ရိုင်ဇန်၏ သန္နိဋ္ဌာန်
Vol. 48 Ch. 766
စီစဉ်ထားသည့်အတိုင်း အင်ပါယာသုံးခု၏ ငြိမ်းချမ်းရေး စကားဝိုင်းက နောက်ဆုံး၌ အရိပ်နက်အင်ပါယာတွင် ဖြစ်လာပြီ ဖြစ်သည့်အတွက် ထိုရက်က အတော်လေး စောင့်ဆိုင်းခဲ့ရသော နေ့တစ်ရက် ဖြစ်ခဲ့ပေသည်။
မှော်ဆရာခံတပ်ရှိ ယခင်တိုက်ပွဲတွင် ကြယ်ကြွေတမန်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့က တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေခဲ့သည်။ အရိပ်နက်အင်ပါယာ ရောက်လာမှာသာ အင်ပါယာသုံးခုအကြား၌ စစ်ဆိုင်းခြင်း ညှိနှိုင်းမှုတစ်ခု ဖြစ်လာခဲ့သည်။ သို့ရာတွင် စစ်ဆိုင်းညှိနှိုင်းမှုတွင် မမျှော်လင့်ထားသော သွေးမြေကျ အမှောင်အင်အားစုတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သွေးရောင်အင်ပါယာ၏ မင်းသားငယ် တဲရစ် သေဆုံးသွားခဲ့သည်။ အင်ပါယာသုံးခု၏ အတွင်းရေး ပြဿနာများကလည်း တချိန်တည်းမှာပင် ဖြစ်ပွားလာကြသည်။ အုပ်ချူပ်သူ(၃)ဦးက အတွင်းရေး ပြဿနာများကို ငြိမ်သက်စေရန်အတွက် ငြိမ်းချမ်းရေး စကားဝိုင်းကို ရပ်ဆိုင်းခဲ့ရသည်။ ယခု အင်ပါယာသုံးခုက ပြန်လည်တည်ငြိမ်လာပြီဖြစ်ရာ နောက်ဆုံး၌ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြန်စနိုင်လေပြီ။
ယခင်တစ်ခေါက် နင်ဘတ်စ်မြို့မှာကဲ့သို့ပင် “စားပွဲဝိုင်း” တစ်ခုကို ခင်းကျင်းထားခဲ့ပြီး အရိပ်နက်အင်ပါယာ နန်းတော်ထဲရှိ အစည်းအဝေးခန်းမထဲ၌ အုပ်ချုပ်သူ(၃)ဦးကို ဦးတည်ထားလေသည်။
ပြောရမည်ဆိုလျှင် ယခင်တစ်ခေါက် နင်ဘတ်စ်မြို့၌ သုံးဖက်လုံးက အခြေအနေ အတော်များများကို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည့်အတွက် ယခုတစ်ခေါက်က ပိုမို၍ အဆင်ပြေချောမွေ့နိုင်သင့်သည်။ သို့ရာတွင် အရေးအကြီးဆုံး ကိစ္စတစ်ခုအပေါ်၌ မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်လာခြင်းပင်။
အရေးကြီးသောကိစ္စက စစ်ဆိုင်းစာချုပ်လား၊ ငြိမ်းချမ်းရေး သဘောတူ စာချုပ်လား ဆိုသည်ပင် ဖြစ်သည်။
