မျက်လုံး
Vol. 48 Ch. 778
ချန်လွေ့၏ [ အထူးစိစစ်မှု ] တစိတ်တပိုင်းက “ကျက်သရေမျှော်စင်”အတွက် ချန်ထားခြင်း ဖြစ်သည်။ သူက ကျက်သရေမျှော်စင်ကို အတင်း အသုံးမပြုသရွေ့ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားက [ အထူးစိစစ်မှု ] အတွက် လွတ်လွတ်လပ်လပ် သုံးနိုင်ပေသေးသည်။
ထိုရှေးမှော်စာများကို ရပ်တန့်မနေကြဘဲ အလွန်ကြီးမားသော သက်ရှိ သတ္တဝါတစ်ခုကဲ့သို့ပင် အဆက်မပြတ် လှည့်ပတ်ပြီး ပြောင်းလဲနေသည်။ ရှေးမှော်စာ အခြေခံကို နားလည်သော ချန်လွေ့အတွက် ထိုအရာက အလွန်ကြီးမားသော ရတနာအိမ်တစ်ခုသဖွယ် ဖြစ်နေသည်မှာ အသေအချာပင်။ သို့ရာတွင် ယခု သူလုပ်ရမည့်အရာက ထိုရတနာအိမ်မှ အသိပညာများကို လေ့လာရန်မဟုတ်ဘဲ သူ၏အဖော်နှင့် ထိုခရီးပန်းတိုင်ကို အမြန်ဆုံး ရှာဖွေရန် ဖြစ်သည်။
တစ်ဖနီက ဤနေရာ၌ မည်သည့်အတွက်ကြောင့် တစ်လကျော် နေနေခဲ့ကြောင်း မသိသော်လည်း နာရီအနည်းငယ် ကြာပြီးနောက် အသိပညာ ရတနာအိမ်က ကြောက်စရာအကောင်းဆုံး ငရဲတစ်ခု ဖြစ်လာမည်မှာ သေချာ၏။
ချန်လွေ့က ပင့်သက်ရှိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ကာ ပတ်ပတ်လည်မှ ရှေးမှော်များ၏ ပြောင်းလဲနေသော လမ်းကြောင်းများကို စတင်၍ လေ့လာဆန်းစစ်ပြီး အဓိပ္ပာယ်ဖော်တော့သည်။ ရက်ပီပစ်က ပျောက်ကွယ် သွားခဲ့ပေမဲ့ ပင်လယ်ပင်ကျယ်ကြီးထဲ ကျသွားတဲ့ ရေတစ်စက်လိုပဲ အစအန မကျန်ခဲ့ဘူး။ ဒါပေမဲ့ ခုနက မှော်စာတွေ ပြောင်းလဲသွားတာက လွန်ခဲ့တဲ့ ရက်၄၀တုန်းက ဝင်ခဲ့တဲ့ တစ်ဖနီ ထားခဲ့တာ ဖြစ်လောက်တယ်။ တစ်ဖနီက မယုံနိုင်စရာ အပြောင်းအလဲအချို့ကို ဖြစ်စေခဲ့တာ ဖြစ်ရမယ်။
အခု ရက်ပီပစ်ကို ရှာဖို့က မဖြစ်နိုင်ဘူး။ တစ်ဖနီချန်ထားတဲ့ သဲလွန်စတွေ နောက်ကို လိုက်ပြီးတော့မှပဲ ချိတ်ဆက်မှုတွေကို ရှာလို့တွေ့မယ်။
ချန်လွေ့၏ [ အထူးစိစစ်မှု ] က အကန့်အသတ်သို့ ရောက်နေပြီး ထို နားမလည်သော စာသာများကို [ အထူးစိစစ်မှု ] ဖြင့် အလျင်အမြန် “ကူးယူ”ကာ မှတ်ဉာဏ်ထဲမှ တူနိုင်ချေ ရှိသည်များကို ရှာဖွေပြီး အမြန်နားလည်နိုင်ရန် ပြုလုပ်နေခဲ့သည်။ အမှားအနည်းငယ် ရှိနေသေးသော်လည်း သူက ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။
