ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 49 Ch. 787
“ဒါပေါ့။ ငါပဲလေ။” ချန်လွေ့က ယခုတွင် “ရစ်ချက်”မျက်နှာကို အသုံးပြုနေခဲ့သည်။ အတိအကျပြောရလျှင် အသူရာ၏ မျက်နှာပင်။
ထို ဘယ်လီယာက အသူရာ၏ မှတ်ဉာဏ်ထဲ၌ ချန်လွေ့ မြင်ခဲ့သော “အိပ်ဖော်အိပ်ဖက်” မရဏနက်နောက်လိုက် ဂိုဏ်းထောက်ကြီး ဆိုရန်လီ ဖြစ်သည်။
ဘယ်လီယာ၏မျက်နှာက ဆိုရန်လီနှင့် မဆင်တူပေ။ ဆံပင် အရောင်နှင့် မျက်လုံးတို့ကလည်း ကွဲပြားပြီး မောက်မာသော စရိုက်က ဆိုရန်လီ၏ အပျော်အပါးမွေ့လျော်မှုနှင့် ညှို့ငင်မှုများကို မပြသခဲ့သော်လည်း သူက ဆာရန်လီဖြစ်ကြောင့် ချန်လွေ့၏ မသိစိတ်က ပြောနေခဲ့သည်။
အထူးသဖြင့် သူ၏ သရုပ်မှန်ကို ဖော်ထုတ်ပြီးနောက် ထိုအမျိုးသမီး၏ ပထမဆုံး တုံ့ပြန်မှုက ချန်လွေ့ကို ပိုသေချာ သွားစေခဲ့သည်။ ကြယ်အလင်းအင်ပါယာမှ ကြယ်ပြာမြို့တော်ဝန်၏ ညီမနှင့် ကြယ်အလင်းကောလိပ် ကျောင်းရေးရာဌာန၏ လက်ထောက် ဝန်ကြီးက အမှန်တကယ်၌ မရဏနက် နောက်လိုက် ဖြစ်နေမည်ဟု မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက ဂိုဏ်ထောက်ကြီးပင် ဖြစ်နေခဲ့သည်။
ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်သော ဘာသာရေး ဂိုဏ်းနဲ့ ပတ်သက်နေလောက်တယ်။ သူတို့ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်တောင် ကျယ်ပြန့်နေပြီလဲ။
ဘယ်လီယာက သတိထားရင်း ပတ်ပတ်လည်ကို ကြည့်နေရာ ချန်လွေ့က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်၏။ “စိတ်မပူပါနဲ့။ ဒီနေရာကို ငါ ပိုင်နက်နဲ့ ချိပ်ပိတ်ပြီးသွားပြီ။ ပြီးတော့ မင်းရဲ့ ရုံးခန်းမှာက အသံလုံ မှော်စက်ဝိုင်းတွေ ရှိတယ်။ အပြင်လူတွေက ငါတို့ စကားပြောတာကိုတောင် မကြားရဘူး။ ဒီနေရာမှာ ငါတို့ ကြိုက်တာ လုပ်ရင်တောင် ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။”
သူက နောက်ဆုတ်ရန် ရည်ရွယ်ချက်ကို ဖုံးကွယ်ရန်အတွက် ရှေ့ဆက်တိုးဟန်ဆောင်ရန် နောက်ဆုံးစကားကို တမင် ပြောလိုက်ခြင်း ဖြစ်သည်။ သူက အသူရာ၏ လေသံကို အတုခိုးခဲ့သည်။ ထိုအချိန် ထိုနေရာ၌ ဘယ်လီယာက သေချာပေါက် ခပ်ကြမ်းကြမ်း လုပ်လောက်မည် မဟုတ်ပေ။ သူတို့ကို တွေ့သွားသည်နှင့် မရဏနက်နောက်လိုက် သရုပ်က မပေါ်သွားနိုင်သည့်တိုင် ဂုဏ်သိက္ခာကျဆင်းမည့် အန္တရာယ်တစ်ခု ရှိနေပေသည်။
“ဟွန့်။ ကျွန်မ ရှင့်ကို မတွေ့တာ ခဏပဲ ရှိသေးတယ်။ ရှင့် အပေါ်ပိုင်းနဲ့ အောက်ပိုင်းက ပြောင်းသွားတာလား။” ဘယ်လီယာက အနည်းငယ် စိတ်ပြန်တည်ငြိမ်သွားပြီး စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။ “ရှင်ပျောက်နေတာ တော်တော်လေး ကြာပြီ။ ကျွန်မ ရှင့်ကို လုံးဝ ဆက်သွယ်လို့ မရခဲ့ဘူး။ ကျွန်မ ထင်တာက ရှင်.....။ ရှင်က တကယ် အလင်း စစ်သည်တော်တစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။”
