← Chapters

လက်ထပ်ခွင့်တောင်းခြင်းအစ

Vol. 48 Ch. 768

လက်ထပ်ခွင့်တောင်းခြင်းအစ

Vol. 48 Ch. 768

လောကကူးပြောင်းလာသည်မှ ယခုအချိန်အထိ ချန်လွေ့က လူအများအပြား၊ ကိစ္စအများအပြားကို ကြုံတွေ့ခဲ့ရသည်။ သူတို့က အမြဲပင် သူနှင့်အတူ တလျှောက်လုံး ရှိနေခဲ့၏။ မိုးရွာရွာ၊ နေပူပူ၊ သေသေ၊ ရှင်ရှင် အကြောက်တရား မရှိခဲ့ကြပေ။

သူတို့ကို တကယ့်မိသားစုပေးဖို့ အချိန်ရောက်ပြီ။

(အိုတာခု၏ဝိညာဉ် အော်ဟစ်နေလေပြီ။ ဟား...ငါ့ရဲ့ ခမ်းနားတဲ့ မောင်းမဆောင် ! )

ချန်လွေ့က အမှောင်လ နန်းတော်သို့ ပထမဆုံး ရောက်လာပြီး အသီနာကို ရှာတွေ့သွားသည်။

အသီနာက အမှားတစ်ခုကြောင့် သူ၏ ပထမဆုံးမိန်းမ မဟုတ်ခဲ့သော်လည်း သူ အမှန်တကယ် ချစ်မြတ်နိုးခဲ့သော ပထမဆုံး အမျိုးသမီး ဖြစ်သည်။ ယခုအထိ သူက အသီနာ့ကို အချစ်ဆုံး ဖြစ်နေဆဲပင်။

“ဒါပေမဲ့ ငါနင့်ကို ချစ်နေတုန်းပဲ။ ကြိုက်တာ မဟုတ်ဘူး။ ချစ်တာ။” မဟာနတ်ဆိုးအသွင်ဖြင့် အသက်ကို လောင်ကျွမ်းစေကာ နတ်ဆိုး အရှင်သခင် အဆင့်ကို ရင်ဆိုင်ခဲ့သော အမျိုးသမီးက သူ၏ ဝိညာဉ်ထဲ၌ စွဲထင်ကျန်နေပြီး မည်သို့မှ ဖျက်ပစ်၍ ရနိုင်မည် မဟုတ်ပေ။

“အသီနာ။ ပင်လယ်သေကို ကိုယ်မသွားခင်တုန်းက သစ္စာဆိုဖို့အတွက် အချင်းချင်းရဲ့ သွေးတွေကို ရောနှောခဲ့တာ မှတ်မိလား။ ကိုယ်တို့က အသက်ဆုံးတဲ့အထိ အတူတူ နေသွားကြမယ်။ ကိုယ့်ရဲ့နှလုံးသားထဲမှာတော့ မင်းက အစားထိုးလို့မရတဲ့ အစစ်အမှန် ဇနီးတစ်ယောက်ပါ။ ကိုယ်တို့တွေ ခမ်းခမ်းနားနား မင်္ဂလာဆောင်ကြမယ်လို့ ကိုယ် အရင်က ပြောခဲ့တယ်။ ဒီတော့ ကိုယ့်ရဲ့ တရားဝင် လက်ထပ်ခွင့်တောင်းတာကို လက်ခံပေးပါ။ ဟုတ်ပြီလား။”

ချန်လွေ့က လက်စွပ်တစ်ကွင်း ထုတ်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်ကို ကြည့်နေရင်း အသီနာ၏ လှပသော အနီရောင်မျက်လုံးများက ပျော်ရွှင်မှုများဖြင့် လက်ခနဲ ဖြစ်သွား၏။ သို့သော်လည်း သူက နှုတ်ခမ်းကိုကိုက်ကာ ခေါင်းခါလိုက်သည်။ “ဟင့်အင်း...”

“ဒါဆို ဒီလက်စွပ်ကို...” ချန်လွေ့ ရုတ်တရက် တုံ့ပြန်လိုက်၏။ “ဘာပြောလိုက်တယ်....”

