စာအုပ်ပေါင်းချုပ်ခန်းမ၌ မူမမှန်မှု
Vol. 48 Ch. 776
တစ်ဖနီဟူသော နာမည်က သွေးရောင်အင်ပါယာ ကုန်စည်ပြပွဲ၌ ချန်လွေ့ ဆုံတွေ့ခဲ့ဖူးသော မျက်နှာလွှားနှင့် ဆံပင်အပြာရှိသော ကောင်မလေး တစ်ယောက်ကို သတိရသွားစေသည်။ သူက ရင်းနှီးသော အငွေ့အသက်တစ်ခု ရှိနေပြီး အလွယ်တကူ အမြင်ကောင်း ရရှိစေနိုင်သည်။ ထိုစဉ်က ချန်လွေ့သည် ကိုယ်တိုင်ပြုလုပ်ထားသော လက်ကိုင်ဂိမ်းတစ်ခုဖြစ်သည့် “အမှားက စုလာပြီး မှန်လျှင် ပျောက်ကွယ်သော” ကို ကြော်ငြာခဲ့သည်။ အင်း....တစ်ဖနီကို အတော်လေး စိတ်ဝင်စားစေနိုင်တာက တက်ထရစ်ဂိမ်း ပဲ။
ထို့နောက် ချန်လွေ့က နိတ်နှင့်အတူ တတိယဗိုလ်ချုပ် အဒီလိုက်၏ မွေးနေ့ပွဲသို့ ရစ်ချစ်အနေဖြင့် လိုက်သွားခဲ့သည်။ မွေးနေ့ပွဲအတွင် အထူး ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ မင်းသားငယ် တဲရစ်က မဟာမင်းသား အလီရက်စ်နှင့် ဒုတိယမင်းသာ အက်မန်းတို့၏ တိုက်ခိုက်မှုတစ်ခုထဲတွင် အရေးပါသောသူတစ်ယောက်ကို သတ်ပစ်ခဲ့သည်။ သူက အခွင့်အရေးကို အသုံးချပြီး တစ်ဖနီအား ချစ်ခွင့်ပန်ခဲ့သော်လည်း တစ်ဖနီက ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ ထို့နောက် တဲရစ်က မီးဖိုနက်ထဲသို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရန် ဝင်ရောက်သွားခဲ့ပြီး လေ့ကျင့်နေခဲ့သည်။
နောက်ပိုင်း ချန်လွေ့က ဆက်ခ်ရက်တောင်သို့ သွားခဲ့ပြီး တစ်ဖနီဟု သူ သံသယဝင်ခဲ့သော စေတန်၏ တပည့်နှင့် ယုံကြည်သူ ဖြစ်ကာ လျို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့သည်။ သူက ယခင် တစ်ဖနီကဲ့သို့ မဟုတ်ဘဲ ရက်စက်နေခဲ့၏။
အခု ပြန်စဉ်းစားကြည့်လိုက်တော့မှ နတ်ဆိုးဘုံရဲ့ ဖရိုဖရဲဖြစ်မှုတွေကို ထိန်းချုပ်ထားခဲ့တဲ့ သွေးမြေကျအဖွဲ့ ခေါင်းဆောင်က တစ်ဖနီကို ချစ်ခွင့်ပန်ခဲ့တာ တကယ်ပဲ သူ့အချစ်ကို ပြသဖို့လား။ ဒါမှမဟုတ် မီးဖိုနက်ထဲ ဝင်ဖို့အတွက် ဆင်ခြေတစ်ခုခုပဲလား။ ဒါမှမဟုတ် တခြားတစ်ခုခုလား။ အခု တဲရစ်က သေသွားပြီဆိုတော့ ဒါကလည်း ပဟေဠိတစ်ခု ဖြစ်သွားပြီ။
“ဆာ-အက်ဂ်ယော...” ရိုင်ဇန်၏ အသံက ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်၏။
