ကြံရာပါ
Vol. 49 Ch. 786
ကြယ်အလင်းကောလိပ်အပေါ် ချန်လွေ့၏ ပထမဆုံးအမြင်က ဆယ်မီတာကျော် ကျယ်ဝန်းသော ဂိတ်တံခါးကြီးပင် ဖြစ်၏။ ထိုအထဲတွင် ရပ်နေကြသူများက အလွန်အမင်း သေးငယ်နေသည်။ ဧရာမနဂါးတစ်ကောင်သည်ပင် အလွန်တကူ ဖြစ်သွားနိုင်ပေသည်။
ဂိတ်တံခါးအလယ်တွင် နောက်မှ မြင်ကွင်းကို တားဆီး ထားသည့် အရည်လဲ့နေသော အလွှာတစ်ခု ရှိနေသည်။ ထိုအရာက စောင့်ကြည့်မခံရရန်အတွက် အမြင်ပိုင်းဆိုင်ရာ အနှောင့်အယှက် အကာအကွယ် မှော်ပညာတစ်မျိုး ဖြစ်နိုင်၏။
တံခါးပေါ်၌ သပ်သပ်ရပ်ရပ် စီစဉ်ထားသော ထင်းခနဲ မြင်သာသော ဧကရာ မှော်ရုပ်ထုများလည်း ရှိသည်။ ၎င်းတို့ အပေါ်၌ ထူးဆန်းသော ထွင်းစာများကို ထွင်းထား၏။ ဖေးဇ် ပြောသည့် အတိုင်းဆိုလျှင် ထိုရုပ်ထုများက အလွန် စွမ်းအားကြီးသော မှော်ထွင်းစာ အစောင့်များ ဖြစ်ကြပေသည်။ ကောလိပ်ထဲသို့ ကျူးကျော်လာသော မည်သည့် ရန်သူမဆိုက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို ခံစားရမည် ဖြစ်သည်။
အစောင့်များအပြင် အစောင့်တစ်ဖွဲ့လည်း ရှိနေသည်။ သူတို့ထဲတွင် ပိန်ပိန်ပါးပါးနှင့်လူ တစ်ယောက် ရှိနေပြီး ချန်လွေ့နှင့် ရင်းနှီးနေပုံရသည်။
စဉ်းစားကြည့်လိုက်ရာ ထိုအရူးက ငွေလ ကောင်းကင် မြို့တော် နတ်သူငယ်မျိုးနွယ်စု နေအိမ်၌ လန်ဘိစ်နှင့် အခြားသော ကျောင်းသူများ အရှေ့၌ ချန်လွေ့ကို သိမ်ငယ်စေကာ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ရန် ကြိုးစားခဲ့သူ ဖြစ်နေသည်။ ရလာဒ်အနေဖြင့် ချန်လွေ့က မဟာဆရာသခင် ဖီနိုအီရာ၏ ခရမ်းသစ်တောထဲ၌ ရေပန်းစားမှုကို အရင်ဆုံး ခိုးယူသွားခဲ့ပြီး မှော်စက်ဝိုင်းကို ချိုးဖောက်ကာ ကောလိပ်မှ သူတော်စင်အဆင့် နည်းပြတစ်ယောက်ကို အလွယ်တကူ အနိုင်ယူခဲ့ပြီး အဆုံးတွင် ကျောင်းသား/သူ အားလုံးအရှေ့၌ အထူးအစွမ်းထက်ပုဂ္ဂိုလ် အစ်ဇ်ယိုရူးဇ်ကို သတ်ပစ်ခဲ့လေသည်။ ထိုအရာက ထိုမောက်မာသော သူများအား မျက်နှာကို လက်သီးများ အပြင်းအထန် ထိုးလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
“ဒါက ငါတို့ရဲ့ အမှိုက် ဆေးရည်ပညာရှင် ဖေးဇ် မဟုတ်လား။” အရူးကောင်က ရွံစရာ လေသံ ရှိနေသေးသည်။
ဖေးဇ်က အရူးကောင်ကို မကြည့်ဘဲ အစောင့်ခေါင်းဆောင်ကို ပြောလိုက်သည်။ “ခေါင်းဆောင် ရေမို။ ဒါက ကျုပ်မိတ်ဆွေ စိုင်မွန်ပါ။ ကျုပ် သူ့ကို ဆရာနဲ့ တွေ့ဖို့ ခေါ်သွားပြီးတော့ ဆေးရည်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးမလို့ပါ။ ကျုပ်အတွက် စာရင်းသွင်းပြီးတော့ ယာယီ ဖြတ်သွားခွင့် အထောက်အထားတစ်ခု လျှောက်ထားပေးပါ။”
ရေမိုက ချန်လွေ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ စကား မပြောခင်မှာပင် အရူးကောင်က ထခုန်လိုက်ပြန်သည်။ “ခေါင်းဆောင်။ အခုက အရေးကြီး အခြေအနေ ဖြစ်နေတယ်။ ကျုပ်တို့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က တာဝန် အကြီးကြီး ယူထားရပြီးတော့ ဘယ်ကမှန်းမသိတဲ့သူကို ဝင်ခွင့်ပေးလို့မရဘူး။”