အသီနာက လက်မခံဘူးတဲ့လား။ ငါ နားကြားမှားတာလား။ ဒါက စိတ်ကူး ကြည့်လို့မရတဲ့ ကျရှုံးမှုကြီးပဲ။

“ငါ့မှာ လုပ်စရာ တစ်ခု ရှိတယ်။ သွားလိုက်ဦးမယ်။” အသီနာက အလောတကြီး လှည့်ထွက်သွားလိုက်ပြီးနောက် ကြောင်အမ်းအမ်းဖြစ်နေသော ဇာတ်လိုက်မင်းသားအား နေရာတွင် ထားရစ်ခဲ့သည်။

“စိတ်ထင်တာများလား။”

ဇာတ်လိုက်မင်းသားက ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ သူက ဘေးဖက်ခန်းမမှ ခီရာ လမ်းလျှောက်ထွက်သွားသည်ကို မြင်လိုက်ရသည်။ ခီရာ၏ အလှအပနှင့် စိတ်နေသဘောထားက ကဝေမမိသားစု၌ပင် ထိပ်တန်း ဖြစ်သည်။ သူ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က ညှို့ငင်သော အငွေ့အသက် ရှိနေပြီး အလှတရားနှင့် ကလူကျီစယ်မှုတို့၏ ပြီးပြည့်စုံသော အရောအနှောဟု ခေါ်နိုင်ပေသည်။ သူက ဘာမှ လွန်လွန်ကဲကဲ လုပ်စရာမလိုဘဲ တစ်ချက် ကြည့်လိုက်ရုံဖြင့် အမျိုးသားများ၏ ဟော်မုန်းများကို လှိမ့်တက်လာစေနိုင်၏။

ချန်လွေ့ဘုံသို့ ချန်လွေ့ ပထမဆုံး လောကကူးပြောင်းလာခဲ့စဉ်က ခီရာသည် ကြောက်မက်ဖွယ်ရာ စုန်းမတစ်ယောက်သဖွယ် ဖြစ်နေသေးသည်။ သူက ခဏခဏ တမင်တကာ ဆွဲဆောင်ခံရပြီး ကြောက်လန့်သွားခဲ့ရသည်။ နောက်ပိုင်း၌ သူက ဆရာသခင် အာသာအနေဖြင့် ခီရာနှင့် ထိတွေ့ခဲ့ရပြီးနောက် နာကျင်မှုအားလုံးကို အပြုံးအဖြစ်ပြောင်းလဲပြီး မျက်ရည်ကျရင်း ရယ်နေသော ကံဆိုးသူ အမျိုးသမီးကို သိကျွမ်းခဲ့ရသည်။ သူ့၏ ဝိညာဉ်နှင့် လွတ်လပ်မှုကို ချုပ်နှောင်နေခဲ့သော လေးလံသည့် အချုပ်အနှောင်ကို ဖယ်ရှားပြီးနောက် တခါတခါ ဆိုးတတ်သော်လည်း သူ့အတွက်သာ သီးသန့်ဖြစ်သော ဆွဲဆောင်မှုရှိကာ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ကို ရရှိခဲ့လေသည်။

အမှန်တကယ်၌ ကဝေမ၏ သဘာဝ ညှို့ငင်ပါရမီအပြင် ခီရာက စကားပြော မကောင်းပေ။ အိပ်ယာထက်၌ ရဲတင်းမှုနှင့် စိတ်နှစ်ထားမှုတို့က သူ၏ ခံစားချက်များကို ဖော်ပြသော နည်းလမ်းများ ဖြစ်သည်။ ထိုအရာက မောင်းမဆောင်၏ အကြီးမားဆုံး ကောင်းကျိုးတစ်ခုဖြစ်သော “အားလုံး အတူတူလာ” ဖြစ်ပေသည်။

“ခီရာ...”

ဆွဲဆောင်မှုရှိသော ကောင်မလေးက ချန်လွေ့ကုိ မြင်သွားသည်နှင့် ပျော်ရွှင်စွာဖြင့် မျက်နှာ ရှက်သွေးဖြာသွားခဲ့သည်။ သူက မျက်လုံးလှန်လိုက်ပြီး ရှေ့တက်လာကာ အရိုအသေ ပြုလိုက်၏။ “ကြင်ရာတော်မင်းသား။ ကျွန်မ ဘာများ ကူညီပေးရမလဲ မသိဘူး။”

ထိုစကားကို ကြားသည့်အခါ ချန်လွေ့က စိတ်မထိန်းနိုင် ဖြစ်သွားခဲ့သည်။ တခြားတစ်ခုခု ပြောင်းပြောလို့ မရဘူးလား။

ဒါပေမဲ့ အခုက ဆွဲရိုက်ဖို့ အချိန် မဟုတ်ဘူး။ စိတ်ရင်းနဲ့ ဖွင့်ပြောတာပေါ့။

“ခီရာ...ကိုယ်မင်းကို အခု လေးလေးနက်နက် မေးမယ်။ ကိုယ့်ကို လက်ထပ်ပြီးတော့ ကိုယ့်ရဲ့ ဇနီးအဖြစ်နဲ့ တသက်လုံး စောင့်ရှောက်ခွင့် ပေးမှာလား။”

ခီရာ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ မူလက တမင်တကာ လုပ်ထားသော တင်းမာနေသည့် အမူအရာက ဖုံးကွယ်မထားသော ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။ ချစ်ရသူ၏ လေးလေးနက်နက် ကတိပေးခြင်းကို ခံရခြင်းက အမျိုးသမီးတစ်ယောက်အတွက် အပျော်ရွှင်ရဆုံး အခိုက်အတန့် ဖြစ်ပြီး သူက မစဉ်းစားလဲ လွှတ်ခနဲ ပြောလိုက်မိသည်။ “အင်း...”

