← Chapters

အားလုံး ဒီကိုရောက်လာကြပြီ

Vol. 48 Ch. 770

အားလုံး ဒီကိုရောက်လာကြပြီ

Vol. 48 Ch. 770

ခီရာက အနောက်ပိုင်း ဆင်ခြေဖုံး၌ လျှောက်သွားနေပြီး ကြောင်တောင်တောင် စောင့်ဆိုင်းနေစဉ် ချန်လွေ့က ပါ့ဂ်လီအိုနှင့်အတူ သစ်သီးနီဟိုတယ်သို့ လိုက်သွားနေခဲ့သည်။ သစ်သီးနီဟိုတယ်က အမှောင်လရှိ အဆင့်မြင့် ဟိုတယ်တစ်ခု ဖြစ်သည်။ ယခုတစ်ခေါက် ချန်လွေ့က ထိုနေရာတွင် ခရစ္စတီနားနှင့် ဆုံတွေ့ခဲ့၏။

သစ်သီးနီဟိုတယ်က အမှောင်လ မင်းသမီးစံအိမ်၏ ဆိုင်ခွဲမှ ရနံ့မွှေး ပြောင်းဆန်သေရည် လက်လီဖြန့်ချီသူလည်း ဖြစ်ပေသည်။ စားသောက်ဆိုင် စီးပွားရေး တစ်ခုတည်းကပင် အတော်လေး နာမည်ကျော်ကြားလှသည်။

ချန်လွေ့အတွက် အံ့အားသင့်စရာပင် ပါ့ဂ်လီအိုက သူ့ကို သောက်ရန် စားသောက်ဆိုင်သို့ ခေါ်မသွားခဲ့ဘဲ သူတို့က အခန်းတစ်ခန်းထဲသို့ ဝင်ရောက် သွားခဲ့ကြလေသည်။ အကြောင်းပြချက်က ရှင်းပေသည်။ စားသောက်ဆိုင်က လူပြည့်နေ၍ပင်။ ရှင်းပြချက်က လက်ခံနိုင်စရာ ရှိ၏။ ယခင်ဘဝ၌ ကမ္ဘာ့ဖလား ကြည့်နေစဉ် ချန်လွေ့က ညနက်သည်အထိ ဘောလုံးပွဲကြည့်ရန်အတွက် သူငယ်ချင်း အချို့နှင့်အတူ အခန်းတစ်ခန်း ငှားခဲ့ဖူးသည်။ ထိုခံစားချက်ကို သူ ယခုအထိ မှတ်မိနေသေးသည်။ ဒါပေမဲ့ အဆိပ်နဂါးက အမြဲတမ်း ကပ်စေးနဲနေတာ။ ဒါဆိုရင် သူက ဘာလို့ ငါ့ကို သေရည်တိုက်ဖို့အတွက် ဘာလို့ အခန်းတစ်ခန်း ငှားပေးရတာလဲ။

ချန်လွေ့ စဉ်းစားနေစဉ်မှာပင် တံခါး ပွင့်လာခဲ့သည်။ ထိုအခန်းက အတော်လေး ကောင်းမွန်လှသော အခန်းတစ်ခန်း ဖြစ်၏။ ဧည့်ခန်းထဲရှိ ထမင်းစား စားပွဲပေါ်တွင် သေရည်များနှင့် ဟင်းပွဲများ တင်ထားလေသည်။အဲ....သေရည်နှင့် ဟင်းပွဲ အလွတ်များပင်။ ထိုပန်းကန်များကြားထဲ၌ တစ်ယောက်ယောက်က ထိုင်နေပြီး လေချဉ်တက်နေ၏။

“အိုလီဖီးရက်စ် !” ပါ့ဂ်လီအိုက သေရည်ပုလင်း အလွတ်များနှင့် ဟင်းပွဲ အလွတ်များကို ငေးကြည့်နေလိုက်သည်။ သူ၏ မျက်လုံးများက ဆန့်ငင်ဆန့်ငင်နှင့် လှုပ်လာခဲ့သည်။ “ပြန်ရောက်မှ ဟင်းမှာဖို့ ပြောခဲ့တယ် မဟုတ်လား။”