ထိုကဲ့သို့ ညှိနှိုင်းမှုအတွင်း ထိုနှစ်ခု၏ အဓိပ္ပာယ်က အတော်လေး ကွဲပြားပေသည်။ စစ်ဆိုင်းစာချုပ်က နလန်ပြန်ထူကာ အင်အားအသစ်များ ပြန်လည်ရရှိခြင်း အချိန်ပြီးနောက် စစ်ပြန်ဖြစ်နိုင်ချေ များပေသည်။ ငြိမ်းချမ်းရေး သဘောတူစာချုပ်က လွန်ခဲ့သော နှစ်၃၀၀က အင်ပါယာသုံးခုက မည်သည့် စစ်ပွဲမှ မဖြစ်အောင် တားဆီးရန်အတွက် လက်မှတ်ထိုးထားခဲ့သော သဘောတူစာချူပ် ကဲ့သို့ပင် အစစ်အမှန် ရပ်တန့်ခြင်း ဖြစ်သည်။
ထိုသဘောမတူညီမှု၏ အဓိကသော့ချက်က ရိုင်ဇန်အပေါ်တွင်သာ ဖြစ်ပြီး သူက စစ်ဆိုင်းစာချုပ်ကိုသာ သဘောတူကာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးချင်ပေ။
ကတ်သရင်းက သက်ပြင်းချလိုက်သည်။ “အရှင်ရိုင်ဇန်။ ဒီအထိတောင် ရှင့်ရဲ့ ပန်းတိုင်က စစ်တိုက်ဖို့ပဲလား။”
“ငါက စစ်ဖြစ်ချင်တာ မဟုတ်ဘူး။ မင်းတို့အားလုံးက စစ်ဖြစ်ချင်နေတာ။” ရိုင်ဇန်က ခေါင်းခါသည်။ “ကြယ်ကြွေတမန်အင်ပါယာရဲ့ တိုးတက်မှုက အသိအသာပဲ။ သူ့နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အရိပ်နက်အင်ပါယာလည်း အတူတူပဲ။ ဒီအဟုန်အတိုင်းသာဆိုရင် နောက်နှစ်အနည်းငယ်လေး အတွင်းမှာ သွေးရောင်အင်ပါယာက အားအနည်းဆုံး ဖြစ်လာမှာပဲ။ စစ်ဖြစ်လာမယ်ဆိုရင် သွေးရောင်အင်ပါယာက အရင်ဆုံး ပျက်စီးသွားမှာ။”
“ကြယ်ကြွေတမန်အင်ပါယာရဲ့ တိုးတက်မှုကို အရှင်ရိုင်ဇန် အတည်ပြုပေးတာ ဂုဏ်ယူမိပါတယ်။” ရှီရာက ပြောသည်။ “ဒါပေမဲ့ အရှင်မင်းကြီး စိုးရိမ်လွန်း နေတာပါ။ အနာဂတ်မှာ နတ်ဆိုးဘုံက စစ်ပွဲတွေ မရှိဘဲ အေးအေးချမ်းချမ်း၊ စည်ပင်ဝပြောစွာနဲ့ နေနိုင်မယ့် နေရာတစ်ခု ဖြစ်လာမှာပါ။”
“နတ်ဆိုးဘုံ သမိုင်းကြောင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိခဲ့ဘူး။ အင်ပါယာတွေ ရှိနေသရွေ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို ရှောင်ရှားလို့ မရနိုင်ဘူး။ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ရည်မှန်းချက်နဲ့ အင်ပါယာအတွက် အကျိုးအမြတ်တွေ ရှိအောင် လုပ်ရတာက အခြေခံအကျဆုံး အရည်အသွေး နှစ်ခုပဲ။ တကယ်တော့ ငါတို့အားလုံး ဒါကို ကောင်းကောင်း သိကြပါတယ်။ ရည်မှန်းချက်က အထိန်းအချုပ်ကို ကျော်လွန်သွားရင် ဒါမှမဟုတ် စစ်တိုက်ဖို့ အတွက် အကျိုးအမြတ်က လုံလောက်နေရင် ငြိမ်းချမ်းရေး သဘောတူစာချုပ်က ဘာမှမဟုတ်တဲ့ စာချုပ်တစ်ခု ဖြစ်သွားမှာပဲ။ အဲဒီလိုဆိုရင် အခု မင်းတို့ ပြောနေတဲ့ ငြိမ်းချမ်းရေးက အနာဂတ်စစ်ပွဲအတွက် ပြင်ဆင်နေတာပဲ။”