အခြေခံကျောင်းသာ တစ်ယောက်ကဲ့သို့ပင် သူက စိတ်ဝင်စားသော ဝတ္ထုတစ်ခုကို ဖတ်သောအခါ စကားလုံး အများအပြားကို မသိသော်လည်း ယေဘုယျ ဆိုလိုရင်းကို အကြမ်းဖျင်း သဘောပေါက်နိုင်သေး၏။
“အကြမ်းဖျင်း”သဘောနောက်သို့ လိုက်ပြီးနောက် ချန်လွေ့က ရှေ့သို့ သေသေချာချာ လမ်းလျှောက်သွားလိုက်သည်။ [ သရုပ်ခွဲမျက်လုံး ] ထဲမှ “ဖောက်ထွင်းမြင်ရသောလှေကား”က အမှန်တကယ်၌ စက်ဝန်းပုံစံ လက်ကိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းကို တကယ့်လောက၌ အသုံးပြုသော အဂ္ဂိရတ်ပညာနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် အတော်လေး အံ့သြဖွယ်ရာ အရာများများကို ဖန်တီးရန် အလွန်ဖြစ်နိုင်၏။
ချန်လွေ့က လောက၏ ဇစ်မြစ်၊ မှော်စာများ၏ လျို့ဝှက်ဆန်းကြယ်မှုကို ခြေဖျက်ရန်နှင့် မှတ်မိနိုင်ရန် ကြိုးစားနေကာ တစ်ဖနီချန်ခဲ့သော သဲလွန်စများကို ရှာဖွေနေသည့်အတွက်ကြောင့် ထိုကဲ့သို့ အပို အတွေးများ ရှိမနေခဲ့ပေ။ မှော်စာ လောကအတွက် ထိုအရာက ဒဏ်ရာများ တဖြည်းဖြည်း ပြန်ကောင်းလာသကဲ့သို့ ဖြစ်သည်။ အတော်များများက သဟဇာတ ဖြစ်သွား၏။ ထို့ပြင် လောက တစ်ခုလုံးက ရပ်တန့်မနေတော့ဘဲ အချိန်တိုင်း ပြောင်းလဲနေကာ မူလက “အပြင်လူ”ဖြစ်သော ချန်လွေ့အတွက် ပိုမို ခက်ခဲလာစေခဲ့သည်။
မသိမသာနှင့် ၂နာရီ ကုန်ဆုံးသွားခဲ့သည်။ ချန်လွေ့က ဒေါသထွက်စရာ သုံးသပ်ချက်တစ်ခု ရရှိခဲ့သည်။ ထိုအတိုင်းသာ ဆက်ရှာမည်ဆိုလျှင် သုံးလေးရက် ရှာသည့်တိုင် ရလာဒ်ထွက်လာရန် ခက်ခဲနိုင်ပေလိမ့်မည်။ သူ့အတွက် အချိန်လည်း သိပ်မကျန်တော့ပေ။ အကယ်၍ ရက်ပီပစ်က အပြင်ထွက်ရန်အတွက် ဝတ်ရုံစွမ်းအားကို အသုံးမပြုနိင်ခဲ့လျှင် ယခုခရီးက ရေဘဝဲဘုရင်ကိုပါ ထိခိုက်စေနိုင်သည့်အတွက် သူ စွန့်စားရပေမည်။
ချန်လွေ့ လုပ်ရမည်က ရှေးမှော်စာအပေါ် [ အထူးစိစစ်မှု ] ၏ နားလည်မှုကို အသုံးချပြီး လောကပေါ်တွင် သက်ရောက်မှုတစ်ခု ပြုလုပ်ကာ သူ ရှာချင်သော သဲလွန်စများကို ရှာဖွေရန် ဖြစ်၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူက ထိုကွန်ပျူတာကို ကျူးကျော်ရန်အတွက် “ဗိုင်းရပ်စ်”တစ်ခုအနေဖြင့် ဆောင်ရွက်ပေမည်။
