သူမ၏ အစီအစဉ်
Vol. 132 Ch. 1839
တယွိမင်းသား လဲကျသွားချိန်တွင် အားလုံး ပျာယာခတ်သွားကြသည်။
“မင်းသား မင်းသား ဘာဖြစ်တာလဲ”
“ဒဏ်ရာဟောင်း ပြန်ပေါ်လာတာလား”
“သမားတော် ဘယ်မှာလဲ သမားတော်ရှာပြီးကြည့်ခိုင်းလိုက်”
ပွဲတော်တစ်ခုလုံးသည် ပေါက်ကွဲမတတ်ပုံဖြစ်နေသည်။ တယွိမင်းသား ကို မင်းသားများအားလုံးဝိုင်းလာကြသည်။
“သမားတော်ရောက်ပြီ သူ့ကိုကြည့်ခိုင်းလိုက်ပါဦး” ယွိယန်းသည် သမား တော်တစ်ယောက်နှင့် လျှောက်လာပြီး အမောတကောပြောလေသည်။ မင်းသားကို ဝိုင်းနေသောလူများသည် တစ်ခါတည်းနှင့် ဘေးသို့ဖယ်ပေးကြ သည်။
“သမားတော်ဟော် မင်းသား ဘာဖြစ်တာလဲ တစ်ချက်လောက်ကြည့်ပေး ပါ” ကြင်ယာတော်မင်းသမီးသည် ဘေးသို့ရှောင်ကာ သမားတော်ဟော်အတွက် လမ်းဖယ်ပေးလိုက်သည်။
သမားတော်ဟော်သည် တယွိမင်းသား၏ ပင်တိုင်သမားတော်ဖြစ်ကာ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုး မဖြစ်မလာစေရန်အတွက် မင်းသားနောက်သို့ တောက်လျှောက်လိုက်နေသော သူဖြစ်သည်။ မင်းသားကို စမ်းသပ်ပြီးနောက် တွင် ပြောလိုက်သည် “မင်းသား ခန္ဓာကိုယ်ထဲက အအေးဓာတ်က ပြန်ပေါ်လာ ပြီ ကျွန်တော်တို့ ရေပူစမ်းကို တစ်ခါတည်းသွားမှဖြစ်မယ်”
“မင်းသားက အခုအရမ်းအားနည်းနေတယ်… သူ့ကို ဘယ်လိုရွှေ့မှာလဲ တခြားနည်းလမ်းမရှိတော့ဘူးလား” ကြင်ယာတော်မင်းသမီး အော်လေသည်။
“ကြင်ယာတော်မင်းသမီး စိတ်အေးအေးထားပါ… မင်းသား ခန္ဓာကိုယ်ထဲ က အအေးဓာတ်က သာမန်မဟုတ်ဘူး… ရေပူစမ်းကိုသုံးပြီး ဖိနှိပ်ခဲ့ရတာ… ရေပူစမ်းက သူ့အခြေအနေကို ဘယ်လောက်ထိကြာအောင် ဖိနှိပ်နိုင်မလဲဆို တာ မသိရုံတင်ပါ” သမားတော်ဟော် ပြောလေသည် “ကြင်ယာတော်မင်းသမီး မင်းသားကို ဘေးခြံဝန်းကိုခေါ်သွားခွင့်ပေးပါ”
“ဘေးခြံဝန်းဆို အရမ်းဝေးတယ် လမ်းမှာ တစ်ခုခုများဖြစ်သွားနိုင်လား” ကြင်ယာတော်မင်းသမီးသည် စိုးရိမ်လျက်ရှိသည်။
“ကျွန်တော် မင်းသားရဲ့အခြေအနေကို ဖိနှိပ်ဖို့ ဆေးသုံးပါမယ်… မင်းသား ရဲ့အခြေအနေက ရုတ်တရက် ပိုဆိုးသွားတာ… ပိုပြီးပြင်းထန်လာမလားဆိုတာ မသေချာပါဘူး” သမားတော်ဟော် ပြောလေသည်။ “ကြင်ယာတော်မင်းသမီး အချိန်က အရေးကြီးပါတယ် မြန်မြန်သွားကြမယ်”
“ဟုတ်ပြီ ဒီနေ့ပွဲကိုတော့ ဒီမှာပဲ အဆုံးသတ်ကြတာပေါ့… မင်းသားကို ဘေးခြံဝန်းကို ခေါ်သွားမယ်” ကြင်ယာတော်မင်းသမီး အမိန့်ပေးလေသည်။
နယ်စားအားလုံးသည် တယွိမင်းသား၏ အခြေအနေကို စိတ်ပူနေကြ သည်။ သို့သော် ကြင်ယာတော်မင်းသမီးနှင့် တခြားမင်းသားများသည် သူ့ကို ကူညီပေးပြီးနောက် ထွက်သွားကာ အိမ်တော်ထိန်းနှင့် အစေခံများကို လွှတ် ပေးလေသည်။
သူတို့ ဘေးခြံဝန်းသို့ရောက်သောအခါ တပ်သားအချို့ထွက်လာပြီး အားလုံးကို တားလေသည်။
