← Chapters

အပျက်အစီး

Vol. 49 Ch. 788

အပျက်အစီး

Vol. 49 Ch. 788

မိစ္ဆာထောင်ခြောက် သင်္ဘောက မုန်တိုင်းပင်လယ်နယ်မြေကို အချိန်အတိုဆုံးနှင့် ဖြတ်သွားခဲ့ပြီးနောက် မုန်တိုင်းကျွန်းသို့ ရောက်ရှိလာခဲ့သည်။

မုန်တိုင်းကျွန်း ပတ်ပတ်လည်၌ မုန်တိုင်းပင်လယ်နယ်မြေကဲ့သို့ လေဆင်နှာမောင်းများ ရှိမနေပေ။ မြူများသာ ဖုံးလွှမ်းနေပြီး အလွန် နူးညံ့သိမ်မွေ့ကာ အရိပ်ပမာ ဖြစ်နေ၏။

ချန်လွေ့က မိစ္ဆာ‌ထောင်ခြောက်သင်္ဘောနှင့် သဲလူသားများကို ဖယ်ရှားပြီး ကျွန်းပေါ်သို့ ခြေချလိုက်သည်။ မုန်တိုင်းကျွန်းက အကျယ်ကြီးဖြစ်ပြီး မှော်မြေပုံကလည်း လုံးဝ အသုံးမဝင်ပေ။ သူက ယခင်တစ်ခေါက်တွင် အစွန်အဖျားကိုသာ ပတ်နေခဲ့ပြီး ဆမ်မြူရယ်ကို ကယ်တင်ခဲ့ရသည့်အတွက် နက်နက်ရှိုင်းရှိုင်း မဝင်သွားနိုင်ခဲ့ပေ။ သူက မှတ်ဉာဏ်ကိုသာ အားကိုးပြီး ရှေ့သို့ တစ်လှမ်းချင်း သွားရတော့သည်။

သွားနေစဉ် ချန်လွေ့က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ထဲတွင် အနက်ရောင်အရိပ်နှစ်ခုကို မြင်လိုက်ရ၏။ ရွှေရောင် လင်းယုန်နှစ်ကောင်ပင်။ ချန်လွေ့၏ အမြင်ဖြင့် ထိုအကြည့်များမှ ရန်လိုမှုများကို သေသေချာချာ မြင်နေရသည်။

မိုးကြိုးငှက်....

မိုးကြိုးငှက်က လူသားလောကထဲ၌ အစွမ်းအထက်ဆုံး ငှက်များထဲမှ တစ်ကောင် ဖြစ်သည်။ ၎င်းက ဂရစ်ဖွန်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။ ၎င်းတွင် အစွမ်းထက် [ မိုးကြိုး ] ပါရမီ ရှိပြီး တိုက်ခိုက်ရေးစွမ်းအားက ဧရာမနဂါးများပြီးလျှင် ဒုတိယ ဖြစ်လေသည်။

ချန်လွေ့က ဥယျာဉ်မြို့တော်၌ မိုးကြိုးငှက်ငယ်လေးတစ်ကောင် ရရှိခဲ့ပြီး “သားရဲထိန်းကျောင်းသူ”ဟူသော သရုပ်ကို တည်ဆောက် နိုင်ခဲ့သည်။ ထို့နောက် သူကပေါလ်နှင့်အတူ သိဒ္ဓိအလင်းတောင်သို့ လိုက်သွားခဲ့သည်။ ချန်လွေ့က [ ကြယ်ဂိတ် ] ကို ၎င်းနှင့်အတူ မဖြတ်သွားနိုင်သည့်အတွက် နှင်းဒဲလက် စီမံကိန်း မစတင်ခင်တွင် မိုးကြိုးငှက်ငယ်လေးကို လွှတ်ပေးခဲ့၏။

မိုးကြိုးငှက်၏ စရိုက်က ရိုင်းပြီး သောင်းကျန်းသည်။ ယခင်က မိုးကြိုးငှက်ငယ်လေးမှာ ငယ်ရွယ်ပြီး မဖွံ့ဖြိုးသေးပေ။ ထို့ပြင် ချန်လွေ့က ၎င်းကို အကြွင်းမဲ့ စွမ်းအားဖြင့် ဖြားယောင်းကာ သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။ အရွယ်ရောက်ပြီး မိုးကြိုးငယ်သာ ဆိုလျှင် သတ်ပစ်ရန် ခြိမ်းခြောက်သည့်တိုင် ယဉ်ပါးအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