ချန်လွေ့၏ လက်ထဲ၌ ရုပ်ပိုင်းဆိုင်ရာ ရွှေမှော်စာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ အချိန်အတော်ကြာ လေ့လာနေခဲ့သော ဆုံမှန်ဆီသို့ တဖြည်းဖြည်း ပျံသန်းသွား၏။
ထိုမှော်စာက လက်ဝါးအရွယ်သာ ရှိနေဟန်တူသော်လည်း သူ၏ စွမ်းအား အကုန်လုံးကို စုစည်းထားခြင်း ဖြစ်သည်။ ရွှေမှော်စာက အလျင်အမြန်ပင် ထိုဆုံမှတ်၏ မှော်စာထဲသို့ ပေါင်းစည်းသွား၏။ တစ်မိနစ် ကုန်ဆုံးသွား၏။ ၂မိနစ်....၃မိနစ်...နာရီဝက် ကုန်ဆုံးသွားသော်လည်း ဘာမှ ဖြစ်မလာသေးပေ။
ချန်လွေ့က တွန့်ဆုတ်စွာဖြင့် စောင့်မနေတော့ရန် ဆုံးဖြတ်လိုက်ပြီး သူက ရှေ့ဆက်သွားရန် ပြင်လိုက်စဉ် သူ့မြင်ကွင်းထဲ၌ ရွှေရောင် အလင်းတန်း အနည်းငယ် ထွက်ပေါ်လာသည်။ ဆုံမှတ်မှ ရွှေရောင်က ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားကြ၏။
လောကတစ်ခုလုံးနှင့် ယှဉ်လျှင် ထိုအရာက သာမန်လှုပ်ရှားမှု တစ်ခုထက် မပိုသော်လည်း ချန်လွေ့ကို အံံ့အားသင့်စေရန် လုံလောက်သည်။ သူက အလောတကြီး မလှုပ်ရှားခဲ့ပေ။ သူက ချက်ချင်းပင် မှော်မျက်မှန်ကို ဝတ်လိုက်ရာ မျက်မှန်ထဲမှ လောကမှာ ထူးထူးဆန်းဆန်း ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ သူ့အရှေ့တွင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ခုနက အစီအရင်စွမ်းအားက အကန့်အသတ်ရှိပြီး အချိန်အကြာကြီး မရှိနိုင်ကြောင်းသိသည့်အတွက် ချန်လွေ့က ချက်ချင်းပင် ဝင်ရောက်သွားလိုက်သည်။
လမ်းကြောင်း တစ်ပိုင်းချင်းစီက လောကခွဲတစ်ခု ဖြစ်သည်။ ချန်လွေ့က အချိန်အတော်ကြာ စိတ်လှုပ်ရှားနေခဲ့ပြီး လောကကြီး၏ စွမ်းအားတစ်ခုကြောင့် ဖြစ်လာသော “ဒဏ်ရာ”က ပိုမို၍ ထင်ရှားလာကြောင်း ခံစားနေရသည်။ နောက်ဆုံး၌ သူက လေထဲ၌ လွင့်ပျံနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ထိုပုံရိပ်ကို ကြည့်လိုက်ရာ တကိုယ်လုံး အဖြူနှင့်အနက် အလင်းရောင် ထုတ်လွှတ်နေသော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ ထိုအလင်းရောင်နှင့် အတူ နေရာလွတ်ထဲမှ နေ့နှင့်ညက အဆက်မပြတ် ပြောင်းလဲနေပြီး အားကောင်းသော တွန်းကန်အားတစ်ခု ထွက်လာနေသည်။ ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့်ပင် အမှန်တကယ် အနားမကပ်နိုင်ခဲ့ပေ။
