အဲလစ်၏ ဇာတ်တိုက်အစီအစဉ်
Vol. 48 Ch. 781
တစ်ရက်ကြာပြီးနောက် ချန်လွေ့က သံတမန်အဖွဲ့ကို ဦးဆောင်ပြီး ကြယ်ကြွေတမန်အင်ပါယာသို့ ပြန်လာခဲ့သည်။
အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က နှုတ်မဆက်ဘဲ ထွက်သွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရေဘဝဲဘုရင် ရက်ပီပစ်၏ မူလရည်ရွယ်ချက်က နတ်ဆိုးဘံု၌ လျှောက်သွားရန်သာ ဖြစ်သည်။ သူက ပင်လယ်နက် နယ်မြေ၌ နှစ်ပေါင်း များစွာကြာအောင် အကျဉ်းကျခံခဲ့ရပြီး ပျင်းနေခဲ့သည် မဟုတ်ပေလော။ သို့ရာတွင် ယခုတစ်ခေါက် ခရီး၌ သူက များများစားစား အကူအညီ မပေးနိုင်ခဲ့ပေ။ ထိုအစား သူက စတုတ္ထအလွှာ၌ ဒဏ်ရာအသေးစား ရရှိခဲ့ပြီး အရှက်ရသွားခဲ့သည်။ ထို့ပြင် သူက ကြမ္မာတိုက်ပွဲ၌လည်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည့်အတွက် လမ်းတဝက်မှာပင် ချန်လွေ့ကို နှုတ်ဆက်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် ရေဘဝဲဘုရင်က ထိုက်တန်သော မိတ်ဆွေတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ ဖိတ်ခေါ်ခြင်းကို ငြင်းဆန်ပြီးနောက် ချန်လွေ့က နှစ်ဝက်ကြာပြီး ကြယ်ကြွေတမန်အင်ပါယာ၌ ကျင်းပမည့် ယန္တရားဆရာသခင်ပြိုင်ပွဲ၌ ပြန်ဆုံရန် ချိန်းဆိုခဲ့သည်။ ထို့နောက် သူက နှုတ်ဆက်ကာ ထွက်သွားလိုက်၏။
ယခုတစ်ခေါက် သွေးရောင်အင်ပါယာ တာဝန်က ထင်ထားသည်ထက် ဖြစ်ရပ်များပြားနေသော်လည်း ရလာဒ်က ထင်ထားသည်ထက် ပိုနေသည်။ သူက ရိုင်ဇန်ကို ကုသနိုင်ရုံသာမက ၂နှစ်အတွင်း မဟာမိတ် ပြုလုပ်မည့် ကတိကလည်း ရရှိခဲ့သည်။ မှော်ဂိမ်း ဖြန့်ဖြူးခြင်း ကွန်ရက်ကို သွေးရောင်အင်ပါယာ၌ အပြည့်အဝ ဖြန့်ကျက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်များက အရိပ်နက် အင်ပါယာထက်ပင် သာလွန် နေခဲ့သည်။ ကတ်သရင်းက ၎င်းကို တားဆီးချင်လျှင်ပင် အင်ပါယာသုံးခု၏ ငြိမ်းချမ်းရေးစာချုပ်ကြောင့် အရိပ်နက်အင်ပါယာက နတ်ဆိုးဘုံ တဝက်ကျော်ကို ထိုအရာ ပျံ့နှံ့သွားမည်ကို တားဆီးနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးက အဆင့်သတ်မှတ်ချက်ကို ထုတ်ပြလိုက်ရာ မှော်ဂိမ်း စွဲလမ်းမှုများက အမြင့်တစ်ခုအထိ ရောက်ရှိသွားခဲ့လေသည်။