တကျီကျီ အသံများ ပြုနေရင်း မိုးကြိုးငှက်နှစ်ကောင်က ချန်လွေ့ထံ တစ်ကောင်ပြီးတစ်ကောင် ထိုးဆင်းလာခဲ့သည်။ ရူးမိုက်သော လူသားအချို့က မိုးကြိုးငှက်ပေါက်များနှင့် ဥများကို ခိုးယူတတ်သည့်အတွက် မိုးကြိုးငှက်ကဲ့သို့ သားရဲက လူသားများကို အလွန်အမင်း ရန်လိုနေကြသည်။ ရန်သူကို ရှာတွေ့ပြီးနောက် သူတို့က ချက်ချင်း တိုက်ခိုက်ရန် ‌ရွေးချယ်လိုက်၏။

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မိုးကြိုးငှက်များက ရုတ်တရက် နှေးကွေးသွားသည်။ ၎င်းတို့ မျက်လုံးထဲ၌ ပတ်ဝန်းကျင် သစ်ပင်များက အလျင်အမြန် နွမ်းခြောက်လာပြီး စိတ်ပျက်စရာနှင့် မပြတ်သားမှုများ ပြည့်နှက်သွားပုံရသည်။ တချိန်တည်းမှာပင် အားနည်းပြီး နှေးကွေးသော အခြေအနေက စတင် ပေါ်ထွက်လာသည်။ ရှေ့မှ မိုးကြိုးငှက်က တောင်ပံခတ်ရန် အားမရှိတော့ဘဲ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

နောက်မှ မိုးကြိုးငှက်က ရန်သူ၏ စွမ်းအားကို အာရုံခံလိုက်မိ၏။ ၎င်းက တကျီကျီ အသံပြုလိုက်ရာ မိုးကြိုးတစ်ခုက ချန်လွေ့ကို ပစ်လိုက်ပြီးနောက် သူ့ကို နှစ်ပိုင်းဖြစ်သွားစေသည်။ သို့ရာတွင် နှစ်ပိုင်းက အလျင်အမြန် ပြန်ဆက်သွားပြီး ဘာမှမဖြစ်သလိုပင်။ ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ မိုးကြိုးငှက်က နောက်ထပ် မိုးကြိုး မပစ်နိုင်ခင်မှာပင် ၎င်း၏အဖော်နှင့်အတူ ပြုတ်ကျသွား၏။

ချန်လွေ့က အလျင်အမြန်ပင် မိုးကြိုးငှက်များအား [ ဆောင်းဦး ပိုင်နက် ] နှင့် ပုံရိပ်ယောင်တို့ဖြင့် ဖမ်းဆီးပြီး [ သရုပ်ခွဲမျက်လုံး ] ဖြင့် ရင်းရင်းနှီးနှီး စကားပြောကာ လေဒြပ်စင်ကောင်များ၏ တည်နေရာကို မေးကြည့်ချင်ခဲ့သော်လည်း တုံ့ပြန်မှုများက ရန်လိုနေဆဲ ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် သူ့မျက်လုံးများက ခရမ်းရောင်များ ဖုံးကွယ်သွားပြီး မိစ္ဆာမျက်ဆံ စွမ်းအားကို အသက်သွင်းလိုက်တော့သည်။

မိုးကြိုးငှက်များ၏ ရက်စက်သော အကြည့်က ဝေဝါးသွားပြီး ချန်လွေ့၏ မျက်လုံးထဲ၌ ပုံရိပ်အချို့က တဖြည်းဖြည်း ရောင်ပြန်ဟပ်လာခဲ့သည်။

ထိုအရာက တိမ်တိုက်များကြားထဲ၌ ရှိနေဟန်တူသော ထူးဆန်းသော နန်းတော်တစ်ခုဖြစ်ပြီး မုန်တိုင်းနှင့် လျှပ်စီးများ၏ စွမ်းအားဖြင့် ဝိုင်းရံထားလေ၏။

နန်းတော် ပတ်တပ်လည်တွင် ထူးဆန်းသော လူသားပုံရိပ်များ ရှိနေကြသည်။ ၎င်းတို့ ခန္ဓာကိုယ်အောက်ပိုင်းက လေပွေကဲသို့ ဖြစ်နေပြီး လျှပ်စီးပွင့်များလည်း ထွက်နေ၏။ ၎င်းက မြေပေါ်တွင် လွင့်နေသော ပုံစံမျိုးဖြင့် သွားလာနေလေသည်။

