ဝယ်ယူခြင်း
Vol. 48 Ch. 785
အပြာရောင်အလင်းဖျော့ လက်ခနဲ ဖြစ်သွားပြီးနောက် ဗီးနပ်မြို့ရှိ ကြယ်အလင်းအင်ပါယာ၏ ချောင်ကျသော နေရာတစ်ခုတွင် လူရိပ်တစ်ခု ပေါ်လာ၏။
ထိုသူက သာမန်အဝတ်အစားနှင့် မျက်နှာရှိသော လူသားတစ်ယောက် ဖြစ်သည်။ လူအများကြားထဲ၌ ထိုကဲ့သို့ တည်ရှိမှုမျိုးက သတိမထားမိစရာပင်။ ထိုသူက “ရက်စက်ကြမ်းကြုတ်သည်”ဟု သတင်းများထွက်နေသော နတ်ဆိုးဘုံမှ ရောက်လာကြောင်း မည်သူကမှ ထင်ထားမည် မဟုတ်ပေ။
ထိုတစ်ခေါက် လူသားလောကသို့ ခရီးသွား “စရိတ်”မှာ မသက်သာလှပေ။ စျေးလျှော့ခြင်း လုံးဝမရှိဘဲ ယုံကြည်မှုသလင်းကျောက် ၁၀သိန်းအတိ ဖြစ်၏။ ထို့ပြင် သူက နောက်ထပ် ၁၀သိန်း ပေးရဦးမည်ကို မမေ့သင့်ပေ။ သို့ရာတွင် နေရာလွတ်မျိုးစေ့ဖြင့် လူသားလောကသို့ ပထမဆုံး မတော်တဆ ရောက်လာစဉ်ကလိုမျိုး မဟုတ်ဘဲ ယခုတစ်ခေါက် သူက ယုံကြည်မှု သလင်းကျောက် သိန်း၂၀ကို ပြင်ဆင်ထားပြီးသား ဖြစ်လေသည်။
အစပိုင်းတွင် သူက အသူရာကို ယုံကြည်မှု ခိုးယူစေပြီး အချိန်နှင့် ယှဉ်ပြိုင်ကာ သိဒ္ဓိကျောင်း၏ သားရဲတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ချင်ခဲ့သည်။ အဆုံးသတ်၌ သူက ၁၀သိန်းကျော်ရုံမှသာ ရရှိခဲ့ပြီးနောက် မဒမ်-ဒေါ်လေးကို ကယ်တင်ရန်အတွက် နတ်ဆိုးဘုံသို့ ပြန်လာခဲ့ရသည်။ ယခုတွင် ကိစ္စများ ပြောင်းလဲသွားလေပြီ။ မှော်ဂိမ်းက နတ်ဆိုးဘုံ၌ အလျင်အမြန် ရေပန်းစား လာသည့်အတွက် စူပါစနစ်ထဲမှ ယုံကြည်မှုသလင်းကျောက်က မမျှော်လင့်ထားသော အမြန်နှုန်းဖြင့် တဟုန်ထိုး တိုးတက်လာခဲ့လေသည်။ ထိုအရာက အတော်လေး ကြောက်စရာပင်။ နှစ်ပေါင်းများစွာ ကြာပြီးလျှင် လူသားလောကနှင့် နတ်ဆိုးဘုံအကြား ခရီးသွား လက်မှတ်ခက ဂေါ်ဖီထုတ် တစ်ထုတ် စျေးအထိပင် ကျဆင်းသွားနိုင်၏။
ယခုတစ်ခေါက် ချန်လွေ့က အဓိက ရည်ရွယ်ချက် ၃ခုဖြင့် လူသားလောကသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ခုမှာ ဇစ်မြစ်အပိုင်းအစအတွက် ဖြစ်သည်။ ယခင်တစ်ခေါက် အလင်းဒြပ်စင်ဘုရင် ဒယ်လ်ကက်စ်နှင့် သဘောတူညီမှုအရ သူက အလင်းအရင်းမြစ်စွမ်းအားနှင့် လေအရင်းအမြစ်စွမ်းအားကို အလင်းဇစ်မြစ် အပိုင်းအစနှင့် လဲလှယ်မည် ဖြစ်သည်။ ထိုအရင်းအမြစ် စွမ်းအား၂ခုနှင့်ဆိုလျှင် ဇိုလာက အဓိကဒြပ်စင် ၆ခုလုံး၏ အရင်းအမြစ်စွမ်းအားများအားလုံးကို ရရှိသွားပြီ ဖြစ်ကာ အက်ဂ်လက်စ် ပေးခဲ့သော တိုင်းပြည်အဆင့် နဂါးစွမ်းအား အမြုတေ ကလည်း ဇိုလာ၏ [ ဒြပ်စင်၆ခု တိုင်းပြည် ] အောင်မြင်နှုန်းကို ကြီးကြီးမားမား တိုးစေနိုင်ပြီး စွန့်စားရမှုက အနည်းဆုံးအထိ လျော့ကျသွားပေမည်။
