ကျွန်မကို လက်မလျှော့လိုက်ပါနဲ့
Vol. 19 Ch. 266
---
အာရန်သည် သူမဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ယခုတစ်ကြိမ်တွင် သူမသည် အတွင်းဂိုဏ်းသားများသာ ဝတ်ဆင်ခွင့်ရှိသည့် ဝတ်စုံကို စနစ်တကျ သေခြာစွာ ဝတ်ဆင်ထားခဲ့သည်။
ယူလင်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ သူမ၏ ဒြပ်စင်ချီစွမ်းအင်ကို စတင် ထုတ်လွှတ်တော့သည်။
ထိုအခါ သူမပတ်ဝန်းကျင်ရှိ ချီစွမ်းအင်တို့သည် ဒီရေလှိုင်းများပမာ ဆထက်ထမ်းပိုး ပိုမိုတိုးပွားလာလေသည်။
ထို့နောက် ဖြည်းဖြည်းချင်းဖြင့် သူမ၏ခန္ဓာကိုယ်သည် ပိုမို မှုန်ဝါးဝါးဖြစ်လာကာ တုန်ခါလာပြီး သဲကန္တာရထဲရှိ ပုံရိပ်ယောင်တစ်ခုကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။
ဆီးနှင်းများဖြင့် ပြုလုပ်ထားသည့်နှယ် ထင်ရသော အဖြူရောင်မြူခိုးငွေ့များသည် ပတ်ဝန်းကျင်နေရာအနှံ့ ပေါ်ပေါက်လာပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်အောင် ဖြစ်သွားစေခဲ့သည်။
ထိုမြူခိုးငွေ့များသည် မြင်ကွင်း ဧရိယာတစ်လျှောက်ရှိ မြင်နိုင်စွမ်းကိုလည်း လျှော့ချပေးနေသည်။
အာရန်ပင် ထိုမြူခိုးငွေ့များကြားတွင် ယူလင်းကို မြင်တွေ့ရန် ခက်ခဲနေခဲ့သည်။
ထို့ကြောင့် သူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး သတ္တမအာရုံကို ထုတ်ဖော်လိုက်ရသည်။
အာရန်သည် ထိုသတ္တမအာရုံကို ပိုမိုအသုံးပြုပြီးလေလေ လေ့ကျင့်သလိုဖြစ်ပြီး ပိုမို ကျွမ်းကျင်လာလေလေ ဖြစ်နေခဲ့၏။
သူ၏ သတ္တမအာရုံဖြင့်ပင် ယူလင်း၏ တည်နေရာကို ရှာဖွေနိုင်ရုံသာမက ချီစွမ်းအင်စီးဆင်းမှုများကိုပါ မြင်နိုင်နေခဲ့သည်။
သူမသည် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနေလျက်ရှိပြီး သေခြာဂရုစိုက်ကြည့်မည်ဆိုလျှင် မြူခိုးများကြားမှပင် သူမ၏ အလင်းရောင် ပျပျလေးကို လှမ်းမြင်နိုင်မည်ဖြစ်သည်။
ဝိညာဉ်လောက တိုက်ပွဲအတွင်း၌ နစ်ခရိုမန်ဆာအရိုးစုဖြစ်သော လိခ်ျသည် အခြားသူတစ်ဦးနှင့် နေရာချင်း ဖလှယ်နိုင်သကဲ့သို့ သူမသည်လည်း သူမ၏ ခန္ဓာကိုယ်ကို မြူခိုးများကြားတွင် အခြားနေရာတစ်ခုနှင့် အစားထိုး လဲလှယ်လိုက်သည်နှင့် ပင် တူညီနေလေသည်။
"စိတ်ဝင်စားစရာပဲ... သူမက အသွင်ယူရွေ့လျားခြင်းအစွမ်း ကိုတောင် သင်ယူနိုင်ခဲ့တာပဲ အဲ့ဒါက နောက်ပိုင်းမှ သင်ယူနိုင်မယ့် အရာပဲ အရာရာက တကယ်ပဲ မူလဝတ္ထုထဲကနဲ့ အများကြီး ကွဲပြားသွားပြီ..."