ထိုလူသားပုံရိပ်များအပြင် မြေပေါ်၌ အလွန်ကြီးမားသော ဧရာမများ ရှိနေသည်။ သူတို့က ချပ်ကာများဝတ်ထားပြီး လက်ထဲ၌ လျှပ်စီးများစုစည်းထားသော လှံတံများကို ကိုင်ထားကြ၏။ သူတို့၏ အရေပြားက ငွေနက်ရောင်နှင့် ရွှေရောင်များ ဖြစ်နေကြသည်။

ချန်လွေ့၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းက တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး မိုးကြိုးငှက်၏ မျက်လုံးများကလည်း ပုံမှန် ပြန်ဖြစ်သွားသည်။၊ မိစ္ဆာမျက်ဆံစွမ်းအားက မိုးကြိုးငှက်၏ ဝိညာဉ်အပေါ်သို့ အားကောင်းသော ဟန့်တားမှုတစ်ခု ဖြစ်စေခဲ့သည်။ ချန်လွေ့က ‌ပေါင်းစည်းခြင်းစွမ်းအားကို ပယ်ဖျက် လိုက်သည့်တိုင် ထိုကြမ်းကြုတ်ရက်စက်သော သားရဲငှက်များက ထပ်မံမတိုက်ခိုက်တော့ဘဲ ကြောက်လန့်စွာဖြင့် ပျံထွက်သွား ကြတော့သည်။

ချန်လွေ့က မသက်မသာ ခံစားရမှုကို ပြေလျော့စေရန်အတွက် မေးစေ့ကို ပွတ်သပ်လိုက်၏။ ဆာရီရယ်ရဲ့ မိစ္ဆာမျက်ဆံက တကယ် မယုံနိုင်စရာပဲ။ ထိုအရာက ယခင်နေ့ရက်များအတွင်း လေ့ကျင်းရေး ကွင်းထဲ၌ သူ ‌သင်ယူထားခဲ့သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ထိုအရာက ဝိညာဉ်ကို ပုံထုတ်နိုင်ပြီး မှတ်ဉာဏ်ဖတ်ရန် ထူးဆန်းသော စွမ်းအားတစ်မျိုး ဖြစ်၏။

ထိုကဲ့သို့ စွမ်းအားမျိုးကို အမှန်တကယ် အသုံးချရာ၌ ခက်ခဲမှုက ထင်ထားသည်ထက် ကျော်လွန်နေသည်။ ချန်လွေ့က ၎င်းကို ပထမဆုံးအကြိမ် အသက်သွင်းရန်အတွက် စိတ်ဝိညာဉ် စွမ်းအား အများအပြား သုံးစွဲခဲ့ရသည်။ သူက မထိန်းချုပ်နိုင်တော့ဘဲ တန်ပြန်လုနီးပါး ဖြစ်ခဲ့ရသော်လည်း နောက်ဆုံး၌ လိုချင်သော သတင်းအချက်အလက်ကို ရရှခဲ့သည်။

လေဒြပ်စင်ကောင်များ၏ အသိုက်ဟောင်းမှာ ရင်းနှီးသော နေရာတစ်ခု ဖြစ်၏။ မှန်ပေသည်။ သူက ၎င်းကို သွေးရောင် အင်ပါယာရှိ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာ၌ တွေ့ခဲ့ဖူး၏။ ထိုအရာက တိမ်တိုက်နန်းတော်ပင်။

အံ့သြစရာပင် တိမ်တိုက်နန်းတော်၌ တိုင်တန်များလည်း ရှိနေပြီး သူတို့က လေဒြပ်စင်ကောင်များနှင့် ငြိမ်းချမ်းရေး ယူထားကြသည်။ အမှန်တကယ်၌ ယခင်တစ်ခေါက် ချန်လွေ့က လေဒြပ်စင်ကောင်နှင့် တိုင်တန်တို့၏ “ညွှန့်ပေါင်းစစ်တပ်” လိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့အကြား ပတ်သက်မှုက အတော်လေး ထူးခြားရပေမည်။