တစ်ဖနီလား။ ချန်လွေ့က ထိုအမျိုးသမီး၏ မျက်နှာကို သေသေချာချာ မမြင်နိုင်ပေ။ သူတို့နှစ်ယောက်၏ အကွာအဝေးက တစ်ကီလိုမီတာခန့်သာ ရှိသော်လည်း အမှန်ကတယ်၌ သီးခြား နေရာလွတ်နှစ်ခု ဖြစ်နေသည်။ ချန်လွေ့ အာရုံခံမိနေသည်က နေရာလွတ်ဆုံမှတ်မှ ဖြစ်၏။ ထိုအရာတွင် ထိတ်လန့်ဖွယ်ရာ သန့်စင်သော ပျက်စီးခြင်း ဥပဒေစွမ်းအား ပါရှိနေလေသည်။
သူ၏ ခုနက ရွှေရောင်မှော်စာစွမ်းအားက ပျောက်ဆုံးတော့မည် ဖြစ်ကြောင်း ချန်လွေ့က အာရုံခံမိလိုက်သည်။ အပြောင်းအလဲကြောင့် ဒီနေရာလွတ်လည်း ပျောက်ကွယ်သွားဖို့များတယ်။ ငါက ဒီအထိတောင် ရောက်လာခဲ့ပြီးပြီ။ လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး။ ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး သွေးများက မျက်လုံးထဲ၌ လက်ခနဲ ဖြစ်သွားပြီး “အသူရာပုံစံ” ပြောင်းလဲလိုက်သည်။
တဲရစ်နှင့် တိုက်ခိုက်မှုတွင် ချေမှုန်းခံခဲ့ရသော အသူရာက ပြန်လည် မွေးဖွာလာသည်မှာ ကြာပြီဖြစ်သည်။ မူလခန္ဓာကိုယ် ချန်လွေ့ မသေဆုံးသရွေ့ ကိုယ်ပွားက အဆုံးအစမဲ့ ပြန်မွေးဖွားလာနိုင်သည်။ တန်ဖိုးက အရှိန်အဝါ အများအပြားနှင့် သက်ဆိုင်ရာအချိန်တချို့ ဖြစ်သည်။
ကိုယ်ပွားက မူလခန္ဓာကိုယ်မှ မထွက်သွားခဲ့လျှင် ချန်လွေ့က စွမ်းရည်ကို တိုက်ရိုက် “အသုံးပြု”နိုင်သော်လည်း ကိုယ်ပွားနှင့် ခွဲထွက်သွားခဲ့လျှင် အသုံးပြု၍ မရနိုင်တော့ပေ။
သူ့အရှေ့တွင် အလွန်ကြီးမားသော တွင်းနက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအကွက်က အသူရာ၏ ဝါးမျိုခြင်း စွမ်းအား ပေါင်းစပ်ထားသော [ကြယ်ဝါးမျိုခြင်း] ဖြစ်သည်။ ၎င်းက သာမန် [ ကြယ်ဝါးမျိုခြင်း ] ထက် စွမ်းအား ပိုမိုကြီးမားသည်။ ချန်လွေ့က တွင်းနက်ထဲသို့ ခုန်ဝင်သွားလိုက်ပြီး တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားကြသည်။ ချက်ချင်းပင် ပတ်ပတ်လည်မှ သန့်စင်သော ပျက်စီးခြင်း အငွေ့အသက်များက တွင်းနက်ထဲသို့ အရူးအမူး ဝင်ရောက် လာတော့သည်။ ထို့အပြင် ဟင်းလင်းပြင် အစွန်းပိုင်းက တဖြည်းဖြည်းနှင့် ဖန်ကဲ့သို့ အရည်လဲ့သော အရာတစ်ခုအဖြစ် တဖြည်းဖြည်း ဒြပ်ဖြစ်လာခဲ့သည်။