အိုလီဖီးရက်စ်က ကြောင်သွားပြီးနောက် မျက်တောင်ခတ်ကာ ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ “ဘာပြောတာလဲ။”

“အဲဒီ ဟန်ဆောင်တဲ့ အကွက်စုတ်ကို မသုံးနဲ့။” အဆိပ်နဂါးက အဆိပ်များ မှုတ်ထုတ်လိုက်မိမတတ် ဖြစ်သွားခဲ့သည်။ သူက သေရည်နှင့် ဟင်းပွဲများကို တစ်ခုခု လုပ်ချင်ခဲ့သော်လည်း ယခုတွင် အိုလီဖီးရက်စ်က ဟင်းပွဲအားလုံးကို မှာပြီး စားလိုက်မည်ဟု မထင်ထားခဲ့ပေ။

“ဗိုက် တအားဆာနေလို့ပါ။ စားစရာ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။” အိုလီဖီးရက်စ်က အဆိပ်နဂါးအား အပြစ်ကင်းစင်သည့် ပုံစံဖြင့် ကြည့်လိုက်သည်။ ”ရပါတယ်။ (၃)ပွဲမြောက်ကို ကျွန်မ မှာပြီးသွားပြီ။”

နေပါဦး။ (၃)ပွဲမြောက်တဲ့လား။ ဧကန္တ.....

အဆိပ်နဂါးက နှလုံးသားနှင့် ပိုက်ဆံအိတ်တို့မှ သွေးများ စီးးကျလာသလို ခံစားလိုက်ရ၏။

မဖြစ်ဘူး။ ဒီပိုက်ဆံက ဂျူလီယာရဲ့ ဘုံအကောင့်ထဲ သွားရမယ်။ ကုန်ကျစရိတ် ပြန်ပေးမှ ဖြစ်မယ်။

“ဘက်တီနဲ့ ဂျူလီယာတို့ကော။”

“ဒီလိုပါ။ ကျွန်မတို့က ဟိုတယ်အပြင်ဘက်မှာ အဲလစ်၊ အယ်ဒီလိုင်းတို့နဲ့ တွေ့ခဲ့တယ်။ ခရိုဘဲလက်စ်နဲ့ ဂျူလီယာတို့က သူတို့ကို စျေးဝယ်ထွက်ဖို့ ခေါ်သွားတာ။ ကျွန်မ ဗိုက်တအားဆာနေရင် ဒီမှာနေပြီးတော့ တစ်ခုခု အရင်စားလို့ ရတယ်လို့ ဂျူလီယာ ပြောခဲ့တယ်။”

အဲလစ်က တကယ်ကြီး ဒီအချိန် အမှောင်လကို ရောက်လာခဲ့တာလား။ ပါ့ဂ်လီအို အံ့အားသင့်သွားခဲ့သည်။ ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ဒါကြောင့် ဘတ်တီနဲ့ ဂျူလီယာတို့က အဲဒီကောင်မလေးနှစ်ယောက်ကို ခေါ်ထုတ်သွားပြီးတော့ ကိစ္စတွေ အဆင်ပိုပြေအောင် မစ်-နဂါးနက်ကို ထားခဲ့တာ။

“ပြီးရင် ဟင်းပွဲတွေ ချပေး။” ပါ့ဂ်လီအိုက စားပွဲထိုးကို ပြောလိုက်၏။

“ဟုတ်ပြီ။ဟုတ်ပြီ။” အိုလီဖီးရက်စ်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ခုနက ငါးကင်ကျပ်တိုက် အမူအရာမျိုး လုံးဝ မရှိတော့ပေ။ အလကားသာဆိုလျှင် သူက ချသလောက် စားလိုက်လေသည်။