သူမ၏ စွမ်းရည်များကြောင့် သူသည်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
ထိုစွမ်းရည်မှာ သင်ယူရန်ပင်ခက်ခဲပြီး ကျွမ်းကျင်ပိုင်နိုင်ရန်မှာမူ များစွာပို၍ပင် ခက်ခဲလေသည်။
အာရန်သည် သူမ၏ လှုပ်ရှားမှုများတွင် တိကျမှုရှိသော ထိန်းချုပ်နိုင်စွမ်းကို စောင့်ကြည့်ရင်း သတိပြုမိလိုက်သည်။
သို့သော်လည်း ၎င်းသည် သိပ်ပြီး ထူးခြားလှသည်တော့ မဟုတ်သေးပေ။
အဘယ့်ကြောင့်ဆိုသော် ထိုစွမ်းအင်သည် ရန်သူကို ထိခိုက်စေနိုင်သည့် စွမ်းရည်မျိုး မဟုတ်ပေ။
အများဆုံးအနေဖြင့် ယူလင်းအား ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီနိုင်သည့် စွမ်းရည်သာ ဖြစ်နေပြီး ၎င်းသည် သူမလိုအပ်သည်ဟု သူယုံကြည်ထားသည့် အရာပင်ဖြစ်လေသည်။
သူ့အတွက်မူ တပည့်များကို ကာကွယ်ခြင်းသည် အခြားမည်သည့်အရာထက်မဆို ပို၍ အရေးပါသည်။
ဤစွမ်းရည်ကို လုပ်ကြံသတ်ဖြတ်ရာတွင်အသုံးပြုနိုင်ရန် အခြားသောစွမ်းအင်များနှင့် ပူးတွဲ လေ့ကျင့်ယူနိုင်သော်လည်း ယခုကဲ့သို့ အသုံးပြုနိုင်နေသည်ကပင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။
"မင်း အသွင်ယူရွေ့လျားခြင်း နည်းစနစ်ကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့ပြီပဲ ဒါက ကျွမ်းကျင်ဖို့ အတော်မလွယ်ကူတဲ့ စွမ်းရည်တစ်ခုပဲ"
ယူလင်းက ခေါင်းညိတ်ပြလိုက်သည်။
"ဆရာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ ကျွန်မအဲ့ဒီအစွမ်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တယ် ဒါပေမဲ့ နောက်ထပ်တစ်ခု ရှိသေးပါတယ်"
ယုလင်းသည် သူမ၏ လက်ကိုမြှောက်ကာ အလင်းတန်းတစ်ခုကို တိမ်တိုက်များထဲသို့ ပစ်လွှတ်လိုက်သည်။
နောက်ထပ် စက္ကန့်အနည်းငယ်ကြာသည်အထိ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။
သို့သော် တစ်မိနစ်ခန့်ကြာသောအခါတွင်မူ ကောင်းကင်တွင် မည်းမှောင်သော တိမ်တိုက်များ စုဝေးဖြစ်ပေါ်လာပြီး ဤတောင်၏ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ပိုမို၍ ကျဆင်းလာခဲ့သည်။
တိမ်တိုက်များအတွင်းဆီမှ မိုးချိမ်းသံမျာကြားနေရသော်လည်း အတွင်း၌မူ လျှပ်စီးများ လင်းလက်မလာခဲ့ပေ။
ထိုအစား တဖြည်းဖြည်း စုစည်းနေသော နှင်းခဲ အဆီအနှစ်ဖြစ်သည်ဟု ယူဆရသော အခြားအရာတစ်ခုသည် တိမ်တိုက်များကြားမှ တဖြည်းဖြည်းချင်း ကျဆင်းလာသည်။
၎င်းသည် နှင်းမှုန်သက်သက်ဖြင့် ပြုလုပ်ထားသည့် လျှပ်စီးတန်းတစ်ခုနှင့် တူညီနေသည်။
ထိုနှင်းမှုန်လျှပ်စီးတန်းသည် မြေပြင်ပေါ်သို့ ကျရောက်လာပြီး ထိမှန်မိချိန်တွင် တောင်တစ်လုံးကို တုန်ခါသွားစေခဲ့သည်။
ထူထဲသော ရေခဲအလွှာတစ်ခုသည် အာရန်၏ တောင်ထိပ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး ရေခဲနတ်ဆိုး၏ တောင်နှင့်ပင် ဆင်တူသွားစေသည်။
တောင်ပေါ်ရှိ သစ်ပင်များအပါအဝင် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည်လည်း နှင်းများဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ကြရသည်။
အာရန်သည်လည်း နှင်းခဲအလွှာတစ်ခုသည် သူ၏ ခြေထောက်အောက်မှပင် ပိုမိုမြင့်တက်လာနေသည်ကို ခံစားမိလိုက်သည်။