ချန်လွေ့က သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ “ခင်ဗျား အင်ပါယာက ယန္တရားအစည်းအရုံးရဲ့ စာအုပ်ပေါင်းချုပ်ခန်းမက နတ်ဆိုးဘုံမှာ နာမည် ကျော်ကြားတယ်။ စတုတ္ထအလွှာက အကြီးမားဆုံး လျို့ဝှက်ဆန်းကြယ်မှုလို့ ပြောကြတယ်။ ဒါပေမဲ့ ကျုပ်က ကြားပဲ ကြားဖူးတာ။ အထဲမှာ ဘယ်လိုမျိုး လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိတာလဲဆိုတာ မသိဘူး။ ပြီးတော့လည်း အဲဒီကို ဝင်ဖို့အတွက် ဘာလို့ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် လိုတာလဲဆိုတာ အဖြေရှာဖို့ လိုသေးတယ်။ ပြီးတော့ မစ်-တစ်ဖနီက ဘယ်သူလဲ။ အဲဒီထဲမှာ သူ ဘာဖြစ်ခဲ့တလဲ။ ဒါမှမဟုတ် ကျုပ်ရဲ့မိတ်ဆွေ ဝင်သွားရင် ဘာဖြစ်မလဲ ဆိုတာတွေပေါ့။”
“စာအုပ်ပေါင်းချုပ်ခန်းမက သမိုင်းကြောင်း အရှည်ကြီး ရှိပြီးတော့ သူ့ရဲ့ အတည်ပြုနိုင်တဲ့ နှစ်တွေက နှစ်ပေါင်း သိန်းနဲ့ချီတယ်။ စတုတ္ထအလွှာကတော့... အတိအကျပြောရမယ်ဆိုရင် တိုင်းပြည်နဲ့ ဆင်တူတဲ့ နေရာတစ်ခုပဲ။ လျို့ဝှက် ဆန်းကြယ်ပြီးတော့ ကျပြန့်တဲ့စွမ်းအား ရှိနေတယ်။ အပြင်လူတွေက အထဲကို ဝင်ဖို့အတွက် မှော်ပစ္စည်းတချို့ရဲ့ အထောက်အပံ့ကို မှီခိုရတယ်။ ပြီးတော့ အချိန် အကန့်အသတ်လည်း ရှိသေးတယ်။ မဟုတ်ရင် သူတို့က အဲဒီ ပြင်းထန်တဲ့ စွမ်းအားကြောင့် ချေမှုန်းခံရလိမ့်မယ်။”
ရိုင်ဇန် ပြောခဲ့သည်ကို အလိမ်အညာ မဟုတ်ကြောင်း ချန်လွေ့ သိသည်။ အသိပညာနှင့် နားလည်သဘောပေါက်မှုအတွက် လောဘကြောင့် စတုတ္ထအလွှာ၌ သုတ်သင်ခံခဲ့ရသော ယန္တရားဆရာသခင်များမှာ သေချာပေါက် တစ်ယောက်ထက် ပိုပေသည်။ စတုတ္ထအလွှာသို့ ဝင်ရောက်ပြီး ဆက်ခ်ရက် တောင်တန်းကို သူ ရှာဖွေခဲ့စဉ်က အရေးကြီးအခိုက်အတန့်၌ အချိန် ဥပဒေသကို အသုံးပြုခဲ့ခြင်းသာ မရှိခဲ့လျှင် တိုင်းပြည်စွမ်းအားကြောင့် ချေမှုန်းခံလိုက်ရမည် ဖြစ်ပေသည်။
“တစ်ဖနီကတော့...” ရိုင်ဇန်က ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “သူက မန်မွန်တော်ဝင်မိသားစုရဲ့ တော်ဝင်သွေးမျိုးဆက်ပဲ။ စွမ်းအားတစ်ခုကို လေ့ကျင့်ဖို့အတွက် သူက လွန်ခဲ့တဲ့ ရက်၄၀ကျော်တုန်းက စာချုပ်ပေါင်းချုပ် ခန်းမထဲကို ဝင်သွားခဲ့တာ။ နဂိုက သတ်မှတ်ထားတဲ့အချိန်က တစ်လပဲ။ ဒါပေမဲ့ သူက အခုအထိ မထွက်လာသေးဘူး။ ယန္တရားပညာရှင်တွေကလည်း လေ့လာဖို့နဲ့ ရှာဖွေဖို့အတွက် ပိတ်ထားတဲ့ စတုတ္ထအလွှာကို ဝင်ရောက်ကြတယ်။ ပိတ်ထားတာကို အတင်းဖွင့်ဖို့ဆိုရင် တိုင်းပြည်အဆင့် ရှိမှပဲ ရတယ်။ အဲဒါကြောင့် တစ်ဖနီကို ဘေးကင်းကင်းနဲ့ ခေါ်ထုတ်နိုင်ဖို့အတွက် မင်းရဲ့ တိုင်းပြည်အဆင့် မိတ်ဆွေကို ငါ ဖိတ်ခေါ်ချင်တာ။”