ဆရာသခင် အဆိပ်နဂါး၏ မျက်လံုးများက စတင်တွန့်လာပြန်သည်။ မင်းရဲ့ အတွင်းအင်္ဂါတွေက ဗိုက်ဖြစ်သွားတာလား။

သစ်သီးနီဟိုတယ်က အတော်လေး မြန်ဆန်လှသည်။ သေရည်နှင့် ဟင်းပွဲများကို အလျင်အမြန်ပင် အသစ်များနှင့် အစားထိုးပေးလိုက်၏။

အဆိပ်နဂါး၏အကြည့်က ပန်းကန်ကို အပြောင်ရှင်းလိုက်သော မစ်-နဂါးနက်ထံ ရောက်ရှိသွားပြီး သူ့မျက်နှာက စတင်တွန့်လာခဲ့သည်။ ဆေးသောက်ဖို့ ဟင်းပွဲနည်းနည်းလောက် ချန်ထားပေးပါလား။

“ပါ့ဂ်လီအို...” ချန်လွေ့က မည်သည့် မူမမှန်မှုကိုမှ သတိမထားမိခဲ့ပေ။ သူက စိတ်လွတ်ကိုယ်လွတ်နှင့် သောက်နေပြီး ပြောလိုက်သည်။ “အမှန်တကယ် ပြောရရင် အခုတလော ကျုပ် တကယ် စိတ်ဓာတ်ကျနေတာ။ ကျုပ်ကိုပြော...ခင်ဗျားက နည်းလမ်းတစ်ခုခု ရှိလား။”

“အမ်း....” အဆိပ်နဂါးက ချန်လွေ့အား သစ်သီးနီဟိုတယ်သို့ လိမ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူ့တွင် မည်သည့် အကြံကောင်း ရှိနိုင်မည်နည်း။ သူက ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေစဉ် ချန်လွေ့၏ သံသယဝင်လာသော အမူအရာကို မြင်လိုက်ပြီး ချက်ချင်းပင် မစ်-နဂါးနက်အား လက်ညှိုးထိုးပြလိုက်၏။ “အကြံက အိုလီဖီးရက်စ်ပဲ!”

“ကျွန်မလား။” ကြောင်တောင်တောင် ဖြစ်နေသော မစ်-နဂါးနက်က မိမိနာမည်ကို ကြားလိုက်သောအခါ အစားအစာများ မျိုချနေခြင်းကို ခဏရပ်လိုက်ပြီးနောက် ဆက်လက်ပြီး ပြန်လည်မျိုဆို့နေတော့သည်။

“ခင်ဗျား ဘာကိုပြောချင်တာလဲ။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။

“လက်ထပ်ခွင့်တောင်းတာတွေ မအောင်မြင်ရတဲ့ အကြောင်းရင်းကို မင်း တွေးကြည့်ဖူးလား။ အဲဒီမိန်းကလေးတွေက မင်းကို တကယ် သစ္စာရှိကြဘူး။ မနာလိုစရာကောင်းတဲ့ လူသားစုတ်ပဲ။ တကယ်တော့ မင်းက သူတို့ကို တော်တော်လေး ဂရုစိုက်ပေးတယ်။ အဲဒါကြောင့် သူတို့က...ဘယ်လိုခေါ်ပါလိမ့်။”