ပျက်စီးခြင်း အငွေ့အသက် တဖြည်းဖြည်း အားနည်းလာသည့်အတွက် “ဖန်”ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာပြီး အက်ကြောင်းက အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ဝုန်းခနဲ နေရာလွတ်နှစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွား၏။ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်နှင့် အဖြူရောင် အလင်းက အလျင်အမြန် မှန်ကျသွားခဲ့သည်။ သူနှင့် ချန်လွေ့၏ အကွာအဝေး ကလည်း ရုတ်တရက် နီးကပ်လာပြီး မီတာ၁၀ကျော်ခန့်သာ ရှိတော့သည်။
တွင်းနက်ကို သိမ်းယူလိုက်သော ချန်လွေ့က ထိုအရာကို သေသေချာချာ မြင်လိုက်ရသည့်သည်။ ထိုသူက တစ်ဖနီ ဆိုသည်မှာ အသေအချာပင်။ သို့သော် သူ၏မျက်လုံးများက အတင်းအကြပ် မှိတ်ထားပြီး သတိလစ်နေဟန်တူသည်။
ထိုအချိန် ချန်လွေ့၏စိတ်ထဲ၌ အလွန်အမင်း အန္တရာယ်များသာ နိမိတ်တစ်ခု လှိမ့်တက်လာခဲ့က သတိပေးပေးသင့်သော မျက်မှန်က သတိပေးချက် အနီရောင် အလင်းတစ်ခု လက်ခဲလာခဲ့သည်။ ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ပတ်ပတ်လည်မှ ငြိမ်းချမ်းသော လောကမှာ ချက်ချင်း ပူလောင်သွားပြီး ဖော်ပြ၍မရသော ပြင်းထန်သည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
တစ်ဖနီ၏ ခန္ဓာကိုယ်ကလည်း အငွေ့အသက်ထဲ၌ ရစ်ပတ်ခံလိုက်ရပြီး တဖြည်းဖြည် ဝေဝါးသွားတော့သည်။
ချန်လွေ့က ထိုဖိအားကြောင့် အလွန်ပင် အဖိခံနေရပြီး မလှုပ်နိုင်ဘဲ ထွက်ပြေးရန် ဝတ်ရုံမှ သော့ခလောက်ကို မဖျက်ဆီးနိုင်ပေ။ သူက အငွေ့အသက်အောက်တွင် တစ်ဖနီ၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ် သွားနေသည်ကို ကြည့်နေနိုင်ခဲ့သည်။
“ဘုန်း!!” မှော်မျက်မှန် ကွဲကြေသွားခဲ့သည်။ အရူးအမူး ပြောင်းလဲနေသော ရှေးမှာ်စာများမှ အသေးစိတ် အချက်အလက်များကို မမြင်နိုင်တော့သော်လည်း ပြင်းထန်သော စိတ်ဆန္ဒကို ခံစားမိနေ၏။ သေဆုံးခြင်း ! ချေမှုန်းခြင်း !!
