ဒုက္ခရောက်ပြီ
Vol. 48 Ch. 771
ပထမဆုံး တုံ့ပြန်သူမှာ ပါ့ဂ်လီအို မဟုတ်ဘဲ အဲလစ် ဖြစ်နေ၏။
ချန်လွေ့ နာမည်က မင်းသမီးလေး၏နားရွက်ကို ချက်ချင်း ထောင်သွားစေပြီး အံ့သြဖွယ်ရာ အကြောင်းအကျိုးသုံးသပ်သော စွမ်းရည်တစ်ခု ထွက်လာလေသည်။ “အစ်ကို။ အစ်ကိုက ဒီမှာလား။ ဒါနဲ့ အိုလီဖီးရက်စ်...”
“အိုလီဖီးရက်စ်လား...” အစ်ဇဘယ်လာက မျက်မှောင်ကြုတ်လိုက်ပြီး ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ခရိုဘဲလက်စ်ထံ ရောက်ရှိသွားခဲ့သည်။ “ဘက်တီ။ ဘာဖြစ်လို့လဲ။”
မစ်-မြနဂါးက အပြစ်ရှိစိတ်ဖြင့် ခေါင်းကို ငုံ့ထားခဲ့သည်။ “တောင်းပန်ပါတယ်။ ရင်းနီ...”
“အိုလီဖီးရက်စ်က သစ်သီးနီဟိုတယ်ကို ထုတ်ပိုးဖို့ ပြန်သွားတယ်...” အဲလစ်က ရုတ်တရက် ထခုန်လိုက်၏။ “သူက အစ်ကို့ကို ထုတ်ပိုးနေတာလား။”
ထိုစကားက ချက်ကောင်းကို ထိသွားခဲ့သည်။ ပါ့ဂ်လီအို၏ နှလုံးသားက ဗုံတစ်လုံးသဖွယ် တုန်ခါလာသည်။ အသီနာနှင့် ခီရာတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး တပြိုင်နက်တည်း ပြောလိုက်ကြသည်။ “အခုပဲ ဟိုတယ်ဆီ သွားကြရအောင်။”
“မဖြစ်ဘူး။” ပါ့ဂ်လီအိုက မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။ အချိန်ကို တွက်ကြည့်မယ်ဆိုရင် မစ်-နဂါးနက် ချန်လွေ့ကို “အားတိုးဆေး” ပေးပြီးလောက်ပြီ။ သူတို့က တကယ့်ပြပွဲကို မြန်မြန် ရောက်လောက်မှာ မဟုတ်ပေမဲ့ ဆေးကတော့ တဖြည်းဖြည်း အစွမ်းပြနေလောက်ပြီ။ သူတို့တွေ အခု ဟိုတယ်ကို သွားလိုက်ရင် ငါတို့ အရင်က ကြိုးစားခဲ့တာတွေ ဆုံးရှုံးသွားရမှာ။ ပြီးတော့ ဒီတစ်ခေါက် ကျရှုံးသွားရင် ဒီလိုအခွင့်အရေးမျိုး ထပ်ရဖို့ မဖြစ်နိုင်သလောက်ပဲ။
သူက စကားပြောပြီးသည်နှင့် သူ့စိတ်ထဲသို့ အားကောင်းသော အန္တရာယ် အငွေ့အသက်တစ်ခု လှိမ့်ဝင်လာခဲ့သည်။ ပုံရိပ်တစ်ခုက သူ့အရှေ့၌ ချက်ချင်း ပေါ်ထွက်လာပြီး သေချာ မကြားလိုက်ရသကဲ့သို့ပင် မေးလိုက်၏။ “ဘာပြောလိုက်တယ်။”
ဆရာသခင် အဆိပ်နဂါးက သိမ့်သိမ့်တုန်သွား၏။ ထိုအရာက မစ်-နဂါးနက်၏ အတုခိုးခြင်း မဟုတ်ဘဲ တကယ့် မူလဖန်တီးရှင် ဖြစ်၏။ ယခင်နှင့်ယှဉ်လျှင် ယခုက စကားလုံး ပိုများနေ၏။ အသေအချာပင် အမုန်းတရား တန်ဖိုးနှင့် အန္တရာယ်တို့က ၄ဆ ပိုမြင့်သွားလေပြီ။
