သတင်းဆိုး
Vol. 19 Ch. 267
---
အာရန်သည် အင်အားကုန်ခမ်း၍ သတိလစ်လုနီးပါးအားနည်းနေသော ယူလင်းအား ဂိုဏ်းနန်းတော်ဆီသို့ ပို့ဆောင်ထားလိုက်ပြီး အစွန်ဆုံးနေရာတစ်ခုတွင် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးခဲ့သည်။
ပြင်ပမှ တိုက်ခိုက်လာမှုမျိုး ဖြစ်နိုင်ခြေ နည်းပါးသော်လည်း သူမ၏ ဘေးကင်းလုံခြုံမှုကို ပိုမိုသေချာစေလိုခဲ့သည်။
နန်းတော်အဝင်ဝနှင့် ဝေးကွာလေလေ ပို၍ကောင်းလေလေဖြစ်၏။
ယူလင်းသည် သူ့ကိုယ်သူ အလွန်အမင်း ဖိအားပေးနေကြောင်း သူ သတိပြုမိသော်လည်း သူမ၏ အကြောင်းပြချက်များကို သူနားမလည်နိုင်ခဲ့ပေ။
သူမ၏ မကြာသေးမီက ပြောင်းလဲသွားမှုသည် သူ့အား စိတ်ဝင်စားစေခဲ့ပြီး မသေချာမှု တစ်ခုကိုလည်း စိတ်ထဲထင့်နေစေခဲ့သည်။
သူမ၏ ထိုသို့ ပြောင်းလဲသွားမှုသည် သူ့ကြောင့်ပင်လား... သို့မဟုတ် သူမ၏ မိခင်ကြောင့်များလား... ။
ယူလင်းတစ်ယောက် အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ အိပ်စက်နေသည်ကို ကြည့်ရင်း အာရန်၏စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေခဲ့သည်။
သူမ၏ ကုန်ခန်းသွားသော အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ဆေးလုံးတစ်လုံး ပေးပြီးသားဖြစ်သော်လည်း အာနိသင်များမှာ ချက်ချင်းမသက်ရောက်နိုင်ပေ။
သူမသည် ယခုအချိန်အတွက် များစွာ အနားယူရန် အချိန်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း သူ သေချာသိနေခဲ့သည်။
"ကောင်းကောင်း အိပ်စက်ပါ ကလေးရေ"
အာရန် ထိုနေရာတစ်ဝိုက်ကိုပင် အကာအကွယ်လွှာတစ်ခု ထပ်မံ ဖန်တီးနေရင်း ပြောလိုက်သည်။
ထိုအကာအကွယ်လွှာဖြင့်ဆိုပါက တစ်စုံတစ်ဦး ဤနေရာသို့ ဝင်ရောက်လာပါက သို့မဟုတ် ယူလင်း ဤနေရာမှ ထွက်ခွာသွားပါက သူသည် ချက်ချင်းသိနိုင်မည်ဖြစ်သည်။
သူသည် ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတိုင်းကို ပြုလုပ်ထားခဲ့ပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် အခန်းထဲမှ ထွက်ခွာခါနီးတွင် သူသည် ရပ်တန့်သွားမိသည်။
ထို့နောက် နောက်ပြန်လှည့်ကာ မည်သည့်အသိစိတ်မျှမရှိတော့ဘဲ နှစ်ချိုက်စွာ အိပ်ပျော်နေသည့် ယူလင်းထံ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်သည်။
သူ၏လက်ကို ယူလင်း၏ နဖူးပေါ်သို့ တင်လိုက်ပြီး နဂါးသွေးမျိုဆက်စွမ်းအင်ကို အသုံးပြုလိုက်သည်။
"နဂါးကောင်းချီး" ဟု နဂါးလျှာအစွမ်းဖြင့် ပြောလိုက်သည်။
၎င်းသည် သူနှင့် နဂါးများသာ သင်ယူနိုင်သည့် သီးသန့် ဘာသာစကားစွမ်းအင်လည်း ဖြစ်လေသည်။