“တစ်ခါတလေ အန္တရာယ် အများဆုံးနေရာက အလုံခြုံဆုံးပဲ။ ပြီးတော့ ဒီသရုပ်က ဖုံးကွယ်ဖို့ သက်သက်ပါပဲ။” ချန်လွေ့က ရွံရှာလျက် ပြုံးလိုက်သည်။ “မင်းကလည်း ကြယ်အလင်း ကောလိပ်က အထက်တန်းလွှာ မဟုတ်ဘူးလား။ ပျောက်သွားတဲ့ အကြောင်းကတော့...မင်း ထင်ထားသလိုပဲ။ အန်ဂျလီက အခွင့်အရေးကို အသုံးချပြီးတော့ သေချာပေါက် ငါ့ကို သတ်ပစ်ချင်နေတာ။ သူက အန္တရာယ်များတဲ့ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့အတွက်က ငါ့ကို စေလွှတ်ခဲ့ပြီးတော့ တစ်ယောက်ယောက်ကိုလွှတ်ပြီး ငါ့ကို တိတ်တဆိတ် လုပ်ကြံခိုင်းခဲ့တယ်။ အဲဒါကြောင့် ငါလည်း အစီအစဉ်အတိုင်း တစ်ယောက်တည်း ပုန်းနေခဲ့ပြီးတော့ အချိန်ကောင်းရောက်မှ သူ့ကို ပြန်တိုက်ခိုက်ဖို့ စောင့်နေခဲ့တာ။”
ထိုစကားက လုပ်ကြံပြောဆိုခြင်း မဟုတ်ပေ။ အသူရာ၏ ရာထူးတိုးနှုန်းက မြန်လှသည့်အတွက် မရဏနက်နောက်လိုက်၏ ဂိုဏ်းချုပ် အန်ဂျလီက နက်နက်ရှိုင်းရှိုင်း မနာလို ဖြစ်လာခဲ့သည်။ ပေးအပ်သော တာဝန်က အမှန်တကယ်ပင် အန္တရာယ်များပြီး ထူးခြားလှသည်။ ထို့ပြင် အသူရာကို လုပ်ကြံရန် လုပ်ကြံသူတစ်ယောက် စေလွှတ်ခဲ့သော်လည်း တဲရစ်နှင့် တိုက်ခိုက်နေစဉ်အတွင်း ချန်လွေ့က ပြန်ဆင့်ခေါ်ခဲ့လေသည်။ ထို့ကြောင့် သူက “ပျောက်ကွယ်”သွားခဲ့ခြင်း ဖြစ်၏။
“ရှင် အခု အဆင်ပြေနေတော့ တော်ပါသေးတယ်။ ဒီအချိန် အတောအတွင်း ကျွန်မ သေလောက်အောင် စိတ်ပူနေခဲ့တာ။ ရှင်က အန်ဂျလီကို အံ့သြစရာ အကြီးကြီး ပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။” ဘယ်လီယာက ပြုံးလိုက်၏။ အမှန်တကယ်၌ သူတို့ နှစ်ယောက်က အပြန်အလှန် နားလည်မှု ရှိကြသည်။ ဘယ်လီယာက အသူရာကို အသုံးချပြီး အန်ဂျလီကို သတ်ပစ် ချင်နေပြီး အသူရာအား အတူတူ ရှင်းပစ်ရန်ပင် လျို့ဝှက် ကြံစည်သွားခဲ့သည်။ သူတို့နှစ်ဦးအကြား ပတ်သက်မှုက အသုံးချပြီး ဇိမ်ခံနေခြင်းသာ ဖြစ်သည်။ သံယောစဉ် သို့မဟုတ် အလဲအလှယ် ဖြစ်လာရန် မလုံလောက်ပေ။
“မင်း စိုးရိမ်စရာ မလိုပါဘူး။” ချန်လွေ့က ပြောသည်။ “အခု ငါက အမှောင်ထဲမှာ။ အချိန်ကောင်း ရောက်တာနဲ့ အန်ဂျလီကို သေစေနိုင်တဲ့ တိုက်ခိုက်မှုတစ်ခု လုပ်လို့ရတယ်။ မင်း သူ့နေရာမှာ ဂိုဏ်းချုပ်အဖြစ် အစားထိုးဖို့ အဆင်သင့် ဖြစ်နေပြီလား။”
“ကျွန်မက..ဂိုဏ်းချုပ် ဟုတ်လား။” ဘယ်လီယာက အံ့အားသင့် သွားသော်လည်း ထိုစကား၏ တကယ့် ဆိုလိုရင်းကို စိတ်ထဲ၌ အလျင်အမြန် သဘောပေါက်လိုက်၏။
ချန်လွေ့ ခေါင်းခါသည်။ “ငါက လူတစ်စုကို သြဝါဒ ပေးရတာ စိတ်မဝင်စားဘူး။ ငါက အကြွင်းမဲ့ စွမ်းအားနောက်ကိုပဲ လိုက်နေတာ။ အဲဒါက အစောင့်အရှောက် တစ်ယောက်အနေနဲ့ ပိုပြီးတော့ သင့်တော်တယ်။”
“သြဝါဒခြွေ”သော နေရာနှင့်ယှဉ်လျှင် အစောင့်အရှောက်က အမြစ်ဖြတ် သုတ်သင်ရေး စက်တစ်ခုနှင့် ညီမျှပေသည်။ တိုးတက်မှုနှင့် လေ့ကျင့်ရေးတို့က အဓိက အာရုံစိုက်စရာ ဖြစ်၏။
