← Chapters

သူနဲ့ငါ့နဲ့ဆို...

Vol. 19 Ch. 264

သူနဲ့ငါ့နဲ့ဆို...

Vol. 19 Ch. 264

---

ညလယ်ပိုင်း အချိန်တွင် အာရန်၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

အာရန်သည် သူ၏ ပခုံးပေါ် တွင်လေးပင်လျက်ရှိသည်ကို ခံစားမိလိုက်သဖြင့် စောင်းငဲ့ကြည့်လိုက်ရာ ဖန်းယုမှ သူ့အားမှီထားသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရသည်။

သို့သော် သူမကို အနှောင့်အယှက်မပေးတော့ဘဲ ဆက်လက် အိပ်စေခဲ့သည်။ ၎င်းသည် သူမ ရရှိသင့်သော အနားယူခြင်းပင် ဖြစ်လေသည်။

သူမ နိုးလာသည်ကို စောင့်ဆိုင်းနေစဉ် ဘိုးဘေးအကြီးအကဲများ မည်သို့ စီစဉ်နေကြမည်ကို တွေးတောနေခဲ့မိသည်။

၎င်းတို့ မည်သို့ စီစဉ်နေသည်ကို ရှာဖွေရန် ယဲလန်ကို သူ စေလွှတ်ထားပြီး ဖြစ်သည်။

ဖန်းယု၏ အစီအစဉ်ကို သူ ယုံကြည်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းရည်များကို ပို၍ ယုံကြည်လေသည်။

ယဲလန်သည် သူမ၏ စွမ်းရည်များကို အသုံးမပြုပါက အခြားသူများ သတိမထားမိအောင် ဝင်ရောက် ရောနှောနေနိုင်စွမ်းရှိသူ ဖြစ်သဖြင့် ပို၍ပင် သင့်တော်နေခဲ့သည်။

ဖန်းယုပင် ယဲလန်၏ တည်ရှိမှု အကြောင်းကို မသိနိုင်ရာ ဘိုးဘေးအကြီးအကဲများ ဆိုလျှင် ပို၍ပင် ဆိုးပေလိမ့်မည်။

ဘိုးဘေးအကြီးအကဲများကို သူလျှိုလုပ်ရန် တစ်စုံတစ်ဦးရှိနေသောကြောင့် သူသည် မည်သည့်အရာမှ မစိုးရိမ်တော့ပေ။

မကြာမီတွင် ဖန်းယုသည်လည်း နိုးထလာခဲ့ပြီး သူမသည် အလွန်အမင်း သက်တောင့်သက်သာရှိသည်ဟု ခံစားလိုက်ရသည်။

သူမ အဘယ်ကြောင့်ဆိုသည်ကို မသိရသော်လည်း အာရန်နှင့်အတူ ရှိနေသည့် အချိန်မှစ၍ အတိတ်က ရှားရှားပါးပါး ရခဲ့သော ကောင်းမွန်သော အိပ်စက်ခြင်းမျိုးကို ပြန်လည် ရရှိနိုင်ခဲ့သည်။

သူမသည် ခေါင်းကို ပြန်မတ်လိုက်ပြီး အာရန် နိုးနေပြီဖြစ်ကြောင်း မသိသေးဘဲ တစ်ချက် သမ်းဝေလိုက်သည်။

ထို့နောက် ဘေးသို့လှည့် ကြည့်လိုက်သောအခါမှသာ သူမကို ပြုံး၍ ကြည့်နေသော အာရန်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော် သူမသည် ရှက်ရွံ့ဟန် မပြဘဲ တည်ငြိမ်နေသော အပြင်ပန်းပုံစံကိုသာ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

"ရှင် နိုးနေတာ ဘယ်လောက်ကြာပြီလဲ"

"သိပ်မကြာသေးပါဘူး" ဟု အာရန်က အပြစ်ကင်းစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

သူသည် နာရီဝက်ခန့်သာ ကြိုတင်နိုးနေခဲ့ခြင်းဖြစ်သဖြင့် ၎င်းကိုကြာပြီဟု ခေါ်ဆို၍ မရပေ။

"ရှင် နိုးနေရင် ဘာလို့ ကျွန်မကို မနှိုးတာလဲ" ဟု ဖန်းယုက ပြန်မေးလိုက်သည်။

"မင်းက အရမ်းနှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတာလေ ပြီးတော့မင်းက အိပ်နေတဲ့အခါ အရမ်းကြည့်လို့ကောင်းတယ် အဲ့ဒီတော့ မင်းကို ကိုယ်ဘယ်လိုလုပ် နှိုးရက်ပါ့မလဲ"