ထိုအဆင့် သတ်မှတ်ချက်က စုစုပေါင်းနှင့် ဒေသတွင်း အဆင့် သတ်မှတ်ချက် ဟူ၍ ပိုင်းခြားထားသည်။ ၎င်းတွင် အဆင့်၊ စုစုပေါင်းရမှတ်၊ တိုက်ခိုက်ရေး အမျိုးအစား၊ စွမ်းအား၊ အများဆုံးသတ်ဖြတ်ခြင်း၊ အမြန်ဆုံး သတ်ဖြတ်ခြင်း စသဖြင့် သတ်မှတ်ထား၏။
ထိုစာရင်းများအားလံုးက ဂိမ်းထဲမှ ကစားသမား၏ နာမည်များ ဖြစ်ကြသည်။ အတော်များများက နာမည်အရင်းကို သုံးကြသော်လည်း နတ်ဆိုးဘုံ၌ နာမည်နှင့် ရုပ်ပုံ ဥပဒေဟူ၍ မရှိပေ။ ထိုကဲ့သို့ စာရင်းကို ထုတ်ဖော်လိုက်သည့်အခါ အုတ်အော်သောင်းတင်း ဖြစ်သွားမည် မဟုတ်ပေ။ ထိုအစား သူတို့က ဂုဏ်ယူနေကြသည်။ လတိုင်းတွင် ထိုစာရင်းမှ လူတိုင်းက အဆင့်အလိုက် ယန္တရား အစည်းအရုံးထံမှ ဆုလာဒ်များ ရရှိကြသည်။ နာမည်အကျော်ကြားဆုံးက လစဉ် ပြုလုပ်ရသော အဆင့် သတ်မှတ်ချက်စာရင်း ဖြစ်သည်။ အမှတ်များကို ဂိမ်းထဲမှ ချပ်ဝတ်တန်ဆာများ၊ ပစ္စည်းများ၊ ကုန်ကြမ်းများ အစရှိသဖြင့်တို့နှင့် လဲလှယ်၍ ရနိုင်သည်။ လက်တွေ့တွင်လည်း ၎င်းတို့ကို မှော်သလင်းကျောက် ဒင်္ဂါး ပမာဏ တစ်ခုဖြင့်လည်း လဲလှယ်နိုင်၏။
ပုံရိပ်ယောင်ဂိမ်းထဲ၌ တကယ့် အမှတ်များ ရှာနိုင်သော အခြေအနေက မှော်ဂိမ်း ကျော်ကြားမှုကို နောက်ထပ် အဆင့်အထိ မြင့်တက်သွားစေသည်။ မှော်ဂိမ်း ရုပ်မြင်သံကြား မျှော်စင်များကို နေရာတိုင်း၌ ဆောက်လုပ်ထားပြီး မှော်ရုပ်မြင်သံကြားနှင့် မှော်ဂိမ်းခေါင်းစွပ် အရောင်းတို့ကလည်း အင်ပါယာ သုံးခုအတွက် ဝင်ငွေ ကြီးကြီးမားမား ရရှိစေခဲ့သည်။ သို့ရာတွင် ချန်လွေ့၏ အစီအစဉ်ထဲ၌ ဝင်ငွေမရဘဲ အရှုံးပေါ်သည့်တိုင် ဒီကြော်ငြာမှုက အတော်လေး ထိုက်တန်လှပေသည်။ အကြောင်းမှာ အနာဂတ်တွင် လက်ရှိဝင်ငွေက မိုးဖွဲလေးကဲ့သို့ပင် သတ်မှတ်ရမည် ဖြစ်၍ပင်။
တစ်ချိန်တည်းမှာပင် “ရုပ်သေးမောင်းနှင်သူ”ကို ရွေးချယ်ခဲ့ကြသော ကစားသမားများကလည်း အင်ပါယာ၏ လျို့ဝှက်ထောက်လှမ်းရေးဌာန၏ မျက်စိကျမှုကို ရရှိလာကြသည်။ ထိုကစားသမားများထဲမှ အတော်ဆုံးသူက အင်ပါယာ၏ အနာဂတ် စုစည်းရုပ်သေး မောင်းနှင်သူအတွက် “ခန့်အပ်မည့်” အခြေအနေအတွင်း ရှိနေမည် ဖြစ်သည်။ အရေအတွက်ဖြစ်စေ၊ အရည်အသွေး ဖြစ်စေ၊ ထိုအရာက ပုံမှန် လေ့ကျင့်ရေးထက် များစွာ ပိုမိုသာလွန်ပေသည်။