ကဝေမလေးက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီးနောက် ထစ်ငေါ့သွား၏။ “အင်း..ဟင့်အင်း။ မရဘူး။ ဒီနေ့ ကျွန်မ မအားဘူး။ တာ့တာ။”

မိန်းမလှလေးက ကြောက်လန့်တကြားနှင့် လျှောက်ထွက်သွားပြီးနောက် တွန့်ဆုတ်လျက် နောက်ပြန်လှည့်ကာ ထပ်ပြောလိုက်သည်။ “နောက်...နောက်... နောက်တစ်ခေါက်...မှ...ပြော..ပြောတာပေါ့...”

စိတ်ထင်တာပဲ။ ဒါက စိတ်ထင်တာပဲ ဖြစ်မယ်။ ဇာတ်လိုက်မင်းသားက မျက်ရည်နှင့်မျက်ခွက် ဖြစ်နေခဲ့သည်။

သက်တန့်တောင်ကြား စမ်းသပ်ခန်း၌ -

ချန်လွေ့က မစ်-နတ်မိမယ်နဂါးနှင့် ပတ်သက်ပြီး အ‌တော်လေး ယုံကြည်ချက် ရှိနေခဲ့သည်။ သူက ကတ်သရင်းထက် မနိမ့်သော ပြိုင်စံရှား အလှတရား ရှိသော်လည်း ဇိုလာကို နဂါးများအပါအဝင် အခြားသူများ၏ မျက်လုံးထဲ၌ အမြဲပင် “ရူးသွပ်”ပြီး “ကြောက်စရာ”ဟူသော စကားလုံးများနှင့် တွဲမြင်နေခဲ့သည်။ သို့ရာတွင် ချန်လွေ့၏ မျက်လုံးထဲ၌ ဇိုလာက ချစ်စရာကောင်းပြီး ကြင်နာကာ ဉာဏ်ကောင်းလျက် ထူးခြားပေသည်....

(နဂါးဆရာသခင်တစ်‌ယောက် - နဂါးမျက်လုံးတွေကို ကန်းသွားစေနိုင်တဲ့ အချစ်ကြွားလုံးတွေပဲ....)

(နဂါးပြာ - လောကအပြင်ကို ပျက်ယွင်းစေတဲ့ ကိုးကွယ်ဆည်းကပ်စရာ။)

အစပိုင်းတွင် ချန်လွေ့က ပါ့ဂ်လီအို၏ ရှေးမှော်စာကို ပယ်ဖျက်ရန်အတွက် သက်တန့်တောင်ကြားရှိ ဇိုလာနှင့် တွေ့ခဲ့ရသည်။ စမ်းသပ်ခံပစ္စည်းအဖြစ် သူက ဟန်ဆောင်ငေးငိုင်ပြီး စိတ်နှလုံးမကောင်းသော မဒမ်တောင်ကြားပိုင်ရှင်ထံ၌ ဒုက္ခ ခံစားခဲ့ရသည်။ ထို့နောက် သူတို့ အကြားမှ ပတ်သက်မှုက ပို၍ သိမ်မွေ့သွား၏။ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုမှ ကျူးလွန်သော ဆက်ဆံရေး တစ်ခုက ကြိုတင်၍ ဖြစ်သွားခဲ့သည်။ နောက်ပိုင်း၌ သူတို့နှစ်ယောက်က ကော်ကဲ့သို့ ချစ်သူများ ဖြစ်သွားကြပြီး ခံစားချက်များက နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့သည်။ “ဘာပြောလိုက်တယ်”ဟု ဟန်ဆောင်မေးတတ်သော မျက်မှန်နှင့် မိန်းမလှကို တွေးမိသည့်အချိန်တိုင်း သူ၏ နှလုံးသားက နွေးထွေးမှုများနှင့် ပြည့်နှက်သွား၏။

“ဇိုလာ။ ကိုယ့်ကို မင်းဘဝရဲ့ ထာဝရ အစောင့်အရှောက် ဖြစ်ခွင့်ပေးပါ။ ဟုတ်ပြီလား။”

“ဘာပြောတာလဲ။”

“ကိုယ့်ကို လက်ထပ်မှာလား။”

“ဘာပြောလိုက်တယ်။”

“လက်ထပ်ရအောင်။”

“ဘာပြောတာ...”

“…”

ခဏကြာပြီးနောက် အဖြေတစ်ခုကို ရရှိခဲ့သော ဇာတ်လိုက်မင်းသားက ချုံးပွဲချ ငိုလိုက်ပြန်သည်။ ဒါက စိတ်ထင်တာ မဟုတ်ဘူး!