“ခေါင်းဆောင် ရေမို။ ဒါက ကျုပ်ဆရာ မာစီးရက်စ်ရဲ့ အရေးပါတဲ့ စမ်းသပ်ချက်တစ်ခုနဲ့ ဆက်နွှယ်နေလို့ပါ။ ဆာ-စိုင်မွန်က ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျုပ် အာမခံနိုင်ပါတယ်။”
အရူးကောင်က ချက်ချင်း အော်ပြောလိုက်၏။ “မင်းက ဘယ်လိုလုပ် အာမခံနိုင်မှာလဲ။ ဒီလူက သံသယဝင်စရာကောင်းတာ အသေအချာပဲ။ လျို့ဝှက်အကြံအစည်တစ်ခု ရှိနိုင်တယ်။ ဒါက ကြယ်မျှော်စင် ရွေးချယ်ပွဲကို ထိခိုက်စေခဲ့ရင် မင်းမပြောနဲ့၊ ဆရာသခင် မာစီးရက်စ်တောင် တာဝန်ယူနိုင်မှာ မဟုတ်ဘူး။”
အရူးကောင်နှင့် ဖေးဇ်တို့က သေချာပေါက် ရန်ငြိုးဟောင်းများ ရှိကြပြီး သူက ပြဿာနကို ပိုခက်ခဲအောင် လုပ်နေခြင်းသာ ဖြစ်ကြောင်း ချန်လွေ့ မြင်နိုင်ပေသည်။
“နိုင်းလ် !” ဖေးဇ်က မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။ “စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ကောလိပ်ရဲ့ စည်းကမ်းနဲ့ ဥပဒေကို ထိန်းသိမ်းဖို့အတွက် အရေးပါတဲ့ အင်အားစု တစ်ခုပဲ။ ဒါကို ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် လက်စားချေဖို့ သုံးလို့ မရဘူး။ ဒါကြောင့် ရိုးလ်လင်းက မင်းကို ပိုပြီးတော့တောင် မုန်းတီးလာဦးမှာ။”
အရူးကောင် နိုင်းလ်က သရော်ပြုံး ပြုံးလိုက်သည်။ “ငါက အလုပ်ကိစ္စ လုပ်နေတာပဲ။ မင်း လက်မခံနိုင်ဘူးဆိုရင် မင်းရဲ့ ဆရာအရှေ့မှာ သွားငိုပြီးတော့ ကျောင်းရေးရာဌာနမှာ ငါ့အကြောင်း သွားတိုင်ခိုင်းလေ။ မင်း ဒီလူကို အတင်းခေါ်သွားမယ် ဆိုရင်တော့ စည်းကမ်းထိန်းသိမ်းအဖွဲ့ရဲ့ အင်အားကို သုံးပြီး မင်းတို့ နှစ်ယောက်ကို အကျဉ်းချရလိမ့်မယ်။”
ထိုစကား ထွက်လာသည်နှင့် ဖေးဇ် ဒေါသထွက်သွားရုံသာမက ရေမိုကလည်း မျက်မှောင်ကြုတ်လိုက်၏။ နိုင်းလ်၏ ဒေါ်လေး ဘယ်လီယာက ကျောင်းရေးရာဌာန၏ လက်ထောက်အရာရှိ ဖြစ်သော်လည်း နိုင်းလ်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ယောက်သာ ဖြစ်သည်။ ရေမိုက ခေါင်းဆောင်တစ်ယောက် ဖြစ်၏။
“မင်း နာမည်ကို နိုင်းလ်လား။” ချန်လွေ့က ပျင်းစရာ အငြင်းပွားနေမှုကို ဝင်နှောင့်ယှက်ပြီး တစ်ခုခုကို ထုတ်ပြလိုက်သည်။ “မင်းရဲ့ နောက်ခံက ဘယ်လိုပဲဖြစ်ဖြစ်၊ အလင်းကို ပုတ်ခတ်ပြောဆိုတဲ့ ဘယ်သူမဆိုက အပြင်းအထန် အပြစ်ပေးခံရလိမ့်မယ်။ အလင်းစစ်သည်တော် တစ်ယောက်အနေနဲ့ အခု မင်း ကျောင်းတော် အဖွဲ့ဝင်တစ်ယောက်ကို အငြိုးနဲ့ တိုက်ခိုက်တာကို မမြင်ချင်ယောင်ပေးလို့ရတယ်။ ငါ တစ်ခုပဲ မေးမယ်။ လျို့ဝှက် အကြံအစည်တွေနဲ့ ဘယ်ကမှန်းမသိတဲ့ အလင်းစစ်သည်တော် ငါက ငါ့မိတ်ဆွေ ဖေးဇ်နဲ့အတူ ဝင်သွားလို့ ရပြီလား။”