ထိုအရာများအားလုံးကို စတင်ခဲ့သော ချန်လွေ့က အမှောင်လနယ်မြေကို ပြန်ရောက်လာပြီးနောက်တွင် အချိန်အများစုကို တံခါးပိတ်လေ့ကျင့်ပြီး ခန္ဓာကိုယ်ထဲမှ မိစ္ဆာလ မှော်သင်္ကေတကိုသာ လေ့လာနေခဲ့သည်။
ဆာရီရယ်က သူ့ကို မလိမ်ခဲ့ပေ။ မိစ္ဆာလ မှော်သင်္ကေတ၌ ပါဝင်သော မိစ္ဆာမျက်ဆံစွမ်းအားက အမှန်တကယ်ပင် ထူးခြားလှသည်။ ချန်လွေ့က ယခုတွင် ၎င်း၏ တစ်စိတ်တစ်ပိုင်းသာ ဆွဲထုတ်ပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နိုင် ခဲ့သော်လည်း သူ့အမြင်က ကြီးကြီးမားမား တိုးမြင့်သွားခဲ့သည်။ သူက မျက်လုံးထဲမှနေ၍ နဂါးမာန်နှင့် ဆင်တူသော စိတ်ဝိညာဉ် အဟန့်အတား တစ်ခုကိုလည်း ထုတ်လွှတ်နိုင်လာသည်။
ဒုတိယ ငွေသေတ္တာအကြောင်း ကြားလိုက်ရသည့်အခါ ဇိုလာ၏ မျက်လုံးများ အရောင်တောက်သွား၏။ သို့သော်လည်း နတ်ဘုရားယောင်အဆင့် ပုဂ္ဂိုလ်ထံမှ ထိုငွေသေတ္တာကို ရယူနိုင်ချေက သုညနီးပါးပင်။
ချန်လွေ့က ငွေသေတ္တာ၏ လျို့ဝှက်ချက်အကြောင်းကို မေးလိုက်ပြန်သည်။ ဇိုလာက ခဏတာ တုံ့ဆိုင်းနေခဲ့သော်လည်း မပြောပြခဲ့သေးပေ။ မစ်-နတ်မိမယ် နဂါးက တကိုယ်ကောင်းဆန်သည့် အတွက်ကြောင့်မဟုတ်ပေ။ သူက ယခုအချိန်အထိ ချန်လွေ့ကို မည်သည်မှ မလျို့ဝှက်ထားခဲ့ပေ။ ငွေသေတ္တာ၏ လျို့ဝှက်ချက်က နတ်ဘုရားအဆင့်နှင့် ဆက်နွှယ်နေသော စွမ်းအားများ ပါဝင်နေခြင်းကြောင့်သာ ဖြစ်လေသည်။ တိုင်းပြည်အဆင့်သို့ ရောက်ပြီး အထူး အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည့်တိုင် ၎င်းကို ထိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း လေ့လာသူ တစ်ယောက်အတွက် ထိုလျို့ဝှက်ချက်က ခုခံ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ပိုင်ဆိုင်ထားလေသည်။ မစ်-နတ်မိမယ်နဂါး ကိုယ်တိုင်ကပင် ထိုအတွေး တစ်စိတ်တစ်ပိုင်းအား အတင်း ချိပ်ပိတ်ထားပြီး လေ့ကျင့်ရေး၌ အနှောင့်အယှက် မဖြစ်စေရန် ပြုလုပ်ထားရသည်။ သို့ရာတွင် [ဒြပ်စင်၆ခုတိုင်းပြည်]ကလည်း အလွန်အမင်း အန္တရာယ်များသော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူက ချန်လွေ့အား ထိုကဲ့သို့ ပြဿနာထဲ မကျရောက်စေချင်ပေ။ ယခုလက်ရှိတွင် ကိုယ်ပိုင်စွမ်းအားကို အာရုံစိုက်ခြင်းက အရေးအပါဆုံး ဖြစ်သည်။ ၎င်းကို မလေ့လာခင်၌ နတ်ဘုရားတစ်ပိုင်း သို့မဟုတ် နတ်ဘုရားယောင်အဆင့်ကို ရောက်ရှိလျှင် အကောင်းဆုံး ဖြစ်၏။