“သဘောပေါက်ပြီ။” ချန်လွေ့က ခဏစဉ်းစားလိုက်၏။ “ဒါပေမဲ့ မစ်-တစ်ဖနီက အသက်ရှင်နေသေးတယ်ဆိုတာ အရှင်မင်းကြီး သေချာလား။”
ရိုင်ဇန်က ပြန်ဖြေ၏။ “သေချာတယ်။”
“သွေးရောင်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာက စီးပွားရေး တိုးတက်ဖို့အတွက် မဟာမိတ်တွေ ဖြစ်လာဖို့ ကျုပ် အတော်လေး မျှော်လင့်နေပေမဲ့ ဒီအတွက် အဓိကသော့ချက်က ကျုပ်မိတ်ဆွေရဲ့ ဆန္ဒအပေါ်မှာ မူတည်တယ်။ သူက ဆန္ဒမရှိရင် ကျုပ်လည်း ဘာမှ မလုပ်နိုင်ဘူး။ ကျုပ် သူနဲ့ ဆွေးနွေးရဦးမယ်။”
ထိုအချိန်၌ အစောင့်တစ်ယောက်က သတင်းလာပို့၏။ “အရှင်မင်းကြီး။ ဆာ-ရာဂီထရီက ယန္တရားအစည်းအရုံးအကြောင်း အရေးပေါ်သတင်း ပို့ဖို့အတွက် အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်။”
ရိုင်ဇန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ချန်လွေ့က အမြန် စဉ်းစားပြီး ပြောလိုက်သည်။ “ဒီသတင်းက ခုနက အရှင်မင်းကြီး တောင်းဆိုတာနဲ့ ဆက်နွှယ်နေလောက်တယ်။ ကျုပ် မရှောင်နေလို့ ရမလား။”
ရိုင်ဇန်က အစောင့်ကို ပြောလိုက်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “ရာဂီထရီကို ဝင်လာပြီး သတင်းပို့ခိုင်းလိုက်။”
ယန္တရားအစည်းအရုံးကို စုံစမ်းစောင့်ကြည့်ရန် ရိုင်ဇန် စေလွှတ်ထားခဲ့သော ရာဂီထရီက ယခုတစ်ခေါက် သတင်းဆိုး သယ်လာခဲ့သည်။
ယနေ့မနက်တွင် စာအုပ်ပေါင်းချုပ်ခန်းမ၌ မူမမှန်သောအရာတစ်ခု ဖြစ်သွားခဲ့သည်။ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ သူရိယ အပါအဝင် ယန္တရား ပညာရှင် အများအပြားက ရှင်းပြ၍ မရဘဲ သတိလစ်သွားကြကာ ဆေးရည်ပညာရှင် အစည်းအရုံးမှ ဆေးရည်ဆရာသခင်များက အမြန် ရောက်လာပြီး ကုသကြသော်လည်း အကူအညီ မဖြစ်ခဲ့ပေ။
“ဘာ...” ရိုင်ဇန်က တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်၏။ “ရာဂီထရီ။ အခြေအနေကို အကျယ်ချဲ့မသွားအောင် သတင်းကို အရင်ဆုံး ပိတ်ဆို့ထားလိုက်။ ငါ အခုပဲ ယန္တရားအစည်းအရုံးကို သွားမယ်။”
သူရိယ သတိလစ်နေကြောင်း ကြားသည့်အခါ ချန်လွေ့က မတ်တပ် ရပ်လိုက်၏။ “အရှင်မင်းကြီး စိတ်မရှိဘူးဆိုရင် ကျုပ်လည်း သွားကြည့်ချင်တယ်။”
“ရတာပေါ့။”
ခဏအကြာ၊ ရိုင်ဇန်၊ ချန်လွေ့နှင့် အခြားသူများက ယန္တရားအစည်းအရုံးသို့ အမြန်ရောက်လာခဲ့ကြသည်။