ဘယ်လီယာက အလျင်အမြန် စဉ်းစားနေပြိး တွေးဆနေသော အမူအရာတစ်ခု ပြသနေခဲ့သည်။ ရစ်ချက်ရဲ့ သရုပ်မှန်က အလင်း စစ်သည်တော် သက်သက်ပဲ မဟုတ်ဘူး။ အဲဒါက အတုတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့ လက်ထောက်ဝန်ကြီး သရုပ်က ပေါ့သေးသေး မဟုတ်ဘူး။ ပေါ်သွားတာနဲ့ ပြဿနာတွေ အဆုံးမရှိ ဖြစ်လာလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းက သူ့ကို သတ်ပစ်ဖို့ပဲ။ ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းအားချင်း ယှဉ်မယ်ဆိုရင် ငါက သူ့ထက် အများကြီး နိမ့်ကျတယ်။ ပြီးတော့ သူက လျို့ဝှက်ကြံစည်တတ်တဲ့ သူတစ်ယောက်ပဲ။ လွယ်လွယ်နဲ့ လှည့်စားလို့ရမှာ မဟုတ်ဘူး။
ချန်လွေ့က ဘယ်လီယာ စိတ်ပူနေသည်ကို မြင်လိုက်သည်။ “မင်းရဲ့ ပါရမီနဲ့ နည်းလမ်းတွေကို ငါ လေးစားတယ်။ မင်းက နောက်ခံ တစ်ခုခု ရှိတယ်ဆိုတာကိုလည်း ငါသိတယ်။ ဒီမှာဖြစ်ဖြစ်၊ “အဲဒီ”မှာ ဖြစ်ဖြစ်ပေါ့။ ငါ့ရဲ့ အစွမ်းအစနဲ့ စွမ်းအားနဲ့ဆိုရင် အချင်းချင်း ဓားနဲ့ထိုးနေမယ့်အစား အတူတူ ရှေ့ဆက်ပြီး ပူးပေါင်းလို့ရတယ်။ မင်းကတော့ ငါနဲ့ တကယ် ပူးပေါင်း ချင်ရမှာပေါ့။”
ဘယ်လီယာက ချန်လွေ့၏ မျက်လုံးကိုကြည့်ပြီး နောက်ဆုံး၌ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြသလိုက်ကာ ပုံမှန် မောက်မာမှုနှင့် လုံးဝ ကွဲထွက်နေခဲ့သည်။ သူက သွေးဆောင်ဖြားယောင်းမှုကို မဖုံးကွယ်ခဲ့ပေ။ “ကျွန်မ ရှင်နဲ့ သိပ်ကို သဘောတူတယ်။ ညီတူမျှတူ စာချုပ်က ကျွန်မတို့ တကယ့် ရင်းနှီးဖို့အတွက် အစ ဖြစ်လာ လောက်တယ်။”
“ဒါပေါ့။ ကြားကွက်လပ်မရှိတဲ့ တကယ့်ရင်းနှီးမှု။” ချန်လွေ့လည်း ပြုံးလိုက်သည်။ ထိုအရာက သူ ပြောချင်သည့် အတိုင်း အတိအကျပင် ဖြစ်သည်။
ရုံးခန်းထဲမှ စကားဝိုင်း အဆုံးသတ်သွားခဲ့သည်။ ချန်လွေ့က ဆေးရည်ဌာနသို့ ထပ်မသွားခဲ့ပေ။ သူက ကြယ်အလင်း ကောလိပ်မှ ထွက်လာခဲ့၏။
ဆရာသခင် မာစီးရက်စ်က အဆိုးဝါးဆုံး ရလာဒ်ကို စောင့်နေခဲ့သော်လည်း စိုးရိမ်နေသောအရာ မဖြစ်ခဲ့ပေ။ ထိုအစား ဘယ်လီယာက လူလွှတ်ပြီး စကားတစ်ခွန်း ပြောခိုင်းလိုက်၏။ “ဒီကိစ္စက အထင်လွဲတာ သက်သက်ပါပဲ။”
သူက ထိုအခွင့်အရေးကို အသုံးချပြီး ဖေးဇ်အား ကူကယ်ရာမဲ့ ဖြစ်အောင် လုပ်နိုင်သည်မှာ သေချာသော်လည်း သူက ဖေးဇ်ကို လွှတ်ပေးလိုက်၏။ ထိုအရာက ဘယ်လီယာ၏ ပုံစံ မဟုတ်သည်မှာ သေချာသည်။ အဖြေတစ်ခုတည်းသာ ရှိ၏။ ဖေးဇ်ကို သစ္စာ မဖောက်ခဲ့ဘဲ “အလင်းစစ်သည်တော်”က စိတ်ကူး၍ မရနိုင်သော စွမ်းအားကို ထုတ်ပြကာ ဖေးဇ်ကို ထုတ်ပယ်ရန် ကြိုးစားမှုကို ဘယ်လီယာအား လက်လျှော့ခိုင်းလိုက်ခြင်းပင်။
အလင်းစစ်သည်တော် တစ်ယောက်ကတော့ ယခုတွင် ဗီးနပ်စ်မြို့သို့သွားနေသော ရထားလုံးပေါ်၌ ထိုင်နေပြီး စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။