“အရှင်မင်းကြီး ရိုင်ဇန်...” ရှီရာက မျက်မှောင်ကြုတ်လိုက်၏။ “ရှင်က တစ်ခုခု အထင်လွဲနေတာ ထင်တယ်။”
“ငါက အထင်လွဲနေတာ မဟုတ်ဘူး။ အခု မင်းပြောတာကို ငါ မယုံနိုင်ရုံပဲ။ သေချာစဉ်းစားကြည့်။ အက်မန်းနဲ့ အလီရက်စ် သေသွားပြီ။ တဲရစ်လည်း သေသွားပြီ။” ထိုနာမည်များကို ပြောနေသည့်အခါ ရိုင်ဇန်၏လေသံ တိုးသွား၏။ “ငါ့မှာ သားတစ်ယောက် ရှိနေသေးပေမဲ့...သွေးရောင်အင်ပါယာမှာ ဆက်ခံသူ မရှိဘူး။”
“မင်းတို့ရဲ့ တိုးတက်မှုအရှိန်နဲ့ တည်ရှိမှုက ငါ့ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေတယ်။ ငါ အနားယူတာပဲဖြစ်ဖြစ်၊ ကျရှုံးသွားတာပဲဖြစ်ဖြစ်၊ သွေးရောင် အင်ပါယာက မင်းတို့အင်ပါယာနှစ်ခုနဲ့ယှဉ်နိုင်ဖို့ စွမ်းရည် ဆုံးရှုံး သွားမှာပဲ။ အဲဒါကြောင့် အခုပဲဖြစ်ဖြစ် ငါ တိုက်ခိုက်ချင်တာ။”
ရိုင်ဇန် ထိုသို့ ပြောလိုက်သည့်အခါ ကတ်သရင်းနှင့် ရှီရာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ခဏတာ တိတ်ဆိတ်သွား၏။
ရှီရာဘေးမှ ချန်လွေ့၏ အသံ ထွက်ပေါ်လာသည်။ “အရှင်(၃)ပါး။ နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ကျုပ်မှာ စကားနည်းနည်း ပြောဖို့ရှိတယ်။ ပြောလို့ရမလား မသိဘူး။”
ရှီရာနှင့် ကတ်သရင်းတို့က ကန့်ကွက်စရာ မရှိပေ။ ရိုင်ဇန်က ချန်လွေ့ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
မှတ်တမ်းတင်ရန် တာဝန်ယူထားကြသော အတွင်းရေးမှူးများက အံ့အားသင့်သော အမူအရာများ ပြသလိုက်ကြသည်။ အက်ဂ်ယောက ကြယ်ကြွေတမန်အင်ပါယာ ဧကရီရဲ့ ကြင်ရာလောင်း တစ်ယောက်လေးပဲ။ သူက ဒီလို ဆွေးနွေးညှိနှိုင်းမှုမျိုးမှာ ပြောခွင့်မရှိဘူး။ ဒါပေမဲ့ မယုံနိုင်စရာ ကောင်းတာက သူ့ကို အုပ်ချုပ်သူ(၃)ဦးက လက်ခံခဲ့တာပဲ။