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၏ မျက်လုံးများက ချန်လွေ့၏ လက်ထဲရှိ အဖြူရောင် တောက်နေသော တံဆိပ်ပြားကို စိုက်ကြည့်နေကြသည်။ ထိုအရာက အမှန်တကယ်ပင် အလင်း စစ်သည်တော်ကို ကိုယ်စားပြုသော တံဆိပ်ပြား ဖြစ်၏။ တရားဝင် အကဲဖြတ်မှုကို အောင်မြင်သွားခဲ့သော အရန် အလင်း စစ်သည်တော်ကသာ ထိုအရာကို ပိုင်ဆိုင်ခွင့် ရှိသည်။ စစ်သည် ကိုယ်ကိုင်ကလွဲ၍ လူအများစုက ထိုကဲ့သို့ အဖြူရောင်အလင်း ထွက်လာအောင် မလုပ်နိုင်ကြပေ။
နိုင်းလ်၏ မျက်နှာအမူအရာက ရုတ်တရက် ပျက်သွားခဲ့သည်။ အလင်းစစ်သည်တော်ကိုယ်တိုင်က ဘာမှ မဟုတ်ပေ။ သို့နောက် နောက်ကွယ်မှ သိဒ္ဓိကျောင်းတော်သည် အင်ပါယာအားလံုး မော့ကြည့်ရသော အရာတစ်ခု ဖြစ်၏။
သိဒ္ဓိကျောင်းတော်၏ လက်တလော လှုပ်ရှားမှုများက အလွန် ကျယ်ပြန့် လွန်းလှသည်။ ခုံသမာဓိအဖွဲ့မှ တရားသူကြီးများကို ခဏခဏ စေလွှတ်ပြီး အစွန်းရောက် ကိုးကွယ်သူများကို ဖမ်းဆီးကာ မီးရှို့သတ်ကြသည်။ သူ့အဖေက ကြယ်အလင်း အင်ပါယာမှ ကြယ်ပြာ မြို့တော်ဝန် ဖြစ်သည့်တိုင် ထိုအချိန်၌ သိဒ္ဓိကျောင်းတော်ကို ရန်စသည်က အတော်လေး မိုက်မဲရာ ကျပေသည်။
“တောင်းပန်ပါတယ်။ ဆာ-စိုင်မွန်။” ရေမိုက နိုင်းလ်ကို စိုက်ကြည့်ပြီး ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူ၏လက်က အရောင်တောက်သွားပြီးနောက် သတ္တုပြားပေါ်တွင် အလျင်အမြန် စာရင်းသွင်းလိုက်၏။ “ဒါက အထင်လွဲသွားတာပါ။ ဒါက ခင်ဗျားရဲ့ ယာယီ ဖြတ်သွားခွင့် အထောက်အထားပါ။ ဒါကို သိမ်းထားပြီးတော့ ပြန်ထွက်လာတဲ့အခါကျရင် တံခါးက အစောင့်ကို ပေးပေးပါ။”
“ကျေးဇူးတင်ပါတယ်။” ချန်လွေ့က အသာလေး ပြုံးလိုက်ပြီး ဖြတ်သွားခွင့် အထောက်အထားကို ယူလိုက်သည်။ အလင်း စစ်သည်တော် တံဆိပ်ပြားက သိဒ္ဓိအလင်းတောင်၌ ရှိနေခဲ့စဉ် အယ်လီဇာထံမှ ရရှိထားခဲ့ပြီး အစစ်အမှန် ဖြစ်သည်။ အမှန်တကယ်၌ သူ့တွင် ထိုအရူးကို ကြောက်လန့် သွားစေနိုင်သော သိဒ္ဓိမိန်းမပျို ယူဒိုရာကိုယ်တိုင် ပေးထားသည့် သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော် တံဆိပ်ပြား ရှိနေသေးသည်။ ကံဆိုးစွာပင် စိုင်မွန် နာမည်ရှိသော အလင်းစစ်သည်တော် ထောင်နှင့်ချီ ရှိနိုင်သော်လည်း သိဒ္ဓိအလင်းတောင်၌ ပြဿနာ အကြီးကြီး ဖြစ်စေခဲ့ပြီး သိဒ္ဓိသစ်ပင်ကို ဖျက်ဆီးခဲ့သော စိုင်မွန် အမည်ရှိ သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော် တစ်ယောက်တည်းသာ ရှိသည့်အတွက် အလွယ်တကူ မထုတ်ပြ နိုင်ခဲ့ပေ။ ထိုသူက ကျောင်းတော်ထဲ၌ နာမည်တစ် “အလိုရှိ”သူ အဖြစ် သတ်မှတ်ခံထားရလေသည်။
