ဝင်ရောက်ခြင်း
Vol. 48 Ch. 777
ချန်လွေ့နှင့် ရက်ပီပစ်တို့က ကန့်သတ်နယ်မြေဟု သတ်မှတ်ခံထားရသော စာအုပ်ပေါင်းချုပ်ခန်းမသို့ ဝင်သွားခဲ့ပြီး ချန်လွေ့၏ နှလုံးသားထဲမှ ခံစားချက် ရေးရေးလေးက အထဲရောက်လာသည်နှင့်အမျှ ပိုမို ထင်ရှားလာခဲ့သည်။ ထိုအရာက လျို့ဝှက်ဆန်းကြယ်သော ဥပဒေသတစ်ခု ပါဝင်သည့် ဖော်ပြ၍မရသော အငွေ့အသက်တစ်ခု ဖြစ်၏။ သူက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ၌ ရှိမနေသော်လည်း ထိုကဲ့သို့ ဥပဒေသစွမ်းအားမျိုးကို ခံစားမိနေသေးသည်။
“ဥပဒေသ”မှာ တိုင်းပြည်ဖန်တီးရန်အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်းနှင့်ယှဉ်လျှင် နတ်ဆိုးအရှင်သခင်အဆင့်ပိုင်နက်ကို “ဥပဒေသ”နှင့် ဆင်တူသော စည်းမျဉ်းတစ်ခုဟုသာ သတ်မှတ်နိုင်ပေသည်။ ဥပဒေသစွမ်းအားကို နားလည် သဘောပေါက်မှသာ ပိုင်နက်က အစစ်အမှန် အရည်အသွေးအရ ပြောင်းလဲပြီးနောက် မူလအကျဆုံး တိုင်းပြည်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားတိုင်းပြည်ရှိသော နတ်ဘုရား အဆင့်အထိ ခရီးလမ်းတစ်ခုလုံးအတွက် တိုင်းပြည်ဖန်တီးခြင်းက အစမှတ်သာ ဖြစ်သော်လည်း အရေးအပါဆုံး ပထမခြေလှမ်းလည်း ဖြစ်ပေသည်။ ထိုခြေလှမ်းကို လှမ်းပြီးသည်နှင့် သာမန်အစွမ်းထက်ပုဂ္ဂိုလ်နှင့် အထူးအစွမ်းထက်ပုဂ္ဂိုလ်ကို ပိုင်းခြားထားသည့် ကွာဟချက်အား ကျော်လွန်နိုင်ပြီး “လောက”အသစ် တစ်ခုသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
ချန်လွေ့က [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းခဲ့စဉ်တွင် ဥပဒေသစွမ်းအားနှင့် ညီမျှသော အင်အားတစ်ခုကို အသက်သွင်းနိုင်ပြီး တိုင်းပြည်အဆင့် အစ်ဇ်ယိုရူးလ်ကို ယှဉ်နိုင်ခဲ့သည်။ သို့ရာတွင် ထိုအရာက သူ၏ ကိုယ်ပိုင် နားလည်မှု အစစ်အမှန် မဟုတ်ဘဲ စူပါစနစ်၏ ဆင့်ကဲပြောင်းလဲခြင်းမှ ဖြစ်လာသော အလိုအလျောက် စွမ်းအားတစ်ခုမျှသာ ဖြစ်၏။