နင်ဘတ်စ်တိုက်ပွဲ၌ ဖြစ်ခဲ့သည့်အရာများကို အတွင်းရေးမှူးများက မသိကြပေ။ “ကြင်ရာတော်မင်းသား”ကြောင့်သာ မဟုတ်လျှင် အုပ်ချုပ်သူ(၃)ဦးက ကျရှုံးပြီး နတ်ဆိုးဘုံလည်း ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။
“အင်ပါယာသုံးခုကို စစ်မှန်တဲ့ အင်ပါယာမဟာမိတ်အဖြစ် ပေါင်းစပ်ဖို့ စဉ်းစားကြည့်ပါလား။” ချန်လွေ့က သူ အစပျိုးနေခဲ့သော အယူအဆတစ်ခုကို နောက်ဆုံး၌ ထုတ်ပြလိုက်၏။
အုပ်ချုပ်သူ(၃)ဦးက တချိန်တည်းမှာပင် အံ့အားသင့်သော အမူအရာများ ပြသလိုက်ကြသည်။ အင်ပါယာသုံးခုကို ပေါင်းစပ်ဖို့လား။
ရှီရာ၏ ပထမဆုံး တုံ့ပြန်မှုက အံ့အားသင့်ခြင်း ဖြစ်သည်။ ယနေ့မနက်တွင် ချန်လွေ့က အရိပ်နက်အင်ပါယာသို့ အမြန်ပြေးလာခဲ့ရသည်။ အချိန် အကန့်အသတ်ကြောင့် သူက ထိုအကြံအစည်ကို ရှီရာနှင့်အတူ မပြောခဲ့ရပေ။
ကတ်သရင်းလည်း အံ့သြသွားခဲ့သည်။ သို့သော် မျက်နှာလွှားနောက်မှာ သူ၏အကြည့်က ပုံမှန်သာ ဖြစ်သည်။
ရိုင်ဇန်က ပို၍ တဲ့တိုးဆန်ပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒီပြက်လုံးက လုံးဝ မရယ်ရဘူး။ မင်းရဲ့ ရည်ရွယ်ချက်က ငါတို့ကို အရူးလုပ်ဖို့ မဟုတ်ဘူးဆိုရင်တော့ ဒီကမ်းလှမ်းချက်ကို နှစ်ခုပဲ ပြောစရာရှိတယ်။ နုံအ ပြီးတော့ မိုက်မဲတယ်။”
“ရှုပ်ထွေးတဲ့ ကိစ္စတိုင်းမှာ သန့်စင်ပြိးတော့ တစ်ခုတည်းဖြစ်တဲ့ ဇစ်မြစ်တစ်ခု ရှိတယ်။ မိုက်မဲတာကတော့... အဲဒါကြောင့်ပဲ ကျုပ်က အကြောက်တရား ကင်းမဲ့တာ။ အဲဒါကြောင့်ပဲ ကျုပ်က ပုံသေကားကျတွေကို ချိုးဖောက်နိုင်တာ။” ချန်လွေ့၏ အမူအရာက မပြောင်းလဲဘဲ ရှိနေခဲ့သည်။ “အင်ပါယာ တစ်ခုထက် ပိုရှိမယ်ဆိုရင် စစ်ပွဲဆိုတာ ရှောင်လွှဲလို့ မရဘူးလို့ အရှင်မင်းကြီး ပြောခဲ့တယ်။ ဒီအရေအတွက်ကို တစ်ခုလို့ အမြင်ပြောင်းလိုက်မယ် ဆိုရင်ကော။ ဒါက အသစ်အဆန်း စနစ်တစ်ခု ဖြစ်လာပြီးတော့ တစ်ခေ တ် ဆန်းသစ်စေနိုင်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်။ မဟာမိတ်ထဲမှာပါတဲ့ အင်ပါယာ တစ်ခုစီမှာ ဥပဒေတွေ၊ အုပ်ချုပ်ရေးအာဏာ၊ စစ်ရေး၊ ဘဏ္ဍာရေး စတာတွေ ရှိနေဦးမှာပဲ။ အချုပ်အချာအာဏာပိုင် အင်ပါယာတစ်ခု ဖြစ်နေဦးမှာပဲ။ အင်ပါယာ တစ်ခုစီက နည်းပညာ၊ စီးပွားရေး၊ အရင်းအမြစ်တွေနဲ့ တခြားအစိတ်အပိုင်းမှာ မျှဝေမှုတွေ၊ ပူးပေါင်းမှုတွေ လုပ်ဆောင်ရမယ်။ ကျုပ်တို့တွေက အကျိုးအမြတ်တွေ အပြင်ကို ဂုဏ်သိက္ခာတွေ၊ မျက်နှာပျက်စရာတွေကို မျှဝေရမယ်။ မဟာမိတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အတည်ပြုဖို့အတွက် ညီလာခံအစည်းဝေးမှာ တင်ပြရမယ်။”