၎င်းက ချန်လွေ့၏ မှတ်ဉာဏ်ထဲမှ အလွန်ကြီးမားသော ယန္တရားအစည်းအရုံး ဖြစ်နေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်၌ အပြင်ဘက် နေရာများတွင် အစောင့်စစ်သည်များ ပြည့်နှက်နေခဲ့သည်။ မည်သည့် အဝင်အထွက်ကိုမဆို တားမြစ်ထား၏။
ဥက္ကဋ္ဌ သူရိယ၏ ဇနီးဖြစ်သူ ယန္တရားဆရာသခင်မ မာဗင်နာက ယန္တရား ပညာရှင်များကို ဦးဆောင်ပြီး ရိုင်ဇန်ကို အရိုအသေ ပြုလုပ်သည်။ သူ၏ မျက်နှာပေါ်၌ ဖုံးကွယ်၍မရသော စိုးရိမ်မှုတစ်ခု ရှိနေသည်။ ပြောရမည်ဆိုလျှင် ချန်လွေ့က မာဗင်နာနှင့် သူရိယတို့၏ မြားနတ်မောင် ဖြစ်ခဲ့သည်။ အချိန်အတော်ကြာ မတွေ့ခဲ့ရသော “ဆရာမ”ကို တွေ့ရသည့်အခါ ချန်လွေ့က နှလုံးသားထဲ၌ လှိုက်လှဲသော ခံစားချက်တစ်ခု ရရှိသွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူရိယနှင့် သူ့ဇနီးက သူ့လို“တပည့်”ကို စိတ်ရင်းနှင့် ဆက်ဆံပေးခဲ့၏။
ဆရာသခင်မ မာဗင်နာ ပြောသည့်အတိုင်းဆိုလျှင် ဆရာသခင် သူရိယနှင့် အခြား ယန္တရားဆရာသခင် နှစ်ယောက်က မနက်တွင် စာအုပ်ပေါင်းချုပ်ခန်းမ တတိယအထပ်၌ အချက်အလက်များကို ဖတ်ရှုနေခဲ့ကြသည်။ သူတို့က ယခင်က လေ့လာခဲ့ကြသော မှော်ရုပ်မြင်သံကြား အချက်ပြ လက်ခံပစ္စည်း၏ တည်ဆောက်ပုံကို ဆွေးနွေးနေခဲ့ကြပြီးနောက် ရုတ်တရက် သတိလစ်သွားခဲ့၏။ တချိန်တည်းမှာပင် ဒုတိယထပ်နှင့် ပထမထပ်မှ ယန္တရားပညာရှင်များကလည်း တစ်ခုခုဖြင့် တိုက်ခိုက်ခံရသကဲ့သို့ပင် တူညီသော အခြေအနေများ ဖြစ်သွားကြသည်။ နောက်တွင် အားလုံးက စာအုပ်ပေါင်းချုပ် ခန်းမထဲသို့ သေသေချာချာ ဝင်ရောက်ပြီး ဆရာသခင်သူရိယနှင့် အခြားသူများကို ခေါ်ထုတ်လာခဲ့ကြလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် မနက်က ဖြစ်ခဲ့သည့်အတိုင်း ပြန်ဖြစ်ပြန်၏။ နောက်ထပ် လူတစ်စု သတိလစ်သွားပြန်သည်။ လက်ရှိ၌ စာအုပ်ပေါင်းချုပ် ခန်းမကို သီးသန့်ထားထားပြီး ယန္တရားပညာရှင်များက အနားမကပ်ရဲကြတော့ပေ။
ရိုင်ဇန်၏အကြည့်က အနည်းငယ် လှုပ်ရှားသွားပြီး အဝေးမှ စာချုပ်ပေါင်းချုပ် ခန်းမကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “မင်း ခံစားမိလား။ ဆာ-ရက်ပစ်ပက်။”
အပျော်တွင် ဝင်ပါရန် ချန်လွေ့နှင့်အတူ ယန္တရားအစည်းအရုံးသို့ လိုက်လာခဲ့သော ရေဘဝဲဘုရင်က ခေါင်းညိတ်လိုက်၏။ “လက်ကျန် ဥပဒေသ အငွေ့အသက်က အားနည်းပေမဲ့ သန့်စင်ပြီး အစွမ်းထက်လွန်းတယ်။ အက်ဂ်ယော။ ဒီနေရာကို ငါ ရုတ်တရက် စိတ်ဝင်စားသွားပြီ။ မင်းပြောခဲ့တဲ့ ကိစ္စကို ငါ ကတိပေးသင့်တယ် ထင်တယ်။”