ပါ့ဂ်လီအိုက ကောင်းကင်ကို လက်ညှိုးထိုးပြပြီး “ဟိုမှာကြည့်..ဂြိုဟ်သား..” ဟု ပြောသောသူထံမှ လေ့လာချင်သော်လည်း သူ အသေအချာပင် ထိုသူ မဟုတ်ပေ။ အရူးမက ကောင်းကင်ကို ကြည့်ပြီး ငေးငိုင်နေမည် မဟုတ်ဘဲ ဒေါသူပုန် ထသွားပေလိမ့်မည်။
ဆရာသခင် အဆိပ်နဂါးက လမ်းကို ထပ်တားရဲလျှင် အရူးမ၏ မှော်ဒြပ်စင် အမှုန်များအဖြစ် ပြောင်းလဲခြင်း ခံရနိုင်ကြောင်း သံသယမရှိပေ။
အနာဂတ်က ရေရှည်-ကပ်ဘေးနဲ့ယှဉ်ရင် အခုလက်ရှိ ငါ့အသက်ကို ကယ်လိုက်တာ ပိုကောင်းမယ်။ “ဘာမှ မဟုတ်ပါဘူး။” ဆရာသခင် အဆိပ်နဂါးက အလျင်အမြန် ပြောလိုက်သည်။ “တကယ်တော့ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ အဲဒီကောင်က အခုလက်တလော စိတ်မကြည်မလင် ဖြစ်နေတာ။ အဲဒါကြောင့် သူက ငါ့ကို အကူအညီတောင်းခဲ့တယ်။ ကောင်းပြီလေ။ ငါ မင်းတို့ကို အဖော်လိုက်သွားပေးမယ်။”
ရလာဒ်အနေဖြင့် တရားခံ ပါ့ဂ်လီအိုကို “ဖမ်းဆီးလိုက်သော” လူတစ်စုက သစ်သီးနီဟိုတယ်သို့ လမ်းလျှောက်လာခဲ့ကြလေသည်။
ဘက်တီလေးနှင့်အတူ ထွက်ပြေးပြီး အရှုပ်ထုတ်ကို ဂျူလီယာထံ ချန်ထားရန် အသင့်ဖြစ်နေသော ဆရာသခင် အဆိပ်နဂါးက ပိတ်ထားသော တံခါးကို ကန်ဖွင့်လိုက်သောအခါ၌ ကြက်သေသေသွားခဲ့သည်။
ရိုင်းပျသော ညစ်ညမ်းသော အငွေ့အသက်များ ရှိမနေပေ။ ကာမဆက်ဆံမှု လက်ရာမြောက် အနုပညာလက်ရာလည်း မဟုတ်ခဲ့ပေ။ အခန်းထဲရှိ အခြေအနေက တစ်ခုတည်းသာ ဖြစ်၏။ စားသောက်နေခြင်းပင်။
ဇာတ်လိုက်မှာ အစားကြီးသော မစ်-နဂါးနက်ဖြစ်ပြီး ဘေးဖက်မှ ဇာတ်လိုက် မင်းသားကပင် နောက်ခံ ဖြစ်သွားခဲ့သည်။
“(၅)ပွဲမြောက်....” စားစရာထားထားသော အခြေအနေအရ ဆရာသခင် အဆိပ်နဂါးက ပါးပါးနပ်နပ်ပင် အရေအတွက်ကို “၅”အထိ ကျော်လိုက်၏။ ဘာ။ “၄”က ဘယ်လောက်သွားတာလဲ မေးချင်တာလား။ အဲလစ် ပြောခဲ့တဲ့ အတိုင်းပဲ။ ဟုတ်တယ်။ အဲဒါက ထုတ်ပိုးခံလိုက်၇တာ။
“အား...အစ်မတို့အားလုံး ရောက်လာကြတာပဲ....” အိုလီဖီးရက်စ်က ရပ်တန့်လိုက်ပြီး ပလုတ်ပလောင်းနှင့် တီးတိုးပြောလိုက်သည်။ “ပါ့ဂ်လီအိုနဲ့ ကျွန်မက ဟိုတယ်အပြင်ဘက်မှာ အဲလစ်၊ အယ်ဒီလိုင်းတို့နဲ့ တွေ့ခဲ့တယ်။ ကျွန်မ ဗိုက်ဆာရင် နေနေပြီးတော့ တစ်ခုခု စားထားလို့ ရတယ်လို့ ပါ့ဂ်လီအို ပြောခဲ့တယ်။ ကျွန်မလည်း ဗိုက်တအားဆာနေတာနဲ့....အရင် စားလိုက်တာ...”