ယခုတစ်ခေါက်က သူက အလင်းပြာမြက်အတွက် ကြယ်အလင်း ကောလိပ်သို့ သွားသော်လည်း မတော်တဆ အသူရာ၏ မရဏနက်နောက်လိုက် “အဖော်”နှင့် တွေ့ခဲ့သည်။ ယခုတွင် ချန်လွေ့က ဘယ်လီယာ၏ သရုပ်မှန်ကို ထုတ်ဖော်မည် မဟုတ်သည်မှာ အသေအချာပင်။ ၎င်းမှာ သူ အချိန်မရွေး ပယ်ဖျက် နိုင်သော စာချုပ်ကြောင့် မဟုတ်ဘဲ လျို့ဝှက်ဆန်းကြယ်သည့် ဘာသာရေးဂိုဏ်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားရန် ဖြစ်သည်။
အမှန်တကယ်၌ ကြယ်အလင်း ကောလိပ်သို့ သွားခဲ့သော ခရီးမှ ရရှိခဲ့သည်များက ထိုထက် ပိုပေသည်။ ဘယ်လီယာနှင့် ရင်းနှီးမှုကို အသုံးချပြီး သူက အလင်းပြာမြက် အများအပြားနှင့် အစေ့အများအပြားကို မျှော်လင့်ထားသည်ထက် ပိုမိုရခဲ့သည်။ သူက ဥပဒေသပုံစံကွက် စက္ကူနှင့် သော့ကင်းမြီးကောက်နွယ် များကိုလည်း ရရှိခဲ့သည်။ ကုန်ကြမ်းများ ရယူရန် ပန်းတိုင်က ပြည့်ဝသည်ထက် ကျော်လွန်သွားလေပြီ။ ထို့အပြင် နောက်ဆုံး အံ့သြစရာ တစ်ခု ရှိနေသေးသည်။ ၎င်းမှာ ကြယ်မျှော်စင်သို့ ဝင်ရောက်ရန်အတွက် နေရာတစ်ခုပင်။
ကြယ်မျှော်စင်က ကြယ်အလင်းကောလိပ်၏ အကြီးမားဆုံး လျို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်ပြီး လူသားလောက၌ နာမည် ကျော်ကြားသည်။ ထိုနေရာက သူတော်စင်အဆင့် ပုဂ္ဂိုလ်များ အတွက် လေ့ကျင့်ရန် အထူးကောင်းမွန်သော နေရာတစ်ခုဟု ပြောကြသည်။ ကြယ်မျှော်စင်က ၁၀နှစ် တစ်ခါဖွင့်ပြီး ယခုတွင် ၁၀ကြိမ်မြောက် ဖွင့်လှစ်ခြင်း ဖြစ်သည်။ နေရာ အကန့်အသတ် ကြောင့် ကောလိပ်ထဲ၌ ကြယ်မျှော်စင်ထဲသို့ ဝင်နိုင်ရန် အရည်အချင်း စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ယှဉ်ပြိုင်မှုများကို ကျင်းပနေပြီ ဖြစ်သည်။
ထို့ပြင် အဆင့်တစ်ခု ရောက်နေသော သို့မဟုတ် အထူးအကျိုးပြုခဲ့သော ဆရာတစ်ယောက်စီက အပို နေရာ တစ်ခုကို အကြံပြုနိုင်ကြသည်။ ထိုအကြံပြုသော နေရာက ကောလိပ်အပြင်မှ လူများအတွက် ဖြစ်သည်။ အဓိကအားဖြင့် ကောလိပ်က ခေါ်ယူချင်သော နည်းပြများကို ပစ်မှတ်ထားကြ၏။
ဘယ်လီယာတွင် လက်ရှိ၌ အပို အကြံပြုနေရာတစ်ခု ရှိသည်။ မူလက သူသည် ၎င်းကို တူဖြစ်သူ နိုင်းလ်ထံ ပေးချင်သော်လည်း နိုင်းလ်က စွမ်းအားရော၊ စိတ်နေသဘောထားပါ အရည်အချင်း မရှိဟု သတ်မှတ်၍သာ ရနိုင်သည်။ သူက ဘယ်လီယာနှင့် ပတ်သက်မှုကို အားကိုးပြီးမှသာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သို့ ဝင်နိုင်ခဲ့ပြီး လက်ရွေးစင် ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ အနာဂတ်တွင် သူ့အဖေ၏ မြို့တော်ဝန် နေရာအတွက် ယှဉ်ပြိုင်ပြီး အစ်ကိုဖြစ်သူကို သိမ်းသွင်းနိုင်ရန်က နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှုထက် မပိုပေ။