နဂါးလျှာအစွမ်းကို တတ်ကျွမ်းသည့်နဂါးတစ်ကောင်သာမဟုတ်လျှင် အခြား တစ်စုံတစ်ဦးမှ သူ၏စကားများကို ကြားရမည်ဆိုလျှင်ပင် သူသည် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေသည်ဟုသာ ထင်မြင်မိမည် ဖြစ်လေသည်။
နဂါးကောင်းချီး ကို ခံယူပြီးနောက် ယူလင်း၏ မျက်နှာသည် အနည်းငယ် ပြန်လည် စိုပြေလာခဲ့သည်။
အာရန်သည် ကုတင်ဘေးရှိ စားပွဲပေါ်တွင် အခြား ကုသဆေးလုံးအချို့နှင့် ညွှန်ကြားချက်အချို့ကို တင်ထားပြီးနောက် နောက်ဆုံးတွင် အခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
သူသည် နန်းတော်၏ အဓိကခန်းမဆောင်သို့ ပြန်လျှောက်လာခဲ့ရာ ဖန်းယုသည် သူ့ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
အဓိကခန်းမဆောင်သည် နန်းတော်၏ အလယ်တွင်ရှိနေသောကြောင့် ထွက်ပေါက်နှင့် ယူလင်းအိပ်ပျော်နေသည့် အခန်းသို့ လျင်မြန်စွာ ရောက်ရှိနိုင်သည်။
"ဘာတွေ သိခဲ့ရလဲ"
အာရန်သည် ထိုသို့မေးလိုက်သော်လည်း ရှည်လျားသော စင်္ကြံတစ်လျှောက်တွင် သူတစ်ယောက်တည်း၏ ခြေသံများသာ ပဲ့တင်ထပ်နေလေသည်။
"ရှင် ကျွန်မကို ဘယ်လိုရှာတွေ့သွားတာလဲ"
ယီလန်က အာရန်၏ နောက်မှ ပေါ်လာပြီး အနည်းငယ် အံ့အားသင့်သွားသည်။
သူမသည် သူ့ရှေ့သို့ ရုတ်တရက် ပေါ်လာခြင်းမျိုးဖြင့် သူ့အား ကြောက်လန့်အောင် စနောက်ရန်ပင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
သူမ ရောက်လာသည်နှင့်တစ်ပြိုင်နက် ယခုကဲ့သို့ သူမအား ချက်ချင်း ဖော်ထုတ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"မင်းလို ချိုမြိန်ပြီး မွှေးပျံ့တဲ့ သင်းရနံ့မျိုးရှိတဲ့လူက အများကြီး မရှိဘူးလေ" ဟု အာရန်က နောက်သို့ မကြည့်ဘဲ ပျင်းရိစွာဖြင့် လျှောက်လှမ်းရင်း ပြောလိုက်သည်။
အခြားသူများအတွက် ယီလန်သည် မမြင်နိုင်သောတည်ရှိမှုဖြစ်ပေသည်။
သူမကို မမြင်နိုင်သလို သူမ၏ စကားကိုလည်း မကြားနိုင်ပေ။
သူမသည် သူတို့အတွက် တစ္ဆေတစ်ကောင်နှင့်ပင် တူနေသည်။ သို့သော် သူ့အတွက်မူ ကွဲပြားလေသည်။
သူမသည် သူ၏ အစောင့်အရှောက်ဝိညာဥ်ဖြစ်သောကြောင့် သူ့အတွက်မူ သူမသည် သာမန်လူတစ်ဦးကဲ့သို့သာ ဖြစ်နေလေသည်။
သူမသာ သူ၏ အနီးအနားတွင် ရှိနေပါက သူမ၏ အနံ့ကိုပင် အာရုံခံစားနိုင်လေသည်။
"ဟင့်"
ယီလန်က သူ့ကို အမီလိုက်ရင်း လျှာကို တစ်ချက်ကိုက်လိုက်သည်။
"ကျွန်မကို အနံ့ပြင်းတယ်လို့ ပြောချင်တာလား"
အာရန်သည် မည်သို့ ပြန်ဖြေရမှန်းပင်မသိတော့ဘဲ ပခုံးတွန့်၍သာ ပြလိုက်သည်။
---
---