ဖေးဇ်က ချန်လွေ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားလိုက်ရာ လျှပ်တပြက် အလင်းထဲ၌ ပျောက်ကွယ်သွားကြသည်။ ချန်လွေ့က ခဏ တုံ့ဆိုင်းသွားပြီး နောက်မှ လိုက်သွားခဲ့သည်။ အရည်လဲ့သော “တံခါး”ကို ဖြတ်သွားပြီးနောက် သတ္တုပြားက ထူးဆန်းသော အလင်းရောင် တစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးက အေးစက်မှုများ ရစ်ပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သူက အဟန့်အတား မရှိဘဲ တံခါးကို ဖြတ်ကျော်သွားနိုင်သွားသည်။
ဂိတ်တံခါးကို ဖြတ်သွားပြီးနောက် ချန်လွေ့က မြင်ကွင်းကြောင်း မယုံနိုင်ကြည်နိုင် ဖြစ်သွားခဲ့သည်။
ကျယ်ဝန်းသော လမ်းကြောင်း၊ စိမ်းလန်းသော ရှုခင်း၊ မြင့်မားသော အဆောက်အအုံများ၊ လက်ရာမြောက် ရုပ်ထုများနှင့် ယောက်ျား မိန်းမများက သွားလိုက်လာလိုက် လုပ်နေကြသည်။ ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းမျိုးက ချန်လွေ့အား ကောလိပ် နေ့ရက်များကို ပြန်ရောက်သွားသလို ခံစားရစေခဲ့သည်။
ဖေးဇ်က သက်ပြင်းချလိုက်သည်။ “ဆာ-စိုင်မွန်။ ခင်ဗျားက တကယ်တမ်း ကျောင်းတော် အဖွဲ့ဝင် တစ်ယောက်ဆိုတာကို ကျုပ် မသိခဲ့ဘူး။”
“ခင်ဗျားက ကျောင်းတော်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု အထင်လွဲနေတဲ့ပုံပဲ။”
“ကျုပ်မဟုတ်ဘူး။ ကျုပ် ဆရာ မာစီးရက်စ်ပါ။” ဖေးဇ်က ခါးသက်သက်နှင့် ပြုံးလိုက်၏။ “ဆရာ့ရဲ့ ညီမနဲ့ မိသားစုက အဲဒီတုန်းက ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ကြတယ်။ သူတို့ သေဆုံးရတာက ကျောင်းတော်နဲ့ ဆက်နွှယ်နေတယ်လို့ ပြောကြတယ်။ ဆရာက သူ့မျိုးရိုးနာမည်နဲ့ သစ္စာတစ်ခု ဆိုခဲ့ဖူးတယ်။ ဖြစ်နိုင်ရင် ဆရာ့ အရှေ့မှာ...”
ချန်လွေ့က ထိုလူငယ်အပေါ် အမြင်ကောင်း ရှိသည့်အတွက် အသာလေး ပြုံးလိုက်၏။ “ကိစ္စ မရှိပါဘူး။ ကျုပ်က အခု သာမန် စီးပွားရေးသမား တစ်ယောက်ပါပဲ။”
“ကျေးဇူးပါပဲ။ ဆာ။” ဖေးဇ်က ဦးညွှတ်လိုက်၏။
သူတို့နှစ်ယောက် ခဏ လမ်းလျှောက်ပြီးနောက် အမျိုးသမီး တစ်ယောက်အသံ ခပ်ပြတ်ပြတ် ထွက်ပေါ်လာသည်။
“ဖေးဇ် !”
ဖေးဇ်က နှုတ်ဆက်လိုက်သူက မိန်းမလှလေးတစ်ယောက် ဖြစ်ပြီး သူ့ဘေးနားတွင် မိန်းကလေးနှစ်ယောက် ရှိနေသည်။ ဆံပင်အနီနှင့် မိန်းမလှလေးက ချန်လွေ့ “အသိ” ဖြစ်သည်။ သူ့နာမည်က အေရီရယ်ဖြစ်ပြီး မင်းသမီး လန်ဘိစ်နှင့် အတော်လေး ရင်းနှီးပေသည်။
“ရိုးလ်လင်း...ငါ ပြန်လာပြီ။” ဖေးဇ် ပြုံးပြပြီး ထိုမိန်းးကလေးကို လက်ပြလိုက်၏။
ဖေးဇ် နာမည်ကို ရိုးလ်လင်း ခေါ်လိုက်သော ပုံစံအရ သူသည် ဖေးဇ်အား ရူးမိုက်သော နိုင်းလ် ရန်လိုနေရခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း မြင်နိုင်ပေသည်။
“ဆရာသခင် မာစီးရက်စ် ပေးထားတဲ့ တာဝန် ပြီးသွားပြီလား။”
ဖေးဇ်က ခေါင်းညိတ်လိုက်၏။ “ဒီလူကြီးမင်းရဲ့..... ကျေးဇူးကြောင့်ပါ။ ဆာ-စိုင်မွန်။ သူက ကျုပ်ရဲ့ အတန်းဖော် ရိုးလ်လင်းပါ။ သူတို့က အေရီရယ်နဲ့ စီလီ...”