(ခုနက လွှမ်းခဲ့တာတွေကို ပြန်ရုတ်သိမ်းတယ်...အဲဒီစကားလုံးကို ငါ မုန်းတယ် !)

နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း ဇာတ်လိုက်မင်းသားက အတော်လေး တိတ်ဆိတ်ပြီး လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ရနံ့လေး သင်းနေသော ခြံဝန်းတစ်ခုသို့ ရောက်လာခဲ့သည်။

အင်ပါယာ၌ နာမည်ကျော်ကြားခဲ့သော မိစ္ဆာ‌ထောင်ခြောက် ပန်းတစ်ပွင့် ရှိခဲ့သည်။ သူက ရက်စက်ပြီး အညှာတာ ကကင်းမဲ့သည်။ သူနှင့် ချန်လွေ့ ရုပ်ဖျက်ထားသော “ချာလီ စ်”နှင့် အချင်းချင်း လျို့ဝှက်ကြံစည်ခဲ့ကြပြီးနောက် မသေခင်အချိန်အထိ သူတို့၏ သနားစရာ နောက်ကြောင်းကို မဖော်ပြခဲ့ပေ။ သူတို့ ပြန်လည်မွေးဖွားလာပြီးနောက် ရင့်ကျက်သော မိစ္ဆာထောင်ခြောက်ပန်းက နှင်းဒဲလက်ပန်း၏ ဖြူစင်မှုနှင့် မွှေးရနံ့ကို နောက်ဆုံးတွင် ပြသလာခဲ့သည်။ အချိန်မရွေး ထိုခြံဝန်းက သူ့အတွက် စောင့်ဆိုင်းနေသော လတ်လတ်ဆတ်ဆတ် ကျိုထားသော လက်ဖက်ရည်အိုးတစ်လုံးပင် ဖြစ်၏။

ပျော်ရွှင်မှုဆိုတာ ပြင်းထန်တဲ့ အချစ်စိတ်တင် မဟုတ်ဘူး။ ပျင်းစရာ ကောင်းပြီးတော့ မကုန်ခမ်းနိုင်တဲ့ နွေးထွေးမှုတစ်ခုလည်း ဟုတ်တယ်။

(ဟေး။ ထပ်မလွမ်းတော့ဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား။)

“သူဌေး..အား...ကြင်ရာတော်မင်းသား။ ဒီကို ရောက်နေတာလား။” တစ်စုံတစ်ယောက်၏ လွမ်းဆွတ်မှုကို ကလေးမလေးတစ်ယောက်၏ အသံက နှောက်ယှက်လိုက်လေသည်။

ချန်လွေ့က အံ့သြသွားခဲ့သည်။ “အိုလီဖီးရက်စ်။ ဘာလို့ ဒီကို ရောက်နေတာလဲ။ အား...ဟယ်လင်လည်း ဒီမှာကိုး။”

“ဟမ့်။ ကြင်ရာတော်မင်းသား။ ဟုတ်တယ်မလား။” မာယာရှင်မလေးက လက်ဖက်ရည်ခွက်ကို အောက်ချပြီး ချန်လွေ့ကို ရန်လိုသော အကြည့်ဖြင့်ကြည်ကာ သူ တော်သော စကားလုံးတိုက်ခိုက်မှုများ ပြုလုပ်တော့သည်။ “ကျွန်မက အစေခံနဲ့ အကျဉ်းသား ဖြစ်ပေမဲ့ လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ် မဟုတ်လား။ အစ်မ အစ်ဇဘယ်လာ။ ဒီလို အရှက်မရှိတဲ့ လူပွေလူရှုပ်ကို ‌ဂရုစိုက်မနေနဲ့။”

ဒီလိုမောက်မာတဲ့ အကျဉ်းသားနဲ့ အစေခံများ ရှိလို့လား။ ချန်လွေ့က ပြောစရာစကားမဲ့သွားခဲ့သည်။

ထားလိုက်တော့။ ဒီနေ့ အာရုံစိုက်ရမှာက ဒါ မဟုတ်ဘူး။ ဇတ်လိုက် မင်းသား၏ အကြည့်က ပြုံးနေသော မဒမ်-ဒေါ်လေးထံ ရောက်ရှိသွားသည်။ သတို့သမီးအရံဖြင့် “အဖိတ်ခံ”ရပြီးကတည်းက ရင်းနီသည် ရှီရာနှင့် တိတ်တိတ်လေး သော်လည်းကောင်း၊ ပေါပေါ်ထင်ထင်သော်လည်းကောင်း၊ ယှဉ်ပြိုင်နေခဲ့သည်။ ဒီတစ်ခေါက် ရှီရာက ဦးဆောင်သွားပြီ။ ဒါကြောင့် သူက ငြင်းမှာ မဟုတ်လောက်ဘူး။ ဒီ‌ကောင်မလေးတွေက ပေါင်းကြံထားတာ ဖြစ်မယ်။ ဒါပေမဲ့ ငါ တစ်ယောက်ကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျန်တဲ့သူတွေလည်း...