ဘယ်လီယာ၏ ရည်မှန်းချက်က လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်း၏ ဂိုဏ်းချုပ်သာ မဟုတ်ပေ။ ချန်လွေ့နှင့် ညီတူမျှတူ စာချုပ် ချုပ်ဆိုလိုက်ခြင်းက အလားအလာကြီးမားသော “ရစ်ချက်”အပေါ်၌ လောင်းကြေးထပ်ကာ အကျိုးအမြန် ခွဲဝေယူသည့် ပတ်သက်မှုကို စတင်လိုက်ခြင်းပင်။ “ရစ်ချက်” စွမ်းအားကြီးလာလေလေ၊ သူ့အတွက် အနိုင်ရရှိရန် အခွင့်အရေး များလာလေလေ ဖြစ်သည့်အတွက် သူက မတုံ့မဆိုင်းဘဲ ချန်လွေ့က အကြံပြုနေရာ ပေးခဲ့သည်။
ကြယ်မှော်စင် တရားဝင် ဖွင့်ချိန်က ၂လကျော် လိုနေသေးသည်။ နတ်ဆိုးဘုံ အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲကြောင့် ချန်လွေ့က လူသားလောက၌ အလွန်ဆုံး ၄လခန့်သာ နေနိုင်သည့်အတွက် ထို၂လအတွင်း ဗီးနပ်စ်မြို့၌ ထိုင်စောင့်နေရန် မဖြစ်နိုင်ပေ။ သူ့ရှေ့တွင် ရွေးစရာနှစ်ခု ရှိနေ၏။ တစ်ခုမှာ ကျောက်စိမ်းသစ်တော ပင်လယ်သို့သွားပြီး မဟာဆရာသခင်နှစ်ယောက်ဆီ သွားကာ အကြံတောင်းရန် ဖြစ်သည်။ ဒုတိယတစ်ခုမှာ အလင်း အရင်းအမြစ် စွမ်းအားနှင့် လေအရင်းမြစ်စွမ်းအားကို ရရှိရန်အတွက် မုန်တိုင်းကျွန်းကိုသွားရန် ဖြစ်သည်။
နှစ်ကြိမ် စဉ်းစားပြီးနောက် ချန်လွေ့က မုန်တိုင်းကျွန်းသို့ အရင်သွားရန် ဆုံးဖြတ်ခဲ့သည်။ မုန်တိုင်းကျွန်းက ယန်ရှောင် အင်ပါယာ ဥယျာဉ်မြို့ရှိ တောင်ပိုင်းပင်လယ်၌ တည်ရှိသည်။ ထိုနေရာက ကြယ်အလင်း အင်ပါယာနှင်င့ အတော်လေး ဝေးလှသည်။ သို့ရာတွင် ဗီးနပ်စ်မြို့တွင် လိုရာအင်ပါယာ ကြည်လင်ကြေးမုံမြို့တော်သို့ သွားနိုင်သော တယ်လီပို့ လမ်းကြောင်းတစ်ခု ရှိကာ ထိုအရာက လူသားလောက၌ အကြီးမားဆုံး တယ်လီပို့ဌာန ဖြစ်၏။ ၎င်းတွင် နေရာအားလုံးထံ တယ်လီပို့ အမှတ်များ ရှိနေပြီး ခရီးဝေးသွားချိန်ကို ကြီးကြီးမားမား တိုတောင်းစေနိုင်လေသည်။
မနက်ဖြန်က ဗီးနပ်စ်မြို့နှင့် ကြည်လင်ကြေးမုံမြို့ တယ်လီပို့ အမှတ်များ တစ်ချိန်တည်း ဖွင့်လှစ်မည့် အချိန် ဖြစ်နေသည်။ ပင်လယ်လမ်းကြောင်းကို ကြည့်မည်ဆိုလျှင် သူက လတဝက်မှ မုန်တိုင်းကျွန်းကို ရောက်ရှိပေမည်။ မည်သို့ပင် ဆိုစေကာမူ သူက ဗီးနပ်စ်မြို့၌ ကြယ်အမှတ်တစ်ခု ထားထားပြီး ပြန်လာရန် မျက်စိတစ်မှိတ်သာ ကြာမည် ဖြစ်သည်။
မုန်တိုင်းကျွန်းမှ ဗီးနပ်စ်ကျွန်းသို့ ပြန်ရောက်ပြီးနောက်တွင် သူက ကြယ်ပြာမြို့မှတဆင့် ပင်လယ်လမ်းကြောင်းဖြင့် ကျောက်စိမ်း သစ်တောပင်လယ်သို့ သွားနိုင်ပြီး မဟာဆရာသခင် နှစ်ယောက်၏ လမ်းညွှန်မှုအောက်တွင် ခဏတာ လေ့လာ၍ ရနိုင်သည်။ သူက ကြယ်မျှော်စင် မဖွင့်ခင် နေ့ရက်၌ အမြန်ပြန်လာရန်သာ လိုအပ်၏။
မုန်တိုင်းကျွန်းက လူသားလောကရှိ နာမည်အကြီးဆုံး အန္တရာယ်အများဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။ တစ်နှစ်ပတ်လုံး မုန်တိုင်းပင်လယ်နယ်မြေကို ဝိုင်းရံထားသော လေဆင်နှာမောင်းများက စွန့်စားသွားလာသူများစွာ၏ အသက်များကို ချွေယူခဲ့သည်။ ကျွန်းကလည်း မရေမတွက်နိုင်သော အန္တရာယ်များ ရှိသည်။ စွန့်စားခန်း အများအပြားဟူသော အယူအဆ၌ စွန့်စားမှုနှင့် ကြွယ်ဝမှုတို့လည်း ပူးတွဲ တည်ရှိနေတတ်သည်။ ထို့ပြင် မုန်တိုင်းကျွန်း၌ တမူထူးခြားသော အရင်းအမြစ် အများအပြား ရှိနေသည်။ ကြေးစားသမ္မဂက ၎င်းနှင့် ပတ်သက်သော တန်ဖိုးကြီး တာဝန်များကို မကြာခဏ ပေးတတ်သည်။ ရတနာရှာရာ၌ ကံလာစမ်းကြသော စွန့်စားသွားလာသူ အများအပြားလည်း ရှိပေသည်။