အေရီရယ်က ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်ပြီးနောက် ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြန်၏။ သူက လုံးဝ ဂရုမစိုက်သည်မှာ အသေအချာပင်။
အေရီရယ်တွင် ဆန်းကြယ်သော စိတ်ဝိညာဉ်ပါရမီရှိပြီး အခြားသူများ၏ စွမ်းအားများ အာရုံခံခြင်းကို သဘောကျကြောင်း ချန်လွေ့ သိသည်။ ငွေလကောင်းကင်မြို့တော်၌ ရှိခဲ့စဉ် အေရီရယ်က သူ၏စွမ်းအားကို အာရုံခံမိသွားခဲ့ပြီး အခြားကောင်လေးများက သူ့ကို ပြဿနာ လာရှာရန် လှုံ့ဆော်ပေးခဲ့သည်။ ယခုတွင် ချန်လွေ့၌ စူပါစနစ်၏ [ အသက်အောင့် ] နှင့် [ ရုပ်ဖျက် ] အစွမ်းများသာမက ဆာရီရယ် ပေးထားသော မိစ္ဆာမျက်ဆံ ဆန်းကြယ်မှုကိုလည်း တတ်ကျွမ်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူက စွမ်းအား အငွေ့အသက်နှင့် [ ကျက်သရေအလင်းခန္ဓာ ] ကို လုံးဝ ဖုံးကွယ်နိုင်ပြီ ဖြစ်သည်။ အေရီရယ် မပြောနှင့်၊ စေတန်သည်ပင် မဖောက်မြင်နိုင်တော့ပေ။
“မိန်းမလှလေး သုံးယောက်နဲ့ တွေ့ဆုံရတာ တကယ့်ကို ဂုဏ်ယူစရာပါ။” ချန်လွေ့က ရိုးလ်လင်းကို ခဏကြည့်ပြီး ပြုံးပြလိုက်သည်။ “ဆာ-ဖေးဇ်။ မစ်-ရိုးလ်လင်းက ခင်ဗျားရဲ့ ချစ်သူလား။”
ထိုစကား ထွက်ပေါ်လာသည်နှင့် ရိုးလ်လင်း၏ မျက်နှာက ချက်ချင်း နီရဲသွားခဲ့ပြီး ဖေးဇ်က အလျင်အမြန် ရှင်းပြသည်။ “ဆာ-စိုင်မွန် အထင်လွဲနေပြီ။ တကယ်တော့ ကျုပ်တို့က....”
ဖေးဇ်က ရှင်းပြနေစဉ် ရိုးလ်လင်းက ရုတ်တရက် အကြောင်းတစ်ခု ပြပြီး အဖော်နှစ်ယောက်နှင့်အတူ ထွက်သွား၏။
မထွက်သွားခင် အေရီရယ်က ဖေးဇ်ကို စကားတစ်ခွန်း ပြောလိုက်သည်။ “ကယ်တင်လို့မရတဲ့ ငတုံးပဲ။”
ရိုးလ်လင်းက ဖေးဇ်အပေါ် ခံစားချက်များ ရှိနေကြောင်း မျက်လုံးပါသူတိုင်း မြင်နိုင်ကြသည်။ သို့သော်လည်း ဖေးဇ်က သစ်သားတစ်တုံးကဲ့သို့ တုံးအနေခဲ့သည်။ သူက ချန်လွေ့၏ ယခင်ဘဝ၌ ရှိခဲ့လျှင် သေချာပေါက် “ငှက်ပျောတုံးဖက်သေရမည်” ဟု အပြောခံရပေလိမ့်မည်။
ဖေးဇ်က ကောင်မလေးသုံးယောက် ထွက်သွားသည်ကို ကြည့်ရင်း အသာလေး သက်ပြင်းချလိုက်၏။ “တောင်းပန်ပါတယ်။ ဆာ-စိုင်မွန်။ သွားရအောင်။”
“ခင်ဗျားက ငတုံးကြီးတော့လည်း မဟုတ်တဲ့ပုံပဲ။” ချန်လွေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ဘာလို့လဲ။ မိသားစု နောက်ခံလား။ အဆင့်အတန်လား။”
“အဲဒီလိုမျိုးပေါ့။” ဖေးဇ်က မဲ့ပြုံးပြုံးလိုက်သည်။ “ရိုးလ်လင်းက အတွင်းရေးရာ အရာရှိ သမီးပဲ။ ပြီးတော့ နိုင်းလ်က ကြယ်ပြာ မြို့တော်ဝန်ရဲ့သားလည်း ဟုတ်သလို ကျောင်းက လက်ရွေးစင်အဖွဲ့ ရွှယ်အီရှာ အဖွဲ့ဝင်တစ်ယောက်လည်း ဟုတ်တယ်။ ကျုပ်က ဆေးရည် ဆရာသခင်တစ်ယောက် မဖြစ်လာနိုင်ရင် ကျုပ်....။ တော်ပါပြီ။ ဒီအကြောင်း မပြောတော့ဘူး။ ဆေးရည်ဌာနက ရှေ့မှာပါ။ ကျုပ်တို့ အရင်က သဘောတူထားတာကို မမေ့ပါနဲ့။”