ခဏတာ ရပ်တန့်ပြီးနောက် သူက "ပန်းကလေးတွေလို သင်းပျံ့တဲ့ရနံမျိုးရှိတယ်လို့ ပြောချင်တာပါ မင်းမှာ တော်တော်လေး ကောင်းမွန်တဲ့ အနံ့တစ်မျိုးရှိနေတယ် အဲ့ဒါတွေထားလိုက်ပါဦး မင်း ဘာတွေ သိလာခဲ့သလဲ" ဟု စကားစကို ခပ်မြန်မြန်ဖြတ်၍ အဓိက အကြောင်းအရာကို ပြောလိုက်သည်။
"ဟွန့်... ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါမယ်" ဟု ယီလန်က မျက်လုံးလှန်ပြီး အလေးအနက်ထားသည့်ဟန်ဖြင့် စတင်လိုက်သည်။
"သူတို့ ဘာတွေ စီစဉ်နေလဲဆိုတာတော့ ကျွန်မသိခဲ့ရပြီ ဒီတစ်ခါတော့ ရှင် တကယ်ကို ဒုက္ခတွင်းတစ်ခုထဲ ကျရောက်လုနီးပါးဖြစ်နေပြီလို့ပဲ ကျွန်မပြောနိုင်တော့တယ်"
"ဘာဖြစ်လို့လဲ ကိုယ့်ကို သူတို့ အတူတူ ပူးပေါင်းတိုက်ဖို့ စီစဉ်နေတာလား" ဟု အာရန်က သူတို့၏ လုပ်ဆောင်ချက်အချို့ကို ကြိုတင်ခန့်မှန်းပြီးသားဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
"ရှင်ခန့်မှန်းသလိုပဲ" ဟု ယီလန်က ပြန်ဖြေသည်။
"သူတို့က မဟာအကြီးအကဲတွေနဲ့ သာမန် အကြီးအကဲတွေအားလုံးကို စုစည်းလိုက်တယ် ရှင်က ဂိုဏ်းချုပ်ကို သတ်ပြီး သူမနေရာကို လုယူခဲ့တယ်လို့လည်း သူတို့က သတင်းလွှင့်ခဲ့တယ် အခုဆိုရင် ဂိုဏ်းတစ်ခုလုံးနီးပါးက ရှင့်ကို ဆန့်ကျင်ဖို့ ဦးနှောက်ကျင်းတာ ခံထားလိုက်ရပြီ"
"ကိုယ့် နာမည်ဂုဏ်သတင်းကလည်း ခုတစ်ခေါက်တော့ သိပ်ပြီး အထောက်အကူ မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့"
အာရန်က သူ၏ မကောင်းသော နာမည်ဂုဏ်သတင်းမျိုးနှင့်ဆိုပါက လူအများစုသည် ဤဇာတ်လမ်းကို ပိုမို၌ပင် ယုံကြည်ကြမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ပြောလိုက်သည်။
သူတို့ထဲမှ အနည်းငယ်သာ လက်စွပ်ကို ဂိုဏ်းချုပ်တစ်ဦးမှ အခြားတစ်ဦးသို့ လက်ဆင့်ကမ်းနိုင်သည်ဆိုခြင်းကို သိနေခဲ့ကြမည်ဖြစ်သည်။
သူသည် ဂိုဏ်းချုပ်ကို သတ်ရန် မဖြစ်နိုင်ကြောင်း သူ လက်စွပ်ကို ပိုင်ဆိုင်ထားသူဖြစ်သောကြောင့် ထိုအရာသည် မဖြစ်နိုင်ကြောင်း ရှင်းပြလျှင်ပင် သူတို့ သည် သူ့အား ယုံကြည်ရန် မဖြစ်နိုင်ပေ။
"ကိုယ့်မှာ အချိန် ဘယ်လောက်ရသေးလဲ" ဟု ယီလန်အား ထပ်မေးလိုက်သည်။
ဂိုဏ်းတစ်ခုလုံး သူ့ကို ဆန့်ကျင်ဖို့ ဦးနှောက်ဆေးခံထားရသည်နှင့် ဘိုးဘေးအကြီးအကဲများ ဘာတွေ စီစဉ်နေသည်ကို သူ သိနှင့်ပြီးသားဖြစ်သည်။
သူတို့သည် သူ့အား သတ်ဖြတ်ရန်အတွက် အငှားဓားများကို အသုံးပြုရန် ကြိုးစားနေခြင်းဖြစ်သည်။
သူတို့သည် အကြီးအကဲများအားလုံးနှင့် အသိဉာဏ်ကင်းမဲ့သော တပည့်များကိုပင် တရားမျှတမှုအမည်ခံကာ နန်းတော်ကို တိုက်ခိုက်ရန် သွေးဆောင်ဖျားယောင်း လိုက်ခြင်းဖြစ်လေသည်။