“ရင်းနီ။ ကိုယ့်မှာ အရေးကြီးကိစ္စတစ်ခု ရှိတယ်...အာ...” ချန်လွေ့က မစ်-နဂါးနက်နှင့် မာယာရှင်မလေးကို ကြည့်လိုက်သည်။

အစ်ဇဘယ်လာက အေးအေးဆေးဆေးနှင့် ဆွဲဆောင်မှုရှိသော အမူအရာဖြင့် လက်ကိုဆန့်လိုက်သည်။ သူက ချန်လွေ့၏ အကြည့်ကို မမြင်သကဲ့သို့ပင် အိုလီဖီးရက်စ်နှင့် ဟယ်လင်တို့အား ထွက်သွားခိုင်းချင်စိတ် မရှိပေ။ “ဘာကိစ္စလဲ။”

မစ်-နဂါးနက်က ထခုန်လိုက်သည်။ “သိတယ်။ သူဌေးက မှော်စွမ်းအား ပြန်ဖြည့်ဖို့ ဒီကိုရောက်လာတာပဲ။”

ချန်လွေ့ “....”

“မှော်စွမ်းအား ပြန်ဖြည့်တာလား။” မာယာရှင်မလေးက အသေအချာပင် ထိုစကားကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ “နင် ဘာကို ပြောတာလဲ။”

မစ်-နဂါးနက်က ရှေ့တက်လာပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ အိုလီဖီးရက်စ်သည် ယခင်တခေါက်က သူတို့နှစ်ယောက်၏ ကိစ္စကောင်းများကို ဖျက်ဆီးခဲ့သည်။ မှော်စွမ်းအား ပြန်ဖြည့်ခြင်းအပေါ် သူ၏ နားလည်မှုက နမ်းသော အဆင့်၌သာ ရှိသေးသည်။ ထိုသို့ ဆိုသည့်တိုင် မာယာရှင်မင်းသမီးလေး၏ ချန်လွေ့အပေါ်အကြည့်၍ ပို၍ပင် အထင်သေးသွားခဲ့လေသည်။

“ကိစ္စတစ်ခုခုရှိရင် ပြောလေ။” အစ်ဇဘယ်လာက အသာလေး ပြုံးလိုက်၏။

“ဒါဆို...” ချန်လွေ့က အခြားလောမှ လမ်းမပေါ်တွင် လက်ထပ်ခွင့် တောင်းခဲ့သော သတ္တိခဲယောက်ျားများကို တွေးလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ မစ်-နဂါးနက်နှင့် မာယာရှင် မင်းသမီးလေးတို့ အရှေ့တွင် သူက စိတ်ရင်းနှင့် လက်ထပ်ခွင့် တောင်းလိုက်တော့သည်။

အစ်ဇဘယ်လာ၏ အစိမ်းရောင် မျက်လုံးထဲ၌ သိမ်မွေ့မှုနှင့် ကျေနပ်မှုတဲ့ လက်ခနဲ ဖြစ်သွားသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ခေါင်းခါလိုက်သည်။ “စိတ်မကောင်းပါဘူး။”

မဒမ်-ဒေါ်လေး၏ အကြည့်ထဲ၌ ဉာဏ်များသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားပြီး ထပ်ပြောလိုက်သည်။ “ကျွန်မက ကြုံရာလူ မဟုတ်ဘူး။”

“စိတ်မကောင်းပါဘူး”က စိတ်ကူးယဉ်နေသူတစ်ယောက်အား လေထဲသို့ မြောက်သွားစေခဲ့သော လက်သီးပြင်း တစ်ချက်ဆိုလျှင် နောက်ထပ် ဆက်ပြောသော စကားလုံးများက ပြင်းထန်သော ၈ချက်တွဲ လက်သီးချက်ဖြင့် အထိုးခံရပြီးနောက် လေထဲသို့ လွင့်ထွက်သွားကာ အလဲထိုး ခံလိုက်ရခြင်းပင်။

မာယာရှင်မင်းသမီးလေးက မျက်လုံးများ အရောင်တောက်သွား၏။ “ဟုတ်တယ်။ အစ်မ အစ်ဇဘယ်လာ။ ကျွန်မ ထောက်ခံတယ်။ အတုံးအဆုံး မိန်းမကပဲ ဒီလိုလူမျိုးကို လက်ခံမှာ။”