“ဆွန်းဒဲရဲလား...” အဆိပ်နဂါးက အမှန်တကယ်၌ ပေါက်ကရ ပြောနေခြင်း ဖြစ်ကြောင်း ချန်လွေ့ မထင်ထားခဲ့ပေ။ သူက နားလည်သယောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ အဲဒါ။ မိန်းမတွေက သဝန်တိုရတာကို ကြိုက်ပြီးတော့ နှိုင်းယှဉ်ရတာကို ကြိုက်တယ်။” ပါ့ဂ်လီအို၏ စကားများက တဖြည်းဖြည်းနှင့် အချစ်ရေး၊ အိမ်ထောင်ရေးနှင့် မိသားစု ပြဿနာများ၌ ပညာရှင် တစ်ယောက်သဖွယ် ပို၍ပို၍ ချောမွေ့လာခဲ့သည်။ “အပြုသဘောဆောင်တဲ့ နည်းဗျူဟာက ခက်ခဲလွန်းတာ အသိအသာပဲ။ အဲဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မင်း နောက်ထပ် ရှုထောင့်တစ်ခုကို ပြောင်းရမယ်။ သူတို့ကို ခြိမ်းခြောက်နိုင်မယ့် နောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိလာမယ်ထား။ ဒါဆိုရင် အဲဒီမိန်းမတွေ မောက်မာနေဦးမှာလား။ ဆွန်းဒဲရဲ လုပ်နေဦးမှာလား။”

“အဓိပ္ပာယ်ရှိသလိုပဲ။” ချန်လွေ့က အလျင်အမြန်ပင် ဖြစ်နိုင်ချေကို တွေးလိုက်၏။ “အဲဒါက အဆင်ပြေနိုင်ပါ့မလား...”

“ပြေတာပေါ့။ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ငါက အတွေ့အကြုံ အရှိဆုံးပဲ။”

“ခင်ဗျားက အတွေ့အကြုံ ရှိတယ်ဆိုရင် အခု ဘက်တီလေးရဲ့ အနီးကပ် ထောက်လှမ်းတာကို ခံနေရဦးမှာလား။”

“မင်း မြင်နေရတာက အပေါ်ယံပဲ။” ဆရာသခင် အဆိပ်နဂါးက ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်၏။ “အိုလီဖီးရက်စ်က မင်းရဲ့ ဇနီးလောင်းပဲ။ မင်းက အိုလီဖီးရက်စ်ကို တရားဝင် လက်ထပ်မယ်လို့ အဲဒီမိန်းမတွေကို အသိပေးလိုက်မယ်ဆိုရင် သူတို့က မင်းရဲ့ လက်ထပ်ခွင့်တောင်းတာကို ငြင်းဦးမှာလား။”

ချန်လွေ့က တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်၏။ “ဒါပေမဲ့ အိုလီဖီးရက်စ်အပေါ် ကျုပ်ရဲ့ ခံစားချက်က....”

“မင်းက အိုလီဖီးရက်စ်ကို ညီမလေးလို သဘောထားတာ ငါသိတယ်။ ဒီတစ်ခေါက်က သရုပ်ဆောင်တာ သက်သက်ပဲ။ အဲဒီအချိန် မင်းက အိုလီဖီးရက်စ်ကို ပိုက်ဆံတွေ အများကြီး ပေးဖို့ပဲ လိုတာ။”

“ပိုက်ဆံ”ဟူသော စကားလုံးကို ကြားသည့်အခါ အိုလီဖီးရက်စ်က ပို၍ပင် အာရုံစိုက်လာပြီး အသည်းအသန် ခေါင်းညိတ်လိုက်၏။ ဒီတစ်ခေါက် ခရီးက ‌တော်တော်လေး ကုန်ကျစရိတ် သက်သာတယ်။ အလကားလည်း စားရတယ်။ ဘာမှမလုပ်ဘဲနဲ့လည်း ပိုက်ဆံရဦးမယ်။

“ဒါက တကယ် စမ်းကြည့်ဖို့ ထိုက်တန်တယ်။” ချန်လွေ့၏ မျက်လုံးများ တောက်ပသွား၏။ ဒီဘဲခေါင်းနဂါးက ဘေးကနေ ကြည့်နေတဲ့သူဆိုတော့ ပိုပြီးတော့ အမြင်ရှိလောက်တယ်။ ဒီလှည့်ကွက်က သွယ်ဝိုက်ပြီးတော့ အဆင်ပြေစေနိုင်တယ်။ အပြုသဘောဆောင်တဲ့ နည်းဗျူဟာတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဒီက စစ်အေးကာလကို အဆုံးသတ်ပြီးတော့ ညီအစ်မ မဟာမိတ်ကို အနိုင်ရနိုင်မယ်။ ဒါက မိန်းးကလေးတွေကို အစပိုင်းတွေ မကျေမနပ် ဖြစ်စေမှာပဲ။ လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားတဲ့အခါမှ သူတို့အတွက် ပြန်ဖြည့်ဆည်းပေးဖို့အတွက် အကောင်းဆုံး ကြိုးစားမယ်။