ဆရာသခင် မာစီးရက်စ်၏ အသွင်အပြင်က မျက်တွင်း နက်နက်ကျနေသော အသက်၆၀အရွယ် ပုံစံမျိုး ဖြစ်သည်။ သူ၏ စိတ်အခြေအနေက စံပြုထိုက်လောက်သည် မဟုတ်ပေ။ သူ၏ စမ်းသပ်မှုများ၌သာ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားသော ပုံမှန် ဆေးပညာရှင်တစ်ယောက် ဖြစ်၏။
သို့သော်လည်း ဆေးရည်နှင့် ပတ်သက်သော တစ်စုံတစ်ခုနှင့် တွေ့ရသောအခါ ပျင်းရိနေသော ဆရာသခင်က ရုတ်တရက် အံ့အားသင့်သော အမူအရာတစ်ခု ပြသလိုက်သည်။ “ဒီလို အမှောင်ဒြပ်စင်အငွေ့အသက်က....သေချာတယ်။ ဒါက အကောင်းဆုံး အမှောင်ဝိညာဉ်မြက်ပဲ။ ပြီးတော့ ဒီလိုမျိုး လတ်ဆတ်တဲ့ မိစ္ဆာထောင်ခြောက် အရွက်။ ဒီလို သန့်စင်တဲ့ စွမ်းအားမျိုး ရှိနေတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်။ ဖေးဇ်။ မင်း ဒီတစ်ခေါက် တော်တော်လေး တော်တယ်။”
“ဆရာ။ ဆာ-စိုင်မွန် တောင်းဆိုထားတဲ့အတိုင်း....”
“အလင်းပြာမြက်နဲ့ အစေ့တွေလား။ ကိစ္စမရှိဘူး။” ဆရာသခင် မာစီးရက်စ်က တစ်ခုခုကိ ရုတ်တရက် သတိရလိုက်သည်။ “ခဏနေပါဦး။ ကျောင်းရေးရားဌာနက ဘယ်လီယာက အလင်းပြာမြက်နဲ့ အစေ့တွေအများကြီးကို ရွှေ့ပြောင်းသွားခဲ့တယ်။ အလဲအလှယ်လုပ်ဖို့ လုံလောက်မှာ မဟုတ်လောက်ဘူး။”
“ရပါတယ်။ ဆရာသခင် မာစီးရက်စ်။ ဆာ-ဖေးဇ်နဲ့ ကျုပ်က မိတ်ဆွေတွေလို့ သတ်မှတ်လို့ ရပါတယ်။ အရေအတွက်က နည်းနည်းပဲ ဆိုရင်တောင် လက်ခံလို့ ရပါသေးတယ်။” ကောလိပ်ဘက်မှ အလဲအလှယ်က မှော်ဆိုင်ထက် အတော်လေး မြင့်မားလှပြီး ချန်လွေ့ကလည်း အလင်းပြာမြက် အများအပြားကို ရရှိခဲ့ပြီ ဖြစ်သည့်အတွက် မတောင်းဆိုနေခြင်း ဖြစ်သည်။
“ကောင်းပြီလေ။ ဆာ-ဆိုင်မွန်။ မင်းက တကယ့်ကို ရက်ရောတဲ့ စီးပွားရေးသမားပဲ။” ဆရာသခင် မာစီးရက်စ်က ချန်လွေ့အပေါ် အမြင်ကောင်းနေခဲ့သည်။
“ဟုတ်ပြီ။ မင်း ဘာတွေ ထပ်ပြီးတော့ လိုသေးလဲ။ ငါ့ကိုပြော။ ငါမင်းကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားမှာပါ။”
ချန်လွေ့က ပြန်ဖြေတော့မည့်အချိန်၌ တပည့် တစ်ယောက်က သတင်းလာပို့သည်။ “ကျောင်းရေးရာဌာနက မဒမ် ဘယ်လီယာ ရောက်လာပါတယ်။”
“ကွက်တိပဲ။” ဆရာသခင် မာစီးရက်စ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “အခု အလင်းပြာမြက်အတွက် မျှော်လင့်ချက် ရှိသွားပြီ။”
ဘယ်လီယာက အရပ်ရှည်ရှည်နှင့် ဆံပင်ရွှေရောင်ရှိပြီး လှပသော မျက်နှာရှိသည့် အသက်၃၀အရွယ် မိန်းမတစ်ယောက် ဖြစ်သည်။ သူက ရှောင်တိမ်း၍မရသော မောက်မာမှုကို ထုတ်လွှတ်နေ၏။ အကြောင်းရင်း တချို့ကြောင့် ချန်လွေ့က ထိုမိန်းမ၏ မျက်လုံးများမှာ တစ်နေရာရာ၌ မြင်ဖူးသကဲ့သို့ပင် ရင်းနှီးသလို ဖြစ်နေခဲ့သည်။
ဘယ်လီယာ၏ ပထမဆုံးစကားက ဓားကဲ့သို့ ထက်မြက်လှ၏။ “ဆရာသခင် မာစီးရက်စ်။ ရှင့်ဆီမှာ သိဒ္ဓိကျောင်းတော်က ဧည့်သည်တစ်ယောက် ရှိနေတယ်လို့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြောတာ ကြားတယ်။”