မာယာရှင်မင်းသမီးလေး၏ အဆိပ်ပြင်းလျှာက ဒုက္ခရောက်စေသော လှောင်ပြောင်သည့် စွမ်းရည်များ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် ဇာတ်လိုက်မင်းသားက ယခုတွင် သွေး(၃)လီတာ အန်နေခဲ့ပြီး တုံ့ပြန်ရန် အားမရှိခဲ့ပေ။ အကြောင်းမှာ ယုံကြည်ချက်ရှိခဲ့သော လက်ထပ်ခွင့်တောင်းခြင်း လေးခုက အမှန်တကယ် ကျရှုံးသွား၍ပင်။

နောက်တစ်နေ့ တစ်နေရာရာ၌ -

“ဒါက သူ့အတွက် များလွန်းနေမလား။”

“အသီနာပြောတာ မှန်တယ်.... တကယ်တော့ သူ လက်ထပ်ခွင့် တောင်းတာက တကယ် ရင်ထဲထိစရာပဲ။ ငါသူ့ကို လက်ခံလိုက်တော့မလို့....”

“သူ ခံစားရတာကို မကြည့်ရက်ဘူးလား။ ဇိုလာ။ နင်ကော။”

“ဘာပြောတာလဲ။”

“ဇိုလာ !”

“အာ...”

“တကယ်တော့ ငါလည်း အတူတူပါပဲ။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ငါတို့တွေ စိတ်ပျော့နေလို့ မရဘူး။ တကယ်တော့ ငါတို့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး။ ငါတို့က ရှီရာထက် အရာအားလုံး သာနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ရှီရာက သူ့ရဲ့ “အစားထိုး”ကိုပဲ လက်ထပ်လို့ရမှာ။ တကယ့်လူက ငါတို့ရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ် မဟုတ်လား။ လက်ထပ်တာက ဘဝမှာ အရေးအကြီးဆုံးထဲက အရာတစ်ခုပဲ။ ငါတို့တစ်ယောက်စီက ဘဝမှာ တစ်ခါပဲ ကြုံတွေ့ရမှာ။ ပြီးတော့ သူက နောက်လနေရင် ဧကရီရဲ့ ခင်ပွန်း ဖြစ်လာတော့မှာ။ ယောက်ျားတွေအားလုံးက ဒီလိုပဲ။ လွယ်လွယ်ရရင် တန်ဖိုး သိပ်မထားကြဘူး။ အဲဒါကြောင့် ငါတို့တွေ သဘောမတူရဘူး။ ကြံ့ကြံ့ခံရမယ်။ သူ့ကို မှတ်သားလောက်တဲ့ သင်ခန်းစာတွေ မပေးဘူးဆိုရင် မိသားစုထဲမှာ မိန်းမတွေ ပိုပိုပြီး များလာမှာ။ သေချာမှတ်ထား။ အရင်ဆုံး လက်လျှော့တဲ့သူက တခြားညီမတွေရဲ့ ရန်သူပဲလို့ ငါတို့ သဘောတူထားတယ်နော်။”

ဒိုဒိုက သူ၏ပါရမီကို သေချာအသုံးပြုနေပြီး သခင်မများ၏ လျို့ဝှက် စကားဝိုင်းကို အတုခိုး ဖော်ပြနေခဲ့သည်။ အထူးသဖြင့် အစ်ဇဘယ်လာ၏ “အစားထိုး”ဟူသော စကားလုံများနှင့် “ငါတို့လက်ထဲမှာ”ဟူသော စကားလုံးများပင်။ ချန်လွေ့က ကြောင်တောင်တောင် ဖြစ်သွား၏။

“သခင်မ အစ်ဇဘယ်လာရဲ့ နောက်ဆုံးစကားက သခင်မတွေ အားလုံးရဲ့ ထောက်ခံမှုကို ရခဲ့တယ်။ နောက်တော့ သခင်မတွေက လက်တွေကို အတူတူ ကိုင်လိုက်တယ်။ တော်‌တော်‌‌ ကြောက်စရာပဲ။ သခင်။ ဒီလို အဖိုးတန်တဲ့ သတင်းအချက်တွေကို ခိုးနားထောင်ဖို့အတွက် ဒိုဒိုက အသက်ရင်းခဲ့ရတာနော်။”

ကျွန်-သခင် စာချုပ်ကို ပယ်ဖျက်လိုက်ပြီး သူ၏ စွမ်းအားက ချန်လွေ့ထက် သာလွန်နေပြီ ဖြစ်သော်လည်း ဒိုဒိုက မျက်နှာချိုသွေးသော မျက်နှာထား ရှိနေဆဲ ဖြစ်သည်။ ဂုဏ်ပုဒ်နှင့် အမူအရာတို့က မပြောင်းလဲသွားပေ။ ချုပ်ထိန်းမှု မရှိသည့်တိုင် အချို့ စည်းနှောင်မှုမျိုးက ချိုးဖျက်၍ မရနိုင်ပေ။