“ဒါက ကနဦး အကြံအစည် တစ်ခုပဲ။ အသုံးချဖို့အတွက်တော့ အခက်အခဲတွေ၊ မတူညီမှုတွေ အများကြီး ကြုံတွေ့လာရနိုင်တယ်။ ဒါပေမဲ့ ဒီပန်းတိုင်အတွက် သေသေချာချာ နားလည်ပြီးတော့ တိုးတက်အောင်လုပ်ပြီး ရှေ့တက်သွားနိုင်မယ်ဆိုရင်တော့ မဟာမိတ်က အင်အား၊ စီးပွားရေးနဲ့ လွတ်လပ်မှုမှာ စည်းလုံးမှု တဖြည်းဖြည်း ရလာလိမ့်မယ်လို့ ယုံကြည်တယ်။ ကျုပ်တို့လူတွေက အမုန်းတရားကို စွန့်ပယ်၊ စစ်ပွဲကနေ ဝေးဝေးနေပြီးတော့ တကယ့် ငြိမ်းချမ်းရေးကို လမ်းဖွင့်ပေးနိုင်လိမ့်မယ်....”
အုပ်ချုပ်သူ(၃)ဦး၏ အမူအရာများက နောက်ဆုံး၌ ပြောင်းလဲသွားခဲ့သည်။ ချန်လွေ့က နောက်ပိုင်းတွင် အဓိကကိစ္စများကို အသေးစိတ် ရှင်းပြနေသော်လည်း ထို “အင်ပါယာမဟာမိတ်”ဟူသော စနစ်က တခါမှ မကြားဖူးသောအရာ ဖြစ်သည်။ ကတ်သရင်းသည်ပင် သံသယများ ပြသပြီး ဘာမှမပြောဘဲ မျက်မှောင်ကြုတ် နေခဲ့သည်။
“ဟမ့်!!” ရိုင်ဇန်က သရော်ပြုံး ပြုံးလိုက်သည်။ “ဘယ်ဇီဘတ် တော်ဝင်မိသားစုက မဟာမိတ်ဆိုတာမျိုးကို လက်ခံနိုင်မယ်ဆိုတာ သေချာလား။ ဒီလိုမဟာမိတ်မျိုးကိုသာ တကယ်တည်ဆောက်မယ်ဆိုရင် နတ်ဘုရားဝါးမျို အင်ပါယာက ဘယ်တော့မှ မဖြစ်လာနိုင်တော့ဘူး။”
“ဘယ်ဇီဘတ်တော်ဝင်မိသားစုက တကယ်တော့ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။” ချန်လွေ့က ခေါင်းခါသည်။ “ကိုယ်က ဘယ်ဇီဘတ်တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်သာဆိုရင် အမုန်းတရားနဲ့ စစ်ပွဲကို စွန့်ပစ်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဂုဏ်ကျက်သရေ ပြန်ရရှိပြီးတော့ အမှန်အတိုင်း အသက်ရှင်နိုင်မယ် ဆိုရင်တော့ ဒီကမ်းလှမ်းချက်ကို ပြက်လုံးတစ်ခုအနေနဲ့ သဘောမထားဘဲနဲ့ လေးလေးနက်နက် စဉ်းစားမိမှာပဲ။”