ဇိုလာ၏ စိတ်ရင်းစေတနာကို သဘောပေါက်သွားသည့်အခါ ချန်လွေ့က ဆက်လက် မမေးတော့ပေ။ သူက မစ်-နတ်မိမယ်နဂါးကို နမ်းရှိုက်လိုက်ပြီး လက်ဆောင်တစ်ခု ထုတ်ပေးလိုက်သည်။ ထိုအရာက ရှေးမှော်စာ အမြုတေ ပါဝင်သော မှတ်ဉာဏ် သလင်းကျောက်ပင်။ မှတ်ဉာဏ်သလင်းကျောက်ကို ဖတ်လိုက်သည့်အချိန်တိုင်း မှတ်ဉာဏ်ထဲမှ အမှတ်အသားက ပုံမှန်အတိုင်း ရှိနေမည် ဖြစ်သည်။ ဆိုလိုသည်က အကန့်အသတ်တစ်ခုသို့ ရောက်သွားသည်နှင့် ပျောက်ကွယ်သွားပေလိမ့်မယ်။ သို့ရာတွင် ချန်လွေ့၌ [ အထူးစိစစ်မှု ] လျို့ဝှက် လက်နက်ရှိ၏။ တစ်ခါ ဖတ်ရုံဖြင့် သူက မှတ်ဉာဏ်ထဲသို့ အချက်အလက် အများအပြားကို ကူးယူပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ခြေဖျက်ကာ စုပ်ယူနိုင်လေသည်။ ဇိုလာက ၎င်းကို အနည်းဆုံး အကြိမ် ရာနှင့်ချီ အသုံးပြု နိုင်ပေသးသည်။
သက်တန့်တောင်ကြား သခင်မအတွက် အသိပညာက သလင်းကျောက်နက် ဒင်္ဂါးများထက် ပိုမို အဖိုးတန်ပေသည် (သလင်းကျောက်နက် ဒင်္ဂါးတွေလည်း အဖိုးတန်ပါတယ်) ။ ထို့ကြောင့် ထိုမှတ်ဉာဏ်သလင်းကျောက်က အကောင်းဆုံး လက်ဆောင်ဖြစ်သည်မှာ အသေအချာပင်။ သူက ချန်လွေ့ကို ပွေ့ဖက်ပြီး သုံးလေးကြိမ် လွှဲရမ်းလိုက်၏။ အဲ...ထို့နောက် ယောက်ျားသိက္ခာကို ကာကွယ်ရန် ဆာ-တောင်ကြားသခင်မ လက်ထောက်က မစ်-တောင်ကြားသခင်မအား ပြန်ပွေ့ဖက်ပြီး “လက်စားချေကာ” အိပ်ယာဆီသို့ လှိမ့်သွားတော့သည်။
ရှီရာနှင့် လက်ထပ်မည့် နေရက်က နီးသထက် နီးကပ်လာခဲ့သည်။ တံခါးပိတ် လေ့ကျင့်နေခဲ့ပြီး မိန်းမအချို့နှင့်အတူ ရံဖန်ရံခါ ပျော်ပါးနေခဲ့သော တစ်စုံတစ်ယောက်က သူ့အပေါ်သို့ “လျို့ဝှက်ကြံစည်မှု” တစ်ခု ရောက်လာတော့မည် ဖြစ်ကြောင်း မသိခဲ့ပေ။ အတိအကျပြောရလျှင် “အက်ဂ်ယော”ထံ ဖြစ်လေ၏။
“အိုလီဖီးရက်စ်။ သိပြီလား။”
“အမ်း...” မစ်-နဂါးနက်၌ လက်ထဲ၌ ဆီများပေနေရင်း အကင်အချို့ကို ဝါးနေလေသည်။
“ကြောင်တောင်တောင် ဟန်တောင်မနေနဲ့။” အဲလစ်က နှုတ်ခမ်းကို တွန့်လိုက်၏။ “မဟုတ်ရင် ငါနင့်ကို နောက်ထပ် အသားကင်လုံးတွေ၊ ကြက်တောင်ပံဝါနှပ်တွေ၊ ဟော့ပေါ့ ၃ပွဲ၊ တို့ဟူး၊ ယူးဘားစွပ်ပြုတ်တွေ မကျွေးတော့ဘူး....”