ဒုတိယ ရည်ရွယ်ချက်မှာ အသူရာနှင့် မရဏနက်နောက်လိုက်တို့နှင့် ပတ်သက်သည်။ အစတွင် ယုံကြည်မှုစွမ်းအား စုပ်ယူရန်အပြင် ချန်လွေ့က အသူရာအား လူသားလောက၌ သိဒ္ဓိကျောင်းတော်မှ လူ့အမှိူက်များကို ဖယ်ရှားရန် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အသူရာက လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းထဲသို့ မတော်တဆ ဝင်ရောက်မိသွားပြီး မရဏနောက်လိုက်၏ ဂိုဏ်းထောက်ကြီး ဖြစ်လာခဲ့သည်။ ထိုဂိုဏ်းက အမှန်တကယ်၌ အသူရာ ချောက်နက် သတ္တဝါများကို ကိုးကွယ်နေကြခြင်း ဖြစ်၏။
အသူရာချောက်နက် သတ္တဝါများမှာ အဂ္ဂိရတ်အဖွဲ့အစည်းနှင့် အခြားသော သက်ရှိအဖွဲ့အစည်းများ ပျက်စီးခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ စမ်းသပ်ချက်မှ ပုံရိပ်ယောင်များအပြင် ချန်လွေ့က အသူရာချောက်နက် သတ္တဝါများ၏ စွမ်းအားကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ရဖူးသည်။ စေတန်၏ စကားများ အရဆိုလျှင် အသူရာချောက်နက် သတ္တဝါများက နေရာတစ်ခု၌ ချိပ်ပိတ် ခံထားရသည်ဟု ကောက်ချက်ချနိုင်သည်။ နှစ်ပေါင်းများစွာ ကြာပြိးသောအခါ သူတို့က ထိုလောကသို့ ပြန်လာရန် တချိန်လုံး ကြိုးစားနေခဲ့ကြသည်။ အသူရာချောက်နက် သတ္တဝါများ အမှန်တကယ် အောင်မြင်သွားသည်နှင့် နတ်ဆိုးဘုံနှင့် လူသားလောကအတွက် ဆိုးရွားသော ကပ်ဘေးတစ်ခု ဖြစ်သွားပေလိမ့်မည်။
လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀က “နတ်ဘုရား”အတွက် စတေးရန်အတွက် မြို့ (၁၀)မြို့ကို သုတ်သင်ခဲ့ကြသည်။ ထိုကဲ့သို့ ဝရုန်းသုန်းကာ လုပ်ရပ်က သေချာပေါက် အသူရာချောက်နက်ကို ဆင့်ခေါ်ရန် အစီအရင်တစ်ခု ဖြစ်၏။ ကံကောင်းစွာပင် အမည်မသိ အကြောင်းရင်းများကြောင့် ကျရှုံးသွားခဲ့ရပြီး သိဒ္ဓိကျောင်းတော်၏ ဝိုင်းရံခြင်းကိုပင် ခံခဲ့ရသည်။ ထိုဂိုဏ်းက လုံးဝ မပျောက်ကွယ်သွားသေးသည်မှာ နှမြောစရာပင်။ သူတို့က အမှောင်ထဲ၌ ပုန်းအောင်းနေခဲ့ကြသည်။ မရဏနက် နောက်လိုက်များက သေချာပေါက် လျို့ဝှက်အကြံအစည်အသစ်များ စဉ်းစားနေမည်မှာ အသေအချာပင်။ အသူရာချောက်နက်ကို အဆက်မပြတ် ထောက်ပံ့ပေးနေသော ယုံကြည်မှုကပင် အဓိကပြဿနာတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အသူရာက လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းသို့ ပြန်သွားပြီး လောကတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် အန္တရာယ်ရှိသော ထိုအဖွဲ့အစည်းကို ပျက်စီးအောင် ကြိုးစားရပေမည်။
လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းက လူသိရှင်ကြား မထုတ်ပြသော်လည်း ၎င်း၏ စွမ်းအားနှင့် အတိုင်းအတာက ပေါ့သေးသေး မဟုတ်ပေ။ အသူရာ၏ ကိုယ်ပိုင်စွမ်းအားက အကန့်အသတ် ရှိပြီး လက်ရှိ၌ ပြင်ပအင်အားစုများဖြင့်သာ ထိတွေ့နိုင်သေးသည်။ လက်ရှိအချိန်တွင် အလောတကြီး လုပ်ဆောင်ရန် မသင့်တော်ပေ။ သူက အတွင်းထဲသို့ တစ်ဆင့်ချင်း သွားရမည် ဖြစ်သည်။ ထိုအချိန် သူက ဘာသာရေးဂိုဏ်းကို လျို့ဝှက်ချက်များကို လူအများသိအောင် ပြုလုပ်ရန်သာ လိုအပ်ပြီး သိဒ္ဓိကျောင်းတော်က ထိုရန်သူဟောင်းအား အစွမ်းထက် ချေမှုန်းပစ်မည် ဖြစ်ပေသည်။