ရိုင်ဇန်က ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး မေးလိုက်သည်။ “ငါ့ခန္ဓာကိုယ်က အလင်းအမှောင် ကျိန်စာကို မင်း ဖယ်ရှားနိုင်တာ သေချာလား။”
“အလင်းနဲ့ အမှောင်ဒြပ်စင်ကို သီးခြား ပယ်ဖျက်နိုင်တယ်ဆိုရင်တော့ ကျုပ် ၁၀၀% သေချာတယ်။” ချန်လွေ့က ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ နှင်းဒဲလက်ပန်းက အလင်းဒြပ်စင်ကျိန်စာအတွက် အသုံးပြုနိုင်ပြီး အမှောင်ဒြပ်စင် ကျိန်စာအတွက်မူ....အမှောင်ဒြပ်စင်ဘုရင်၏ အကူအညီဖြင့်ဆိုလျှင် အလွယ်လေး ဖြစ်ပေသည်။ ထိုစဉ်က တဲရစ်၏ စကားများကို နားထောင်ပြီးနောက် ရိုင်ဇန် အပေါ်မှ အမှောင်ဒြပ်စင်ကျိန်စာက မီးဖိုနက်၌ အမှောင်ဒြပ်စင်ဘုရင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
“ကောင်းပြီလေ။” ရိုင်ဇန်က ရုတ်တရက် နောက်ထပ် မသက်ဆိုင်သည့် စကားတစ်ခွန်း မေးလိုက်သည်။ “မင်းရဲ့ ဥပဒေသ အဆောင်ပစ္စည်းကို ဖွင့်ဖို့အတွက် ဘယ်လောက်ကြာဦးမှာပဲ။”
ထိုအကြည့်ကြောင့် ချန်လွေ့က မျက်မှောင်ကြုတ်လိုက်မိပြီး နောက်ဆုံး၌ တစ်ခုခုကို တွေးမိသွားခဲ့သည်။ “ကျုပ် သဘောမပေါက်ဘူး။ ဒီကိစ္စက ဒီနေ့ ဆွေးနွေးမှုနဲ့ ဘာဆိုင်လို့လဲ။”
“မင်း...နားလည်လာမှာပါ။” ရိုင်ဇန်က ချန်လွေ့အား လောက၌ တစ်ဦးသော ရှိနေသူ တစ်ယောက်ကဲ့သို့ပင် တည့်တည့် ကြည့်နေလိုက်သည်။ “မင်းက ငါ အမြဲတမ်း လိုက်မှီနေခဲ့တဲ့သူကို အနိုင်ယူခဲ့တယ်ဆိုတော့ ငါ့ရဲ့ပြိုင်ဘက်နေရာကို မင်းက အစားဝင်သွားပြီ။ အခု ငါ အဖြေ လိုတယ်။”
ချန်လွေ့က ကတ်သရင်းကို ကြည့်လိုက်၏။ “၂နှစ်....”
အထူး အကြောင်းရင်း တချို့ကြောင့် အစစ်အမှန်မီးတောက် အချုပ်အနှောင်၏ ၂နှစ်အချိန်က အတော်လေး တိုတောင်းသွားခဲ့သည်။ ထို့အပြင် ယခုတစ်ခေါက် တဲရစ်ကို အနိုင်ရရှိပြီးနောက် အိပ်ပျော်နေခဲ့စဉ်အတွင် သူက ပျက်စီးခြင်း ဥပဒေသ၏ စွမ်းအား အငွေ့အသက်ကို သဘောပေါက်သွားပုံရသည်။ ချန်လွေ့က အစစ်အမှန်မီးတောက် အချုပ်အနှောင်၏ စွမ်းအားကို ၁နှစ်အတွင်း လုံးဝ စုပ်ယူနိုင်သော်လည်း သူက စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု၊ အရေးပါသော ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည့်အတွက် အမှန်အတိုင်း မပြောခဲ့ပေ။