ချန်လွေ့က နောက်ဆုံး အခိုက်အတန့်တွင် စာချုပ်ကို ပယ်ဖျက်လိုက်သော အခိုက်အတန့်ကစပြီး သူက ချွဲကျိကောင်နှင့် စစ်မှန်သော စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ခြင်း ဖြစ်နိုင်ပေသည်။

“တော်တယ် ဒိုဒို။”

ချန်လွေ့က ဒိုဒို၏ ခိုးနားထောင်သော လွန်လွန်ကျူးကျူး သရုပ်ဖော်မှုများကို သေသေချာချာ နားမထောင်ခဲ့ပေ။ သူက အရောင်လက်လက် ကျောက်မျက် တစ်ခုကို ပစ်ပေးလိုက်ရာ ချွဲကျိကောင်က ပျော်ရွှင်စွာဖြင့် ကောက်ယူလိုက်ပြီး အော်ပြောလိုက်၏။ “သခင် အသက်ရှည်ပါစေ။”

ချွဲကျိကောင် ထောက်ပံ့ပေးသော သတင်းအရ၊ စိတ်ပြင်ဆင်ထားခဲ့သော ချန်လွေ့က နောက်ဆုံးတွင် ပြဿနာဇစ်မြစ်ကို ဆုံးဖြတ်နိုင်သွားပြီး လက်သီးဆုပ်လိုက်သည်။ အားတင်းထား။ တဏှာကောင်။ သလင်းကျောက် မောင်းမဆောင် ပန်းတိုင်ကို အကောင်အထည်ဖော်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညီအစ်မတွေရဲ့ မဟာမိတ် ရဲတိုက်ကို ဖောက်ထွင်းရမယ် !

မာန်သွင်းနေသော ဇာတ်လိုက်မင်းသားက ဆုလာဒ်ရပြီးနောက် သူ အားကိုးခဲ့သော သူလျှိုတစ်ယောက်က ချက်ချင်းပင် သခင်မများဆီသို့ ပြေးသွားကာ ဒုတိယဆုလာဒ်ကို သွားယူပြီး “သခင်မများ သက်ရှည်ပါစေ”ဟု အော်ပြောခဲ့သည်ကို မသိခဲ့ရပေ။

သခင်မများကလည်း တစ်ခုကို မသိခဲ့ကြပေ။ အခြားအခန်း တစ်ခု၌ လူ၄ယောက်..အဲ..နဂါး၄ကောင်က တိုးတိုးတိတ်တိတ်နှင့် အရေးပေါ် အစည်းအဝေး ထိုင်နေခဲ့ကြသည်။

ပထမဆုံး စတင်စကားပြောသူက ဆရာသခင် အဆိပ်နဂါး ဖြစ်၏။ “ဂျူလီယာ၊ ဒန်နီရယ်။ အိုလီဖီးရက်စ် ပြောတာကို ကြားပြီးပြီလား။ ချန်လွေ့က အစ်ဇဘယ်လာကို မနေ့က လက်ထပ်ခွင့် တောင်းခဲ့တယ်။ အစ်ဇဘယ်လာက လက်မခံခဲ့ပေမဲ့ ဒါက အနှေးနဲ့အမြန် ဖြစ်လာတော့မှာ။ ဒီအကြောင်း မင်းတို့ တစ်ခုခု တွေးထားတာ မရှိဘူးလား။”

အစ်မကြီး နဂါးနက်နှင့် နဂါးပြာတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ စကားမပြောနိုင်ခင်မှာပင် မစ်-မြနဂါးက အရင်ပြောလိုက်၏။ “ကျွန်မ ခံစားမိတာကတော့ ချန်လွေ့က ရှင့်ထက် ပိုပြီးတော့ ပေါ့ပေါ့ပါးပါး ဖြစ်ပေမဲ့ သူက ရှင့်ထက် ပိုပြီးတော့ တာဝန်ယူတတ်တယ်။”

ဆရာသခင် အဆိပ်နဂါး၏ မျက်နှာပေါ်မှ ကြွက်သွားများ တွန့်သွားခဲ့သည်။ “ဒါ...ဒါက အဓိက မဟုတ်ဘူး။ ဟုတ်ပြီလား။”

မစ်-မြနဂါး၏ စရိုက်က အကြောင်းအကျိုး မညီသော်လည်း ယခုတွင် သူက မျက်မှောင်ကြုတ်ကာ အသေအချာ စိတ်ရှုပ်နေခဲ့သည်။ “ဒါက အဓိကပဲ !”