လူသားက နောက်ဆုံးတွင် အရူးလုပ်ခံလိုက်ရကြောင်း မြင်လိုက်သောအခါ ဆရာသခင် အဆိပ်နဂါးက စိတ်လှုပ်ရှားစွာဖြင့် သေရည်တစ်ငုံသောက်ရင်း မျက်လုံးထဲ၌ ဂုဏ်ယူနေသော အမူအရာကို ဖုံးကွယ်ထားလိုက်သည်။ သရုပ်ဆောင်တာလား။ ဟီးဟီး....ဒီကဆရာသခင်က မင်းကို ဒီပြပွဲမှာ တကယ် သရုပ်ဆောင်ခိုင်းမယ်။

အခြားတဖက်တွင်တော့ သနားစရာ ကဝေမလေးက ၃နာရီကြာ စောင့်ပြီးသော်လည်း ချန်လွေ့၏ အရိပ်အယောင်ကို မတွေ့ရသေးသည့်အတွက် စိုးရိမ်လာခဲ့သည်။

“သူက တကယ် မလာတော့ဘူးလား။ ငါတို့တွေ စည်းကျော်သွားပြီးတော့ သူ့ကို ဝမ်းနည်းအောင်၊ စိတ်ရှုပ်အောင် လုပ်လိုက်မိတာလား။ အဟင့်...” ကဝေမလေး၏အသံက မွန်းကြပ်နေပြီ ဖြစ်သည်။

အသီနာ၏အသံ ထွက်ပေါ်လာ၏။ “ခီရာ။ မငိုပါနဲ့။ ငါ နင့်ကို လာကြိုဖို့ တောင်ပိုင်းဆင်ဖြေဖုံးကို ရောက်တော့မယ်။”

“ထူးဆန်းတယ်။ ချန်လွေ့က ဒီလိုလူမျိုး မဟုတ်ပါဘူး။ သူက နင့်ကို ချိန်းတယ်ဆိုတော့ သေချာပေါက် နင့်ကို အဲဒီမှာ တယောက်တည်း ထားထားမှာ မဟုတ်ဘူး။” အစ်ဇဘယ်လာ၏အသံက သံသယများ ပြည့်နှက်သွားခဲ့သည်။ “ခီရာ။ ချိန်းတွေ့မယ့်နေရာ ပြောင်းသွားတဲ့အကြောင်း ဒိုဒိုက နင့်ကို ပြောခဲ့တာ သေချာလား။”

“အမ် ! အဲဒါ ဒိုဒိုပဲ။ အခု ချန်လွေ့ ဘယ်ရောက်နေတာလဲ။”

“စိတ်မပူနဲ့။ ဒေလီယာကို အခုပဲ အကူအညီ တောင်းလိုက်မယ်။ ဇိုလာ။ ဒိုဒိကုိ အမြန်ဆုံးဖမ်းပြီးတော့ စစ်မေးရမယ်။ အဲဒီဉာဏ်များတဲ့ ချွဲကျိကောင်က တကယ်တော့ သုံးဖက်ချွန် သူလျှိုပဲ !”

“အိုး...”