“ဒါဆို....” ရိုင်ဇန်က ခေါင်းညိတ်လိုက်သည်။ “ဒီတစ်ခေါက် စစ်ရပ်ဆိုင်းမယ့် ကာလက ၂နှစ် ဖြစ်မယ်။ သွေးရောင်အင်ပါယာက ၁၀နှစ်တစ်ခါ အဆင့် သတ်မှတ်တဲ့ သိုင်းပြိုင်ပွဲ ကျင်းပတယ်။ နောက်၂နှစ်နေရင် ငါက သိုင်းပြိုင်ပွဲကို ကျင်းပမယ်။ ဒါပေမဲ့ ဒီတစ်ခေါက်က နတ်ဆိုးဘုံ တစ်ခုလုံး အတွက်ပဲ။ အဲဒီပွဲမှာ မင်းငါ့ကို အနိုင်ရရင် ဒါမှမဟုတ် ပထမရမယ်ဆိုရင် မင်းပြောတဲ့ ငြိမ်းချမ်းရေးနဲ့ မဟာမိတ်ဆိုတာကို ငါ အလေးအနက် စဉ်းစားပေးမယ်။ ငါက ပြောတဲ့အတိုင်း လုပ်တယ်။”
ချန်လွေ့က ပြန်မဖြေဘဲ ကတ်သရင်းနှင့် ရှီရာတို့ကို ကြည့်လိုက်သည်။
“ရိုင်ဇန်။ အဲဒီလူ ပြောခဲ့တဲ့အတိုင်းပဲ၊ ရှင်က အုပ်ချုပ်သူတစ်ယောက်ထက် စစ်သည်တစ်ယောက်ပုံစံက ပိုပြီးတော့ သင့်တော်တယ်။” ကတ်သရင်းက သက်ပြင်းချလိုက်သည်။ “အင်ပါယာတစ်ခုရဲ့ ကံကြမ္မာကို ဒီလိုနည်းလမ်းနဲ့ ဆုံးဖြတ်တာက ပေါ့ပေါ့တန်တန် မဖြစ်ဘူးလား။”
“နတ်ဆိုးဘုံ အခြေအနေကို အကဲဖြတ်ရင်းနဲ့ ငါ အားပြန်ဖြည့်ဖို့ ၂နှစ်လောက် လိုတယ်လို့ သတ်မှတ်လို့ရတယ်။ ရိုင်ဇန် နည်းလမ်းအတိုင်း ပြဿနာတွေ ဖြေရှင်းချင်နေတာလို့လည်း သဘောထားလို့ရတယ်။ ကတ်သရင်း။ မင်း ငါ့ကို ဖျောင်းဖျချင်ရင် ဒီနည်းအတိုင်း သုံးလို့ရတယ်။ ဒါက တကယ်တော့ နတ်ဆိုးဘုံရဲ့ တကယ့်လမ်းစဉ်ပဲ။ အင်အားပိုကြီးတဲ့သူက အလေးစားခံရတယ်။ လက်သီးက ပိုကြီးနေသရွေ့၊ ကိုယ်က အကြောင်းပြချက်ပဲ။ အက်ဂ်ယော။ မင်း ဘယ်လိုထင်လဲ။”
ချန်လွေ့က မျက်လုံးထဲ၌ တုံ့ဆိုင်းမနေတော့ဘဲ ပြင်းထန်သော ယုံကြည်ချက်ဖြင့် စိတ်ပိုင်းဖြတ်လိုက်၏။ “အရှင်မင်းကြီး ရိုင်ဇန်။ ပထမဆုံးအနေနဲ့ ကျုပ် ခင်ဗျား ပြောတာကို သဘောတူတယ်။ ဒီနေ့ဆုံးဖြတ်ချက်ကို အဲဒီအချိန် နောင်တမရဖို့ မျှော်လင့်ပါတယ်။”
“သိပ်ကောင်းတယ်။” ရိုင်ဇန်က ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “ဒါပေမဲ့ စစ်ရပ်ဆိုင်းစာချုပ် ဆိုရင်တောင် အရင်သတ်မှတ်ချက်တွေက လုံးဝ မရှိမဖြစ်ပဲ။ ဒီ၂နှဏ်အတွင်း ကြယ်ကြွေတမန်အင်ပါယာမှာ ပေါ်ထွက်လာမယ့် ပစ္စည်းအသစ်တွေ၊ နည်းပညာအသစ်တွေကို သွေးရောင်အင်ပါယာနဲ့ မျှဝေရမယ်။”