ဒီစကားက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ ဆရာသခင် အဆိပ်နဂါးက အခြားသူများ လုယူမည်ကို စိုးသည့်အတွက် ပိုမြန်မြန် စားနေသော အိုလီဖီးရက်စ်ကို မြင်လိုက်ရသည့်အခါ ပြောစရာမဲ့သွားခဲ့သည်။ သေချာတယ်။ ဒီကောင်မလေးရဲ့ ဦးနှောက်မှာ အစာအိမ် ရှိနေပြီ။ ဒီလူအုပ်ကြီးက မင်းဆီကနေ စားစရာ လုစားဖို့အတွက် ဖောက်ဝင်လာတာလို့ ထင်လား။
သို့ရာတွင် ဆရာသခင် အဆိပ်နဂါးအတွက် အံ့အားသင့်စရာပင် မစ်-နဂါးနက်ကြောင့် တည်ရှိမှု ကြီးကြီးမားမား ပျောက်ကွယ်နေသော ဗိုက်ပြည့်ကာ မူးနေသည့်လူသားတစ်ယောက်က အမှန်တကယ် မည်သည့် မူမမှန်မှု တစ်ခုမှ မရှိခဲ့ပေ။ သူက “အားတိုးဆေး”ကိုတောင် အေးအေးဆေးဆေး အရသာခံ နေသေးတာလား။
“အသီနာ၊ ဇိုလာ၊ အစ်ဇဘယ်လာ၊ ခီရာ...ဘာလို့ အားလုံး ဒီကို ရောက်လာကြတာလဲ။” မည်သည့်အရာ ဖြစ်သွားကြောင်း ဇာတ်လိုက်မင်းသားက မသိပေ။ သူက မတ်တပ်ရပ်လိုက်၏။ “အဲလစ်နဲ့ အယ်ဒီလိုင်းရောပဲ....”
“ကျွန်မ မင်းသမီးရဲ့ နာမည်ကို နောက်ဆုံးမှ ခေါ်တယ်။” အဲလစ်က ခုန်တက်လာလိုက်သည်။ အခြေအနေကို လုံးဝမသိသော လူသားက ထလိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်သို့ အိုအာလာတစ်ကောင် ရောက်လာခဲ့၏။
ဒါနဲ့ အဲလစ်က အသက်၁၆ ရောက်နေပြီ။ အရင်က လိုလီလေးက အခု ဆယ်ကျော်သက် ဖြစ်တော့မယ်။ ဘာလို့ သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်က သိပ်ပြီးတော့ မပြောင်းရတာလဲ။ နှစ်ထောင်ပေါင်းများစွာကြာအောင် ထူးဆန်းတဲ့ ဦးလေးကြီးတွေဆီက လိုလီလေးကို မကျေနပ်ချက်တွေကြောင့်များလား။ နတ်ဆိုးတွေရဲ့ သက်တမ်းအရှည်ကြီးကို စဉ်းစားရင် ဖြစ်နိုင်လောက်တယ်။ ဒါမှမဟုတ် အဲလစ်က အရွယ်မရောက်သေးတာလည်း ဖြစ်မယ်။
သို့သော်လည်း တော်ဝင်မင်းသမီးလေးကို စိတ်ဓာတ်အကျစေဆုံးက အရပ် မဟုတ်ဘဲ မပြောင်းလဲလာသော ရင်သား ဖြစ်ကြောင်း လူတိုင်း သိကြပေသည်...