ဆရာသခင် မာစီးရက်စ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဘေးဖက်မှ ဖေးဇ်က ထိုကိစ္စ ပေါ်သွားကြောင်း သိလိုက်သည့်အချိန်၌ စိတ်မသန့်စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
ချန်လွေ့က ပုံမှန်ပင် ပုခုံးတွန့်လိုက်၏။ “ဒါက...မစ်-ဘယ်လီယာ။ ပြဿနာတစ်ခုခု ရှိလို့လား။ အလင်းစစ်သည်တော် တစ်ယောက်အနေနဲ့ ကြယ်အလင်း ကောလိပ်က ကျောင်းတော် ဝန်ထမ်းတွေကို ဝင်ခွင့်တားမြစ်တာမျိုး မကြားဖူးပါဘူး။ တကယ်တော့ ကျောင်းတော်က အမြဲတမ်း အဓိက ကောလိပ်တွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပါတယ်။”
“မင်းက ကျောင်းတော် အဖွဲ့ဝင်တစ်ယောက်ဆိုရင် ကုန်ကြမ်းတွေ အားလုံးကို ယူပြီး ထွက်သွားတော့။” ဆရာသခင် မာစီးရက်စ်က မညှာမတာ ပြောလိုက်သည်။ “ကျောင်းတော် အဖွဲ့ဝင်တွေနဲ့ ငါ ဘယ်တော့မှ အရောင်းအဝယ်လုပ်မှာ မဟုတ်ဘူး။”
“သဘောပေါက်ပြီ။ ဆရာသခင်။ ကျွန်မ အခု နားလည်ပါပြီ။” ဘယ်လီယာက သရော်ပြုံး ပြုံးလိုက်၏။ “ဒီအရောင်းအဝယ် ကျရှုံးတာကို ဖေးဇ်က ကောလိပ်အရင်းအမြစ်ကို သုံးပြီးတော့ ကိုယ်ရေးကိုယ်တာ အရောင်းအဝယ်အတွက် အပြင်လူနဲ့ အကျိုးအမြတ် ရယူလို့ လုပ်ခဲ့တယ်လို့ သတ်မှတ်လို့ ရတယ်။ ကောလိပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ဒီလိုလုပ်ရပ်များအတွက် အဆင့်အနိမ့်ဆုံး အပြစ်ဒဏ် ဆိုရင်တောင် ကျောင်းထုတ်ခံရလိမ့်မယ်။”
ဖေးဇ်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ ထိုကဲ့သို့ ကုန်ကြမ်းဝယ်သူသော ရိုးရိုးရှင်းရှင်း တာဝန်တစ်ခုက ထိုသို့ ကြောက်မက်ဖွယ်ရာ ရလာဒ်တစ်ခု ဖြစ်စေနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ဆရာသခင် မာစီးရက်စ်က ထိတ်လန့်သွားခဲ့သည်။ သူက အလဲအလှယ်ကို သဘောတူခဲ့လျှင် သူ သစ္စာဆိုထားသည်ကို ဖောက်ဖျက်မိပေလိမ့်မည်။ သဘောမတူခဲ့လျှင်လည်း ဖေးဇ်က ကောလိပ်မှ အထုတ်ခံရမည် ဖြစ်သည်။ သူက ငတုံးတစ်ယောက် မဟုတ်ပေ။ ယခုတစ်ခေါက် ဘယ်လီယာ ရောက်လာခြင်း၏ တကယ့် ရည်ရွယ်ချက်ကို နောက်ဆုံး၌ သူ သဘောပေါက်သွား၏။ ဘယ်လီယာရဲ့ တူလေး နိုင်းလ်က အတွင်းရေး အရာရှိရဲ့ သမီးအငယ်ဆုံး ရိုးလ်လင်းကို ချစ်ကြိုက်နေတယ်။ ဘယ်လီယာက သူနဲ့ ဆွေးမျိုးတော်စပ်နိုင်မယ်ဆိုရင် အင်ပါယာထဲမှာ မိသားစု အဆင့်အတန်းကို ပိုပြီးတော့ ခိုင်မာလာစေနိုင်လိမ့်မယ်။ ဒါပေမဲ့ ရိုးလ်လင်းက ဖေးဇ်ကို သဘောကျပြီးတော့ နိုင်းလ်ကို မုန်းတယ်။ ဘယ်လီယာက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဖေးဇ်ကို ထုတ်ပယ်ပြီး ရိုးလ်လင်းရဲ့ မျှော်လင့်ချက်ကို လုံးဝ ဖြတ်တောက်ချင်နေတာ။