ရှီရာက ချန်လွေ့၏ မျက်လုံးထဲကို ကြည့်လိုက်ပြီး ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ “အရှင်မ ကတ်သရင်းက ကန့်ကွက်စရာ မရှိဘူးဆိုရင် အခုပဲ စစ်ရပ်ဆိုင်းစာချုပ် သတ်မှတ်ချက်တွေကို ဆွေးနွေးလို့ ရပါပြီ။”
ကတ်သရင်းက ရှီရာနှင့် ရိုင်ဇန်တို့ကို ဖျတ်ခနဲကြည့်ပြီးနောက် ချန်လွေ့ထံ အကြည့်ရောက်သွားခဲ့သည်။ သူ၏ တိတ်ဆိတ်နေသော မျက်လုံးများက အနည်းငယ် လက်ခနဲ ဖြစ်သွားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
သဘောတူညီမှု ရရှိပြီးနောက် နောက်ပိုင်း ဆွေးနွေးမှုများက အတော်လေး ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။
၂နှစ်အတွင်း အင်ပါယာသုံးခုက စစ်ပွဲအားလုံးကို ရပ်ဆိုင်းထားမည် ဖြစ်သည်။
ကြယ်ကြွေတမန်အင်ပါယာက မှော်ရုပ်မြင်သံကြား၊ တိုက်ပွဲဘောလုံး နှင့် ရနံ့မွှေးပြောင်းဆန်သေရည်တို့ကို အခြားအင်ပါယာနှစ်ခုနှင့် ဝေမျှရပေမည်။
၂နှစ်အတွင်း ကြယ်ကြွေတမန်အင်ပါယာ၌ ပေါ်ထွက်လာခဲ့သော နည်းပညာအသစ် အကုန်လုံးကို အခြားအင်ပါယာနှစ်ခုနှင့် ဝေမျှရမည်။
နောက်တစ်နှစ် အစပိုင်းတွင် ကြယ်ကြွေတမန်မြို့တော်၌ ကျင်းပမည့် ဆေးရည်ပညာရှင် ပြိုင်ပွဲကို အဂ္ဂိရတ်ပညာရှင် ပြိုင်ပွဲအဖြစ် ပြောင်းလဲပြီး အင်ပါယာသုံးခုက ပူးပေါင်းစီစဉ်ကြမည် ဖြစ်သည်။ ထိုထဲတွင် ဆေးရည်ပညာရှင် ပြိုင်ပွဲနှင့် ယန္တရားပညာရှင် ပြိုင်ပွဲတို့လည်း ပါဝင်မည်ဖြစ်ပြီး အုပ်စုနှစ်ခု ခွဲထားကာ အဂ္ဂိရတ်ပညာနှင့် အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲဟူ၍ ဖြစ်သည်။ အဆင့် သတ်မှတ်ချက်ကို သီးခြား တွက်ချက်မည်ြဖစ်၏။
နှစ်တစ်နှစ်၏ ဒုတိယတဝက်တွင် အင်ပါယာသုံးခုက စိတ်လှုပ်ရှားစရာ တိုက်ပွဲဘောလုံးလိဂ်တစ်ခုကို ကျင်းပမည် ဖြစ်သည်။ အင်ပါယာ တစ်ခုစီက အိမ်ကွင်းနှင့် အဝေးကွင်းအဖြစ် သုံးသင်းစီ ယှဉ်ပြိုင်ကြရမည်။ ရာသီအဆုံး၌ အမှတ်အများဆုံး ရရှိသူက အနိုင်ရရှိပေမည်။ ပြိုင်ပွဲများအားလုံးကို မှော်ရုပ်မြင်သံကြားပေါ်၌ တိုက်ရိုက် ထုတ်လွှင့်ပေလိမ့်မည်။