အယ်ဒီလိုင်း၏ မေ့တတ်သော မျက်လုံးထဲ၌ မနာလိုသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ [ နဂါးနတ်ဘုရားမျက်လုံး ] မှ ဆင်းသက်လာသော “စိတ်ဝိညာဉ်စိတ်မျက်လုံး”ကို လက်ခံရရှိပြီးနောက် အယ်ဒီလိုင်းက စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး မျက်လုံးမှတဆင့် မြင်နိုင်လာခဲ့သည်။ စိတ်ဝိညာဉ် စိတ်မျက်လုံးက အပိုစွမ်းအားများ ရှိနေပြီး သူ့ကို သာမန်နတ်ဆိုးအရှင်သခင် အဆင့်များထက် သာလွန်သော တိုက်ခိုက်ရေးစွမ်းအားများပင် ပေးစွမ်းခဲ့သည်။ သို့ရာတွင် နာဂါကောင်မလေးအတွက် ထို“အစ်ကို”ကို ထိုမျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းက လုံလောက်နေလေပြီ။
အက်ဂ်ယောက ချန်လွေ့ဖြစ်ကြောင်း အဲလစ် မသိခဲ့ပေ။ ယခင်က အဲလစ်သည် အစ်မဖြစ်သူ၏ ခင်ပွန်းဖြစ်တော့မည့်သူကို သူငယ်ချင်းအားလုံး အရှေ့၌ နှိမ်နေခဲ့သည်။ သို့သော်လည်း အယ်ဒီလိုင်းက ထိုလျို့ဝှက်ချက်ကို ထုတ်ပြောမည် မဟုတ်ပေ။
ယခုတွင် စိတ်အခြေအနေ ပြင်ဆင်ထားခဲ့သော အစ်ဇဘယ်လာသည်ပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ “ပါ့ဂ်လီအို။ ဘာတွေ ဖြစ်နေတာလဲ။”
ဆရာသခင် အဆိပ်နဂါးက တုံ့ပြန်မှုက အတော်လေး မြန်ဆန်လှပြီး ချန်လွေ့ကို လက်ညှိုးထိုးလိုက်၏။ “အား...ဒီလိုပါ။ ဒီကောင်က အခုတလော စိတ်ရှုပ်နေတာ။ ငါက သူ့ကို ကူညီမလို့ပါ။ အခု ကြည့်ရတာ မလိုတော့တဲ့ပုံပဲ။”
အစ်ဇဘယ်လာက အဲလစ်ကို အောက်ချထားလိုက်သော “စိတ်ရှုပ်နေသူ”ကို ကြည့်လိုက်သည်။ “ချန်လွေ့။ အဲဒါ အမှန်ပဲလား။”
“အနည်းနဲ့အများပေါ့။” ချန်လွေ့က ဖြစ်ပျက်ခဲ့သောကိစ္စကို မသိခဲ့ပေ။ သူ့အမြင်၌ အဆိပ်နဂါးက အမှန်တကယ် ကူညီပေးနေခြင်းဖြစ်ပြီး ယခု အတော်လေး အလုပ်ဖြစ်နေပုံရသည်။ ယုတ်စွအဆုံး ရုတ်တရက် ရောက်လာသော မဒမ်-ဒေါ်လေးက သူ့ကို “မင်းသား”ဟု မခေါ်တော့ပေ။
ထိုစကားများ ထွက်လာသည်နှင့် မှော်ဒြပ်စင်များဖြင့် ပစ်မှတ်ထားခံရသော ကပ်ဘေးကြီးတစ်ခု ပျောက်ကွယ်သွားကြောင်း ဆရာသခင် အဆိပ်နဂါးက ရုတ်တရက် ခံစားလိုက်မိသည်။ သူက မျက်ရည်ကျမိလုမတတ် ဖြစ်သွား၏။ အတော်လေး ကောင်းတဲ့ ဒုက္ခသည်ပဲ။ သူက အလှည့်စားခံရပြီးတော့ သက်သေတောင် ကူလုပ်ပေးနေရတယ်...