သူ ဘာမှမလုပ်လျှင် အရာအားလုံးသည် ပျက်စီးတော့မည်ဖြစ်သည်။ သူသည်ပင် ထိုတိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရနိုင်ချေ ရှိနေသည်။
အာရန်သည် ထို ဂိုဏ်းသားများကို ပြန်လည် သတ်ဖြတ်ခဲ့လျှင်လည်း သူတို့၏ မုန်းတီးမှုများကို ပိုမိုတိုးပွားလာစေမည်သာဖြစ်ပြီး ဘိုးဘေးအကြီးအကဲများအား ပို၍ပင် အကြောင်းပြချက်ကောင်း ပေးလိုက်သလို ဖြစ်သွားမည်ဖြစ်သည်။
သူသည် စစ်တုရင်ကွက်အတွင်း ထောင်ချောက်ဆင်ခံရလိုက်ရသကဲ့သို့ ဖြစ်နေသည်။
သူ ဘာပဲလုပ်လုပ် ဖန်းယု ကိုယ်တိုင် ပေါ်မလာသရွေ့ မိစ္ဆာဂိုဏ်း၏ ဆန့်ကျင်ခြင်းကို ခံရမည်သာ ဖြစ်လေသည်။
ဖန်းယုသည် လက်ထိပ်ဆီမှ လွတ်မြောက်ကာ မူလစွမ်းအင်များပြန်လည်ရရှိရန် ရက်အနည်းငယ်သာ ကျန်တော့သည်ဖြစ်သော်လည်း သူမကို ယခုအချိန် ဖော်ထုတ်လိုက်မိပါက ပို၍ပင် ဆိုးရွားသော ရလဒ်များဖြစ်ပေါ်လာနိုင်လေသည်။
အာရန်သည် ထိုသူများမှာ နန်းတော်သို့ ပစ်မှတ်ထး မတိုက်ခိုက်မီ အချိန်တစ်ခု ယူကြဦးမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် "မနက်ဖြန်" ဟု ယီလန်ပြန်ပြောလိုက်သည့်စကားကို ကြားသောအခါ သူ၏ မျက်နှာအမူအရာများသည် ပို၍ မှောင်မိုက်သွားခဲ့သည်။
"နောက်ထပ် သတင်းတစ်ခုရှိသေးတယ် အဲ့ဒီသတင်းက ခုတစ်ခုထက် ပိုတောင် ဆိုးနိုင်သေးတယ်"
အာရန်သည် အခြေအနေကို စိုးရိမ်နေသော်လည်း ယီလန်က ဆက်ပြောလိုက်သည်။
ထို့အချိန် အာရန်သည် "ဘာက ပိုဆိုးနိုင်တာလဲ" ဟု မေးလိုက်မိသည်ကိုပင် သူသည်နောင်တရသွားခဲ့ရသည်။
"ဘိုးဘေးအကြီးအကဲတစ်ဦးက ဖန်းယု သေပြီဆိုတဲ့ သတင်းကို ပေါက်ကြားစေခဲ့ပြီးပြီ ပြီးတော့ အဲ့ဒီ သတင်းကို မစ်ထ်ထံကို ပို့လိုက်ပြီ သူမကလည်း တုံ့ပြန်ခဲ့တယ်" ဟု ယီလန်က ပြန်ပြောလိုက်သည်။
"သူမကလည်း ဒီလိုလာဖို့ စီစဥ်နေပြီလို့တော့ မပြောနဲ့နော်"
အာရန်သည် သူ၏ နဖူးကို ပြန်ပွတ်ရင်း လေသံမှာ မှောင်မိုက်နေပြီဖြစ်သည်။
ယခုအချိန်သူမဖြစ်ချင်ဆုံးအရာမှာ အရှင်သခင်တစ်ဦး အထူးသဖြင့် သူ့အား ဤဂိုဏ်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သော သူမျိုးနှင့် တွေ့ဆုံရမည်ကိုပင်ဖြစ်သည်။
"ဒါဆိုရင်တော့ ကျွန်မ ဆက်မပြောလဲ ရှင်သိမှာပါ"
ယီလန်က ဆက်မပြောတော့ဘဲ သူမ၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည်။
အာရန် မှန်းသည်မှာ မှန်နေခဲ့ပြီး မစ်ထ်ကိုယ်တိုင်ပင် ဤမိစ္ဆာဂိုဏ်းသို့ ကိုယ်တိုင် လာရန် ပြင်ဆင်နေပြီဖြစ်လေသည်။
#Catfoot