အာရန်သည် သူမကို ချီးမွမ်းရန် အခွင့်အရေးကို လက်လွတ်မခံဘဲ ပြန်ဖြေလိုက်သည်။

သူသည် လိမ်ပြောနေခြင်းတော့လည်း မဟုတ်ပေ။

သူမသည် အိပ်နေစဉ်၌ အမှန်တကယ်ပင် အလွန်လှပလွန်းနေသောကြောင့် ဖြစ်သည်။

သူမ၌ ရှုယင်၌ရှိသော အလွန်ဆွဲဆောင်နိုင်လွန်းသည့် ပုံစံမျိုးမဟုတ်ပဲ ယဲလန် ပိုင်ဆိုင်ထားသည့် အပြစ်ကင်းစင်မှု၏ ပြယုဒ် အရှိန်အဝါမျိုးလည်း မရှိနေပေ။

သို့သော် သူမ၌ သူမ၏ ကိုယ်ပိုင်ဆွဲဆောင်မှုပုံစံတစ်မျိုး ရှိနေခဲ့လေသည်။

"ဒါဆို ကျွန်မက နိုးနေတဲ့အခါ ကြည့်လို့မကောင်းဘူးလို့ ပြောချင်တာလား"

ဖန်းယုသည် ထိုသို့ ရုတ်တရက် မေးလိုက်မိပြီးမှ သူမ၏ ထိုသို့စကားလုံးများ ပြောထွက်သွားသည့်အပေါ်ကိုပင် အံ့အားသင့်သွားခဲ့ရသည်။

ချီးမွမ်းခြင်းအတွက်ပင် မကျေမနပ်ဖြစ်သကဲ့သို့ ထိုသို့သော စကားလုံး အသုံးအနှုန်းမျိုးကို သူမပါးစပ်မှ အမှန်တကယ် ပြောထွက်ခဲ့သည်ကို သူမ ကိုယ်တိုင် မယုံကြည်နိုင်ဖြစ်သွားရသည်။

သူမသည် သူမ၏ ရှက်ရွံ့သွားသော မျက်နှာကို မမြင်စေရန် အခြားတစ်ဘက်သို့ လျင်မြန်စွာ လှည့်လိုက်လေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အာရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ထရပ်လိုက်သည်။

သူသည် ဖန်းယု၏ ရှေ့သို့ လျှောက်သွားလိုက်ကာ သူမ‌ရှေ့၌ ဒူးထောက်လိုက်ကာ သူမ၏ မျက်လုံးလေးများကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။

ဖန်းယုသည် အာရန်၏ ထိုအပြုအမူကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

အထူးသဖြင့် အာရန်က သူမ၏ နူးညံ့သော လက်ကလေးများကို ဆုပ်ကိုင်ထားသောကြောင့် ဖြစ်လေသည်။

"မင်းက နိုးနေတဲ့အခါမှာလဲ အရမ်းလှပါတယ်" ဟု အာရန်က လေးလေးနက်နက်အမူအယာဖြင့် ပြောလိုက်သည်။

ဖန်းယုသည် သူမ၏ လက်များကို လျင်မြန်စွာ ပြန်ဆွဲယူလိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

သူမသည် သူ၏ မျက်လုံးများကို ထပ်မံ မကြည့်တော့သော်လည်း သူ့ကို ဆူပူခြင်းတော့ မပြုလုပ်မိခဲ့ပေ။

"ရှင် လိမ်‌ပြောနေတာ" ဟု သူမက လက်ပိုင်ရင် ပြန်ပြောလိုက်သည်။

"ဒီအရာက လိမ်စရာမှ မလိုတာ ဒါက ကိုယ့်နှလုံးသားဆီကနေ ထွက်ပေါ်လာတဲ့ အမှန်တရားပဲ"

အာရန်သည် ထရပ်လိုက်ကာ သူမထိုင်နေသည့် ထိုင်ခုံလက်ရန်းပေါ်သို့ သူ၏ လက်ကို တင်လိုက်ကာ သူမ၏ မျက်နှာနား ပိုမိုနီးကပ်စေလိုက်ပြီး သူမ၏ မျက်လုံးများကို ထပ်မံ စိုက်ကြည့်လိုက်သည်။

---

"ဖန်းယု....မင်းရဲ့အလှဟာ ပန်ချီဆရာတွေတောင် လက်မှိုင်ချရလောက်အောင် အထိ လှလွန်ပါတယ် မင်းဟာ ကမ္ဘာပေါ်က ဘယ်လို လူမျိုးကိုမဆို ဆွဲဆောင် နိုင်လောက်အောင်အထိ လှပနိုင်လွန်းတယ် ဒါပေမဲ့ မင်းကို ပိုပြီးထူးခြားသွာစေတာကတော့ မင်းရဲ့ အပေါ်ယံ အလှတစ်ခုတည်းကြောင့် မဟုတ်ပါဘူး မင်းရဲ့ ရင်ဘတ်ထဲက နှလုံးသားထဲမှာ ရှိနေတဲ့အရာကြောင့်လဲ ပါပါတယ်" ဟု အာရန်က သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။

