယ်ကြာသွားပြီးနောက် အာရန်သည်လည်း မျက်လုံးများကို မှိတ်လိုက်ရာ သူသည် မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ပေ။

နောက်ထပ် လှုပ်ရှားမှုများ မခံစားမိတော့သောသောအခါ ဖန်းယုသည် မျက်လုံးများကို ဖြေး‌ဖြေးချင်း ဖွင့်ကြည့်လိုက်ကာ အိပ်ရာ ခုမှ နိုးလာဟန်ဆောင်လိုက်သည်။

သို့သော် သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ အာရန်သည် အိပ်ပျော်နေပြီဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

သူသည်လည်း အစောပိုင်းကာလများတွင် လွယ်ကူသော အချိန်များကို မပိုင်ဆိုင်ခဲ့ရကြောင်း သူမ သတိရလိုက်သည်။

သူသည် သေလုမျောပါး တိုက်ပွဲများကို ဖြတ်သန်းခဲ့ရသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကပင် သူသည် အိပ်ချိန်ပင်ကောင်းကောင်းမရခဲ့ပေ။

သူမသည် လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က အာရန်မှ သူမအား စိတ်ကြည့်နေခဲ့သကဲ့သို့ ယခုအချိန်တွင် အာရန်အားလည်း သူမမှ ပြန်လည်စိုက်ကြည့်နေမိကြောင်း သူမပင် ကိုယ့်ကိုကိုယ် သတိမထာမိခဲ့ပေ။

အကြောင်းရင်းတစ်ခုကြောင့် အာရန်သည် ဂိုဏ်းတွင် ထိုမျှ အင်အားကြီးသူ မဟုတ်ကြောင်း သူမကိုယ်တိုင် သိထားခဲ့သော်လည်း ယခုကဲ့သို့ သူ၏ အနားတွင် နေထိုင်ရသည်ကို လုံခြုံသည်ဟု ခံစားမိနေခဲ့ရသည်။

---

ထို့နောက် သူမသည်လည်း မျက်လုံးများကို ပြန်လည် မှိတ်ထားလိုက်ကာ ယခုတစ်ကြိမ်တွင်မူ အာရန်၏ ပခုံးပေါ်သို့ သူမ၏ ဦးခေါင်းကို မှီရင်း အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့လေတော့သည်။

.....

"အရာအားလုံးက အရင်တစ်ခေါက်ကအတိုင်း ထပ်ပြီး ဖြစ်သွားခဲ့တာ ငါခုထိ မယုံနိုင်သေးဘူး... ပထမ အဲဒီခွေးမ ဆီ လက်စွပ်က ရောက်သွားပြီး ငါတို့ ကို ဖယ်ကျဥ်းတာ ခံခဲ့ရတယ် အခုတစ်ခါ အဲဒီခွေးမ သေသွားပြန်တော့လည်း ဒီဘယ်ကမှန်းမသိတဲ့ ကောင်စုတ်တစ်ကောင် ရုတ်တရက်ပေါ်လာပြန်တယ်"

"သူ့ဆီမှာ လက်စွပ်ရှိနေရုံနဲ့ပဲ ငါတို့ ခေါင်းပေါ် ချီးတက်ပါနေတာကို တကယ်ပဲ ခွင့်ပြုထားတော့မှာလား"

သီးခြား အစည်းအဝေးနေရာတစ်ခု၌ ဘိုးဘေးအကြီးအကဲများသည် အလွန် ဒေါသထွက်နေကြသည်။

၎င်းတို့သည် အာရန်နှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းရန် လူများ စွာကို စေလွှတ်ထားပြီးဖြစ်သည်။

သို့သော် ပြန်လည်ရရှိခဲ့သမျှ အာရန်နှင့်ပတ်သတ်သည့် အချက်အလက်များမှာ အတော်လေး မပြည့်စုံနေခဲ့ပေ။

အာရန်နှင့် ပတ်သက်၍ သိရှိထားသမျှမှာ မိစ္ဆာဂိုဏ်းချုပ်ဖန်းယုကိုယ်တိုင် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အကြီးအကဲရာထူးကို ရုတ်တရက် ပေးအပ်ခဲ့ခြင်းသာ ဖြစ်လေသည်။

သူ ဂိုဏ်းချုပ်နှင့် မည်သို့ သိကျွမ်းခဲ့သည် သို့မဟုတ် အဘယ်ကြောင့် ထိုအကြီးအကဲ ရာထူးကိုတန်းရခဲ့သည်ကိုမူ မည်သူမျှ မသိကြပေ။

အာရန်မှ ဂိုဏ်းသို့ မရောက်လာခင်တွင် သူ၏ အတိတ်အကြောင်းနှင့်ပတ်သတ်သည့် မည်သည့် အချက်အလက်တစ်ခုတလေမျှပင် ရှိမနေခဲ့ပေ။

သူသည် လေထဲမှ ရုတ်တရက် ဘွားကနဲ ပေါ်လာသကဲ့သို့ပင် ဖြစ်နေလေသည်။

သူ၏ နောက်ခံအချက်အလက်များသည် သံသယဖြစ်ဖွယ် ကောင်းနေသည့်အပြင် ပို၍ သံသယဖြစ်ဖွယ် ကောင်းသည်မှာ သူသည် ထိုဂိုဏ်းချုပ်လက်စွပ်ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်လေသည်။

"သူက လက်ရှိ လက်စွပ်ကို ပိုင်ဆိုင်ထားပေမယ့် ခုချိန် ငါတို့ သူ့ကို သတ်ပစ်ရင် အချိန်မှီသေးတယ် သူက ဖန်းယု မဟုတ်ဘူးလေ သူ ပိုသန်မာလာတာကို ဒီအတိုင်းပဲ ထိုင်စောင့်နေတော့မှာလား ဟိုကလေးမ ဖန်းယုတုန်းက ငါတို့ လုပ်မိခဲ့တဲ့ အမှားမျိုးကို ထပ်လုပ်ကြဦးမလို့လား" ဟု ဘိုးဘေးအကြီးအကဲတစ်ဦးက မေးလိုက်သည်။