မိုးကြိုးငှက်၏ မှတ်ဉာဏ်က တိမ်တိုက်နန်းတော် တည်နေရာ အသေးစိတ် မပါသော်လည်း ထို “အန္တရာယ်ရှိသော သတ္တဝါများ” လှုပ်ရှားနေသည့် နေရာများ ရှိလေသည်။ သာမန် အခြေအနေများ၌ မိုးကြိုးငှက်များက ထိုနယ်မြေများသို့ အလွယ်တကူ မဝင်နိုင်ကြပေ။ တိမ်တိုက်နန်းတော်က သွေးမျိုးဆက်မှတ်ဉာဏ်မှ ဆင်းသက် လာခြင်း ဖြစ်နိုင်ဖို့များပေသည်။

မိုးကြိုးငှက်၏ မှတ်ဉာဏ်အရ ချန်လွေ့က ထို “အန္တရာယ် များသော နေရာများ”သို့ တစ်လှမ်းချင်း လျှောက်သွား‌တော့သည်။

မိုးကြိုးငှက်များအပြင် မုန်တိုင်းကျွန်း၌ မျိုးစိတ်များစွာ ရှိနေသော်လည်း သူ ရှေ့ဆက်သွားလေလေ နတ်ဆိုးသားရဲများ ပိုနည်းပါးလာလေလေ ဖြစ်နေသည်။ လေထဲရှိ ထူးဆန်းပြီး အန္တရာယ်များသော အငွေ့အသက်က ပို၍ပို၍ ပြင်းထန်လာခဲ့သည်။

တောအုပ်တစ်ခုနှင့် ချိုင့်ဝှမ်းတစ်ခု အရှေ့ကို ဖြတ်သွားပြီး နောက်တွင် ချန်လွေ့က အလွန်ကြီးမားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ တိုင်တန် !

ချန်လွေ့ ရှာနေသော လေဒြပ်စင်ကောင်များ မရှိသော်လည်း တိုင်တန်များကို တွေ့သည်နှင့် လေဒြပ်စင်ကောင်များလည်း အနီးအနားရှိ ရှိနေမည်ဖြစ်ကြောင်း သူသိသည်။

လေဒြပ်စင်ကောင်များကို ရှာမတွေ့ခင် ချန်လွေ့က ထိုဧရာမကောင်များကို သတိထားမိစေပြီး မလိုလားအပ်သော တိုက်ခိုက်မှုများ မဖြစ်ချင်ပေ။ သူက အတွေးတစ်ချက်ဖြင့် [ တိတ်တဆိတ် ] အစွမ်းကို လည်ပတ်စေလိုက်ကာ ခန္ဓာကိုယ်ကို ဖံုးကွယ်လိုက်၏။

မျိုးနွယ် - တိုင်တန် (အဂ္ဂိရတ်သက်ရှိ)

စွမ်းအားအကဲဖြတ်မှု - S

ခန္ဓာအမျိုးအစား - S

ခွန်အား - S

စိတ်ဝိညာဉ် - S

အမြန်နှုန်း - A

စိစစ်ချက် - မိုးကြိုးစွမ်းအား၊ ခွန်အားပါရမီ၊ စိတ်စွမ်းအင်ပြီး။

အန္တရာယ်အဆင့် - အတော်လေးမြင့်မား။

ချန်လွေ့က ထိုတိုင်တန်က သေသေချာချာ ဖြတ်ကျော်သွားပြီး ရှေ့ဆက်သွားသည်။ အသေအချာပင် သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာသော တိုင်တန်အရေအတွက်က တဖြည်းဖြည်း တိုးလာခဲ့သည်။ အားအနည်းဆုံးကပင် နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်ပြီး ချန်လွေ့အား အင်အားးကြီးသော နဂါးများအကြောင်းကို တွေးမိသွားစေသည်။

ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားရှိသော ထိုဧရာမကောင်များက မတိုက်ခိုက်သော အချိန်တွင် အနည်းငယ် ငြီးငွေ့စရာကောင်းနေပြီး သူတို့၏ လှုပ်ရှားမှုများကလည်း သေချာသော ရည်ရွယ်ချက် တစ်ခု ရှိနေဟန် မတူပေ။ သို့သော် သေချာသည်ကပင် ကျူးကျော်သူ ချန်လွေ့ ထွက်ပေါ်လာသည်နှင့် ထိုဧရာမကောင်များ၏ တိုက်ခိုက်မှုကို ခံရမည့် ပထမဆုံးပစ်မှတ် ဖြစ်လာမည်ကို သေချာပေသည်။