ပင်လယ်နယ်မြေပေါ်၌ အဖြူရောင် ရွက်သင်္ဘောတစ်စင်းက ဘယ်မှညာ ယိမ်းထိုးနေပြီး လေဆင်နှာမောင်းအစွန်းကို အသည်းအသန် ရှောင်တိမ်းနေရလေသည်။
မုတ်ဆိတ်ကြီးနှင့်လူက အော်ပြောလိုက်၏။ “ရောက်တော့မယ်။ ဒီနောက်ဆုံး နယ်မြေကို ဖြတ်ကျော်နိုင်ရင် ဒီနေရာစုတ်ကနေ ငါတို့ လွတ်မြောက်ပြီ။”
“ကပ္ပတိန်။ အရန်ရွက်တိုင် ကျိုးသွားပြီ။”
“ကပ္ပတိန်။ ရှေ့ပိုင်းမှာ ရေတွေက အန္တရာယ်အဆင့်အထိ စိမ့်ဝင်နေပြီ။”
“ဘယ်ဖက်ကို ရွက်ကုန်ဖွင့်။ တောင့်ထားကြ။ မန်စီယန်။ ဝဲဘက်ကို အားဖြည့်ဖို့ လူတွေ နည်းနည်း ခေါ်သွားလိုက်။” မုတ်ဆိတ်ကြီးနှင့်လူ အသံက အနည်းငယ် အက်ကွဲနေခဲ့သည်။ “ဥယျာဉ်မြို့တော်က မိန်းမလှတွေနဲ့ သေရည်တွေအကြောင်း စဉ်းစား။ တာဝန်ပြီးရင် ရမယ့် သလင်းကျောက်နက် ဒင်္ဂါးတွေ အကြောင်း စဉ်းစား။ ဒီကနေ ထွက်သွားနိုင်မယ်ဆိုရင် မင်းတို့ ခွေးကောင်တွေကို ရိုဆာ ဘားဆီ ခေါ်သွားပြီးတော့ ၁၀ရက်လောက် ပါတီလုပ်ပေးမယ်။”
ထိုစကားများက ပုံမှန်အားဖြင့် သင်္ဘောသားများကို သေချာပေါက် စိတ်အားတက်စေပြီး သြဘာပေးစေနိုင်သော်လည်း ယခုတွင် တုံ့ပြန်မှု မရှိခဲ့ပေ။ သေခြင်းတရား ချဉ်းကပ်လာသည်ကို မြင်သည့်အခါ လူတိုင်း၏ နှလုံးသားက အချိန်မရွေး ပြတ်သွားနိုင်သော တင်းကြပ်နေသည့် လေးကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ မုတ်ဆိတ်ကြီးနှင်လူ၏ အော်သံများက တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ်ရာ လေတိုးသံများကြားထဲ၌ နစ်မြုပ်သွားခဲ့သည်။ လူအများအပြားက စတင် ပြိုလဲသွားပြီး အချို့က ဆုတောင်းနေကြတော့သည်။
ချဉ်းကပ်လာသော လေဆင်နှာမောင်းက ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သင်္ဘောကို ဝင်ပေါက်ထဲသို့ စုပ်ယူတော့မည် ဖြစ်သည်။ ရုတ်တရက် “ကြောက်မက်ဖွယ်ရာ သားရဲ”က လမ်းတလျှောက်မှ တစ်စုံတစ်ခု၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသလိုမျိုးပင် နောက်သို့ အလျင်အမြန် ဆုတ်သွားပြီး ဘယ်ညာသို့ ကွဲထွက်သွားခဲ့၏။
ထို့နောက် လေဆင်နှာမောင်း နှစ်ခုအဖြစ် ကွဲထွက်သွားခဲ့ပြီး အသက် ရှင်ကျန်သူများက အိပ်မက်မှ နိုးထသွားကဲ့သို့ ဖြစ်သွားကာ အတူတူ အော်ဟစ်လိုက်ကြလေသည်။
“အလင်း နတ်ဘုရား ! ဒါက အလင်းနတ်ဘုရားရဲ့ အံ့သြဖွယ်ရာပဲ ဖြစ်ရမယ် !” အလင်းနတ်ဘုရားကို ယုံကြည်သော သင်္ဘောသားတစ်ယောက်က မျက်လုံးများ အရောင်တောက်နေရင်း အော်ဟစ်လိုက်သည်။
မုတ်ဆိတ်ကြီးနှင့် ကပ္ပတိန်က ထိုသူ၏ခေါင်းကို ရိုက်ပြီး နေရာ တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ “မင်း အလင်းနတ်ဘုရားက အဲဒီမှာ....”