“ဘာလို့ တံခါးကို ပိတ်ဖို့ လိုတာလဲ။” မဒမ်-ဒေါ်လေးက နောက်ထပ် အဓိက မေးခွန်းတစ်ခုကို မေးလိုက်၏။
“သေရည်နဲ့ ဟင်းပွဲတွေကို အေးအေးဆေးဆေး စားသောက်လို့ ရအောင်လေ...” မစ်-နဂါးနက်၏ အဖြေက ပုံမှန်ပင်ဖြစ်ပြီး အချိန်ကိုက်ကာ ဆရာသခင် အဆိပ်နဂါးအား နောက်ဆုံးသိက္ခာစောင့်စည်းမှုကို လွှတ်ချနိုင် စေခဲ့သည်။
ပလုတ်ပလောင်းနှင့် ဖြစ်နေသော ကောင်မလေးက ဟင်းသီးဟင်းရွက် ၂ပန်းကန်နှင့်အတူ လမ်းလျှောက်လာပြီး မျက်နှာချိုသွေးသော အမူအရာအဖြင့် ရောက်လာခဲ့သည်။ “အစ်မ။ ဒါက အစ်မအတွက် အထူး ချန်ထားတာ။”
နင် စားလို့မကုန်တာ မဟုတ်ဘူးလား.....
အားလုံး၏ အမူရာက အနည်းငယ် ကိုးယိုးကားရား ဖြစ်နေခဲ့သည်။
အစ်ဇဘယ်လာ၏ မျက်လုံးများက နောက်ဆုံးတွင် နူးညံ့သွားခဲ့ပြီး ကောင်မလေးကို ကြည့်လိုက်သည်။ သူက ကောင်မလေး၏ခေါင်းကို ထိလိုက်ပြီးနောက် ချန်လွေ့ကို ပြောလိုက်သည်။ “ဟိုတစ်ယောက်။ အိမ် အရင်ပြန်နှင့်။”
ထိုတစ်ယောက်က မျက်ရည်များဖြင့် ထရပ်လိုက်၏။ အိမ်ပြန်တော့တဲ့။ ဒီလို နွေးထွေးတဲ့စကားကို မကြားရတာ အတော်လေး ကြာပြီ။ မဒမ်-ဒေါ်လေးရဲ့ အသံက အေးစက်စက်ဖြစ်နေတယ် ဆိုရင်တောင်မှပေါ့။
“ဒါဆို ငါမင်းကို အဖော်မလုပ်ပေးတော့ဘူး။” ဆရာသခင် အဆိပ်နဂါးက ချွေးများကို သုတ်လိုက်ပြီး မစ်-မြနဂါးနှင့် အစ်မကြီး နဂါးနက်တို့ကို ထိုင်စေကာ နဂါးစားပွဲကို ဆက်လက် ပြုလုပ်ကြတော့သည်။ ကြင်ရာတော်မင်းသား၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ပါ့ဂ်လီအိုက သက်ပြင်းချလိုက်၏။ ဒီလောက် အများကြီး လေ့ကျင့်ပြီးတော့ အားထုတ်ခဲ့တာတောင် အဆုံးသတ်မှာတော့ အလကား ဖြစ်သွား၇တယ်။
“ဘာလို့ ဒီလိုမျိုး ကြည့်နေတာလဲ။ ကိုယ် ဘာလုပ်မိလို့လဲ။” ချန်လွေ့က မဟာမိတ် အမျိုးသမီး(၄)ယောက်၏ မကြင်နာသော အကြည့်ကို ခံစားမိလိုက်ပြီး အပြစ်ကင်းသည့်ပုံစံဖြင့် မေးလိုက်သည်။ အမှန်တကယ်၌ သူက အပြစ်မရှိပေ။ ယခင်နေ့ရက်များအတွင်း သူက ဖွင့်ပြောရာ၌ ကျရှုံးခဲ့ပြီး အေးစက်သော ဆက်ဆံမှုများ ရရှိခဲ့သည်။ နောက်ဆုံး၌ သူက ခီရာကို ချိန်းတွေ့ရန် ပြောနိုင်ခဲ့သော်လည်း သူက ခီရာအား စောင့်နေရစေခဲ့သည်။