ထူးဆန်းသည်က လမ်းတလျှောက်၌ တိုင်တန် အများအပြားကို တွေ့ခဲ့သော်လည်း လေဒြပ်စင်ကောင်များကို မတွေ့ခဲ့ခြင်းပင်။ ချန်လွေ့က ဇဝေဇဝါ ဖြစ်နရင်း ရှေ့မှ စွမ်းအား အတက်အကျ တစ်ခုကို ခံစားမိလိုက်သည့်အတွက် ရုတ်တရက် ရပ်တန့်လိုက်၏။ ထိုကဲ့သို့ စွမ်းအင် အတက်အကျက အတော်လေး သိမ်မွေ့လှသည်။ သူက သာမန် နတ်ဆိုးအရှင်သခင်အဆင့် သို့မဟုတ် တိုင်းပြည်အဆင့် ဖြစ်မည်ဆိုလျှင် အာရုံခံမိလိမ့်မည် မဟုတ်ပေ။ သူ အာရုံခံမိသော အကြောင်းရင်းက သူ့တွင် ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ အထူး စိတ်ဝိညာဉ်အမှတ်အသား ရှိနေ၍ပင်။

စိတ်ဝိညာဉ်စွမ်းအင် ကြိမ်နှုန်းက ပိုပို၍ ရင်းနှီးလာသည်။ ၎င်းက စိတ်ဝိညာဉ်အမှတ်အသား ဖန်တီးသော ပုံရိပ်ယောင် တစ်မျိုးနှင့် ဆင်တူနေသည်။ သို့သော်လည်း အင်အားက အ‌တော်လေး အားနည်းနေသည်။ ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး ရှေ့သို့ တည့်တည့် လျှောက်သွားလိုက်သည်။ ထိုနေရာ၌ တိုင်တန်များ ရှိမနေဘဲ ချောက်ကမ်းပါးကြီးတစ်ခုသာ ရှိနေ၏။

ချန်လွေ့က ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် အမှတ်အသားကို လည်ပတ်စေလိုက်ပြီး အနီးအနားမှ စိတ်ဝိညာဉ်စွမ်းအင်နှင့် လိုက်ဖက်ညီသော ကြိမ်နှုန်းအတိုင်း ချိန်ညှိရန် ကြိုးစားနေသည်။ ရှေ့မှ မြင်ကွင်းက တဖြည်းဖြည်း ပြောင်းလဲလာ၏။ ၎င်းက ချောက်ကမ်းပါးတစ်ခု မဟုတ်ဘဲ အလွန်ကြီးမားသော ချောက်နက်ကြီး တစ်ခု ဖြစ်နေပြီး ရှည်လျားသော လျှောစောက် တစ်ခုက ချောက်နက် ဝင်ပေါက်ထဲသို့ တည့်တည့် ဦးတည်နေ၏။

အနီးကပ်ကြည့်လိုက်ရာ ထိုလျှောစောက်က အမှန်တကယ်၌ အလွန်အမင်း အားကောင်းသော စွမ်းအားတစ်မျိုးကြောင့် သို့မဟုတ် ချောက်နက်ထဲမှ အလွန်ကြီးမားသော ပေါက်ကွဲမှုကြောင့် ဖြစ်လာခြင်းပင်။ ပေါက်ကွဲမှုစွမ်းအားက အတော်လေး ထူးခြားလောက်ပေသည်။ လွန်လွန်ကဲကဲ သဲလွန်စများ မကျန်ခဲ့သော်လည်း ထိုနေရာက ကျတ်တီးမြေနီးပါး ဖြစ်သွားကာ အတော်လေး ထင်းခနဲ ဖြစ်နေ၏။

အတွေးတစ်ချက်ဖြင့် ချန်လွေ့က သဲလွန်စများနောက်လိုက်ပြီး ထိုချောက်နက်ကြီးထဲသို့ လမ်းလျှောက်သွားလိုက်သည်။