တိုးပွားလာသော ထိန်းမနိုင်သိမ်းမနိုင် စွမ်းအားကြောင့် ချန်လွေ့၏ အမြင်က ဝေဝါးလာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည်ပင် သတိလွတ်မတတ် ဖြစ်သွား၏။ သူ၏ စိတ်နှင့် ဝိညာဉ်တို့က ခုခံရန် ရုန်းကန်နေခဲ့သည်။ ထိုအခြေအနေ၌ သူက [ ကြယ်ဂိတ် ] ကို အသုံးပြုလျှင်လည်း လုံးဝ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ထိုဖိအားက ချန်လွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော မည်သည့် တိုင်းပြည်အဆင့်ကိုမဆို ကျော်လွန်နေခဲ့သည်။ ထိုအရာက သူ၏ ယောက္ခမ အက်ဂ်လက်စ်၊ နဂါးဧကရာဇ်ထက်ပင် သာလွန်နေ၏။
ထိုကဲ့သို့ စွမ်းအား ခြားနားမှုကြောင့် ချန်လွေ့က [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းနိုင်လျှင်ပင် ပြိုင်ဘက်တစ်ယောက် သေချာပေါက် ဖြစ်လာမည် မဟုတ်ပေ။
ထိန်းမရသိမ်းမရနှင့် မရပ်မနားဖြစ်နေသော မှော်စာများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သူ၏အမြင်က ပြန်လည် ကြည်လင်လာပြီးနောက် နေရာလွတ် အလယ်၌ အလွန်ကြီးမားသော မျက်လုံးတစ်လုံးကို မြင်လိုက်ရလေသည်။
ချန်လွေ့က “တတိယမျက်လုံး” ရှိသော အစ်ဇ်ယိုရူးဇ်နှင့် တိုက်ခိုက်ခဲ့ဖူးပြီး အက်ဂ်လက်စ်၏ [ နဂါးနတ်ဘုရားမျက်လုံး ] အပြင် ရိုင်ဒရီဂူးဇ်က အလင်းဒြပ်စင်၊ အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစများကို အသုံးပြုခဲ့ပြီး ပျက်စီးခြင်း မျှော်စင်ထဲ၌ ရွှေနှင့်ငွေ မျက်လုံးများအဖြစ် စုစည်းခဲ့သည်ကို မြင်ခဲ့ဘူးသည်။ သို့သော်လည်း ထို “မျက်လုံးစွမ်းအားများ”အားလုံးကို ပေါင်းလိုက်သည့်တိုင် ယခုမျက်လုံးထက် များစွာနိမ့်ကျနေသေးသည်။
ယခင် ထိန်းမရ သိမ်းမရ အငွေ့အသက်နှင့်ယှဉ်လျှင် ထိုမျက်လုံးက အတော်လေး တည်ငြိမ်သော စွမ်းအားတစ်ခုကို ထုတ်ပေးနေသော်လည်း ထို “တည်ငြိမ်မှု”က ပိုမိုအားကောင်းသည့် မွန်းကြပ်စေသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
[ သရုပ်ခွဲမျက်လုံး ] ၌ မည်သည့် အချက်အလက်မှ မရှိပေ။ သေချာသည်မှာ ထိုမျက်လုံးနှင့် သူ့ကြားမှ အကွာအဝေးက ထင်ထားသည်ထက် ကျော်လွန်နေ၏။ ထိုမျက်လုံး၏ မျက်ဆံက အနက်ရောင်ဖြစ်ပြီး ကြည်လင်နေခဲ့သည်။ အကြည့်က အလွန်ပင် ခြားနားလှ၏။ ထို “မျက်လုံး”အတွင် အတွေးတစ်ချက် ရှိသည်နှင့် မိမိကို ချက်ချင်း ချေမှုန်းနိုင်ကြောင်း ချန်လွေ့ ခံစားမိနေသည်။ တော်တော် ကြောက်စရာ ကောင်းတဲ့ စွမ်းအားတစ်ခုပဲ။
တဲရစ် ပြောတဲ့အတိုင်းဆိုရင် နတ်ဘုရားတွေက အိပ်မောကျသွားပြီးတော့ ဒီလိုမျိုး နတ်ဘုရားအဆင့်နဲ့ အနှိုင်းမဲ့ နီးကပ်နေတဲ့ စွမ်းအားအဆင့်က ..... နတ်ဘုရားယောင်အဆင့် ဖြစ်မယ်။