“ရှင် တကယ် လွန်သွားပြီ။ ခီရာက ရှင့်ကို ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ပိုင်းဆင်ခြေဖုံးက မြစ်ဘေးမှာ ၄နာရီနီးပါး စောင့်နေခဲ့တာ။”
“အနောက်ပိုင်းဆင်ခြေဖုံးက မြစ်မှာလား။” ချန်လွေ့က အံ့အားသင့်သွားပြီး မျက်လုံးများနီနေကာ စိတ်ထိခိုက်နေသော အစေခံမလေးအား ကြည့်နေလိုက်၏။ “တောင်ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ စိမ်းလန်းတောင်မှာ တွေ့မယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
ထိုစကား ထွက်လာသည်နှင့် အမျိုးသမီး လေးယောက်လုံးက အံ့အားသင့်သော အမူအရာများ ပြသလိုက်ကြသည်။
အဆိပ်နဂါးက ဟိုတယ်အခန်းထဲ၌ သေရည် သုံးလေးငုံ သောက်ပြီးနောက် ရင်ထဲမှ စိတ်ဓာတ်ကျခြင်း အများစု လျော့ပါးသွားခဲ့သည်။
“ဒါနဲ့ အိုလီဖီးရက်စ်။ ချန်လွေ့က တကယ်ပဲ အဲဒီ “အားတိုးဆေး”ပုလင်းကို သောက်ခဲ့တာ သေချာလား။”
“အင်း...” မစ်-နဂါးနက်က ပုံမှန်ပင် ပြန်ဖြေလိုက်ပြီးနောက် ခေါင်းငုံ့ကာ ဆက်လက်၍ ပန်းကန်များကို အပြောင်ရှင်းနေလိုက်သည်။
ပါ့ဂ်လီအိုက မျက်မှောင်ကြုတ်လိုက်၏။ ဒီလူသားရဲ့ ခန္ဓာအမျိုးအစားက ကာမရမ္မက် လိုအင်ဆန္ဒကို လျစ်လျူရှုနိုင်တဲ့အထိတောင် ကောင်းနေတာလား။ မဖြစ်နိုင်ဘူး။ တစ်ခုခုပဲ ဖြစ်ရမယ်။ ဒီလိုမျိုး ချစ်သူကို တန်ဖိုးထားတဲ့သူက လုံးဝ မဖြစ်နိုင်ဘူး။
အဆိပ်နဂါးက သံသယ ဝင်နေခဲ့သည်။ သူက လျှောက်လာပြီး ချန်လွေ့ သောက်၍ မပြီးသွားသော ဖျော်ရည်ပုလင်းကို ကောက်ယူကာ သေသေချာချာ အနံ့ခံကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ “သွားးပြီ! ဒီထဲမှာ ခရမ်းသစ်ခွနှလုံးသားမြက်နဲ့ စိတ်ကြွပန်း အနံ့ မရှိဘူး။ အိုလီဖီးရက်စ်။ ဘာဖြစ်သွားခဲ့တာလဲ။ ငါမင်းကို ပေးလိုက်တဲ့ အားတိုးဆေးပုလင်းကော။”
အိုလီဖီးရက်စ် အံ့အားသင့်သွား၏။ သူက တုံ့ပြန်ရန် အချိန် အတော်လေး ယူခဲ့ပြီးနောက် မေးသွားပုံရသည်။ “ကျွန်မ...သောက်လိုက်တယ် ထင်တယ်။”
“ဘာပြောတယ် !!” ထိုအဖြေက ပါ့ဂ်လီအိုကို တုန်လှုပ်သွားစေပြီး သူ ထခုန်လိုက်၏။ “မင်း တကယ် သောက်လိုက်တာလား။”