တတိယ ရည်ရွယ်ချက်မှာ အဂ္ဂိရတ်ပညာ တိုးတက်ရန်အတွက် ဖြစ်၏။ ထိုအချိန်၌ နောက်နှစ် အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲ စတင်ရန် ၄လသာ ကျန်တော့သည်။ အဂ္ဂိရတ် ဆရာသခင် ပြိုင်ပွဲ၌ သူက ဆရာ ထယ်တင်းနစ်၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သော ဆေးရည်နှင့် ယန္တရားပညာ နှစ်သွယ် မဟာဆရာသခင် ဆာမန်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ စူပါစနစ်ထဲမှ ဆေးရည်ကို အသုံးပြု၍ ရနိုင်သည့်အတွက် ဆေးရည်က ကိစ္စမရှိပေ။ သို့သော် ယန္တရား ပညာက တကယ့် အရည်အချင်း လိုအပ်သည်။ နတ်ဆိုးဘုံသို့ ပြန်ရောက် ပြီးကတည်းက လေ့ကျင့်ရေးကွင်းထဲ၌ အချိန်ဥပဒေသကို အသုံးပြုခဲ့သည့်တိုင် နောက်ဆုံး တစ်ဆို့မှုကို မချိုးဖျက်နိုင်ခဲ့ပေ။ သူက မဟာဆရာသခင်အဆင့်နှင့် အမှန်တကယ် နီးစပ်နေပြီဟု ခံစားမိနေသည်။ လူသားလောက၌ ယခုတစ်ခေါက် သူသည် ကျောက်စိမ်း သစ်တောပင်လယ်မှ ယန္တရားမဟာဆရာသခင် နှစ်ယောက်ထံ သွားလည်ပြီး အဆင့်တက်ရန် အခွင့်အရေး ရှာဖွေမည် ဖြစ်သည်။
ကြယ်အလင်းအင်ပါယာ တောင်ဘက်ရှိ ကြယ်ပြာမြို့မှ ကျောက်စိမ်း သစ်တော ပင်လယ်သို့ ရေခဲပင်လယ်နယ်မြေကို ဖြတ်သန်းပြီး ရောက်ရှိနိုင်သည်။ သို့ရာတွင် ချန်လွေ့တွင် ယခုတစ်ခေါက် အချိန်အများကြီး ရှိနေသည့်အတွက် ချက်ချင်း မထွက်သွားခဲ့ပေ။ ထိုအစား သူက ဗီးနပ်စ်မြို့ရှိ အကြီးမားဆုံး မှော်ဆိုင်ဖြစ်သည့် “ရွှေရောင်သော့”သို့ ရောက်လာခဲ့သည်။
“လူကြီးမင်းကိုး။ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခေါက် ဘာများ အလိုရှိလဲ မသိဘူး။ အကောင်းဆုံး ကမ်းလှမ်းမှုတွေ ရမယ်ဆိုတာ အာမခံပါတယ်။” ယခင်တစ်ခေါက် ချန်လွေ့က မှော်စာလိပ်အများအပြားကို ဝယ်ယူခဲ့သည့်အတွက် ဆိုင်ရှင်ဝတုတ် ဆစ်မန်းက သူ့အပေါ် အမြင်ရှိနေခဲ့သည်။ သူက ချန်လွေ့အား ဒုတိယထပ်ရှိ အရေးကြီးပုဂ္ဂိုလ်အခန်းသို့ အားတက်သရောဖြင့် ကိုယ်တိုင် ကြိုဆိုခဲ့သည်။
“ကျုပ် ပစ္စည်းသုံးခု လိုတယ်။ ဥပဒေသပုံစံကွက်စာရွက်၊ အလင်းပြာမြက်နဲ့ သော့ကင်းမြီးကောက်နွယ်ပင် အစေ့။ အရေအတွက်များလေ ပိုကောင်းလေပဲ။”
အဂ္ဂိရတ်ပညာ၏ အခွဲတစ်ခုဖြစ်သော စာလိပ်ပညာရပ်က လူသားလောက၌ သိသာထင်ရှားသော အမြင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မှော်စာလိပ်များက အတော်လေး နာမည်ကျော်လှသည်။ သာမန်လူများကပင် မှော်ပညာ အသုံးပြုရန်အတွက် စာလိပ်များ အသုံးပြုနိုင်ကြသည်။ သို့ရာတွင် အကြောင်းရင်း အမျိုးမျိုးကြောင့် စာလိပ်ပညာရပ်က နတ်ဆိုးဘုံ၌ နှစ်ပေါင်းများစွာကြာအောင် ဆုတ်ယုတ်သွားခဲ့သည်။ နတ်ဆိုးဘုံ၌ မှော်စာလိပ်များကို ရှားပါးပြီး စျေးကြီးသော်လည်း အသုံးမဝင်သော အဆင်တန်ဆာ တစ်ခုအဖြစ်သာ သတ်မှတ်ထားကြသည်။ ၎င်းကို တိုက်ခိုက်ရေး၌ အသုံးပြုခဲလှသည်။