“ကြင်ယာတော်မင်းသမီး ဝင်လို့မရပါဘူး” တပ်သား ပြောလေသည်။
“ဒီလိုအချိန်မှာတောင် ငါ့ကို ဘယ်လိုမျိုးတောင် တားရဲတာလဲ” ကြင်ယာ တော်မင်းသမီးသည် တပ်သားကို ပါးရိုက်လိုက်သည်။ သို့သော် တပ်သားသည် မလှုပ်မယှက်ပင်။
“မင်းသား ၂ ပဲဝင်လို့ရပါမယ် ဒါက မင်းသားရဲ့အမိန့်ပါ.. ကြင်ယာတော် မင်းသမီး ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့” တပ်သား ပြောလေ သည်။
“အဲဒါက သာမာန်အခြေအနေမှာပဲ အကျုံးဝင်မယ်.. အခု မင်းသားရဲ့ အသက်က အန္တရာယ်များနေတာ… မင်းက ငါ့ကို ဒီလိုပြောနေသေးတယ် ဟုတ် လား… ငါ မင်းကိုမသတ်နိုင်ဘူးလို့ ထင်နေလား” ကြင်ယာတော်မင်းသမီးသည် ဒေါသတကြီးအော်လေသည်။
“မယ်တော် သူတို့က ခမည်းတော်ရဲ့ အသေခံတပ်သားတွေပါ သူတို့ကို သတ်လိုက်ရင်တောင် ရလဒ်ကတော့ အတူတူပါပဲ… ခမည်းတော်နိုးလာရင် မယ်တော်ကို အပြစ်တင်လိမ့်မယ်… ကျွန်တော်ပဲ ခမည်းတော်ကို သွားကြည့် လိုက်ရင်ရော” ယွိယန်း ပြောလေသည်။
“ငါ…” ကြင်ယာတော်မင်းသမီးသည် သူမလည်း ဝင်သွားလိုသည်ဟု ပြောချင်သည်။ သို့သော် ယွိယန်းသည် မင်းသား၏ ခြံဝန်းထဲသို့ ရောက်နှင့်နေ ပြီဖြစ်သည်။
တပ်သားများသည် သူ့ကိုဝင်ခိုင်းပြီးသည်နှင့် နေရာပြန်ယူကာ သူတို့ကို တားထားလေသည်။
သမားတော်ဟော်သည်လည်း သူတို့နောက်မှလိုက်ပြီး အထဲသို့ဝင်သွား လေသည်။
ကြင်ယာတော်မင်းသမီးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား သည်။
ထိုနေရာသည် သူမ မဝင်နိုင်သော တစ်ခုတည်းသောနေရာဖြစ်သည်။ ဤ နေရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာလျှို့ဝှက်ဆန်းကြယ်မှုရှိလိမ့်မည်ဟု သူမ အမြဲတစေခံစားခဲ့ရသည်။ သူမသည် ဤအခွင့်အရေးတွင် အထဲသို့ဝင်ပြီး ကြည့် ချင်သည်။ သို့သော် တပ်သားများမှာ ပူးပေါင်းခြင်းမရှိလိမ့်မည်ဟု ထင်မထား ပေ။
“မဘ်တော် ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ယွိလျိုမေးလိုက်သည်။
“ဘာလုပ်နိုင်ဦးမှာလဲ… ပြန်ရမှာပေါ့ ဒီမှာစောင့်ဖို့ လူလွှတ်လိုက်.. မင်းသားအကြောင်း သတင်းရတာနဲ့ နန်းတော်ကို တစ်ခါတည်း သတင်းပို့ခိုင်း လိုက်” ကြင်ယာတော်မင်းသမီးသည် ညွှန်ကြားပြီးနောက် လှည့်ထွက်သွားလေ သည်။
မင်းသားတချို့သည် သူမနောက်လိုက်သွားပြီး တံခါးအပြင်တွင် စောင့်ကြပ်နေသော တပ်သားနှစ်ယောက်ကို ချန်သွားလေသည်။
ဘေးခြံဝန်းတွင် တယွိမင်းသားသည် မျက်လုံးပွင့်လာသည်။ သူသည် သမားတော်ဟော်၏ အကူအညီမရှိဘဲ မတ်တတ်ထလိုက်သည်။
“မင်း ထွက်သွားလို့ရပြီ” တယွိမင်းသား ညွှန်ကြားလိုက်သည်။