သူ ဆက်သွားလေလေ သဲလွန်စများက ပိုမိုထင်ရှားလေလေ ဖြစ်နေပြီး ထိခိုက်မှု ပြင်အားက ပိုမို ထိတ်လန့်စရာ ကောင်းလာလေလေ ဖြစ်နေသည်။ သို့သော်လည်း ၎င်းက ဟိုးအရင်ကတည်းက ဖြစ်ခဲ့ဟန်တူသည်။ [ တိတ်တဆိတ် ] တစ်နာရီအကန့်အသတ်က ပြည့်သွားပြီး နောက်တစ်ကြိမ် အသုံးပြုနိုင်ရန် ၃နာရီ ကြာဦးမည် ဖြစ်သည်။ ကံကောင်းစွာပင် ချောက်နက်ထဲ၌ တိုင်တန်များ မရှိနေပေ။ သိချင်စိတ် ပြင်းပြနေရင်း ချန်လွေ့က ဆက်လက် လျှောက်သွားသည်။ သူ သွားနေရင်း ခြေထောက်အောက်၌ ရုတ်တရက် တစ်ခုခုကို ကန်လိုက်မိသည်။ ထိုအရာက ရင်းနှီးသော သတ္တုဟောင်းတစ်ခုဖြစ်ပြီး ကျိုးပဲ့နေသော တစ်စိတ်အပိုင်းတစ်ခု ဖြစ်ဟန်တူသည်။

ရှေ့တွင် ဆင်တူသော အပျက်အစီးတစ်ခုကို မြင်သည့်အခါ ချန်လွေ့က နောက်ဆုံး၌ မှတ်မိသွားတော့သည်။

စုစည်းရုပ်သေးအပြင် ဧရာမ သလင်းကျောက်သားရဲ ဒါမှမဟုတ် သလင်းကျောက်သားရဲ အကြွင်းအကျန် ဖြစ်လောက်တဲ့ အရည်လဲ့ သလင်းကျောက်လိုမျိုး အပိုင်းအစတွေ ရှိနေတယ်။

ထိုတွေ့ရှိမှုက ချန်လွေ့၏ အထင်ကို အတည်ပြုပေးခဲ့သည်။

အတော်လေး ပြီးပြည့်စုံသော “အရိုးခြောက်များ” ကို ခုနက တွေ့ပြီးပြီ ဖြစ်သည်။ ချန်လွေ့က စုစည်းရုပ်သေး တဝက်ထဲ၌ လုံးဝ မပျက်စီးသွားသေးသော လူသားပုံစံ အရိုး အချို့ကိုလည်း ရှာတွေ့ခဲ့သည်။

နောက်ဆုံးတွင် ချန်လွေ့ အရှေ့၌ အလွန်ကြီးမားသော အဆောက်အအုံတစ်ခု ပေါ်ထွက်လာသည်။ ထိုအဆောက်အအုံ၏ အတိုင်းအဆက ကြယ်မြို့တော်ထက် များစွာ သာလွန်သည်။ ၎င်းကို ရဲတိုက်ဟု မခေါ်သင့်ဘဲ မြို့တော်ဟု ခေါ်ရမည် ဖြစ်သည်။

ချန်လွေ့ထက် ထိုကဲ့သို့ မြို့တော်၏ပုံစံနှင့် ရင်းနှီးသူ မရှိပေ။ ၎င်းမှာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ အပျက်အစီးပင်။

အလွန်ကြီးမားခြင်းကလွဲလျှင် ထိုအပျက်အစီးပေါ် ချန်လွေ့၏ ပထမဆုံးအမြင်မှာ စကားတစ်လုံးသာ ရှိ၏။ ပျက်စီးယိုယွင်းခြင်း။

အရင်ပေါက်ကွဲမှုကြီးက မြို့ကနေ ပျံ့နှံ့သွားတာ သေချာတယ်။ အပျက်အစီးရဲ့ ဂိတ်တံခါးနယ်မြေက ဒီ‌ပေါက်ကွဲမှုကြောင့် လုံးဝ ပျောက်ကွယ်သွားပြီးတော့ အနီးအနား ပတ်ဝန်းကျင်ကလည်း အပြင်းအထန် ထိခိုက်မှုတွေ အပြည့် ဖြစ်နေတယ်။

ချန်လွေ့က အပျက်အစီးထဲသို့ လမ်းလျှောက်သွားလိုက်ရာ နေရာတိုင်းတွင် ပျက်စီးနေသော အရိပ်အယောင်များကို မြင်လိုက်ရ၏။ မည်သည့်သက်ရှိကိုမှ မတွေ့ရပေ။ အလွန် ကြီးမားသော အပျက်အစီးက သေခြင်း အငွေ့အသက်များ ပြည့်နှက် နေလေသည်။

ချန်လွေ့က ဝေဝါးနေသော စိတ်ဝိညာဉ် စွမ်းအင် အတက်အကျ နောက်သို့လိုက်သွားပြီးနောက် မြို့တော်၏ ဗဟိုနန်းတော်ကို ရှာတွေ့သွားခဲ့သည်။