ချန်လွေ့က လူသားလောကမှ နတ်ဆိုးဘုံသို့ ပြန်ရောက်လာသောအခါ နတ်သူငယ် မျိုးနွယ်စုမှ ယန္တရား မဟာဆရာသခင် ဖီနိုအီရာ လက်ဆောင် ပေးခဲ့သော “စာလိပ်ပညာအခြေခံ” နှင့် “စာလိပ်ပညာကျွမ်းကျင်အဆင့်” ဟူသော စာအုပ်နှစ်အုပ် ရှိခဲ့သည်။ ထိုစာအုပ်များထဲ၌ မှတ်ထားသော အချက်အလက်များက အလွန်ပြည့်စုံလှပြီး ဖီနိုအီရာ၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် မှတ်ချက်များက အလွန်အမင်း အဖိုးတန်လှပေသည်။ ချန်လွေ့က ထိုစာအုပ်နှစ်အုပ်ကို ကူးယူပြီး ဆရာသခင် ထယ်တင်းနစ်နှင့် ကြယ်ကြွေတမန်အင်ပါယာ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ ဖွန်ဆက်တို့ကို ပေးခဲ့သည်။ သူက စာလိပ်များအပေါ်၌ သုတေသန ပြုလုပ်ရန်အတွက် အထူး ဝန်ထမ်းများကို စုစည်းရန် စာလိပ်ပညာရပ် သုတေသနဌာနတစ်ခု ဖွဲ့စည်းခဲ့သည်။ ထိုအရာကလည်း ချန်လွေ့၏ စစ်ဗျူဟာထဲမှတစ်ခု ဖြစ်လေသည်။
ပြီးပြည့်စုံသော သီဝရီ အထောက်အပံ့နှင့် အသင့်သုံး စာလိပ်များ၏ ကျေးဇူးကြောင့် သုတေသနက ကြီးကြီးမားမား တိုးတက်မှုများ ရရှိခဲ့သည်။ သို့သော်လည်း နတ်ဆိုးဘုံရှိ ဒေသတွင်း စာလိပ်ထုတ်လုပ်ရေးတွင် လက်ရှိ မဖြေရှင်းနိုင်သော ပြဿနာတစ်ခု ရှိနေသည်။ ထိုအရာက ကုန်ကြမ်းပင်။ စာလိပ်၏ အောက်ခံမျက်နှာပြင်ကို ပြုလုပ်ရန် အသုံးပြုရသော ကုန်ကြမ်းကို ဥပဒေသပုံစံကွက် စာရွက်ဟုခေါ်သည်။ ထိုစာရွက်တွင် အတော်လေး ကောင်းမွန်သော မှော်သိုလှောင်နိုင်စွမ်း ရှိသည်။ အဓိက ကုန်ကြမ်းများမှာ အလင်းပြာမြက်နှင့် သော့ကင်းမြီးကောက်နွယ်တို့ ဖြစ်ကြသည်။ ထို အပင်နှစ်ပင်က အလင်းဒြပ်စင်ပန်းများ ဖြစ်ကြ၏။ လူသားလောက၌ မရှားသော်လည်း အမှောင်ဒြပ်စင်များ ပြည့်နှက်နေသော နတ်ဆိုးဘုံ၌ လုံးဝနီးပါး မျိုးသုဉ်းသွားပြီ ဖြစ်သည်။ လက်ရှိတွင် ထိုအတွက် အစားထိုး မရှိပေ။
ထို့ကြောင့် ချန်လွေ့က ယခုတစ်ခေါက်တွင် ဥပဒေသပုံစံကွက် စာရွက် အများအပြားနှင့် အပင်နှင့်အစေ့ နှစ်မျိုးကို ဝယ်ယူချင်နေသည်။ သူက စမ်းသပ်မှုများမှတဆင့် အစာထိုးအရာများကို ရှာဖွေခြင်း သို့မဟုတ် “မှော်မြေ”ကို အသုံးချကာ အများအပြား ပျိုးထောင်နိုင်ပေသည်။ (သူက ၎င်းတို့ကို ကြယ်စင်စု ဥယျာဉ်ထဲ၌ စိုက်ပျိုးနိုင်သော်လည်း အရေအတွက်က အကန့်အသတ် ရှိနေ၏။)
“ကျုပ်တို့မှာ ဥပဒေသပုံစံကွက်စာရွက် ၃၀၀လောက် ရှိတယ်။ ဒါပေမဲ့ အထူး အကြောင်းအရင်းတွေကြောင့် စျေးက တော်တော်လေး မြင့်တယ်။ သော့ကင်းမြီးကောက်နွယ်နဲ့ အစေ့တွေကလည်း နည်းနည်းပဲ ရနိုင်မယ်။ ဒါပေမဲ့.. အလင်းပြာမြက်ကတော့...အခုလက်ရှိ ကုန်နေပြီ။” ဆစ်မန်းက အားနာနာနှင့် ပြုံးလိုက်သည်။ “ရွှေရောင်သော့မှာ မပြောနဲ့။ အခု လူသားလောက တစ်ခုလုံးမှာ ရေပန်းစားနေတဲ့ ကုန်ပစ္စည်းတစ်ခု ရှိနေတယ်။ ဘာလို့လဲဆိုတော့ သိပ်မကြာခင်တုန်းက သိဒ္ဓိကျောင်းတော်...ဟီးဟီး...ဆာ သိလောက်မှာပါ။ အဲဒီတုန်းက အနီးအနားမှာရှိတဲ့ အင်ပါယာတွေကို ချိတ်ပိတ်ထားခဲ့တာ။ အခု အားလုံးက ပြောင်းရွှေ့သွားကြပြီ။”