ထိုနေ့ရက်များ၌ ချန်လွေ့က လေ့ကျင့်ရေးများကို မနားခဲ့ပေ။ သူက နေ့တိုင်း လေ့ကျင်းရေးကွင်းပြင်ထဲသို့ ဝင်ရောက်ပြီး ဥပဒေစွမ်းအားကို နားလည်အောင် ပြုလုပ်ရန် အချိန်ယူသည်။ လက်ရှိအဆင့်၌ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးတို့က များများစာစား ထိရောက်မှု မရှိတော့ပေ။ အရေးအကြီးဆုံး အရာမှာ နားလည်သဘောပေါက်ရန်သာ ဖြစ်၏။
ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းက ဥပဒေသစွမ်းအားနှင့် ညီမျှသော ဆင်းကဲပြောင်းလဲခြင်းတစ်ခု ဖြစ်ပြီး ထိုဥပဒေသစွမ်းအားက စကြဝဠာ၏ အမြင့်ဆုံး အမှန်တရားပါရှိသော ဥပဒေသ ဖြစ်၏။ အဆင့်မျးကြား ကွာခြားချက်က ဥပဒေသ နားလည်သဘောပေါက်ခြင်း အဆင့်၏ ရောင်ပြန်ဟပ်မှု တစ်ခု ဖြစ်သည်။ သူက လက်ရှိတွင် အနိမ့်ဆုံး ဓူဝံကြယ်ပြာအဆင့် ဖြစ်သည်။ သူက စကြဝဠာ ဥပဒေ၏ အစွန်အဖျား ရေးရေးလေးကို ထိနိုင်သွားမည်ဆိုဆိုလျှင် လက်ရှိ ဓူဝံကြယ်အဆင့်မှ အဆင့်တက်နိုင်ပေလိမ့်မည်။
ထိုအချိန် [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] က အစစ်အမှန်စွမ်းအားကို ထုတ်ပြနိုင်ပေမည်။
ချန်လွေ့က လက်ရှိတွင် ဥပဒေသစွမ်းအားကို “အာရုံခံ”မိရုံသာ ရှိသေးပြီး “နားလည်သဘောပေါက်ရန်” ဝေးနေသေးသည်။ ဥတု၄ခု ပိုင်နက်၏ ပြောင်းလဲမှုကြောင့် ဖြစ်လာသော “အချိန်ဥပဒေသ”က “စည်းမျဉ်း” အမျိုးအစားသာ ဖြစ်ပြီး စစ်မှန်သော ဥပဒေသတစ်ခုဟု သတ်မှတ်၍ မရနိုင်ပေ။
“ငါ စိတ်ထင်တာပဲလား။ မင်းက ဒါနဲ့ ရင်းနှီးနေသလိုပဲ။” စာအုပ်ပေါင်းချုပ် ခန်းမက အလွန်ကျယ်ဝန်းလှပြီး မြေနေရာက မရှုပ်ထွေးလှသော်လည်း မြေပြန့်ကြီး မဟုတ်ပေ။ ရေဘဝဲဘုရင်က အစပိုင်းတွင် ရှေ့၌ ရှိနေသော်လည်း နောက်ပိုင်းတွင် ချန်လွေ့နောက်သို့ မသိမသာ လိုက်နေမိခဲ့သည်။ ခဏအကြာ သူတို့နှစ်ယောက်က တတိယအလွှာသို့ ဝင်ရောက်သွားခဲ့သည်။
“ခင်ဗျား စိတ်ထင်တာပါ။” ချန်လွေ့က လက်ထဲမှ လက်ရေးမူ မြေပုံကို မြှောက်ပြလိုက်သည်။ မှော်မြေပုံကဲ့သို့ ပစ္စည်းများက ထိုကဲ့သို့နေရာမျိုးက သိပ်ပြီး အသုံးမဝင်လှပေ။ “ဒီမှာရှိတဲ့ မှော်စက်ဝိုင်းတွေက ရပ်တန့်သွားသလိုပဲ။ ဒီလှေကားထစ်ကို တက်သွားပြီးရင် စတုတ္ထအလွှာ ဝင်ပေါက်ကို ရောက်လောက်ပြီ။”