မြို့တော်၏ အန္တိမ အုပ်ချုပ်သူကို ကိုယ်စားပြုသော ဗဟိုနန်းတော်က နှစ်ပိုင်းပြတ်နေပြီး အစောင့်များ၏ အကြွင်းအကျန်များအားလုံး အနီးအနားတွင် ရှိနေသည်။ သူတို့က ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရသည်မှာ သေချာပေသည်။ ချောက်နက် အပြင်ဘက်ရှိ အဂ္ဂိရတ် သက်ရှိများဖြစ်ကြသော တိုင်တန်များ အကြောင်းကို ချန်လွေ့ တွေးနေရင်း သူ ပထမဆုံး စိတ်ဝိညာဉ် အမှတ်အသားကို ပြသခဲ့စဉ်က တိုင်တန်များ ပြသသော အမျက်ဒေါသကို သတိရသွားပြီး ရေးရေးလေး ခန့်မှန်းမိသွားခဲ့သည်။

ဗဟိုနန်းတော်၏ တည်ဆောက်ပုံက ကြယ်မြို့‌‌တော်ထက် ပိုမို ရှုပ်ထွေးသော်လည်း ပုံစံကတော့ ဆင်တူပေသည်။ မူလ ခံစစ် တောင့်တင်းသော စွမ်းအား ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ချန်လွေ့က အားနည်းသော ပုံရိပ်ယောင် အကာအကွယ်ကို ချိုးဖျက်ရန် အချိန် သိပ်မကြာလိုက်ပေ။ ထို့နောက် သူက စိတ်ဝိညာဉ် အာရုံဖြင့် အဓိကခန်းမကို ရှာတွေ့သွားခဲ့သည်။

အဓိက ခန်းမတံခါးကို ဖွင့်လိုက်သည်နှင့် ချန်လွေ့က မူးနောက်နောက် ဖြစ်သွားခဲ့သည်။ စိတ်ဝိညာဉ် စွမ်းအင်တစ်ခုက သူ့ကို အဘက်ဘက်မှ လွှမ်းမိုးသွားခဲ့၏။ ထိုစိတ်ဝိညာဉ်စွမ်းအင်က တံခါးအပြင်ဘက်ကထက် ပိုမိုအားကောင်းပြီး သိသာသော ရန်လိုမှုနှင့် ထူးဆန်းသောစွမ်းအား ပါရှိသည်။ ၎င်းက ချန်လွေ့၏ ဝိညာဉ်ကို ဝါးမျိုချင်နေပုံရသည်။

ချန်လွေ့က ၎င်းအတွင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ့ မျက်နှာပေါ်၌ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ပေါ်ထွက်လာ၏။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးက စိတ်ဝိညာဉ်နှင့် ဝိညာဉ်ထိန်းချုပ်မှု ပြီးသော အစွမ်းသတ္တိတစ်ခုရှိပြီး စိတ်ဝိညာဉ်စွမ်းအား၏ ဝိပါက်ဖြစ်သော [ နတ်ဘုရားဝါးမျိုသူ ] အစွမ်းလည်း ရှိသည်။ [ နတ်ဘုရားဝါးမျိုသူ ] ကြောင့် သူ့ဝိညာဉ်ကို ဝါးမျိုချင်နေသော ထိုစိတ်ဝိညာဉ်စွမ်းအားက ပြန်ဝါးမျိုခံနေရတော့သည်။

စိတ်ဝိညာဉ်စွမ်းအင် မှိန်လာသည်နှင့်အမျှ အရှေမှ မြင်ကွင်းက ပိုထင်ရှားလာသည်။ ထိုအရာက အလယ်တွင် ရှိနေသော ခရမ်းရောင် သလင်းကျောက်ကြီးမှလွဲ၍ တခြားမည်သည်မှ မရှိသော အခန်းကျယ်ကြီးတစ်ခု ဖြစ်၏။

ထိုခရမ်းရောင် သလင်းကျောက်မှာ အပျက်အစီးတစ်ခုလုံးကို ထိန်းချုပ်ထားသော ဗဟိုချက် အသက်သလင်းကျောက် ဖြစ်နိုင်သည်။ အကယ်၍ သူက ၎င်းကို ထိန်းချုပ်နိုင်လျှင် ထိုအပျက်စီး၏သခင် ဖြစ်လာနိုင်ပေသည်။

All Chapters