ချန်လွေ့က အံ့အားသင့်သွားခဲ့သည်။ ဒါက ငါ့ကို ဝိုင်းရံဖို့ ကျောင်းတော် လုပ်ခဲ့တာပဲ။ နောက်တော့ အစ်ဇ်ယိုရူးလ် သေသွားတဲ့အတွက် ဒါကို ရုတ်သိမ်းခဲ့တယ်။ ဒါပေမဲ့ ဒါက အလင်းပြာမြက်နဲ့ ဘာဆိုင်လို့လဲ။
“အဲဒီတုန်းက အဖြစ်အပျက်အကြောင်း ကျုပ် သိတယ်။ ခင်ဗျားဆီကနေ မှော်စာလိပ်တွေ ကျုပ် ဝယ်ပြီးတော့ တံခါးပိတ် လေ့ကျင့်နေခဲ့တာ။ အတော်ကြာမှ ပြီးသွားခဲ့တယ်။ အဲဒီနောက် ဘာဖြစ်သွားလို့လဲ။”
“သဘောပေါက်ပြီ။” ဆစ်မန်းက ရုတ်တရက် အမူအရာတစ်ခု ပြသလိုက်၏။ “ဆာက မသိဘူးပဲ။ အဲဒီနောက်မှာ ကျောင်းတော်က အလင်းပြာမြက်နဲ့ အစေ့တွေကို အများကြီး စဝယ်လာခဲ့တယ်။ အသေးစိတ် အကြောင်းရင်းကိုတော့ မသိဘူး။ အခု အလင်းပြာမြက်နဲ့ ဥပဒေသပုံစံကွက် စာရွက်စျေးက သုံးလေးဆ တက်သွားပြီ။ မှော်စာလိပ် စျေးကွက်တစ်ခုလုံးကလည်း ကြီးကြီးမားမား သက်ရောက်ခံလိုက်ရတယ်။ မှော်ရုက္ခဗေဒဥယျာဉ်တွေကလည်း စိုက်ခင်းဧရိယာနဲ့ အကျယ်အဝန်းကို တိုးမြှင့်ကြပေမဲ့ ရင့်မှည့်ပြီး အသုံးချနိုင်ဖို့က အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမှာလေ။ မှော်စာချုပ်စျေးက ထပ်ပြီးတော့ ကျဦးမယ်ပုံ မပေါ်ဘူး။”
“အိုး...” ချန်လွေ့က အလင်းပြာမြက်များကို ကျောင်းတော်က အများအပြား ဝယ်ယူနေသည့်အကြောင်းရင်းမှာ နှင်းဒဲလက်ပန်းပင် ပျောက်ကွယ်သွားခြင်းနှင့် ဆက်စပ်နေကြောင်း ရေးရေးလေး ခန့်မှန်းမိလိုက်သည်။ ၎င်းက အစားထိုးရန် သို့မဟုတ် ကုစားရန်အတွက် လိုအပ်ချက် ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ စာလိပ်အစီအစဉ်က ထိုအတိုင်း သောင်တင်နေလိမ့်မည် ဖြစ်၏။
ချန်လွေ့က ခဏစဉ်းစားပြီး မေးလိုက်သည်။ “ကျုပ်မိသားစုက နှစ်ပေါင်းများစွာ စီးပွားရေး လုပ်လာခဲ့တာ။ လူကြီးလူကောင်းတစ်ယောက်က စကားကို ဝေ့ဝိုက်မပြောဘူး။ စျေးကွက်က ကျပ်တည်းပေမဲ့ လက်ကျန် မရှိဘူးလို့ မဆိုလိုဘူး။ မဟုတ်ရင် မှော်စာလိပ်တွေ ကုန်သွားတာကြာပြီ။ ခင်ဗျားမှာ စျေးမြင့်ဖို့ စောင့်နေတဲ့ လက်ကျန်တွေရှိတာ ကျုပ် သိတယ်။ အဲဒါတွေကို အမှောင်ဝိညာဉ်မြက်နဲ့ ကျုပ် လဲလှယ်မယ် ဆိုရင်ကော။”
အမှောင်ဝိညာဉ်မြက်က အတော်လေး သန့်စင်သော အမှောင်ဒြပ်စင် စွမ်းအားရှိသည့် ရှားပါး မှော်အပင်တစ်မျိုး ဖြစ်သည်။ ထိုအရာက ယန္တရား ပညာရှင်များနှင့် အဆင့်မြင့် ဆေးရည်များအတွက် လိုအပ်သော ကုန်ကြမ်းတစ်ခု ဖြစ်သည်။ “ရှားပါး”သည် ဆိုသည်က လူသားလောက အတွက်သာ ဖြစ်၏။ နတ်ဆိုးဘုံ၌ အမှောင်ဝိညာဉ်မြက်က အလင်းပြာမြက်နှင့် သော့ကင်းမြီးကောက် နွယ်ပင်တို့ထက်ပင် အတွေ့များနိုင်ပေသည်။