စတုတ္ထအလွှာက စာအုပ်ပေါင်းချုပ်ခန်းမ၏ အကြီးမားဆုံး လျို့ဝှက်ချက် ဖြစ်သည်။ ထိုနေရာက ဆရာသခင်တစ်ယောက် သို့မဟုတ် ဆရာသခင် တစ်ယောက် အဖော်လိုက်ပေးမှသာ ဝင်၍ရသည်။ ထို့ပြင် အကျိုးပြု အမှတ်များနှင့် ရှားပါးကုန်ကြမ်း အများအပြားလည်း လိုအပ်သည်။ ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ လူတိုင်း မြင်ရသည်များက ကွဲပြားနေကြခြင်းပင်။ သူရိယနှင့် မာဗင်နာတို့က မရေမတွက်နိုင်သော ကုန်ကြမ်းအများအပြား ရှိနေသော်လည်း သူတို့မြင်ခဲ့သည့်အရာကို သေသေချာချာ မမှတ်မိတော့ကြောင်း ပြောခဲ့သည်ကို ချန်လွေ့ ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်က သူတို့၏ စိတ်ထဲ၌ အထူးအမြင်များနှင့် မှတ်ဉာဏ်များက ကျန်ရစ်နေသေးသည်။ ချန်လွေ့က ထိုစဉ်က ရဲတင်းစွာဖြင့် မျက်မှန်ကုိ ချွတ်ခဲ့သည့်အတွက် ထိုကဲ့သို့ မခံစားခဲ့ရပေ။ သို့ရာတွင် မျက်မှန်ချွတ်လိုက်ပြီးနောက်တွင် အဆုံးမဲ့သော ရှေးမှော်စာများနှင့် ကြောက်မက်ဖွယ်ရာ နတ်ဘုရားတစ်ပိုင်း ပိုင်နက်ကို မြင်တွေ့ခဲ့ရသည်။ ထိုစဉ်က ထိုအရာမှာ အလွန်ပင် အန္တရာယ်ကြီးမားလှသည်။ အရေးတကြီး အခိုက်အတန့်၌ သူ နားလည်းသွားခဲ့သော အချိန်စွမ်းအား ကြောင့်သာ မဟုတ်လျှင် သူက ကျယ်ပြန့်ပြီး အဆုံးမရှိသော စွမ်းအားကြောင့် ပြာအဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။
“ဒါက စတုတ္ထအလွှာကို သွားမယ့် ဝင်ပေါက် မလား။ လက်ကျန် ဥပဒေသ အငွေ့အသက်က ဒီကနေ ထွက်နေတာ ဖြစ်လောက်တယ်။” ရေဘဝဲဘုရင်က အပေါ်ထပ်ကို တက်သွားခဲ့ပြီး ရှေ့တံခါးကို ကြည့်လိုက်သည်။ ထိုတံခါး၏ ကုန်ကြမ်းက အတော်လေး ထူးခြားလှသည်။ သတ္တုမဟုတ်သလို ကျောက်လည်း မဟုတ်ပေ။ လေးလံသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။ ၎င်းပေါ်တွင် ရှေးကျသော ပုံစံကွက်များလည်း မရေမတွက်နိုင်အောင် ရှိနေသည်။ ထူးဆန်းသည်က ၎င်းတွင် သော့ပေါက်ပင် ရှိမနေခြင်းပင်။
ရက်ပီပစ်က တံခါးကို တွန်းလိုက်သော်လည်း လုံးဝ မလှုပ်ခဲ့ပေ။ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွား၏။ သူ၏ လှုပ်ရှားမှုများက သာမန်မျှသာ ဖြစ်သော်လည်း သူက စွမ်းအား ၂၀%ကို သုံးထားခဲ့သည်။ မှော်ဖြင့် ကာကွယ်ထားသော မြို့တံတိုင်းကပင် ပြိုလဲသွားနိုင်၏။ မမျှော်လင့်ထားဘဲနှင့် ထိုတံခါး၏ ခိုင်ခံ့မှုက ထင်ထားသည်ထက် ကျော်လွန် နေခဲ့သည်။ အမှန်တကယ်ပင် တုံ့ပြန်မှု မရှိခဲ့ပေ။