“အင်း...” ယခုတစ်ခေါက် ကောင်မလေးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ပါ့ဂ်လီအိုက သွေးတစ်အုပ် အန်မိလုမတတ် ဖြစ်သွားခဲ့သည်။ “အဲဒါကို ယောက်ျားတွေပဲ သောက်လို့ရတယ်လို့ မပြောခဲ့ဘူးလား။”
“ဒါပေမဲ့ အဲဒါက စျေးကြီးပြီးတော့ အရသာရှိတယ်လို့ ပြောခဲ့တယ်လေ။” အိုလီဖီးရက်စ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“ငါတော့ ဒုက္ခရောက်ပြီ။ နဂါးဘုရားသခင် !! ကျွန်တော်မျိုးတော့ ဒီတစ်ခေါက် တကယ် ဒုက္ခရောက်ပြီ။” ဆရာသခင် အဆိပ်နဂါးက ကောင်းကင်ကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ မစ်-နဂါးနက်က တကယ်ကြီး အဲဒီ “အစွမ်းထက်အားတိုးဆေး”ကို သောက်လိုက်တယ်။
ဒီအားတိုးဆေးက တော်တော်လေး အစွမ်းထက်တယ်။ သင်းကွပ်ဘောင်းဘီနဲ့ အကျဉ်းချခံထားရပြီးတော့ အပြစ်ပေးခဲ့ထားရတဲ့ နဂါးပြာ ဒန်နီရယ်တောင် အဲဒါရဲ့ သက်ရောက်မှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ပြီးတာတောင် အစ်မကကြီး နဂါးနက်က သူ့ခန္ဓာကိုယ်ကို သုံးပြီးတော့ “အဆိပ်ဖြေ”ပေးရသေးတယ်။ တကယ်လို့ အိုလီဖီးရက်စ်သာ အားလုံးကို သောက်လိုက်တယ်ဆိုရင် အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ အက်ဂ်လက်စ် သိသွားတာနဲ့....
ဂျူလီယာနဲ့ ခရိုဘဲလက်စ်တို့ကလည်း ပြဿနာ၏ လေးနက်မှုကို နားလည် သွားကြသည်။ သူတို့က ထိတ်လန့်သွားကြ၏။ အထူးသဖြင့် ဆေးအစွမ်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသော ဂျူလီယာက ဖြစ်သည်။ သူ၏နောက်ကျောက ချွေးများ စိုနေခဲ့သည်။ “အိုလီဖီးရက်စ်။ နင် အခု ဘယ်လို ခံစားရလဲ။ ခန္ဓာကိုယ်က နည်းနည်းပူလာလား။ မူးနောက်နောက် ဖြစ်သေးလား။”
“အခု ပြောမှပဲ...နည်းနည်း ပူလာသလိုပဲ။” မစ်-နဂါးက စတင်၍ မီးလောင်ရာ လေပင့်တော့သည်။ “ဘာလို့ ဒီလောက် ပူရတာလဲ။ အိုး..ခေါင်းက မူးနောက်နာက် ဖြစ်လာသလိုပဲ။”
“အခု ငါတို့ ဘာလုပ်ကြမလဲ။” ဂျူလီယာက အော်ငိုလုမတတ် ဖြစ်သွား၏။
“အဲဒီလူသားကို အခုပဲ ပြန်ခေါ်ခဲ့။ ဘာနည်းလမ်းပဲ သုံးရသုံးရ ကိစ္စမရှိဘူး။” ပါ့ဂ်လီအိုက ထခုန်လိုက်၏။ “မဟုတ်ရင် ဆာ-နဂါးဧကရာဇ်ကြောင့် အပိုင်းပိုင်း စုတ်ဖြဲခံရမှာ။”