“နှိုင်းယှဉ်ခြင်း”က မိန်းမတစ်ယောက်၏ အလိုအလျောက် စွမ်းရည်နှင့် အသုံးချစွမ်းရည် ပေါင်းထားခြင်း ဖြစ်သည်။ အချစ်ဆုံးသူငယ်ချင်း ရင်းနီကို လူလိမ်တစ်ယောက်က လက်ထပ်ခွင့် တောင်းခဲ့ကြောင်း ကြားခဲ့သော်လည်း ငပျင်းနဂါးက ဘာမှ မလှုပ်ရှားခဲ့ပေ။ မစ်-မြနဂါးက ဒေါပွနေသည်ကို အံံ့သြစရာ မဟုတ်တော့ပေ။

“ဘက်တီလေး။ မင်းက ငါ့ရဲ့ အဖိုးအတန်ဆုံး ရတနာပါ။ စိတ်မပူပါနဲ့။ ငါ့မှာ ငါတို့ အနာဂတ်အတွက် အစီအစဉ်တစ်ခု ရှိတယ်။” မစ်-မြနဂါးက အမှန်တကယ် ဒေါသထွက်နေကြောင်း မြင်သည့်အခါ ဆရာသခင် အဆိပ်နဂါးက အလျင်အမြန်ပင် စကားချိုချိုနှင့် ခံစားချက်များကို ငြိမ်သက်အောင် ပြုလုပ်ခဲ့သည်။ “အိုလီဖီးရက်စ်က ဆာ-အက်ဂ်လက်စ်ရဲ့ တစ်ဦးတည်းသော သမီးပဲ။ အစပိုင်းမှာ ဆာ-နဂါးဧကရာဇ်က ခြိမ်းခြောက်၊ မျှားခေါ်ရင်းနဲ့ သူ့ကို ချန်လွေ့ရဲ့ ဇနီးလောင်း ဖြစ်လာစေခဲ့တာ။ ချန်လွေ့က တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပြီးတော့ အိုလီဖီးရက်စ်က နာမည်မရှိတဲ့ ဇနီးလောင်း တစ်‌ယောက်ပဲ ဖြစ်နေဦးမယ်ဆိုတာ ဆာ-အက်ဂ်လက် သိသွားတာနဲ့....”

“ဒါက ဆာ-နဂါးဧကရာဇ်က အရှက်ခွဲတာနဲ့ အတူတူပဲ....”

ဒန်နီရယ်က ဖြေလိုက်သည်။

“အဲဒီ‌တော့ ဘာဖြစ်လဲ။” ခရိုဘဲလက်စ်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက ကိစ္စကြီးပေါ့။” ပါ့ဂ်လီအိုက ကြက်သီးထသွား၏။ “ဘယ်လိုပဲဖြစ်ဖြစ် ချန်လွေ့က ဆာ-နဂါးဧကရာဇ်ရဲ့ သမက်ပဲ။ အိုလီဖီးရက်စ် ဒီမှာရှိနေတော့ ဆာ-အက်ဂ်လက်စ်က သူ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့...ငါတို့က သဲအိတ်တွေ ဖြစ်ရမှာ။ ငါတို့က သူ့ဒေါသကို သေချာပေါက် ခံစားရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ကို ဖမ်းခေါ်သွားပြီးတော့ နဂါးကျွန်းမှာ အကျဉ်းချပြီး အပြစ်ပေးလိမ့်မယ်။ ငါ တစ်ဘဝလုံး မင်းကို မြင်ရမှာ မဟုတ်လောက်တော့ဘူး။”

မစ်-မြနဂါးကလည်း အံ့အားသင့်သွားပြီး ဘေးဖက်မှ အစ်မကြီး နဂါးနက်ကပင် ယုံကြည်သွားခဲ့သည်။ နဂါးဧကရာဇ်၏ စိတ်နေသဘောထားအရ ထိုဖြစ်နိုင်ချေက အမှန်တကယ်ပင် အ‌တော်လေး မြင့်မားပေသည်။

“ဒါဆို ငါတို့တွေ ထိုင်စောင့်လို့ မဖြစ်ဘူး။ လူသားရဲ့ မင်္ဂလာပွဲ မတိုင်ခင် အိုလီဖီးရက်စ်ရဲ့ လက်ထပ်ပွဲကို ဘာနည်းနဲ့ပဲဖြစ်ဖြစ် လုပ်ရမယ်။” ဆရာသခင် အဆိပ်နဂါးက စားပွဲကို ထုလိုက်သည်။ “ငါ့ရဲ့ လွတ်လပ်မှုအတွက်...ပြီးတော့ ဘက်တီလေးရဲ့ ပျော်ရွှင်မှုအတွက်....အဲ..ပြီးတော့ အားလုံးရဲ့ ပျော်ရွှင်မှုအတွက်။”

“ဟုတ်တယ်။ ဘာနည်းနဲ့ပဲဖြစ်ဖြစ် လုပ်ရမယ်။” နဂါး၄ကောင်က တချိန်တည်း မတ်တပ်ရပ်လိုက်ကြပြီး မျက်နှာပေါ်၌ အားကောင်းသော တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် ပြည့်နေကာ ပထမဆုံးအကြိမ် စည်းလုံးသွားခဲ့၏။

All Chapters