ရေဘဝဲဘုရင် ချန်လွေ့က အရှေ့၌ အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် တိုင်းပြည် စွမ်းအားကို လက်ထဲ၌ ချက်ချင်း စုစည်းလိုက်ပြီး တံခါးကို လက်သီးဖြင့် ထိုးလိုက်၏။
ချန်လွေ့က ရေဘဝဲဘုရင်ထံမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခံစားမိလိုက်စဉ် နိတ် တံခါးကို ဖွင့်ခဲ့စဉ်က အချိန်ကို သတိရလိုက်၏။ “ခဏနေဦး။”
သူပြောလိုက်သည့်အခါ နောက်ကျသွားလေပြီ။ ချက်ချင်းပင် စာအုပ်ပေါင်းချုပ် ခန်းမတစ်ခုလုံး တုန်ခါသွား၏။ ချန်လွေ့နောက်မှ လှေကားထစ်များက တစ်ခုချင်း ကြေမွသွားခဲ့သည်။ တတိယအလွှာရှိ အခန်း အများအပြားနှင့် ကြမ်းပြင်များက အက်ကွဲကုန်သည်။ အတွင်းမှ အချက်အလက်များ ထိခိုက်မခိုက် မည်သူမှ မသိကြပေ။
အမှန်တကယ်၌ ရေဘဝဲဘုရင်က ထိုလက်သီးချက်ထဲတွင် သူ၏ စွမ်းအားကို ထိန်းချုပ်ထားခဲ့သော်လည်း တိုင်းပြည်အဆင့် စွမ်းအားက ကြီးမားလွန်းလှ၏။ ထို့ပြင် စာအုပ်ပေါင်းချုပ်ခန်းမ၏ မှော်စက်ဝိုင်း ရပ်တန့်သွားနေခဲ့သည့်အတွက် အကာအကွယ် စွမ်းအား ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် ထိုလက်သီးချက်၏ နောက်ဆက်တွဲဒဏ်က နေရာအကျယ်ကြီးကို ထိခိုက်စေခဲ့လေသည်။
ထိုကဲ့သို့ လက်သီးချက်ကို ထိသွားခဲ့သော်လည်း တံခါးက မပွင့်သေးပေ။ တံခါးတစ်ခုလုံးနှင့်ယှဉ်လျှင် မပြောပလောက်သော လက်သီးအရာ တိမ်တိမ်လေး တစ်ခုသာ ပြောလာခဲ့၏။
ရေဘဝဲဘုရင်က ပြဿနာ ရှာလိုက်မိကြောင်း သိလိုက်သည်။ ပို၍ဆိုးသည်က ထိုကဲ့သို့ ကြီးကြီးမားမား လှုပ်ရှားပြီးသည့်တိုင် တံခါးက မပွင့်လာသေးပေ။ သူက နောက်လှည့်ပြီး ပြုံးပြလိုက်သည်။ “ဒီတံခါးက တော်တော်ခိုင်ခံ့တာပဲ။”
ချန်လွေ့က ပြောစရာ မဲ့သွားခဲ့သည်။ သူက တံခါးကို လက်ညှိုး ထိုးပြလိုက်၏။ “ဒါက ခိုင်ခံ့ရုံတင် မကဘူး။”