ချန်လွေ့သည် သိပ်မကြာခင်က ဆေးရည်များနှင့် စမ်းသပ်ကြည့်ခဲ့သည်။ သိုလှောင်ဂိုဒေါင်ထဲ၌ သက်ဆိုင်ရာ ကုန်ကြမ်းများ ရှိနေပြီး အမှောင်ဝိညာဉ်မြက်က တစ်ခုအပါအဝင် ဖြစ်လေသည်။ အမှန်တကယ်၌ ထိုကဲ့သို့ စျေးခြားနားသော ဆင်တူပစ္စည်း အများအပြား ရှိနေသေးသည်။ ပိုက်ဆံအတွက်သာ ဆိုလျှင် ကူးတို့ ကုန်သည်တစ်ယောက် ဖြစ်နိုင်လေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန် သူ မရည်ရွယ်ထားခဲ့ပေ။
“အမှောင်ဝိညာဉ်မြက်လား။”
ချန်လွေ့၏ လက်ထဲမှ ခရမ်းနက်အပင်များ မြင်လိုက်သည့်အခါ ဆစ်မန်း၏ မျက်လုံးများ အရောင်တောက်သွား၏။ သူက ၎င်းကို အနီးကပ် ကြည့်လိုက်သည်။ “ဒါက အမှောင်ဝိညာဉ်မြက်ဆိုတာ အသေအချာပဲ။ အရည်အသွေးကလည်း အတော်လေး မြင့်မားတယ်။ ဒီလိုလုပ်ပါလား။ အမှောင်ဝိညာဉ်မြက် တစ်ခုကို အလင်းပြာမြက် ၂၀နဲ့ လဲမယ်။ ပြီးတော့ ကျုပ်က နောက်ထပ် အစေ့၃၀ ထပ်ပေါင်းထည့်ပေးမယ်။ ဒီစျေးက လူကြီးမင်းအတွက် အတော်လေး နည်းတယ်ဆိုတာ သိပါတယ်။ အရင်တုန်းကဆိုရင် ဒီလို အလဲအလှယ်မျိုးက သေချာပေါက် မဖြစ်နိုင်ဘူး။ အခုက အရေးကြီးတဲ့အချိန် ဖြစ်နေတာ။ ဆာ အလျင်လိုနေတယ်ဆိုရင် ဒီစျေးက အတော်လေး သင့်တော်ပါတယ်။ အလျင်မလိုဘူးဆို၇င်တော့ နောက်နှစ် စျေးကျတဲ့အချိန် ပြန်လာခဲ့ပါ။ ကျုပ် လျှော့စျေး ထပ်ပေးပါ့မယ်။”
ဆစ်မန်းက ကောင်းကောင်းမွန်မွန် ပြောနေခြင်းသာ ဖြစ်၏။ အကယ်၍ တဖက်လူက အလျင်မလိုလျှင် မည်သည်ကြောင့်င အမှောင်ဝိညာဉ်မြက်နှင့် လဲလှယ်ရမည်နည်း။
ချန်လွေ့က ၎င်းကို သဘောပေါက်သော်လည်း မငြင်းခဲ့ပေ။ အမှန်တကယ်၌ သူ့အတွက် အမှောင်ဝိညာဉ်မြက်က အလင်းပြာမြက်ထက် များစွာ စျေးပေါပေသည်။ ထို့ကြောင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ အရင်ဆုံး အပင် ၁၀၀၀ လဲကြတာပေါ့။”
“အပင် ၁၀၀၀ လား။” ဆစ်မန်း ထိတ်လန့် သွားခဲ့သည်။ မူလက တဖက်လူတွင် အပင် ဒါဇင်ခန့်သာ ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့ပြီး ထိုမျှ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့ လဲလှယ်မည်ဆိုလျှင် အလင်းပြာမြက် ၂၀၀၀၀ နှင့် အစေ့ ၃၀၀၀၀ လိုအပ်ပေလိမ့်မည်။ လက်ရှိ စျေးကွက်အရ သူ့ဆိုင်မပြောနှင့်၊ ဗီးနပ်စ်မြို့ထဲရှိ မှော်ဆိုင်အားလုံးမှာပင် ထိုမျှ မရှိပေ။ အားလုံး စုပေါင်းလိုက်လျှင်ပင် အပင် ၁၀၀၀၀ ကျော်သာ ရှိပေသည်။
“မရရင် ကျုပ် တခြားနေရာကို သွားမယ်။”
“ခဏနေပါဦး။” ဆစ်မန်းက အလျင်အမြန် စိတ်ပြောင်းလိုက်သည်။ ထိုအရာက အနည်းဆုံး အကျိုးအမြတ် ၅ဆခန့် ရရှိနိုင်သော စီးပွားရေးတစ်ခု ဖြစ်သည့်အတွက် သူက ထိုအရာကို လက်လွှတ်မခံနိုင်ပေ။
သူက သဘောမတူသော်လည်း ထိုအရာက တခြားသူများလည်း သဘောမတူနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