“မင်းသား သွေးအန်အောင်လို့ ကိုယ့်ဘာသာ ဆေးသုံးလိုက်ပေမဲ့ ခန္ဓာကိုယ်ထဲက အအေးဓာတ်က လှုပ်ရှားနေတုန်းပဲ… အရင်ဆုံး ရေပူစမ်းကို ဝင်လိုက်တာ ပိုကောင်းပါမယ်” သမားတော်ဟော် ပြောလေသည်။
“အင်း” တယွိမင်းသား ပြန်ဖြေလိုက်ပြီးနောက် လှည့်ထွက်ကာ အတွင်း ဘက်ခြံဝန်းသို့ ဝင်သွားလေသည်။ တပ်သားတစ်ယောက်ပေါ်လာပြီး သမား တော်ဟော်ကို သွားနားခိုင်းလိုက်လေသည်။
တယွိမင်းသားနှင့် ယွိယန်းတို့သည် အတွင်းဘက်ခြံဝန်းသို့ ဝင်သွားရာ ရှီမာယူယူ စောင့်နေသည်ကို မြင်လိုက်ရသည်။
“အသင့်ပဲလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း နောက်သုံးလေးရက်လောက်တော့ ငါ လူတွေရှေ့မထွက်တော့ဘူး” တယွိမင်းသား ပြန်ဖြေလေသည်။
“ဒီပစ္စည်းတွေကို စစ်ဆေးပြီးပါပြီ မင်းသား ဆေးကို အရင်သောက်လိုက် ပါ ဆေးသက်ရောက်မှုပြလာတာနဲ့ မင်းသားရဲ့ခန္ဓာကိုယ်ထဲက တားမြစ်ဆေးကို ဖယ်ထုတ်ပါမယ်… အဲလိုဆိုရင် နောက်သုံးလေးရက်လောက် အပ်စိုက်မှ ဒဏ်ရာအဟောင်းကို ကုလို့ရမှာပါ… တားမြစ်ဆေးကို ဖယ်ထုတ်ပြီးတာနဲ့ ပြဿနာမရှိတော့ပါဘူး” ရှီမာယူယူသည် သွေးနီရောင်ဆေးကိုထုတ်လိုက် သည်။
တယွိမင်းသားသည် ဆေးထုတ်ပြီး သောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ မှ သွေးစီးဆင်းမှုသည် များစွာတိုးတက်လာသည်။
ရှီမာယူယူသည် သူတို့ရှာလာသည့် ဆေးပစ္စည်းများကို ထပ်မံစစ်ဆေးနေ သည်။
ထိုဆေးပစ္စည်းများသည် တတိယမြောက်ပြိုင်ပွဲ ပထမနေ့တွင် တွေ့လာခဲ့ ခြင်းဖြစ်သည်။ သူမ မင်းသားနှင့် ဆွေးနွေးပြီးနောက်တွင် အားလုံးရှေ့တွင် ကျန်းမာရေးမကောင်းသလို ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နောက်ရက်များတွင် သူမသည် သူ့ကို ဆေးကုသမည်။
ဆေးပစ္စည်းများကို ဂရုတစိုက်စစ်ဆေးနေသည့် ရှီမာယူယူကို ယွိယန် ကြည့်ပြီး လွန်ခဲ့သည့်နှစ်ရက်က နည်းစနစ်ကျသည့် နည်းလမ်းရှင်းပြခဲ့ပုံကို ပြန်စဉ်းစားမိကာ ပြောလိုက်သည် “မင်းသားက ဒီအခွင့်အရေးကို စောင့်ပြီး ကြင်ယာတော်မင်းသမီးရဲ့ အာဏာကိုဖယ်ထုတ်ဖို့ လုပ်နေတာမဟုတ်ဘူးလား ဒီလိုမျိုး အားနည်းသလိုဟန်ဆောင်ရင် သူမ လှုပ်ရှားလိမ့်မယ်”
ထိုအချိန်တွင် သူမသည် ကစားရာတွင် အလွန်ကျွမ်းကျင်သောကြောင့် သူ၏ ခမည်းတော်နှင့် သူကိုယ်တိုင်ပင် အံ့ဩရသည်။
သို့သော် သူမ ပြောသည်မှာမှန်သည်။ ခမည်းတော်သာ တစ်ခုခုဖြစ်သွား ပါက ကြင်ယာတော်မင်းသမီးသည် လှုပ်ရှားနိုင်ချေများသည်။ ထိုအချိန်မှာ သူတို့ကို နန်းချရန် ပြီးပြည့်စုံသည့် အခွင့်အရေးပင်ဖြစ်သည်။
သူမသည် မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ သို့သော် အရာ အားလုံးသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသလိုပင်။ သူမသည် ကြိုးကိုင်ခြယ်လှယ်နိုင်သည့် ပုံပေါ်သည်။ သူမသာ ဆန္ဒရှိပါက တိမ်တိုက်များ နှင့်မိုးကိုပါ ချက်ချင်းဆင့်ခေါ်နိုင်သည်။