ရေဘဝဲဘုရင်က နောက်ကို လှည့်ကြည့်လိုက်ရာ လက်သီးအရာက သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း ပျောက်သွားကြောင်း မြင်လိုက်ရပြီး ခဏအကြာ မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သူ ကြောင်သွား၏။ “တိုင်းပြည်စွမ်းအားကို သုံးပြီးတော့ တခါတည်း ဝင်လို့ရတယ်လို့ ရိုင်ဇန် ပြောခဲ့တယ် မဟုတ်လား။ ငါ့ရဲ့ စွမ်းအားအကုန်နဲ့ ထိုးရင်တောင် ဒီတံခါး မပျက်ခင် စာအုပ်ပေါင်းချုပ်ခန်းမတစ်ခုလုံး ပျက်စီးသွားမှာ။ ငါတို့ ဘာလုပ်ကြမလဲ။”
“ကျုပ် အရင် စဉ်းစားလိုက်ဦးမယ်။ ဘာမှ လျှောက်မလုပ်နဲ့။”
“မေ့လိုက်တော့။ ဒီတံခါးမှာ အပေါက်တောင် မရှိတာကို မင်း ဘာတွေ စဉ်းစားနိုင်မှာလဲ....” ရေဘဝဲဘုရင်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်ပြီးနောက် တံခါးပေါ်မှ ပုံစံကွက်များကို သတိထားမိလိုက်သည်။ “ဟုတ်တယ်။ ဒါက တံခါးကိုဖွင့်ဖို့ သော့ချက် ဖြစ်နိုင်တယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒီပုံစံကွက်က ရှေးဟောင်းအရာတစ်ခုနဲ့ ဆက်နွှယ်နေလောက်တယ်။ အိုး..ဟုတ်တယ်။ ဒါက “နတ်ဘုရားဘာသာစကား”လို့ သိကြတဲ့ ရှေးမှော်စာ ဖြစ်မယ်။ ချီးပဲ။ ရှေးမှော်စာတွေက လျို့ဝှက်ဆန်းကြယ်ပြီးတော့ လေးနက်တယ်။ ခက်ခက်ခဲခဲနဲ့ နှစ်ပေါင်း သောင်းနဲ့ချီ လေ့လာတဲ့သူတွေအပြင် သာမန် နတ်ဘုရားတစ်ပိုင်းတွေတောင် နားမလည်....”
ရေဘဝဲဘုရင်က ထိုအကြောင်း ဝေဖန်လေကန်နေစဉ် ချန်လွေ့က တံခါးဆီသို့ လျှောက်လာပြီး လက်ထဲ၌ ထူးဆန်းသော သင်္ကေတများ စတင် ရေးဆွဲလိုက်သည်ကို မြင်လိုက်ရသည်။ တံခါးဆီသို့ စုစုပေါင်း ၁၈ခု ပျံသန်းသွား၏။ တံခါးပေါ်မှ ပုံစံကွက်များက အလင်းရောင် လက်လာပြီး အနည်းငယ် စတင်၍ တုန်ခါလာသည်။ သို့သော်လည်း ပွင့်လောက်သည်အထိ အားကောင်းသေးပုံ မရေချေ။
ရေဘဝဲဘုရင်က ကြက်သေသေသွား၏။ ချန်လွေ့က “နှစ်ပေါင်းသောင်းနှင့်ချီ လေ့လာရန်”လိုအပ်ပြီး နားလည်ရန် “ခက်ခက်ခဲခဲ”ကြိုးစားရသော ရှေးမှော်များကို အသက်သွင်းလိုက်သည်မှာ အသိအသာကြီးပင်။
“မင်း....မင်း....မင်း...ငါ စိတ်ထင်တာပဲလား။ မင်းရဲ့ အသက်အငွေ့အသက် အရဆိုရင် မင်းအသက်က သေချာပေါက် နှစ်၁၀၀ မကျော်ဘူး။ ဘယ်လိုလုပ်.....”