“ဒီလိုဆိုရင်ကော။” နောက်ဆုံးက ဆစ်မန်းက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။ “ကျုပ် ဆာ့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက အမှောင်ဝိညာဉ်မြက်ကို ရှာနေတာ။ ပြီးတော့ သူ့မှာ အလင်းပြာမြက်တွေ လုံလုံလောက်လောက် ရှိနိုင်လောက်တယ်။ ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်။ ဆာက အရင်ဆုံး အမှောင်ဝိညာဉ်မြက် ၂၀၀ကို ရွှေရောင်သော့ဆီ ပေးရမယ်။ ပြီးရင် ကျုပ်က အလင်းပြာမြက် ၄၀၀၀နဲ့ အစေ့ ၆၀၀၀ကို ပေးမယ်။ ဘယ်လိုထင်လဲ။ ဆာ။”
“ကိစ္စမရှိပါဘူး။ ကျုပ်တို့ အခုပဲ လဲလှယ်လို့ရတယ်။ ဥပဒေပုံစံကွက်စာရွက်နဲ့ သော့ကင်းမြီးကောက်နွယ်ပင် အပါအဝင်ပေါ့။ ကျုပ် သိချင်တာက အလဲအလှယ် အတွက် ဝယ်သူက ဘယ်သူလဲ ဆိုတာပဲ။ စိတ်မပူပါနဲ့။ ကျုပ် ခင်ဗျားနဲ့ အရင်ဆုံး အလဲအလှယ် လုပ်မှာပါ။” ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ကာ စားပွဲပေါ်၌ အမှောင်ဝိညာဉ်မြက် ၂၀၀ ပေါ်ထွက်လာခဲ့သည်။
“ဒါပေါ့။ ကျုပ် ဆာ့ကို ယုံကြည်ပါတယ်။” ဆစ်မန်းက ပြုံးလိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူက စာရေးအား ချက်ချင်းပင် ရေတွက်ခိုင်းလိုက်သည်။ “ဆာ။ စိတ်ချပါ။ အဲဒီလူက ဆေးရည်ပညာရှင် ဖေးဇ်ပါ။ ကြယ်အလင်းကောလိပ် အဂ္ဂိရတ်ဌာနက ဆရာသခင် မာစီးရက်စ် ရဲ့ တပည့် တစ်ယောက်ပေါ့။ သူက အတော်လေး တက်ကြွပြီးတော့ စကားပြောလို့ လွယ်တယ်။ အဲဒါကြောင့် စကားပြောဖို့က ပြဿနာ မဟုတ်ဘူး။ ဒီရက်ပိုင်း သူက အမှောင်ဝိညာဉ်မြက်တွေကို ဝယ်နေတာ။ အဲဒါကြောင့် အခု သူက မြို့ထဲမှာ ရှိလောက်တယ်။ ကြယ်အလင်းကောလိပ် အဂ္ဂိရတ်ဌာနမှာ အလင်းပြာမြက် အများကြီး သိုလှောင်ထားလောက်မယ်။ အခုပဲ ဖေးဇ်ကို သွားရှာဖို့ လူလွှတ်လိုက်ပါ့မယ်။”
သိပ်မကြာခင်တွင် ဖေးဇ်က အရေးကြီးပုဂ္ဂိုလ်အခန်းသို့ ရောက်ရှိလာသည်။ ထိုသူက အနက်ရောင် ဆံပင်အတိုနှင့် လူငယ်လေးတစ်ယောက် ဖြစ်၏။ သူက မောကောသောကော ဖြစ်နေပြီး အပြေးလာခဲ့သည်မှာ သိသာလှပေသည်။ သူတို့ တွေ့သည်နှင့် သူက မေးလိုက်သည်။ “ဆာ။ ခင်ဗျားမှာ တကယ်ပဲ အမှောင်ဝိညာဉ် မြက်တွေ အများကြီး ရှိတာလား။”
“ခင်ဗျားက ဆာ-ဖေးဇ်လား။ ကျုပ်နာမည်က စိုင်မွန်ပါ။ ခင်ဗျားက အမှောင်ဝိညာဉ်မြက် ဘယ်လောက်လိုလဲ မသိဘူး။”
“ခင်ဗျားမှာ ရှိသလောက် လိုချင်တယ်။”
“အပင် ၁၀၀၀ ဆိုရင်ကော။” ချန်လွေ့က အစမ်းသဘော မေးကြည့်လိုက်၏။
“တကယ်ပဲ အပင် ၁၀၀၀ ရှိတာလား။” အတည်ပြုချက် ရရှိပြီးနောက် ဖေးဇ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ ကျုပ် ခင်ဗျားကို စျေးအမြင့်ဆုံး ပေးမှာပါ။”
ချန်လွေ့က ခေါင်းခါသည်။ “စိတ်မကောင်းပါဘူး။ ကျုပ်က အလဲအလှယ်ပဲ လက်ခံတယ်။ ကျုပ်က အလင်းပြာမြက်နဲ့ အစေ့တွေ လိုတယ်။”