သူသည် မြေပြင်မှ ခြေထောက်ကို ဖယ်ရန် အနည်းငယ် ပိုမြင့်သော အမြင့်သို့ ပျံတက်လိုက်သည်။
---
---
"စိတ်မပူပါနဲ့ ဆရာ ဒီဆီးနှင်းတွေကို ကျွန်မကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်"
ယူလင်းက သူမ၏ စကားမှန်ကန်ကြောင်း သက်သေပြသည့်အနေဖြင့် ပုံမှန်အတိုင်းရှိနေသေးသော အိမ်သုံးလုံးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
အာရန်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ မြူနှင်းအလွှာသည် သူ ယခင်က ရပ်နေခဲ့သော နေရာသို့ မရောက်မီမှာပင် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။
တောင်တစ်တောင်လုံးတွင် နေအိမ်များမှအပ နှင်းများ မတွေ့ရသည့် တစ်ခုတည်းသော နေရာမှာ ထိုနေရာတစ်ခုတည်းပင် ကျန်လေတော့သည်။
ယူလင်း၏ အောက်ခြေရှိ မြေပြင်ပင် မြူနှင်းများ ဖုံးလွှမ်းနေသော်လည်း သူမကို မထိခိုက်ခဲ့ပေ။
လအရိပ်ရေခဲခန္ဓာ မရှိပါဘဲနှင့်ပင် ယူလင်းသည် သူမအား အာရန်ပေးအပ်ခဲ့သော ဒြပ်စင်အနုပညာစာအုပ်အား သူမကိုယ်တိုင် လေ့လာဆင်ခြင်မိခြင်းဖြင့် သူမသည် ထိုအရာများကို ကိုယ်တိုင် ပြုလုပ်လာနိုင်ခဲ့ခြင်းဖြစ်လေသည်။
အာရန်သည် သူမကို အံ့အားသင့်စွာ စောင့်ကြည့်နေခဲ့မိသည်။
သူမ၏ အသွင်ယူရွေ့လျားခြင်း ပညာအား သင်ယူတတ်မြောက်ခဲ့မှုသည်ပင် အတော်လေး အထင်ကြီးစရာကောင်းသည်ဟု သူ ထင်နေခဲ့သော်လည်း သူမသည် ထိုအဆင့်ထက် များစွာ ကျော်လွန်နေပြီဖြစ်ကြောင်း သူ အစောပိုင်းက သတိမထားမိခဲ့ပေ။
စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ ယူလင်းသည် သူ့ကို ပို၍ ပို၍ပင် အဆင့်ဆင့် အံ့အားသင့်စေခဲ့သည်။
သူမသည် ကြယ်ခြောက်ပွင့်ပါရမီရှင် ဖြစ်သောကြောင့် အရာရာကို လျင်မြန်စွာ သင်ယူနိုင်ခြင်းမှာ နားလည်ပေးနိုင်သော်လည်း ကြယ်ခြောက်ပွင့်အရည်အချင်းရှိသူပင် ထိုကဲ့သို့သော စွမ်းရည်ကို ထိုမျှလောက် တိုတောင်းသော အချိန်တိုအတွင်း သင်ယူနိုင်ခဲ့ခြင်းမှာ မဖြစ်သင့်ပေ။
'ဒီမိန်းကလေးကို ငါ ဘာတွေ သင်ပေးခဲ့မိတာပါလိမ့်' ဟုပင် အာရန်သည်ပြန် တွေးမိလိုက်သည်။
ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာစာအုပ် နှင့်ပတ်သက်၍ သူမမကြာခင်က သူ့အား မေးမြန်းခဲသော မေးခွန်းများကို ဖြေဆိုရာတွင် ယီလန်၏ စကားများကိုသာ သူသည် အတုယူ၍ ပြန်ပြောပြခဲ့ခြင်းဖြစ်ပြီး သူမဘာသာ နားလည်သဘောပေါက်သွားခဲ့ခြင်း လည်းဖြစ်လေသည်။
၎င်းသည် သူမ၏ ပင်ကို အရည်အချင်းရှိခြင်းကြောင့်လား သို့မဟုတ် ယီလန်၏ ရှင်းပြချက်တွင် ဤကျင့်စဥ်၏ အဓိကလျှို့ဝှက်ချက်အချို့ ပါဝင်သွားခဲ့သောကြောင့်များလား သူ သေချာမသိနိုင်ခဲ့ပေ။
'ယီလန် ပြန်လာတဲ့အခါကျရင် သူမကို ငါ ဒီအကြောင်း မေးကြည့်သင့်တယ်' ဟု အာရန်သည် မြေပြင်ပေါ် ပြန်လည် ဆင်းသက်ရင်း တွေးလိုက်မိသည်။
"ဒါတွေကို ပြန်လည် ဖယ်ရှားပေးနိုင်မလား" ဟု အာရန်သည် ယူလင်းအား မေးလိုက်သည်။
အာရန်သည် ဤတောင်တစ်ခုလုံးကို နှင်းများဖြင့် အစဥ်ဖုံးလွှမ်းနေစေလိုခြင်းမရှိပေ။