ထိုနာမည်များကို ကြားလိုက်ရုံဖြင့်ပင် မစ်-နဂါးနက်က သွားရည်များ ကျလာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်တော့သည်။ “ငါသိပြီ။ အဲဒီ ခဲအိုကို ရှင်းပစ်ဖို့အတွက် ကူညီပေးဖို့ပဲ မဟုတ်ဘူးလား။”
“ဘာ ခဲအိုလဲ။ အဲဒီ မကောင်းတဲ့ကောင်က အိုဆိုင်ဒန်ကို ရင်ဆိုင်ပြီးတော့ ငါ့အစ်မကို လိမ်ညာခဲ့တယ်။ အဲဒီကောင်ကို ငါ တော်တော်လေး မုန်းတာ။ မင်္ဂလာပွဲမှာ သူ့ကို ငါ အရှက်ကြီးကြီးရအောင် လုပ်ချင်တယ်။ မင်္ဂလာပွဲမှာတင် မဟုတ်ဘူး။ အဲဒီမတိုင်ခင် ဖျော်ဖြေပွဲမှာကောပဲ။ အာ....ဒါနဲ့....သူ့ကို နောက်ပြောင်ဖို့အတွက် အရင်ဆံုး ခေါ်ထုတ်ရမယ်။ ဒါကို... “ဇာတ်တိုက်”တာလို့ သဘောထားလိုက်။ နင် ငါ့ကို ကူညီပေးရမယ်။”
“ဒါက....” မစ်-နဂါးနက်က အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူက မည်သည်ကိုမှ မလုပ်ဘဲ ပိုက်ဆံယူရသည်၌ တော်သည်။ ကိုယ်ရေးကိုယ်တာ အတွက် အများပြည်သူ ရန်ပုံငွေကို ထိခိုက်စေခြင်း၊ အလွဲသုံးစားလုပ်ခြင်းနှင့် ဟန်ဆောင်ခြင်း အစရှိသည်တို့ပြုလုပ်ရာ၌လည်း တော်သည်။ သို့သော် အဲလစ်က သူငယ်ချင်းကောင်း ဖြစ်သည့်အတွက် ထိုကဲ့သို့ သူ့ကို မပြုလုပ်သင့်ပေ။ အရေးကြီးဆုံးကတော့ သူက တာဝန်ကို ပြီးအောင်မလုပ်ဘဲ ဆုလာဒ်များ ယူနေခဲ့သည်မှာ မနည်းတော့ပေ။ သူက ထိုကဲ့သို့ အလွတ်ကတိများ ဆက်ပေးနေမည်ဆိုလျှင် အနာဂတ်တွင် အလကား ထမင်စားလက်မှတ် ဆုံးရှုံးရပေလိမ့်မယ်။ ပြဿနာက အဲလစ် ရင်ဆိုင်ရမည့်သူမှာ သူ့ကို လစာ ပေးနေသော သူဌေး ဖြစ်နေခြင်းပင်။ နှစ်ဖက်လုံးက အကျိုးအမြတ် ရှိနေပြီး ကောင်မလေးက တစ်ခုခုကို လက်လွှတ်ရန် တွန့်ဆုတ်နေခဲ့လေသည်။
ဒါနဲ့ အက်ဂ်ယောရဲ့ သရုပ်မှန်ကို အဲလစ်ဆီ မပြောပြရဘူးလို့ သူဌေးကို ငါ ကတိပေးထားသလိုပဲ။ မဟုတ်ရင် သူက ငါ့လစာနဲ့ အကျိုးအမြတ်တွေကို တစ်နှစ်လုံး နုတ်လိုက်မှာ....