ချန်လွေ့၏ စိတ်က အနည်းငယ် ဝမ်းသာသွားခဲ့၏။ “ခင်ဗျား တကယ် စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့ အတူ သွားလို့ရတယ်။”
ရိုင်ဇန်က အနည်းငယ် စဉ်းစားပြီး မာဗင်နာကို ပြောလိုက်သည်။ “ဆရာသခင် မာဗင်နာ။ လိုက်ခဲ့ပါ။ ဆရာသခင် သူရိယဆီ အရင်သွားရအောင်။”
လူတစ်စုက ယန္တရားအစည်းအရုံး ဧည့်ခန်းသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာ၌ လှဲနေကြသော သတိလစ်နေသူ ယန္တရားပညာရှင် အများအပြား ရှိနေသည်။ အတွင်းဘက်ဆုံးအခန်း၌ ချန်လွေ့က “ဆရာ”ဟောင်း သူရိယကို တွေ့လိုက်ရသည်။ သူရိယ၏ မျက်နှာအမူအရာက မီးခိုးရောင်ဖြစ်နေပြီး အသက်ရှူသံ အားနည်းနေသည်။ သူရိယအပြင် မျက်မှန်အနီရောင်နှင့် မိန်းမလှလေး တစ်ယောက်လည်း ရှိနေ၏။ ထိုမိန်းကလေးက သူရိယ၏ သမီးဖြစ်သူ ဘလူအန်ပင် ဖြစ်လေသည်။
“အရှင်မင်းကြီး...” ရိုင်ဇန် ရောက်လာသည်ကို မြင်သည့်အခါ ဘလူအန်က အလျင်အမြန် အရိုအသေပြုလိုက်၏။
ရိုင်ဇန်က ခေါင်းညိတ်ပြီး ဆေးရည်ပညာရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဝယ်လ်ဆန်ကို မေးလိုက်သည်။ “ဆရာသခင် ဝယ်လ်ဆန်။ ဆရာသခင် သူရိယ အခြေအနေ ဘယ်လိုရှိလဲ။”
ဆရာသခင် ဝယ်လ်ဆန်က သက်ပြင်းချလိုက်၏။ “ဆရာသခင် သူရိယက ထူးဆန်းတဲ့ အမှောင်ဒြပ်စင်စွမ်းအားကြောင့် တိုက်စားခံရတာ ဖြစ်လောက်တယ်။ သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်က ကွဲထွက်နေသလို ဖြစ်နေပြီးတော့ သူက သတိမရလာ နိုင်တော့ပေ။ သူ့ဝိညာဉ်စွမ်းအားကလည်း အားနည်းနေတုန်းပဲ။ ဒီအခြေအနေက... ဆေးရည်တွေ၊ ကုသနည်းတွေ အလုပ်မဖြစ်နိုင်တော့ဘူး။ တကယ်လို့ သူ့ဝိညာဉ်က အချိန်ကြာလာတာနဲ့အမျှ ပြိုလဲသွားမယ်ဆိုရင် ဒဏ္ဍာရီထဲက ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကတောင် သူ့ကို မကယ်နိုင်တော့ဘူး။ ဆရာသခင် သူရိယတင် မဟုတ်ဘူး။ တခြားသူတွေ အားလုံးကလည်း ဒီလိုမျိုး တိုက်စားခံနေရတယ်။ ကျုပ် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။”
ဘလူအန်၏ မျက်မှန်က ဝေဝါးသွားခဲ့ပြီး မျက်ရည်စက်များက တစ်စက်ချင်း ကျလာခဲ့သည်။ သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ဆရာသခင်မ မာဗင်နာ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆပ်ကိုင်ထားလိုက်၏။