၎င်းတို့အများစုသည် သူ ဘာကို ဆိုလိုသည်ကို ကောင်းစွာ သိရှိထားကြသည်။

ဖန်းယု ဂိုဏ်းချုပ် ဖြစ်လာစဉ် အစပိုင်းက သူမသည် ထိုမျှ မသန်မာနေခဲ့ပေ။

ထိုအချိန်က ၎င်းတို့သာ သူမကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါက သူမကို သတ်ပစ် နိုင်ခဲ့မည်ဖြစ်လေသည်။

ကံမကောင်းစွာပင် ဘိုးဘေးအကြီးအကဲများသည် သူမကို အထင်သေးခဲ့ကြပြီး သူမ ဆီမှ လက်စွပ်ကို လက်လွှဲပေးစေရန် လှည့်ကွက်များကို အသုံးပြုနိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။

ထိုအရာကပင် ဖန်းယုအား အချိန်တစ်ခု ရသွားစေခဲ့ပြီး သူမအားများစွာပို၍ သန်မာသွားစေခဲ့သည်။

သူမကို ဆန့်ကျင်ရန်ကြံစည်ခဲ့သော ဘိုးဘေးအကြီးအကဲ အများစုအား ချေမှုန်းပစ်မည့် မုန်တိုင်းတစ်ခုကဲ့သို့ သူမသည် ပြန်လည် ရောက်ရှိလာခဲ့လေသည်။

၎င်းတို့အများစုသည် ဖန်းယုတုံးကကဲ့သို့ အရိပ်အယောင်မျိုးကို အာရန်ကိုယ်၌ ပြန်လည် မြင်တွေ့ခဲ့ကြရပြီး ထိုအမှားမျိုးကို ထပ်မံ မကျူးလွန်လိုကြတော့ပေ။

"စိတ်မပူပါပါနဲ့ သူ နှစ်ရက်ထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး ငါတို့ ရဲ့ မိတ်ဆွေသစ်လေးအတွက် ခမ်းနားတဲ့ ကြိုဆိုပွဲအတွက် လက်ဆောင်လေးတစ်ခုကို ငါ ပြင်ဆင်ထားပြီးပါပြီ"

ယခုအချိန်အထိ တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ဘိုးဘေးအကြီးအကဲ ယန်က ဝင်ပြောလိုက်သည်။

ပထမတွင်သူသည် အာရန် ပေါ်လာသည်ကို အံ့အားသင့်နေမိခဲ့သည်။

အကယ်၍ သူသာ ဆန္ဒရှိပါက နန်းတော်အတွင်းရှိ ပုံစံကွက်များ၏ အကာအကွယ်များကြားမှပင် အာရန်အား သတ်ပစ်ရန်နည်းလမ်းများရှိနေသေးသည်။

ဒါပေမဲ့ သူ့အား ထိုစဥ်က ထိုသို့မလုပ်ရန် တားဆီးထားသည့် သံသယတစ်ခုလည်း ရှိနေခဲ့သည်။

ဖန်းယုသည် အမှန်တကယ်သေဆုံးသွားခဲ့ခြင်းလား သို့မဟုတ် သူတို့အတွက် ထောင်ချောက်တစ်ခုပင်လားဆိုသည်ကို သူ သေချာမနေခဲ့ပေ။

ထို့ကြောင့်သူသည် တိုက်ရိုက်မလှုပ်ရှားခဲ့ခြင်းဖြစ်လေသည်။

"ဒါက ထောင်ချောက်တစ်ခုဖြစ်နေရင်တောင် သူ နှစ်ရက်အတွင်း သေကို သေဆုံးသွားရလိမ့်မယ် သူ ငါ့ကို ထပ်ပြီး အံ့အားသင့်စရာတွေ မလုပ်ပြနိုင်သရွေ့ပေါ့" ဟု ဘိုးဘေးအကြီးအကဲ ယန်က ထရပ်ရင်း ပြောလိုက်သည်။

"အဲဒီအချိန်အတောအတွင်းမှာ မင်းတို့ လုပ်ရမယ့် အရာတစ်ခု ရှိတယ်"

"ဘာလုပ်ရမှာလဲ"

အခြား ဘိုးဘေးအကြီးအကဲများက မျက်မှောင်ကြုတ်ကာ မေးလိုက်ကြသည်။

"ဟို အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကလွဲလို့ ကျန်တဲ့ မဟာအကြီးအကဲတွေအားလုံးကို စုဆောင်းထားလိုက် ကျန်တာတွေ နောက်ကျရင် သိရလိမ့်မယ်"

ဘိုးဘေးအကြီးအကဲ ယန်က ညွှန်ကြားချက်တစ်ခုကိုပေးရင်း ထွက်ခွာရန် ပြန်လှည့်လိုက်သည်။

"သူ့ကို အခုတော့ ခဏပျော်ခွင့်ပေးလိုက်ပါဦး သူရဲ့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်ကျရင် တကယ်ကြီးကို ပျော်စရာကောင်းနေမှာအမှန်ပဲ ....."

ဘိုးဘေးအကြီးအကဲ ယန် ပျောက်ကွယ်သွားချိန်တွင် သူ့၏ စကားသံအချို့သာ ကျန်ရစ်ခဲ့လေသည်။

"ဖန်းယု အသက်ရှင်နေသေးရင်တောင် ဒီတစ်ကြိမ်တော့ ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး"

#Catfoot

All Chapters