အခြားအခြေအနေတစ်ခုတွင်ဆိုပါက သူ၏ ထိုအကြည့်သည် သူမ၏ ရင်သားများကို နှာဘူးကျကာ စိုက်ကြည့်နေသည်ဟု မှတ်ယူမိနိုင်လေသည်။

သို့သော် သူသည် သူမ၏နှလုံးသားအကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သူ၏အကြည့်များကို သတိထားမိရုံဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်လေသည်။

ဖန်းယုသည် သူမ၏မျက်လုံးလေးများကို မှေးစင်းလိုက်သည်။

သူမ မျက်နှာပေါ်တွင် မပြသခဲ့သည့် ရှက်ရွံ့မှုအပြင် သူမ၌ သိချင်စိတ်အချို့လည်း ရှိနေခဲ့လေသည်။

"ကျွန်မရဲ့နှလုံးသားထဲမှာ ဘာရှိနေလို့လဲ"

သူမက အာရန် မည်သို့ဖြေမည်ကို တွေးနေမိရင်း မေးလိုက်သည်။

လူအများစုသည် သူမကို ကြောက်ရွံ့ကြပြီး သူမသည် ခံစားချက်မရှိသော နတ်ဆိုးမတစ်ပါးဟုပင် ထင်မှတ်ခဲ့ကြသည်။

သူမ ဖခင်သေဆုံးခြင်းနှင့်အတူ သူမ၏ ခံစားချက်များကို အချိန်ကြာမြင့်စွာကတည်းက မြှုပ်နှံထားခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့သမုတ်ခြင်းသည် တစ်စိတ်တစ်ပိုင်း မှန်ကန်နေခဲ့သည်။

မြှုပ်နှံထားသော ခံစားချက်အချို့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီဆိုသော်လည်း သူမသည် နတ်ဆိုးတစ်ပါး၊ ကမ္ဘာပေါ်တွင် လူမုန်း အခံရဆုံးသူများထဲမှ တစ်ဦး၊ သူမ၏လက်၌ လူပေါင်းသန်းပေါင်းများစွာ၏ အသက်များ၊ သွေးများ ရှိနေသူဖြစ်သည်ဟူသော အချက်သည် မပြောင်းလဲသွားခဲ့ပေ။

ဤသို့ဆိုပါက အာရန်သည် သူမ၏နှလုံးသားထဲ၌ မည်သည့်အရာကို မြင်တွေ့ခဲ့သနည်း။

"မင်းရဲ့နှလုံးသားက မင်းရဲ့ရုပ်ရည်ထက်တောင် အများကြီးပိုလှပါတယ် မင်း မထုတ်ဖော်ပေမဲ့ ကိုယ် ခံစားမိနေတယ် မင်းဟာ ဒီကမ္ဘာပေါ်ကလူတွေရဲ့ တကယ်ကို နားလည်မှု လွဲမှားတာ ခံထားရတဲ့သူ တစ်ယောက်ပဲ" ဟု အာရန်က ပြန်ပြောလိုက်သည်။

"အတွင်းစိတ်ထဲမှာတော့ မင်းက ကျင်နာယုယမှုတွေကို နားလည်တန်ဖိုးထားတတ်တဲ့ သာမန် ကောင်မလေးတစ်ယောက်ပါပဲ"

အာရန်သည် အနည်းငယ် ထပ်ပေါင်းပြောလိုက်ပြီးနောက် နောက်သို့ ဆုတ်လိုက်ရာ သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခု ခြားသွားခဲ့သည်။

ထို့နောက် အာရန်သည် သူ ပြောစရာရှိသည်များကို ပြောပြီးနောက် အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

သူသည် သူ၏တပည့်ကို ဤနန်းတော်သို့ ပြန်ခေါ်လာရဦးမည်ဖြစ်လေသည်။

"ကိုယ် ကိုယ့်တပည့်မလေးကို ဒီ နန်းတော်ဆောင်ကို ခေါ်လာခဲ့ချင်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ သူမက မင်းရဲ့တည်ရှိမှုကို မသိစေရပါဘူး"

ဤနန်းတော်ဆောင်ကြီးသည် အလွန်ကြီးမားလှသောကြောင့် ဖန်းယု၏ ရှိနေခြင်းကို ဖုံးကွယ်ရန်မှာ လွယ်ကူနေခဲ့သည်။

အထူးသဖြင့် ပင်မခန်းမ၌ ချိတ်စည်း တံဆိပ်တစ်ခုကို ခတ်ထားလိုက်ခြင်းကြောင့်လည်းပါဝင်လေသည်။

အာရန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖန်းယုသည် ဘာပြောရမှန်းပင် မသိခဲ့ပေ။

အာရန်၏ ရှေ့၌ သူ၏ တောင်ရှိရာ နှင့် ချိတ်ဆက်ထားသော ဂိတ်ဝင်ပေါက်တစ်ခု ပွင့်လာသည်ကိုသာ သူမ စိုက်ကြည့်နေခဲ့မိသည်။

"ကျွန်မ နဲ့ ရှုယင် ဆိုရင်..."