“ဟီဂယ်..” ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်အား ဘေးဖက်သို့ ဆွဲလိုက်သည်။ “ဒီလို အမှောင်ဒြပ်စင်စွမ်းအားမျိုးကို ခင်ဗျား ကုသနိုင်လား။”
အင်ပါယာအကြား၌ သဘောတူညီချက် ရှိရှိ မရှိရှိ၊ ချန်လွေ့က ကိုယ်ရေးကိုယ်တာ အကြောင်းရင်းများကြောင့် ထိုင်ကြည့်မနေနိုင်ပေ။
“ဇစ်မြစ်က ဥပဒေသစွမ်းအားလို့ ရက်ပီပစ် ပြောခဲ့ပြီးပြီ။ အမြစ်ကို မဖြတ်တောက်ရန် ဒီသက်ရောက်မှုကို ပယ်ဖျက်ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုမျိုးစွမ်းအား အသက်ဝင်လာမှာကိုတော့ ငါ ထိန်းချုပ်နိုင်သေးတယ်....” ဟီဂယ်က ရုတ်တရက် နှာမှုတ်လိုက်၏။ “မင်းက ဘာလို့ ရုတ်တရက် စပ်စုချင်ရလဲဆိုတာ ငါ မသိဘူး။ မင်း တစ်ခုခု မေ့နေပြီလား။ မင်းအပေါ်မှာ တင်နေခဲ့ အကြွေးတွေကို ငါ ဆပ်ပြီးပြီ။”
ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “ခင်ဗျား ဒါကို ခန်းမထဲမှာလည်း ပြောပြီးပြီ မဟုတ်လား။ ဒီလို ကျေးဇူးဆပ်တာက မတန်ဘူးလေး။ အဲဒါကြောင့် ကျုပ်ကို ထပ်ကူညီပေးပါ။ အမှောင်ဒြပ်စင်ကောင်တွေက ကြင်နာမှုနဲ့ အမုန်းတရားကို သေသေချာချာ ခွဲခြားနိုင်တယ်ဆိုတာ ကျုပ် မှတ်မိတယ်။”
ဟီဂယ်က ချန်လွေ့ကို အေးစက်စွာဖြင့် ကြည့်လိုက်၏။ “ဒီလို လှည့်ကွက်မျိုးက အသုံးမဝင်ဘူး။ မင်းငါ့ကို အကူအညီတောင်းမယ်ဆိုရင် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမယ်။ မင်း ငါ့ရဲ့ လိုအပ်ချက်တစ်ခုကို သဘေတူမယ် ဆိုရင်ကော။”
“ကျုပ်က ဂုဏ်ယူရမှာလား။ ကျုပ်က မိတ်ဆွေလည်း မဟုတ် ရန်သူလည်း မဟုတ်ဘဲ..... လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပေါ့။” ချန်လွေ့က အသာလေး ပြုံးလိုက်၏။
မျက်နှာဖုံး ဝတ်ထားသော်လည်း ဟီဂယ်က ချန်လွေ့၏ မျက်နှာပေါ်၌ စိတ်ရှုပ်စရာအပြုံးကို ခံစားမိနေသေးသည်။ “ဟမ့်။ နောင်တမရစေနဲ့။”
အမှောင်ဒြပ်စင်ဘုရင်က လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ လက်ထဲမှ ဇစ်မြစ်အပိုင်းအစ “အိပ်မက်ဆိုးကွင်း”က အနက်ရောင်အငွေ့များ ရေးရေးလေး ထွက်လာခဲ့သည်။ အနက်ရောင်အငွေ့က သူရိယနှင့် ယန္တရားပညာရှင်များ၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားခဲ့ပြီး ခဏအကြာတွင် သူတို့၏ မျက်နှာပေါ်၌ အသက်ဓာတ်များ ပြန်ရလာခဲ့သည်။ အားနည်းနေဆဲ ဖြစ်သော်လည်း သူတို့၏ ဝိညာဉ်များ အဆက်မပြတ် အားနည်းသော အခြေအနေ ပျောက်ကွယ်သွား၏။