သူမသည် ရေခဲဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ ၏ အဆင့်မြင့်အဆင့် ကျွမ်းကျင်မှုတစ်ခုကို တတ်မြောက်နိုင်ခဲ့ပြီး ဖြစ်သောကြောင့် ဤရေခဲများကို ဖယ်ရှားရန်လည်း ပိုမိုလွယ်ကူနေသင့်ပေသည်။
"ကျွန်မ... ကျွန်မ ဒါကိုတော့ ဘယ်လိုဖယ်ရှားရမှန်း မသိသေးပါဘူး ကျွန်မ အဲ့ဒီလောက်အထိ နားမလည်ထားသေးဘူး" ဟု ယူလင်းက သူမ၏ ခေါင်းကို ပြန်ကုတ်ရင်း အနည်းငယ် ရှက်ရွံ့နေသည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။
သူမသည် ရှေ့သို့ အနည်းငယ် တိုးလာခဲ့ပြီး ကောင်းစွာ မသင်ယူနိုင်ခဲ့သည့်အတွက် တောင်းပန်လိုနေခဲ့ပုံရသည်။
သို့သော် သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာမိသည်နှင့် တပြိုင်နက် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့သော် ကံကောင်းစွာဖြင့် သူမ မလဲကျမီ အချိန်မှီလေးပင် အာရန်သည် သူမရှေ့သို့ ရောက်လာခဲ့ပြီး သူမအား ခါးမှ ပွေ့ဖက်ကာ လဲကျမသွားအောင် တားဆီးထားလိုက်သည်။
အာရန်၏လက်များ ယူလင်း၏ ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားစဥ် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူမသည် အလွန် အားနည်းနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
'သူမရဲ့ နားလည်နိုင်စွမ်းက အတော်လေးကောင်းမွန်နေပေမဲ့ သူမ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေက အဲ့ဒီအဆင့်ကို မရောက်သေးဘူးပဲ ဒီမိန်းကလေးက... သူ့ရဲ့ အသက်စွမ်းအင်အချို့ကို ဆရာ့ဆီမှာ ကြွားဝါဖို့အတွက်နဲ့ အသုံးပြုခဲ့တာလား'
သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်အောင်လုပ်ဆောင်ပြခဲ့သည့်အတွက် သူမကို ဆူပူလိုခဲ့မိသော်လည်း သူမ၏ အခြေအနေကို ကြည့်ပြီး ယခုလောလောဆယ်တွင် သူမကို မဆူပူတော့ရန်သာ ဆုံးဖြတ်လိုက်ရသည်။
"ဆရာ ကျွန်မ ကောင်းကောင်း လုပ်နိုင်ခဲ့ရဲ့လား"
ယူလင်းသည် အာရန်အား အားအင်ချိနဲ့စွာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကျွန်မ ဆရာသင်ပေးတဲ့ အရာအားလုံးကို သေခြာကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပါ့မယ်လို့ ကတိပေးပါတယ် ဒါကြောင့် ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်မကို လက်မလျှော့လိုက်ပါနဲ့နော်"
"ဟမ်"
အာရန်သည် သူမ ပြောလိုက်သည့်စကားအဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့ပေ။ သူမ ဘာကိုဆိုလိုသနည်း။
သူမ ထိုကဲ့သို့သော စကားမျိုးပြောရလောက်သည်အထိ သူသည် သူမအား ဘယ်အချိန်တုံးကများ စိတ်ပျက်သွားသည့် ပုံရသည့် စကားမျိုး ပြောခဲ့ဘူးလို့နည်း။
သူသည် သူမအား အချိန်အလုံအလောက် အတူရှိမနေပေးခဲ့ခြင်းကြောင့်လား။
အာရန်သည် ထိုအရာကို သေချာမနေခဲ့သော်လည်း ထိုအကြောင်းရင်းကြောင့်တော့ ဖြစ်ပုံမပေါ်ပေ။
"စိတ်မပူပါနဲ့ ဆရာမင်းကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး"
အာရန်သည် သူမ စကားများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်နေသေးသော်လည်း ညင်သာစွာပင် အဖြေတစ်ခုကို ပြန်ပြောလိုက်ရသည်။
#Catfoot