သူမ ရုတ်တရက်အမှတ်တမဲ့ စကားတစ်ခွန်းထပ် ပြောလိုက်မိချိန်သည် အာရန်မှာ ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေချိန်လည်းဖြစ်လေသည်။

"မင်း ဘာပြောလိုက်တာလဲ"

အာရန်သည် သူမ၏ စကားများကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။ သို့သော်...

"ဘာမှမဟုတ်ပါဘူး"

ဖန်းယုသည် သူမ၏ မေးခွန်းကို ဆက်မမေးတော့ဘဲ ခေါင်းကိုသာ ဖြေးညှင်းစွာ ခါယမ်းလိုက်သည်။

အာရန် သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသော်လည်း ၎င်းကို အာရုံထပ်မံ စိုက်မနေတော့ပေ။

သူသည် ဂိုဏ်းချုပ်၏ လက်စွပ်အကူအညီဖြင့် ဖွင့်လိုက်နိုင်သော ထို ဂိတ်ဝင်ပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

လက်စွပ်ကြောင့် ဂိုဏ်းအတွင်း ခရီးသွားလာခြင်းသည် များစွာပိုမို လွယ်ကူလာခဲ့သည်။

ယခင်က လက်စွပ်သာ ရှိခဲ့ပါက ရေခဲနတ်ဆိုး နှင့် အဓိကဇာတ်လိုက် ရဲ့လန်တို့ကို နှိမ်နင်းရန် ကြိုးစားရာတွင် ဤမျှ ခက်ခဲခဲ့မည်မဟုတ်ကြောင်း သူ သေချာသိလိုက်သည်။

ထို့နောက် အာရန်သည် သူ၏တပည့် နေအိမ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဂိတ်ဝင်ပေါက်၏ အခြားတစ်ဖက်သည် ယူလင်းမှ သူ့အတွက်ဟူ၍ ဆောက်လုပ် ပေးထားသော အိမ်ကလေး၏ ဘေးတွင်လည်း ဖြစ်လေသည်။

"ဟမ် ဒီမှာ ဘာလို့ တတိယအိမ်တစ်လုံးထပ်ပြီး ရှိနေရတာလဲ"

သူက မျက်မှောင်ကြုတ်ကာ ခေါင်းနောက်စေ့ကိုပြန်လည် ကုတ်လိုက်မိသည်။

"ဒီကောင်မလေး ဘာတွေထပ်ပြီးလုပ်နေတာလဲ အားသွန်ခွန်စိုက် ကျင့်ကြံခြင်းအပေါ်မှာကိုပဲ အာရုံစိုက်နေရမယ့်အစား ဒီမှာ ဘာတွေလာလုပ်နေတာလဲ င့ါတောင်ပေါ်မှာ မြို့တစ်မြို့တည်ဖို့ ကြိုးစားနေတာတော့မဟုတ်ပါဘူးနော်..."

တောင်ပေါ်တွင် နေထိုင်သင့်သူနှစ်ဦးတည်းသာ ရှိနေခဲ့သော်လည်း ယခုအခါတောင် ကမ်းပါးစွန်းရှိ သူ၏ အန္တရာယ်များသောနေအိမ်လေးကို လျစ်လျူရှုလိုက်ပါက နောက်ထပ် နေအိမ်သုံးလုံးပင် ရှိနေပြီဖြစ်သည်။

အာရန်သည် ခေါင်းခါယမ်းလိုက်ကာ ယူလင်း နေထိုင်ရာ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"လင်းအာ"

အာရန်သည် လမ်းတစ်လျှောက် ယူလင်းအား အော်ခေါ်ရင်း အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။

"ဆရာလား..."

ရေချိုးခန်းဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာပြီး မိန်းကလေးတစ်ဦးသည် ထိုတံခါး‌ပေါက်မှ ပြေးထွက်လာခဲ့ကာ သူမ၏ ခန္ဓာကိုယ်ကို ပါးလွှာသော အဝတ်ပါးလေးတစ်ထည်ဖြင့် ပတ်ထားပြီး ထိုအဝတ်သည် သူမ၏ ခန္ဓာကိုယ်ကို လုံလောက်အောင် ဖုံးကွယ်နိုင်မှုတော့ ရှိမနေခဲ့ပေ။

#Catfoot

All Chapters