ထိုအဝေးတွင် ခမ်းနားကြီးမားသော အနက်ရောင် သင်္ဘောကြီး တစ်စင်းက မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။ ၎င်းက တည့်တည့်မတ်မတ် ရွေ့လျားနေခြင်း ဖြစ်ပြီး လေဆင်နှာမောင်းများ၏ တည်ရှိမှုများကို လုံးဝ လျစ်လျူရှု ထားနေခဲ့သည်။ သင်္ဘောအရှေ့၌ လေထဲ လွင့်ပျံနေသော ပုံရိပ်တစ်ခု ရှိနေပြီး ထိုပုံရိပ်က စိတ်ရှိသလို လက်သီး ပစ်ထိုးလိုက်တိုင်း အဝေးမှ လေဆင်နှာမောင်းများ ကွဲထွက်ကုန်၏။
လူတိုင်းက ထိုမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေလိုက်ကြသည်။ ပင်လယ်နယ်မြေမှ ဝါရင့်တစ်ယောက် အနေဖြင့် တစ်စုံတစ်ယောက်က ထိုကဲ့သို့ ပြင်းထန်သော နည်းလမ်းဖြင့် မုန်တိုင်းကျွန်းနယ်မြေသို့ အမြန်သွားနေသည်ကို လူတိုင်း ပထမဆုံး တွေ့ဖူးခြင်းပင်။
မည်သို့ပင် ဆိုစေကာမူ အစွမ်းထက်သူကို လေးစားရပေမည်။ ထို့ပြင် ထိုသူက သူတို့ကို ကယ်တင်ပေးခဲ့သော အသက်သခင် ကျေးဇူးရှင် ဖြစ်၏။ မုတ်ဆိတ်ကြီးနှင့် ကပ္ပတိန်၏ ဦးဆောင်မှု အောက်တွင် အံ့သြနေကြသော သင်္ဘောသားများက မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသော သင်္ဘောနက်အား အရိုအသေ ပြုလိုက်ကြသည်။
“ဒါနဲ့ ကပ္ပတိန်။ ရိုဆာဘားမှာ ၁၀ရက် ပါတီလုပ်မယ်လို့.... ခင်ဗျား ပြောခဲ့သလိုပဲ။”
“ဟုတ်တယ်။ ငါလည်း ကြားတယ်။”
“မန်စီယန်။ ခွေးကောင်။ ဆိပ်ကမ်းဘက်ကို သွားကူဖို့ မင်းကို ငါပြောတုန်းက မင်းရဲ့နားတွေ ဘယ်ရောက်နေခဲ့တာလဲ။”
“ရိုဆာ ဘား!”
“ရိုဆာ ဘား!”