ဒါက မလွယ်ဘူး....
မစ်-နဂါးနက်က ဝေခွဲမရ ဖြစ်နေစဉ် အဲလစ်က အကြီးမားဆုံး ငါးစာကို ချလိုက်၏။ “မင်းသမီးစံအိမ်ရဲ့ အရေးကြီးပုဂ္ဂိုလ် အဆောက်အအုံမှာ တစ်လစာ အခမဲ့စားလို့ရမယ့် ကူပွန်။ အထူး ရနံ့မွှေးသေရည် ကူပွန်၅၀။ ပြိးတော့ မင်းသမီး လက်လီစတိုးက လက်ဝတ်ရတနာပွဲတော် အတွက် ရွှေသလင်းကျောက် လက်ဆောင် ဘောက်ချာ ပေးမယ်။”
“သဘောတူတယ်။” မစ်-နဂါးနက်က မျက်ရည်များဖြင့် လိုလီလေး၏ လက်ကို ကိုင်လိုက်၏။ အမေကပြောတယ်။ အပေါစား အပေးအယူ တစ်ခုခု ရှိမယ်ဆိုရင် လက်ခံရမယ်တဲ့။
သူဌေး။ ကျွန်မတို့ဘက်က အားနည်းတာ မဟုတ်ဘူး။ ရန်သူက ဉာဏ်များလွန်းနေတာ။
နောက်တစ်နေ့တွင် ရှီရာ၏ ဆင့်ခေါ်ခြင်းကို ခံရသော ချန်လွေ့က သက်တန့် တောင်ကြား တယ်လီပို့ လမ်းကြောင်းမှတဆင့် မြို့တော်သို့ ရောက်ရှိလာသည်။
“ဆာ-အက်ဂ်ယော။ အခုတလော အလုပ်များနေတာလား။ အင်ပါယာတစ်ခုရဲ့ ကြင်ရာတော် မင်းသား ဖြစ်လာတော့မယ့်သူ တစ်ယောက်အနေနဲ့ အနာဂတ်မှာ အခွင့်အရေး မရှိနိုင်တော့မှာ ဖြစ်လာနိုင်တဲ့ အတွက် နောက်ဆုံး အခိုက်အတန့်တွေကို မခံစားနေသင့်ဘူးလား။” အပြင်လူ မရှိသည့်အတွက် ရှီရာ၏ စနောက်သော အကြည့်များ၌ ခရမ်းရောင် မျက်လုံးထဲ၌ ပေါ်ထွက်နေခဲ့သည်။
ချန်လွေ့က ပုခုံးတွန့်လိုက်သည်။ “ဧကရီအရှင်မ။ ကျုပ် ဝမ်းနည်းရမှာလား။ ဂုဏ်ယူရမှာလား။”
“လုံးဝ ဂုဏ်ယူရမှာပေါ့။” ရှီရာ ပြန်ဖြေသည်။ “ငါတို့ရဲ့ သတို့သမီးအရံ အဆင်သင့် ဖြစ်ပြီလား။ လက်ထပ်ပွဲ မတိုင်ခင်မှာ အားလုံး စောင့်မျှော်နေကြတဲ့ ဖျော်ဖြေပွဲတစ်ခု ရှိလိမ့်မယ်။ သူ့ရဲ့ ဖျော်ဖြေမှုကို ကျွန်မ တော်တော်လေး မျှော်လင့်နေတာ။”
နိုင်ငံရေး ကိစ္စတွေကို မနားတမ်း ပြောတတ်တဲ့ ဧကရီအရှင်မက အခု သလင်းကျောက် မောင်းမဆောင်အကြောင်းကို မနားတမ်း ပြောနေတယ်။ ဒါက မိန်းမ သဘာဝများလား။ ချန်လွေ့က ခါးသက်သက်နှင့်သာ ရယ်နိုင်ခဲ့သည်။