သစ်သီးနီဟိုတယ်၌ သေရည် နှင့်ဟင်းပွဲများ စားပွဲ(၃)ပွဲ ကုန်သွားလေပြီ။

“(၄)ပွဲမြောက် ရှိသေးလား။” အိုလီဖီးရက်စ်က ပါ့ဂ်လီအိုအား မျှော်တလင့်လင့် ကြည့်နေလိုက်သည်။

အဆိပ်နဂါးက တကိုယ်လုံး နေမထိထိုင်မထိ ဖြစ်သွားသော်လည်း မျက်လုံးလှန်လိုက်ပြီး အကြံတစ်ခု ရသွားခဲ့သည်။ “ခဏနေပါဦး။ ဘက်တီနဲ့ တခြားသူတွေ ပြန်မရောက်လာသေးဘူး။ ဒါနဲ့ ဘက်တီက ဝါဝါယမာကာဆိုင်ကနေ အထူးသစ်တော်နက်ဖျော်ရည် သောက်ချင်တယ်လို့ ပြောခဲ့သလိုပဲ။ ငါ သွားဝယ်လိုက်ဦးမယ်။”

“ကျွန်မလည်း လိုက်မယ်။” မစ်-နဂါးနက်က အချိုပွဲစားရန် စဉ်းစားနေသည့် အတွက်ကြောင့် အလျင်အမြန်ပင် ထခုန်လိုက်၏။

ပါ့ဂ်လီအိုက ခေါင်းညိတ်လိုက်သည်။ “ဉာဏ်များတဲ့လူသား။ အဝေးကြီး မသွားနဲ့ဦး။ ဘက်တီလေး ခိုင်းထားတာ ပြီးသွားလို့ ငါ စိတ်ကောင်းဝင်နေတယ်။ နောက်ကျရင် မင်းကိုငါ တစ်ပုလင်း တိုက်မယ်။”

ချန်လွေ့က သံသယ မဝင်ဘဲ ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။

အခြားတဖက်၌ -

“အသီနာ။ နင် ဘယ်တွေ ရောက်နေတာလဲ။”

“ငါ ခီရာနဲ့ သွားတွေ့တာ။ အခု ငါ မြို့ထဲ ရောက်နေပြီ။”

“မလောနဲ့။ မြို့အနောက်ဘက်ကို မြန်မြန်သွား။” အစ်ဇဘယ်လာ၏အသံက အနည်းငယ် စိုးရိမ်နေပုံရသည်။ “အခုပဲ ဒိုဒိုက အားလုံးကို ပြောပြပြီးပြီ။ သူက ချန်လွေ့အစား ချိန်းတွေ့မယ့် နေရာကို ပြောင်းခဲ့တာ။ ပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူတွေက ပါ့ဂ်လီအိုနဲ့ နဂါးတွေပဲ။ အမှောင်နတ်ဆိုးက ရထားတဲ့ ဒေလီယာရဲ့ သတင်းတွေအရဆိုရင် အခု သူတို့က သစ်သီးနီဟိုတယ်မှာ ရှိ‌လောက်တယ်။ နဂါးတွေ ဘာလုပ်နေတာလဲဆိုတာ မသိပေမဲ့ ကောင်းတာ မဟုတ်ဘူးလို့ ခံစားနေရတယ်။ ဇိုလာနဲ့ငါ အဲဒီကို အမြန်သွားနေပြီ။ အရင်ဆုံး တွေ့ကြတာပေါ့။”

“ဟုတ်ပြီ။”

ထိုအချိန်၌ ပါ့ဂ်လီအိုက မစ်-နဂါးနက်နှင့်အတူ သစ်တော်နက် ဖျော်ရည် အများအပြား ဝယ်ခဲ့သည်။ ယခုတစ်ခေါက် ကောင်မလေးက မဝါးမျိုတော့ဘဲ ဖြည်းဖြည်းချင်း ပိုက်နှင့် စုပ်သောက်နေခဲ့သည်။ ထိုသို့ ဆိုသည့်တိုင် သူက ဘယ်လက်တွင် ပုလင်းတစ်လုံး၊ လက်မောင်းတွင် ပုလင်းတစ်လုံးနှင့် ညာဘက်လက်တွင်လည်း ပုလင်းတစ်ခုလုံးကို ကိုင်ထားနေ၏။