“ကျုပ်ကို ထပ်ပြီးတော့ မဝေဖန်နေနဲ့တော့။ ကူညီဦး။” ချန်လွေ့က ရေဘဝဲဘုရင်ကို စကားဖြတ်ပြောလိုက်သည်။ “ကျုပ် ခန့်မှန်းတာ မှန်တယ်ဆိုရင် ဒီတံခါးက သွေးတမျိုးမျိုးကို သော့အနေနဲ့ သုံးရတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ အခုတော့ သွေးက သေချာပေါက် ရက်လွန်သွားပြီ။ အဲဒါကြောင့် တိုင်းပြည် စွမ်းအားနဲ့ပဲ အားသုံးလို့ ဖွင့်လို့ရလောက်တယ်။”
ရေဘဝဲဘုရင်က ထိုစကား အဓိပ္ပာယ်ကို မေးရန် အချိန်မရှိခဲ့ပေ။ သူက အလျင်အမြန်ပင် ထိုသင်္ကေတများထဲသို့ တိုင်းပြည်စွမ်းအားက အလျင်အမြန် လည်ပတ်စေလိုက်သည်။ ထိုသင်္ကေတများက ရုတ်တရက် တောက်ပသွားခဲ့ပြီး ဂိတ်တံခါးမှ ပုံစံကွက်များလည်း အလျင်အမြန် ပြောင်းလဲသွားကာ လုံးဝ ထင်ရှားနေသော အခြေခံ မှော်စာ ၁၈ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တဝုန်းဝုန်း အသံနှင့်အတူ တံခါးက နောက်ဆုံး၌ ပွင့်သွားတော့သည်။
“ရှေးမှော်စာကို မင်း ဘယ်လိုသိတာလဲ။” ရေဘဝဲဘုရင်က စိတ်ရှုပ်သွား၏။ သူက လမ်းတွင် “ကြမ္မာတိုက်ပွဲ”၌ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည့်အတွက် သူ၏ စွမ်းအားကို ကြွားလုံးထုတ်ပြီး သိက္ခာပြန်ဆယ်ရန် အမြဲပင် အခွင့်အရေးတစ်ခု ရချင်နေခဲ့သည်။ သို့သော်လည်း ယခုတွင် ထင်ရှားကျော်ကြားမှုကို ထိုသူ၏ လုယူခြင်း ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ.
“ခင်ဗျား စိတ်ထင်တာပါ။” ယခုအထိ ချန်လွေ့က ရေဘဝဲဘုရင်၏ စိတ်နေစိတ်ထားကို အနည်းငယ် နားလည်လာခဲ့သည်။ သူက ရယ်နေရင်း တံခါးဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ဂိတ်တံခါးနောက်တွင် ခန်းမကျယ်ကြီးတစ်ခု ရှိနေသည်။ အလယ်ရှိ အပြာရောင် တောက်နေသော ရောင်လျှံမှလွဲ၍ အပို ပရိဘောဂများ ရှိမနေပေ။ မြေပြင်ပေါ်တွင် ကုန်ကြမ်းအများအပြား ရှိနေ၏။ ရိုင်ဇန် ပြောသည့်အတိုင်းပင် စတုတ္ထအလွှာက ပုံမှန်အားဖြင့် ၇ရက်ကြာတိုင်း ဖွင့်လေ့ရှိသည်။ တစ်ဖနီက ယခုတစ်ခေါက် အချိန်အကြာကြီး ဝင်သွားခဲ့သည်အတွက် ဥက္ကဋ္ဌ သူရိယက ထိုတော်ဝင်အမျိုးသမီးနှင့်အတူ ဝင်ရောက်ခဲ့စဉ် လိုရမည်ရ ကုန်ကြမ်းအပိုများ ချန်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ချန်လွေ့က ယခင်က ရောင်လျှံကို အသက်သွင်းရန် နိတ် အသုံးပြုခဲ့သော နည်းလမ်းအား ပြန်လည် မှတ်မိစေရန်အတွက် [ အထူးစိစစ်မှု ] ကို အသုံးပြုလိုက်သည်။ သူက ကုန်ကြမ်းများကို ရောင်လျှံ ပတ်ပတ်လည်ရှိ မြောင်းများထဲသို့ အစဉ်လိုက် ထည့်လိုက်ရာ ရောင်လျှံက ရုတ်တရက် တလက်လက် အပြာရောင် နောက်လာပြီးနောက် အလယ်တွင် တော်ဝင် အပြာရောင် အလင်းဂိတ်တံခါးတစ်ခု ပေါ်ထွက်လာ၏။