“အလင်းပြာမြက်လား။” ဖေးဇ်က ခဏ စဉ်းစားလိုက်သည်။ “ဟုတ်ပြီ။ အပင်၁၀၀နဲ့ အစေ့ ၁၀၀ကို တစ်ပင်နဲ့ လဲမယ်။ ဘယ်လိုလဲ။”
“ရတာပေါ့။ စျေးက သင့်ပါတယ်။” ချန်လွေ့က ဘေးဖက်မှ ဆစ်မန်းကို ကြည့်လိုက်သည်။ ဝတုတ် ဆိုင်ရှင်က ကိုးရိုးယားရား ပြုံးနေလိုက်ပြီး မကြားချင်ယောင် ဆောင်နေလိုက်၏။
“ဒါနဲ့ ခင်ဗျားမှာ မိစ္ဆာထောင်ခြောက် အရွက်ခြောက်တွေ ရှိလား။ ကျုပ် ဂရမ်၂၀လောက် လိုတယ်။”
မိစ္ဆာထောင်ခြောက်ပန်းလား။ ချန်လွေ့က လက်ဖက်ရည်ရနံ့များ သင့်နေသော ခြံဝန်းတစ်ခုကို တွေးမိလိုက်ပြီး ရင်ထဲ၌ ရုတ်တရက် နွေးထွေးသွားခဲ့သည်။ သူက ပြုံးကာ ပြောလိုက်၏။ “ဆေးရည်ဖြူ လုပ်ဖို့ ဆိုရင်တော့....လတ်လတ်ဆတ်ဆတ် မိစ္ဆာထောင်ခြောက်အရွက်က ပိုကောင်းတဲ့ ရလာဒ်တွေ ဖြစ်စေနိုင်တ်ယ်။”
ဖေးဇ်က ချန်လွေ့၏ လက်ထဲမှ နက်ပြာရောင် အရွက်ကို ကြည့်ပြီး မျက်လုံး ပြူးသွားခဲ့သည်။ “ဒါက...တကယ် မိစ္ဆာထောင်ခြောက်အရွက်ပဲ။ သိပ်ကောင်းတယ်။ ဆရာပေးထားတဲ့ တာဝန်ကို ပြီးမြောက်သွားပြီ။ ဆာ-စိုင်မွန်။ အလဲအလှယ် ပမာဏက တအားကြီးနေလို့ အဆင်ပြေမယ်ဆိုရင် ကျုပ်နဲ့အတူ ကောလိပ်ကို လိုက်ခဲ့ပေးပါ။”
ချန်လွေ့ ခဏတွေးပြီး သဘောတူလိုက်၏။
ကြယ်အလင်းကောလိပ်က ဗီးနပ်စ်မြို့ ဆင်ခြေဖုံးတွင် တည်ရှိသည်။ ၎င်းက လူသားလောက၌ အဆင့်မြင့် လေ့လာရန်အတွက် နာမည်အကျော်ကြားဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှည်လျားသော သမိုင်းကြောင်းတစ်ခု ရှိသည်။ ၎င်းက မရေမတွက်နိုင်သော လက်ရွေးစင် ပါရမီရှင်များကို ပျိုးထောင်ပေးခဲ့၏။ အဝေးမှ အင်ပါယာ တော်ဝင်မျိုးနွယ်များက သားသမီးများကို ကောလိပ်သို့ စေလွှတ်ပြီး သင်ကြားခိုင်းကြသည်။ ၎င်း၏ ကျော်ကြားမှုနှင့် သင်ကြားရေး အရည်အသွေးများက သိသာထင်ရှားလှပေသည်။
သူတို့နှစ်ယောက်က ရထားလုံး စီးသွားခဲ့ကြသည်။ ၄နာရီ ကြာပြီးနောက် ရထားလုံး ရပ်တန့်သွား၏။
“ဆာ-စိုင်မွန်။ သိပ်မကြာခင် ကောလိပ်ရဲ့ ကြယ်မျှော်စင်က ဖွင့်တော့မှာမလို့ ကောလိပ်ကို ဝင်ဖို့က တော်တော်လေး တင်းကြပ်နေတယ်။ စိတ်မရှိပါနဲ့။”
ကြယ်မျှော်စင်လား။ ချန်လွေ့ အမြန်စဉ်းစားလိုက်ပြီး ကျောက်စိမ်းသစ်တော ပင်လယ်၌ သူ့ဆီကို တော်ဝင်မင်းသမီး ရောက်လာခဲ့စဉ်က ပြောခဲ့သော ထိုအသုံးအနှုန်းကို ရုတ်တရက် တွေးမိလိုက်သည်။ ထိုနေရာက သူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အတွက်ပင် ထူးခြားကောင်းမွန်သော လေ့ကျင့်ရေး နေရာတစ်ခုဟု ပြောကြပေသည်။
ကြယ်မျှော်စင်နဲ့ အဲဒီတုန်းက “အသိအကျွမ်းတွေ”ကို ငါ ထပ်ပြီးတော့ မြင်ရဖို့ အခွင့်အရေး ရှိနိုင်မလား မသိဘူး။
“ဆာ-ဆိုင်မွန်....” စိတ်အားထက်သန်နေသော ဆေးရည်ပညာရှင်က သတိပေးလိုက်ရာ ချန်လွေ့၏ အတွေးစ ပြတ်သွားခဲ့သည်။
“အိုး...ဘာမှ မဟုတ်ပါဘူး။ ရထားလုံးပေါ်ကနေ ဆင်းကြတာပေါ့။”
နတ်ဆိုးသမက် စာစဉ် (၄၈) ပြီးပါပြီ.......