ပါ့ဂ်လီအိုက ဘေးဖက်သို့ လျှောက်သွားပြီး ကောင်မလေးသတိမထားမိသော အချိန်တွင် သလင်းကျောက် ပုလင်းလေးကို တိတ်တိတ်လေး ထုတ်လိုက်၏။ သူက ၎င်းကို ဖျော်ရည်ပုလင်းထဲသို့ လောင်းထည့်နေစဉ် တစ်ခုခု လွဲနေကြောင်း ခံစားလိုက်မိသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ မစ်-နဂါးနက်၏ မျက်လုံးပြူးပြူးက အရောင်လက်နေကြောင်း မြင်လိုက်ရသည့်အတွက် သိမ့်သိမ့်တုန် သွားခဲ့လေသည်။

“ရှင့်လက်ထဲကဟာက....စားလို့ရတဲ့ “တန်ဖိုးကြီး” ပစ္စည်းလား။”

“ဒါက....ယောက်ျားတွေအတွက် အားဆေးပါ။ မိန်းမတွေ သောက်လို့ မရဘူး။” ပါ့ဂ်လီအိုက အလျင်အမြန် လိမ်ညာလိုက်သည်။ “ဒီနေ့ ချန်လွေ့က စိတ်မကြည်မလင် ဖြစ်နေတယ်လို့ မထင်ဘူးလား။ ဒါက သူ့ကို စိတ်အေးအောင် ကူညီဖို့ပဲ။ သူ့ကို မပြောပြနဲ့။ မသောက်ဖို့ ငြင်းနေမှာစိုးလို့။ သူ သောက်ပြီးရင် မင်း သူ့နဲ့ စကားကောင်းကောင်း ပြောပေးရမယ်။ အခကြေးငွေအပြင်ကို ငါမင်းကို မနက်ဖြန် ဟင်းပွဲအကြီးကြီး‌ ကျွေးမယ်....”

“သဘောတူတယ်။” မစ်-နဂါးနက်က ရုတ်တရက် စေ့စေ့စပ်စပ် ကြည့်လိုက်၏။ “ရှင် သူဌေးကို အဆိပ်ခတ်ဖို့ ကြိုးစားနေတာလား။ ကျွန်မက သူ့ရဲ့ သက်တော်စောင့်နော်။”

“ဒါက အဆိပ်မဟုတ်ဘူးဆိုတာ နဂါးတွေရဲ့ နာမည်နဲ့ ကျိန်တယ်။” ပါ့ဂ်လီအိုက ကျိန်ဆဲပြီး သစ္စာဆိုကာ စိတ်ထဲ၌ ရေရွတ်လိုက်၏။ အဲဒီကောင်က အဆိပ်ပြီးတဲ့ကောင်ပဲ။ ငါ့အဆိပ်တောင် အသုံးမဝင်ဘူး။ ဒါပေမဲ့ ဒီလိုအရာမျိုးက အဆိပ်လို့ သတ်မှတ်လို့မရဘူး။ ပြောရရင်တော့ ဒါက ပြဿနာတွေ အားလုံးကို ကုသနိုင်တဲ့ တကယ့် “အားဆေး”ပဲ။

အိုလီဖီးရက်စ်က “အားဆေး”ကို “ပြည့်နေသော” ညာလက်ဖြင့် ယူလိုက်သည်။ ဘေးနားမှ အဲလစ်၏အသံထွက်လာ၏။ “အိုလီဖီးရက်စ်။ နင်လား။”

မစ်-နဂါးနက်၏ တုံ့ပြန်မှုက အလွန်ပင် မြန်ဆန်လှသည်။ သောက်နေသော ဘယ်လက်ထဲရှိ ပုလင်းမှလွဲ၍ တခြားအရာအားလုံးက နေရာလွတ် လက်စွပ်ထဲ၌ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူက နောက်လှည့်ပြီး လက်ပြလိုက်၏။ “အဲလစ်။ အယ်ဒီလိုင်း။ လာ....လာ။ တစ်ယောက်ယောက် ငါတို့ကို ဝယ်တိုက်နေတယ်။”

အဆိပ်နဂါး - “....”