“မင်း ဒီကို မရောက်ဖူးဘူးလို့ ပြောရဲသေးတာလား။”
“ဟုတ်ပါပြီ။ အသေးစိတ်တွေကို ဂရုစိုက်မနေပါနဲ့။” ချန်လွေ့က ပုခုံးတွန့်လိုက်ပြီး ရေဘဝဲဘုရင်အား ဝတ်ရုံနှင့် မျက်မှန် ကမ်းပေးလိုက်သည်။ “အထဲမှာ ရှိတာက တကယ့် စတုတ္ထအလွှာပဲ။ လိုရမည်ရ ဒါကို ဝတ်ထား။ အထူးသဖြင့် ဝတ်ရုံပဲ။ ဒါက ပြဿနာ အတော်များများကနေ ကယ်တင်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးမှာ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က တစ်ယောက်ယောက်ကို ရှာဖို့ပဲလေ။”
“ဟမ့်....” ရေဘဝဲဘုရင်က မျက်မှန်နှင့် ဝတ်ရုံကို ယူပြီးနောက် ခဏ စဉ်းစားကာ ဝတ်လိုက်၏။
သူတို့နှစ်ယောက်က နေရာလွတ်တံခါးဆီသို့ ဝင်သွားလိုက်ကြသည်။ မြင်ကွင်းက ခဏတာ ရှုံ့တွသွားပြီးနောက် သူတို့က နောက်ထပ် လောကတစ်ခုသို့ ရောက်ရှိသွားခဲ့ကြလေသည်။
ထိုလောကသည် အလယ်တွင် လောကခွဲများ ဖြစ်ကြသော မျက်နှာပြင် အသေးလေးများ မရေမတွက်နိုင်အောင်ရှိသော မျက်နှာပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုလောကခွဲများက လှုပ်ရှားရန် ဝင်ပေါက်များ တဖြည်းဖြည်း ပြောင်းလဲလာနေကြသည်။
ချန်လွေ့နှင့် ရက်ပီပစ်တို့က ဟင်းလင်းပြင်ထဲကို လမ်းလျှောက်သွားလိုက်၏။ လူတိုင်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖောက်ထွင်းမြင်ရသော လှေကားထစ် တစ်ခု၏ ခြေထောက်အောက်အတွင် အလိုလို ပေါ်လာခဲ့သည်။
ထိုလှုပ်ရှားမှု လောကများထဲ၌ လျို့ဝှက်ဆန်းကြယ်သော အသိပညာများနှင့် စွမ်းအားများ မရေမတွက်နိုင်အောင် ရှိနေသည်။ ဝင်ရောက်လာသူများက ဝင်ပေါက်ကို ရွေးချယ်ပြီး ရှာဖွေရန် သို့မဟုတ် နားလည်သဘောပေါက်ရန် ပြုလုပ်၍ရသည်။ သို့ရာတွင် ထိုလုပ်ရပ်များကို အချိန်အကန့်အသတ် တစ်ခုအတွင်း လုပ်ရမည် ဖြစ်၏။ မျက်မှန်က အနီရောင်အလင်းက သတိပေးချက် ထွက်ပေါ်လာသည်နှင့် ဝတ်ရုံပေါ်မှ အနီရောက် ကျောက်စိမ်းသော့ကို ချက်ချင်း ခြေမွလိုက်ရပေမည်။ ထိုအရာက သူတို့ကို ဂိတ်တံခါးဆီသို့ တည့်တည့် ပို့ပေးနိုင်လေသည်။