အမှန်တကယ်၌ မစ်-သတို့သမီးအရံကလည်း ပြောခဲ့ဖူးသည်။ ဧကရီအရှင်မက သူ၏ ဖျော်ဖြေမှုကို စောင့်မျှော်နေသည်ဆိုလျှင် သူကလည်း သူ့ယောက်ျား၏ ကုတင်ပေါ်၌ ဧကရီအရှင်မ၏ ဖျော်ဖြေမှုကို စောင့်မျှော်နေမည် ဟူ၍ပင်။
ဒီစကားတွေက တော်တော်လေး ပြင်းထန်ပြီးတော့ အလဲထိုးနိုင်တဲ့ အစွမ်းတွေ ရှိကြတယ်။ သလင်းကျောက်မောင်းမဆောင် တည်ငြိမ်ဖို့အတွက် ဒီစကားတွေကို ပြန်ပြောလို့ မဖြစ်ဘူး။ ဒါပေမဲ့ ပြောရမယ်ဆိုရင် မဒမ်ဒေါ်လေးရဲ့ ရမ်းကားမှု...အဲ....ဆွဲဆောင်မှုက ဧကရီအရှင်မကို အနိုင်ရဖို့ လုံလောက်တယ်။ ပြီးတော့ ခီရာကပဲ အဲဒါကို ယှဉ်နိုင်တာ။
ချန်လွေ့၏ ခါးသက်သက် အပြုံးကို မြင်သည့်အခါ ရှီရာက မေးခွန်းများ ဆက်လက် မမေးခဲ့ပေ။ သူက စာအိတ်တစ်ခုကို ထုတ်လိုက်၏။ “ဒါက အဲလစ်ပေးထားတဲ့ ဖိတ်စာတစ်စောင်ပဲ။ သူက ဖျော်ဖြေပွဲမှာ ပါဝင်ချင်တယ်လို့ ပြောထားတယ်။ နေ့လယ်ပိုင်းမှာ သူက နယ်ဘက်ကို လှည့်လည်ဖို့ပဲ ဇာတ်တိုက်ဖို့အတွက် “အက်ဂ်ယော”ကို ဖိတ်ထားတာ။”
“အဲလစ်က ကိုယ့်ကို ဖိတ်တာလား။” ချန်လွေ့က ဖိတ်စာကို ယူလိုက်သည်။ သူက အမှောင်လ၌ ရှိခဲ့စဉ် လိုလီလေးနှင့် ခရီးသွားခဲ့သည်ကို ပြန်လည် သတိရသွားပြီး စိတ်ထဲ၌ နွေးထွေးသွားခဲ့သည်။ သို့ရာတွင် ယခုတစ်ခေါက် အဲလစ် ဖိတ်ကြားခဲ့သည်က သူ မုန်းတီးသော “အက်ဂ်ယော” ဖြစ်နေ၏။
စိတ်နှလုံးမကောင်းတဲ့ လိုလီလေးမှာ ကောင်းတဲ့ ရည်ရွယ်ချက် ရှိလောက်မယ့်ပုံ မပေါ်ဘူး။
“အဲလစ်ဆီကနေ ရှင် ဘယ်လောက်ကြာအောင် ဖုံးကွယ်ထားချင်တာလဲ။” ရှီရာက သက်ပြင်းချလိုက်၏။ “တကယ်တော့ အဲလစ်က ရှင့်ကို အမှောင်လမှာ ကတည်းက အမြဲတမ်း သဘောကျနေခဲ့တာ။”
“မင်း အထင်လွဲနေပြီ။ ကိုယ်က အဲလစ်ကို သဘောကျပါတယ်။ ဒါပေမဲ့....”