မုတ်ဆိတ်ကြီးနှင့်လူ၏ အော်သံက လွှမ်းမိုးခံလိုက်ရပြန်သည်။ သို့သော်လည်း ထိုတစ်ခေါက်က သြဘာပေးသံများကြောင့် ဖြစ်၏။
ချန်လွေ့က နောက်ဘက်ရှိ သင်္ဘောပေါ်မှ အဖြစ်အပျက်ကို ဂရုမစိုက်ခဲ့ပေ။ ခုနက ကယ်တင်မှုက လမ်းကြုံသာ ဖြစ်သည်။ ထိုခရီးက ချောမွေ့ပြီး ၁၀ရက်သာ ကြာနိုင်သော်လည်း သူ့အချိန်က အတော်လေး နည်းပါးနေသည့်အတွက် မုန်တိုင်းကျွန်းကို အမြန်ဆုံး သွားရပေမည်။
မိစ္ဆာထောက်ခြောက်သင်္ဘောက မုန်တိုင်းနယ်မြေပင်လယ်ထဲ ဝင်ရောက်ဖူးသည်မှာ ပထမဆံုးအကြိမ် မဟုတ်ပေ။ ကားချပ်ပေါ်မှ မှတ်ချက်များနှင့် ပေါင်းလိုက်သောအခါ သဲလူသားများက ကျွမ်းကျွမ်းကျင်ကျင်နှင့် သင်္ဘောကို မောင်းနှင်ပြီး အန္တရာယ်များသော နေရာများကို ကျော်လွှားကာ မုန်တိုင်းကျွန်းဆီသို့ အမြန်ဆုံး ရှေ့ဆက်လာတော့သည်။
ဆမ်မြူရယ်ကို ကယ်တင်ရန်အတွက် ချန်လွေ့က မုန်တိုင်းကျွန်းသို့သွားပြီး ကျွန်းပေါ်မှ လျို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်ကောင်နှင့် တိုက်ခိုက်ခဲ့သည်။ ထိုသတ္တဝါက တိုင်တန် ဖြစ်၏။ [ သရုပ်ခွဲမျက်လုံး ] က တိုင်တန်များမှာ တိုက်ခိုက်ရေး စွမ်းအား ကြီးမားသော အဂ္ဂိရတ်သက်ရှိများဖြစ်ကြောင်း ပြသခဲ့သည်။
ထိုကဲ့သို့ အဂ္ဂိရိတ် သက်ရှိမျိုးက ရှေးအဂ္ဂိရိတ် အဖွဲ့အစည်းမှ ကျန်ခဲ့သော ရလာဒ်တစ်ခု ဖြစ်နိုင်လောက်သည်။ ချန်လွေ့ ထိန်းချုပ်ထားသော ကြယ်မြို့တော်ထဲ၌ ဧရာမ သလင်းကျောက် သားရဲများနှင့် မီးအိမ်ဝိညာဉ်များကဲ့သို့ အဂ္ဂရိတ်သက်ရှိများ ရှိကြသည်။ သို့ရာတွင် ချန်လွေ့က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ စိတ်ဝိညာဉ် အမှတ်အသား အငွေ့အသက်ကို ထုတ်လွှတ်လိုက်ရာ တိုင်တန်များက မမျှော်လင့်ထားသော ဒေါသကို ပြသပြီး သူ့ကို အရူးအမူး တိုက်ခိုက်ခဲ့ကြသည်။
ထိုအရာက တိုင်တန်များသည် ရှေးအဂ္ဂိရတ် အဖွဲ့အစည်းနှင့် ဆက်နွှယ်နေကြောင်း ပြသနေပေသည်။ ထိုကဲ့သို့ ပြင်းထန်သော ရန်လိုမှု ရှိနေရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပေ။ တိုင်တန်များအပြင် ချန်လွေ့က ကျွန်းပေါ်၌ နောက်ထပ် အစွမ်းထက်သော တည်ရှိများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ၎င်းတို့မှာ လေဒြပ်စင်ကောင်များပင်။
လေဒြပ်စင်ကောင်များသာမက လေဇစ်မြစ် အပိုင်းအစရှိသော လေဒြပ်စင်ဘုရင်လည်း ရှိနေခဲ့၏။
လေဒြပ်စင်ဘုရင်၏ အမြန်နှုန်းက အလွန်အမင်း အံ့သြဖွယ်ရာ ကောင်းလှပြီး [ အသံဗုံး ] ထက်ပင် သာလွန်သည်။ ဇစ်မြစ် အပိုင်းအစနှင့် ဒြပ်စင်ဥပဒေသတို့၏ စွမ်းအားတို့ဖြင့် ပေါင်းလိုက်ပါက သူ့စွမ်းအားမှာ ကန့်သတ်ချက်အချို့ကြောင့် နတ်ဆိုးအရှင်သခင်အဆင့်၌ တန့်နေသော်လည်း တိုက်ခိုက်ရေး စွမ်းအားက သေချာပေါက် S+ အဆင့်ရှိသော ဇိုလာ နှင့် ဒိုဒိုတို့ကို သေချာပေါက် ယှဉ်နိုင်၏။
ယခင်တစ်ခေါက် ချန်လွေ့က ဖုံးကွယ်ပညာရပ်ဖြင့် လေဒြပ်စင်ဘုရင် လိုက်ဖမ်းခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ယခုတစ်ခေါက်တွင် သူက မြေဒြပ်စင်ဘုရင်၏ ကမ္ဘာမကြေရန်သူကို ရင်ဆိုင်ရမည်မှာ အသေအချာပင်။ သို့သော်လည်း တိုင်တန်များ အကြောင်း ဗဟေဠိအတွက် အဖြေရနိုင်လောက်ပေမည်။