သို့ရာတွင် ယနေ့ ချန်လွေ့၏ ရည်ရွယ်ချက်က အသိပညာအတွက် မဟုတ်ဘဲ တစ်ဖနီအတွက်ဖြစ်ရာ မျက်မှန်ကို ချွတ်လိုက်သည်။ ထိုမျက်မှန်များ၏ လုပ်ဆောင်ချက်မှာ အဓိကအားဖြင့် အချိန်အကန့်အသတ် အချက်ပြနှင့် “စစ်ထုတ်”ရန်သာ ဖြစ်သည်။ ချွတ်လိုက်သည်နှင့် ရှေ့မှမြင်ကွင်းက တဟုန်ထိုး ပြောင်းလဲသွားတော့သည်။
လောကအားလုံး မရှိတော့ပေ။ ၎င်းတို့က အမျိုးမျိုးသော အရွယ်အစားများ ရှိနေပြီး ကောင်းကင်တစ်ခုလုံး၌ တလက်လက် ဖြစ်နေသော သင်္ကေတများအဖြစ် ပြောင်းလဲသွားကြ၏။ ၎င်းတို့မှာ ရှေးမှော်စာများပင်။
ထိုနေရာက ရှေးမှော်စာလောက ဖြစ်သည်။ ကွန်ပျူတာထဲမှ ဒွိစုံ “တစ်” နှင့် “သုသည”ကဲ့သို့ပင် အရာအားလုံးကို အခြေခံ သင်္ကေတ ၁၈ခုဖြင့် ဖွဲ့စည်းထား၏။ ချန်လွေ့၏ စိတ်ထဲမှ ရှေးမှော်စာများက စကားလုံးများ၊ စာကြောင်းများဖြင့် ဖွဲ့စည်းထားသော စာစီစာကုံးတို တစ်ပုဒ်သာဆိုလျှင် စတုတ္ထအလွှာတစ်ခုလုံးက အဆက်အစပ်ရှိသော ပြီးပြည့်စုံသည့် ဇာတ်လမ်းရှည်တစ်ပုဒ် ဖြစ်လေသည်။
ထိုကဲ့သို့ မြင်ကွင်းများကို မြင်ရသည်မှာ ချန်လွေ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း အံ့သြမှင်သက်နေခဲ့သေးသည်။
ထိုမှော်စာများက လျို့ဝှက်ဆန်းကြယ်ပြီး လေးနက်လွန်းလှသည်။ ချန်လွေ့၏ လက်ရှိအဆင့်ဖြင့်ပင် အပြည့်အဝ နားမလည်နိုင်သေးပေ။ [ အထူစိစစ်မှု ] ကို မြန်နှုန်းမြင့် လည်ပတ်စေလိုက်၏။
“ဒီနေရာက ငါ့ကို မသက်မသာ ခံစားရစေတယ်။” ရေဘဝဲဘုရင်က မျက်မှန်ကို ချွတ်ပြီး အံ့အားသင့်သော အမူအရာ ပြသကာ ပြန်ဝတ်လိုက်သည်။ “ကောင်းပြီ။ မင်း ပြောတာကို ငါ နားထောင်မယ်။ ငါတို့ ဘာလုပ်သင့်လဲ။”
“လျှောက်သွားမနေနဲ့။ ကျုပ် တစ်ချက် ကြည့်လိုက်ဦးမယ်။” ချန်လွေ့က အာရုံစိုက်ထားပြီး ထိုမှော်စာများ၏ သဲလွန်စများနှင့် စည်းချက်များကို စတင်၍ လေ့လာဆန်းစစ်တော့သည်။ အချိန်အကန့်အသတ်အတွင်း လောကခွဲ အများအပြားမှ တစ်ဖနီမှာ ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှသည်။ ထိုကဲ့သို့ ဗဟိုချက်ကို လေ့လာဆန်းစစ်မှုက တိုက်ရိုက်အကျဆုံး ဖြစ်ပေသသည်။
“ဒီနေရာမှာ ပြောင်းလဲမှု အငွေ့အသက်တစ်ခု ရှိနေသလိုပဲ။ ဒီကနေ ကျုပ်တို့ သွားလို့ ရလောက်တယ်....” ချန်လွေ့က နောက်လှည့်လိုက်ရာ သူ လှုပ်ရှားရန် စောင့်နေသော ရေဘဝဲဘုရင်က ရုတ်တရက် ပျောက်ဆုံးသွားသည့်အတွက် ထိတ်လန့်သွား၏။ သူ့စိတ်ထဲ၌ နိမိတ်မကောင်းသော ခံစားချက်တစ်ခု လှိမ့်တက်လာတော့သည်။