“ဒါပေမဲ့ ညီမလေးလိုမျိုးလား။” ရှီရာက ခေါင်းခါသည်။ “အဲလစ်က ရှင့်လိုမျိုး မဟုတ်ဘူး။ ပြီးတော့ သူက ကလေး မဟုတ်တော့ဘူး။ တကယ်လို့ သူ့အစ်မ မင်္ဂလာဆောင်မယ့်သူက သူ သဘောကျတဲ့သူဆိုတာ သိသွားခဲ့ရင် သေချာပေါက် ဝမ်းနည်းနေမှာ။”
“အင်း။ အရွယ်ရောက်နေတုန်းက တစ်ခုခု ဖြစ်လာဖို့က ရှောင်လွှဲလို့မရဘူး။ တစ်ယောက်ယောက် သဘောကျတာနဲ့ပဲ ပြန်လက်ခံလို့ မရဘူးလေ။” အိုလီဖီးရက်စ်က ပြဿနာ ရှုပ်နေပြီ။ နောက်တစ်ယောက် ထပ်တိုးလာရင် ပိုပြီးတော့ ဒုက္ခရောက်လိမ့်မယ်။
ရှီရာက ချန်လွေ့၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်၏။ “တခြားသူဆိုရင်တော့ ရှင် လိုချင်ရင်တောင် မရဘူး။ ဒါပေမဲ့...အဲလစ်က ကျွန်မရဲ့ ညီမ။ ကလေးဘဝ ကနေ အရွယ်ရောက်တဲ့အထိ သူလိုချင်တာ မှန်သမျှကို ကျွန်မ ပေးမယ်။”
ညီအစ်မ နှစ်ယောက်လုံးကို ရဖို့က အိုတာခု တစ်ယောက်ရဲ့ အိပ်မက်ပဲလေ။
နေပါဦး။ လိုချင်တာ မှန်သမျှတဲ့လား။
“ဒီလိုဆိုတော့....လက်ထပ်ပွဲကို ပြောင်းလဲရလိမ့်မယ်။ ကြင်ရာတော်မင်းသာ အက်ဂ်ယောက မင်းသမီး အဲလစ်ရဲ့ ခင်ပွန်း ဖြစ်လာရမယ်။”
ရှီရာ၏ စကားကြောင့် ချန်လွေ့ အံ့အားသင့်သွားပြီးနောက် မျက်ရည်နှင့် မျက်ခွက် ဖြစ်သွားရသည်။ လက်စသတ်တော့ ညီအစ်မ နှစ်ယောက်လုံးကို ရတာ မဟုတ်ဘဲနဲ့ ယောက်ျားကို ပေးပစ်တာ ဖြစ်နေတာကိုး။
နေပါဦး။ လက်ထပ်ပွဲကို ပြောင်းလဲမယ်တဲ့လား။
ကြင်ရာတော်မင်းသား၏ ခါးသက်သက် မျက်နှာကို မြင်သည့်အခါ ဧကရီအရှင်မက ပြုံးလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ခရီးမှာ ရှင် အဲလစ်ကို ပျော်အောင် လုပ်ရမယ်။ မဟုတ်လို့ကတော့ အဲလစ်ကို အက်ဂ်ယောရဲ့ သရုပ်မှန် ပြောပြလိုက်မယ်။ သူနဲ့ ကတိလုပ်ထားတဲ့ ၃နှစ်က ပြည့်တော့မယ်ဆိုတာ မမေ့နဲ့ဦး။”
နောက်ဆုံး စကားက ကောင်မလေး တစ်ယောက်နှင့် လက်သန်းချိတ် ကတိပေးထားခဲ့စဉ်က အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်မိ၏။
၃နှစ်....တော်တော်လေး မြန်တာပဲ...