မျက်နှာချင်းဆိုင်လမ်းပေါ်မှ ဂျူလီယာ နှင့် ခရိုဘဲလက်စ်တို့က အဲလစ်နှင့် အယ်ဒီလိုင်းတို့နှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိပ်နဂါးက ပြန်စဉ်းစားပြီးနောက် မစ်-နဂါးနက်အား တီးတိုးပြောလိုက်၏။ “အိုလီဖီးရက်စ်။ အခုပဲ အပေါ်ထပ်တက်ပြီးတော့ ချန်လွေ့ကို ဒီအားဆေးပုလင်း သောက်ခိုင်းလိုက်။ ပြီးရင် တံခါးးပိတ်ထားပြီးတော့ ထွက်မလာနဲ့။”

မစ်-နဂါးနက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဘာလို့လဲ။”

“(၄)ပွဲမြောက်ကို တစ်ယောက်တည်း စားချင်လား။ ဘက်တီနဲ့ တခြားသူတွေကို တစ်ခုခု ဝယ်ပေးဖို့အတွက် ငါ ခေါ်သွားလိုက်မယ်။ ခဏနေရင် ငါ ပိုက်ဆံလာရှင်းပေးမယ်။”

“အင်း..အင်း..” မစ်-နဂါးနက်က အလျင်အမြန် ခေါင်းညိတ်ပြီး သစ်သီးနီ ဟိုတယ်သို့ အမြန် ပြေးသွားတော့သည်။

ပါ့ဂ်လီအိုက အဲလစ်နှင့် အခြားသူများကို ချက်ချင်း နှုတ်ဆိက်လိုက်သည်။ အဲလစ်က မေးလိုက်၏။ “ဘာလို့ အိုလီဖီးရက်စ် ပြေးသွားတာလဲ။”

“အမ်း...သူက ဟိုတယ်မှာ မစားပြီးသေးတာကို သွားစားတာ။ အရင် ပြန်ရအောင်။ သူ ခဏနေရင် ပြန်လာမှာပါ။” ထိုသို့ပြောပြီးနောက် အဆိပ်နဂါးက မစ်-မြနဂါးနှင့် အစ်မကြီး နဂါးနက်တို့ကို မျက်လုံးမှိတ်ပြလိုက်သည်။ သူတို့က ချက်ချင်း သ‌ဘောပေါက်သွားကြပြီး ပါ့ဂ်လီအိုနှင့်အတူ သဘောတူလိုက်ကြသည်။

အဲလစ်က သံသယ မဝင်ဘဲ ခေါင်းညိတ်လိုက်၏။ သူက အယ်ဒီလိုင်း၏ လက်ကို ကိုင်ထားပြီး အတူတူ လမ်းလျှောက်ပြန်တော့သည်။

အောင်မြင်တော့မည်ကို မြင်နေရသည့်အတွက် ဆရာသခင် အဆိပ်နဂါး သက်ပြင်းချရုံသာ ရှိနေစဉ်၌ သူ့နောက်မှ ရင်းနှီးသောအသံတစ်သံ ရုတ်တရက် ထွက်လာ၏။ “ပါ့ဂ်လီအို။ ရှင် ဘာလုပ်နေတာလဲ။ ချန်လွေ့ကော။”

အစ်ဇဘယ်လာ၊ ပြီးတော့ အသီနာ၊ ခီရာ နဲ့....ဇိုလာ !

ဆရာသခင်အဆိပ်နဂါးက သတိလွတ်မတတ် ဖြစ်သွား၏။ ဒုက္ခပဲ! အခု အားလုံး ရောက်လာကြပြီ!!

All Chapters