“မင်းက ဘယ်သူ့ရဲ့ ယုံကြည်သူလဲ။” ဝိညာဉ်ကို ဖောက်ထွင်းသွားသော အသံတစ်သံက ချန်လွေ့၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ထိုအရာက အလွန်ပင် နက်ရှိုင်းသော ငရဲမှ လာနေသကဲ့သို့ပင်။
“လေးစားရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်။ ကျုပ် အတင့်ရဲမိတာ ခွင့်လွှတ်ပေးပါ။ ကျုပ်နာမည်ကို အက်ဂ်ယောပါ။ သွေးရောင်အင်ပါယာရဲ့ လော့ဒ် ရိုင်ဇန်က မန်မွန်တော်ဝင်မိသားစုက တော်ဝင်မိန်းမပျို တစ်ဖနီကို ပြန်ခေါ်ဖို့အတွက် ကျုပ်ကို အလုပ်အပ်ခဲ့ပါတယ်။” ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ပြန်ဖြေလိုက်သည်။
“မိုက်မဲတဲ့ ပုရွက်ဆိတ်ကောင်။ မင်းရဲ့ ဖုံးကွယ်တဲ့စွမ်းရည်က ဘယ်လောက်ပဲ အဆင့်မြင့်မြင့်၊ ဒီလိုမျိုး အလင်းဒြပ်စင် ခန္ဓာအမျိုးအစားက တကယ့် အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ မျက်လုံးကနေ ပုန်းအောင်းနေလို့မရဘူး။ [ ကောင်းချီးအလင်းခန္ဓာ ] မဟုတ်ဘူး.....ငါက အဲဒါထက် ပိုပြီးတော့ သန့်စင်တဲ့ အရာတစ်ခုကို မြင်ခဲ့ရတယ်။ ဟမ့်... မင်းက သိဒ္ဓိကျောင်းတော်က ပုပ်ရဟန်းမင်းလား၊ ဒါမှမဟုတ် ပုပ်ရဟန်မင်း ဆက်ခံသူလား။ ဒါမှမဟုတ် အဲဒီ အကြံသမား မိုက်ကယ်ရဲ့ အကြံက ဘာလဲလို့ မေးရမလား။”
တစ်ဖက်လူက စူပါစနစ်၏ [ အသက်အောင့် ] နှင့် [ ရုပ်ဖျက်ခြင်း ] တို့ကို ဖောက်မြင်နိုင်ပြီး [ကျက်သရေ အလင်းခန္ဓာ]ကို တခါတည်း ထုတ်ပြောနိုင်လိမ့်မည်ဟု မထင်ထားသည့်အတွက် ချန်လွေ့ ထိတ်လန့်သွား၏။ ပြီးတော့လည်း “မျက်လုံး”က မြေပေါ်က ကောင်းကင်တမန် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ရဲ့နာမည်ကို မတုံ့မဆိုင်း ပြောခဲ့တယ်။ အဆင့်တူ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။
သွေးရောင်အင်ပါယာက ယန္တရားအစည်းအရုံးရဲ့ လျို့ဝှက်အဆန်းကြယ်ဆုံး စတုတ္ထအလွှာဖြစ်တဲ့ ရှေးမှော်စာလောကမှာ နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် တကယ်ကြီး ပုန်းနေတာပဲ။ ဒီအမှန်တရားက တကယ့်ကို ထိတ်လန့်စရာကောင်းတယ်။
ချန်လွေ့က တွေးကြည့်လိုက်ပြီးနောက် အမြန် ပြောလိုက်သည်။ “ကျုပ်ကို ရှင်းပြခွင့်ပေးပါ။ ဆာ...”
“ငါ့နာမည် ဆာရီရယ်....မင်း အရင်က ကြားဖူးလောက်မှာပါ။” “မျက်လုံး”၏ အသံက ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော မတည်ငြိမ်မှုတစ်ခုကို ပြသလိုက်၏။ “မင်းတို့ရဲ့ ဝိညာဉ်ပြန်မွေးဖွားတဲ့ လှည့်ကွက်တွေက ငါ့ရဲ့ မိစ္ဆာမျက်ဆံအရှေ့မှာ ဘာမှ မပြောပလောက်ဘူး။ အခု ငါမေးတာကို ချက်ချင်းဖြေစမ်း။ မင်း ထပ်ပြီးတော့ လှည့်ကွက်တွေ လုပ်ရဲမယ်ဆိုရင် မင်းရဲ့ဝိညာဉ်ကို ဗလာနတ္ထိ ဖြစ်အောင် လုပ်ပစ်မယ်။”