ချန်လွေ့နှင့် ဟီဂယ်တို့ ခုနက ပြောခဲ့သည်ကို ကြားလိုက်ပြီးနောက် ရိုင်ဇန်က ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဆာ-အက်ဂ်ယော။”
မာဗင်နာနှင့် ဘလူအန်တို့ကလည်း မျက်ရည်များကျလျက် ချန်လွေ့ကို အလျင်အမြန် အရိုအသေပြုလိုက်ကြ၏။ ချန်လွေ့က လက်ရှိအခြေအနေ၌ အများကြီးပြော၍ မရသည့်အတွက် ခေါင်းကိုသာ ပြန်ညိတ်ပြလိုက်သည်။
“ဟုတ်ပြီ။ ဟီဂယ်က ဒီမှာနေခဲ့ပြီးတော့ ဒီလူတွေကို တည်ငြိမ်အောင် လုပ်ပေးလိမ့်မယ်။ အက်ဂ်ယော။ စာအုပ်ပေါင်းချုပ်ခန်းမကို သွားကြည့်ရအောင်။” စကားပြောရန် စိတ်အားထက်သန်နေသော ရေဘဝဲဘုရင်က ပြောလိုက်၏။ “ငါ မင်းကို ကျေးဇူးပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်။”
“ကျုပ်က အကြွေးရှင် ဖြစ်သွားသလိုပဲ။ နေရာတိုင်းမှာ ကျုပ်ကို အကြွေးဆပ်တဲ့ သူတွေ ရှိနေတယ်။” ချန်လွေ့က ပြုံးလိုက်သည်။ “ ဒါပေမဲ့ အဲဒီနေရာအပေါ် ခင်ဗျားရဲ့ စိတ်ဝင်စားမှုက “ကျေးဇူးပြန်ဆပ်တာ”နဲ့ မညီမျှဘူး မဟုတ်လား။”
ရေဘဝဲဘုရင် ပြုံးဖြီးဖြီး လုပ်လိုက်၏။ “သွားရအောင်။ တွက်ချက်တဲ့ကောင်။”
ရိုင်ဇန်က တစ်စုံတစ်ယောက်အား လက်ရေးမြေပုံနှင့် ဝတ်ရုံ၊ မျက်မှန် နှစ်စုံကို ပေးခိုင်းလိုက်သည်။ “ဒါက စာအုပ်ပေါင်းချုပ်ခန်းမရဲ့ မြေပုံပဲ။ စတုတ္ထအလွှာရဲ့ ဝင်ပေါက်က ရှာဖို့ မခက်လောက်ဘူး။ ဒါပေမဲ့ တံခါးက ပိတ်နေတယ်။ ဖွင့်တဲ့သူရဲ့ သွေးနဲ့တောင် တံခါးက ပွင့်မလာဘူး။ ထူးဆန်းတဲ့ ဆာ-အက်ဂ်ယောမှာ တခြားနည်းလမ်းတွေ ရှိလောက်မှာပါ။ မဟုတ်ရင်တော့ ဆာ-ရက်ပီပစ်ရဲ့ ခွန်အားကိုပဲ သုံးပြီးတော့ ဖောက်ဖွင့်ရမယ်။ ပြီးတော့ သာမန်ယန္တရားပညာရှင်တွေက အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ တခြားအားတစ်မျိုးရဲ့ ထိခိုက်မှု မခံရဖို့အတွက် ဒီပစ္စည်းနှစ်ခုကို ဝတ်ပြီးမှ စတုတ္ထအလွှာထဲကို ဝင်ရမယ်။ ဒီပစ္စည်းနှစ်ခုက မင်းတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရေဘဝဲဘုရင်က ထိုအရာများကို ဂရုမစိုက်ပေ။ ချန်လွေ့က ဝတ်ရုံနှင့် မျက်မှန်များကို ယူလိုက်သည်။ အကာကွယ် သက်ရောက်မှု အချို့ ရှိသည်ကို သိသည့်အတွက် သူ့က ၎င်းတို့ကို ယူသွားခဲ့ခြင်း ဖြစ်၏။ သူတို့နှစ်ယောက်က ဧည့်ခန်းထဲမှ ထွက်သွားပြီး စာအုပ်ပေါင်းချုပ်ခန်းမသို့ ဦးတည်သွားတော့သည်။