ငါ့ရဲ့ မျိုးရိုးနာမည်ကို သစ္စာဆိုထားတာကို ဖျက်ရမှာလား။ ဒါမှမဟုတ် ငါ့တပည့် ဖေးဇ်ကို စွန့်ပစ်ရမှာလား။ ဆရာသခင် မာစီးရက်စ်က လက်သီးဆုပ်ထားပြီး အသက်ရှူသံ ပြင်းလာခဲ့သည်။
ထိုအချိန် ဘယ်လီယာကို ကြည့်နေခဲ့သော ချန်လွေ့က ပြောလိုက်သည်။ “ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နဲ့ ပတ်သက်ပြီးတော့ ကျုပ်မှာ ပိုအရေးကြီးတဲ့ သဲလွန်စတွေ ပေးစရာ ရှိတယ်။ ဒါပေမဲ့ အဲဒါကို မစ်-ဘယ်လီယာနဲ့ နှစ်ယောက်တည်း ဆွေးနွေးချင်တယ်။ ရမလား မသိဘူး။”
ပိုပြီး အရေးပါတဲ့ သဲလွန်စလား။ ဘယ်လီဇာ၏ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြိး ပြောလိုက်သည်။ “ရတာပေါ့။ ကျောင်းရေးရာ ဌာနရုံးခန်းမှာ သွားပြောကြရအောင်။”
ထိုသူနှစ်ယောက် ထွက်သွားသည်ကို ကြည့်ရင်း ဆရာသခင် မာစီးရက်စ်က တံခါးကို လက်သီးဖြင့် ထုလိုက်သည်။ “ မကောင်းတဲ့ ကောင်။ မကောင်းတဲ့ ကျောင်းတော် !”
ဘယ်လီယာ၏ ရုံခန်းက ကျယ်ဝန်းပြီး တောက်ပနေသည်။ ရုံးခန်းသို့ ဝင်သွားပြီးနောက် ချန်လွေ့က တံခါးကို ပိတ်လိုက်သည်။ ထိုလုပ်ရပ်ကြောင့် ဘယ်လီယာက မျက်မှောင်ကြုတ်လိုက်၏။ “ဆာ-ဆိုင်မွန်။ ရှင် ဘာပြောမလို့လဲ။”
“မင်းရဲ့ အလှက တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ။ မစ်-ဘယ်လီယာ....။တကယ့်ကို မမျှော်လင့်ထားတဲ့ ပြန်လည် တွေ့ဆုံမှုပဲ။” ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “မဟုတ်ဘူး။ မင်းကို “မစ်-ဆိုရန်လီ ဒါမှမဟုတ်.... ဂိုဏ်းထောက်ကြီး”လို့ ခေါ်ရမှာ။ မင်းရဲ့ ဆံပင်နဲ့ မျက်နှာကို နည်းနည်း ပြောင်းထားပေမဲ့ ငါ့မျက်လုံးကနေ မင်း မပုန်းကွယ်နိုင်ပါဘူး။”
ထိုအလင်းစစ်သည်တော်က မိမိ၏ အလှတရားကြောင့် ယစ်မူးနေသည်ဟု ထင်ခဲ့ပြီး ဘယ်လီယာက အစပိုင်းတွင် တိတ်တိတ်လေး သရော်ပြုံး ပြုံးနေခဲ့သည်။ ဒုတိယ စကား တဝက်ကို ကြားလိုက်သည့်အခါ သူ့မျက်နှာအမူအရာက တဟုန်ထိုး ပြောင်းလဲသွားတော့သည်။
ဘယ်လီယာက အလျင်အမြန် တုံ့ပြန်ပြီး လက်ထဲ၌ အနီရောင် အလင်းတစ်ခု တောက်ပလာသည်။ သူက တိုက်ခိုက်ရန် ပြင်လိုက်စဉ် အခန်းတစ်ခုလုံး နက်မှောင်သွားပြီး ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်း အငွေ့အသက်တစ်ခု သူ့ကို လွှမ်းမိုးသွားခဲ့လေသည်။ သူ မလှုပ်ရှားနိုင်တော့ပေ။ တချိန်တည်းမှာပင် သူ၏လက်ထဲမှ အနီအရောင်အလင်းကလည်း ဝါးမျိုခံလိုက်ရဟန်တူပြီး ချက်ချင်း ပျောက်ကွယ်သွား၏။
“ရှင်...ရှင်က ဘယ်သူလဲ။”
“မင်းနဲ့အိပ်တဲ့သူကို ခဏလေးနဲ့ မေ့သွားတာလား။ အလှလေး။ ဒါက တကယ် စိတ်မကောင်းစရာပဲ။” ချန်လွေ့၏ မျက်နှာက အလျင်အမြန် စတင်ပြောင်းလဲလာပြီးနောက် သူ၏ မျက်လုံးများက အနီရောင်ဖျော့ဖျော့ လက်ခနဲ ဖြစ်သွားခဲ့သည်။
ဘယ်လီယာ ထိတ်လန့်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။ “ရှင်..ပဲ!”