သူ သူမကို စိုက်ကြည့်နေသည်ကို ရှီမာယူယူ ခံစားမိသောကြောင့် ခေါင်းမော့ပြီး သူ့ကို ပြုံးပြသည်။ ထို့နောက် ဆေးပစ္စည်းများကို ဆက်ပြီး အမျိုးအစားခွဲနေသည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် သူမသည် သစ်သားကန်ယူလာရန် အမိန့် ပေးလိုက်ပြီး ရေထည့်လိုက်သည်။ ထို့နောက် သူမသည် အဆီအနှစ်များ လောင်းထည့်လိုက်ရာ ရေအေးသည် ချက်ချင်းပင် ပွက်ပွက်ဆူလာသည်။
“မင်းသား အင်္ကျီချွတ်ပြီး အထဲကိုဆင်းလိုက်ပါ” ရှီမာယူယူ ပြောလိုက် သည်။
တယွိမင်းသားသည် အဆီဝေ့ပြီးအစိမ်းရောင် သမ်းနေကာ ပူဖောင်းများ ထနေသည့် ရေကိုကြည့်ပြီး ရွံရှာစွာကြည့်လိုက်သည်။
မင်းသားသည် ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံး တွင် အဝတ်များကိုချွတ်ပြီး သစ်သားကန်အတွင်းသို့ ဝင်လေသည်။
“မင်းသား မရွံပါနဲ့ ဒါက တန်ဖိုးကြီးရတနာပါ” ရှီမာယူယူသည် သူ၏ ရှုံ့မဲ့ နေသော မျက်နှာကိုကြည့်ပြီး ပြုံးကာ ပြောလေသည်။
“ငါ့ခန္ဓာကိုယ်ထဲက တားမြစ်ဆေးတွေ အကုန်လုံးကို ဘယ်လိုထုတ်မှာလဲ” တယွိမင်းသားသည် တတ်နိုင်သလောက် ရေကိုအာရုံမရောက်ရန် ကြိုးစားနေ သည်။
“တကယ်ကို ရိုးရှင်းပါတယ် ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ နည်းနည်းနာပါ လိမ့်မယ်… ဒါပေမဲ့ ဒီပမာဏက မင်းသားရဲ့အားကို ဖြည့်ပေးနိုင်ပါတယ် အဲဒါ ကြောင့် လုံ့လရှိတာက ပြဿနာမဖြစ်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အပ်စိုက်ကုထုံးရော လိုသေးလား” ယွိယန်းသည် ဘေးမှမေးလေသည်။
“မလိုပါဘူး ဒီအတိုင်းဆေးစားတာနဲ့တင် ဖြစ်ပါတယ်” ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီးနောက် မင်းသားကို တိုက်လိုက်သည်။ သူ ဆေးစားပြီး သည်နှင့် ခန္ဓာကိုယ်သည် ပူလောင်သည်ကို ခံစားလာရပြီး စွပ်ပြုတ်ထက်ပင် ပူသည်ဟု ခံစားရသည်။
သူ့ခန္ဓာကိုယ်အတွင်းတွင် တစ်စုံတစ်ရာသည် လှုပ်ရှားသွားလာနေပြီး သွေးကြောများသည် ကြေမွသွားသလိုခံစားရသည်။
ယွိယန်းသည် ဖခင်ဖြစ်သူ မသက်မသာခံစားနေရသည်ကို မြင်သောအခါ စိုးရိမ်နေသော်လည်း သူလည်း ဘာမှမတတ်နိုင်ပေ။
ခဏကြာပြီးနောက်တွင် မင်းသား၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် အဖု အသေးစားများဖြစ်ပေါ်လာသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ သူ့၏ တင်းမာနေသော မျက်နှာမှာ ပြုံးလျက်ရှိသည်ကို မြင်သောအခါ သူမသည် ဘေးမှ ဓားတစ်ချောင်းကို ကောက်ယူပြီး အဖုများဖြစ်နေသည့် နေရာကို လှီးဖြတ်လိုက်ရာ အထဲမှ ကျောက်တုံးကဲ့သို့အရာများထွက်လာလေသည်။
***