ရှေးလျို့ဝှက်ချက်များ
Vol. 49 Ch. 789
သူ့အရှေ့မှ ခရမ်းသလင်းကျောက် အရည်အသွေးက အတော်လေး မြင့်မားလှသော်လည်း အပေါ်ယံက အက်ကြောင်းများ ဖုံးလွှမ်းနေသော အသက်လုံးဝ ရှိနေပုံ မရချေ။ အပြင်းအထန် ထိခိုက်သွားသည်မှာ သိသာနေပြီး ယခင် စိတ်ဝိညာဉ်စွမ်းအား လှိုင်းကလည်း ပျောက်ကွယ်သွား၏။
ထိုရှေးအဂ္ဂရိတ် အဖွဲ့အစည်းအဆင့်က သေချာပေါက် ကြယ်မြို့တော်ထက် များစွာ သာလွန်သည်။ အပြင်းအထန် ထိခိုက်နေပြီး ပြန်လည်အသုံးပြု၍ မရနိုင်လုနီးပါး ဖြစ်နေ သော်လည်း ချန်လွေ့အတွက် သာမန်ရတနာများထက် အဆ၁၀၀ ပိုမို အဖိုးတန်ပေ၏။
ထိုအရာက ပြန်လည်ပြုပြင်၍မရသော စွန့်ပစ်ခံ မြို့တော် တစ်ခု ဖြစ်လျှင်ပင် မြို့ထဲ၌ တည်ရှိနေသော ကုန်ကြမ်းများက ကြယ်မြို့တော်ထက် အဆင့်ပိုမြင့်လောက်ပေသည်။ ထို့အပြင် ထိုအကြွင်းအကျန်ထဲ၌ အဖိုးတန်ပစ္စည်း အများအပြား ရှိရပေမည်....
အက်ကွဲနေသော ခရမ်းသလင်းကျောက်က လုံးဝ ပျက်စီး မသွားသေးကြောင်းကို ချန်လွေ့ မြင်နိုင်သည်။ သို့မဟုတ်ပါက စိတ်ဝိညာဉ်စွမ်းအား ပမာဏ တစ်ခုကို လုံးဝ သိုလှောင်နိုင်မည် မဟုတ်ဘဲ အခန်းက အလိုလို ပျက်စီးသွားမည် ဖြစ်သည်။ လုံလောက်သော စွမ်းအင်ကိုသာ ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် သလင်းကျောက်ကို ပြန်ပြင်နိုင်သော်လည်း ခုနက စိတ်ဝိညာဉ် စွမ်းအား ဝါးမျိုမှုက ၎င်း၏ နောက်ဆုံး စွမ်းအားကို ကုန်ခမ်း သွားစေခဲ့သည်။ ယခုတွင် ၎င်းက ခုခံရန် စွမ်းရည် လုံးဝ ဆုံးရှုံးသွားခဲ့လေပြီ။
ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ သူ၏ လက်ထဲ၌ ခရမ်းရောင် အလင်းတစ်ခု ပေါ်ထွက်လာကာ သလင်းကျောက်နားကို ကပ်လိုက်သည်။ ထိုအရာက ကြယ်မြို့တော်မှ စိတ်ဝိညာဉ် အမှတ်အသား ဖြစ်၏။
“အမည်မသိ စိတ်ဝိညာဉ်အမှတ်အသား!”
“ဆင်တူမျိုးနွယ်မှုစွမ်းအားအဖြစ် အသိအမှတ်ပြု!”
“လွှမ်းမိုးသောဝိညာဉ်၏ အမှတ်အသားနှင့် မကိုက်ညီ။ စိတ်ဝိညာဉ် အမှတ်အသား ပေါင်းထည့်ရန် ငြင်းဆန်။”
“ကျူးကျော်သူအဖြစ် သတ်မှတ် ! ခုခံမှု စတင် !”
“အသက်စွမ်းအင် မလုံလောက်။ ခုခံမှုကို အသက်မသွင်းနိုင်..”
ချန်လွေ့၏ စိတ်ထဲ၌ ခရမ်းသလင်းကျောက်၏ စာများက အဆက်မပြတ် တက်လာနေခဲ့သည်။ သူ၏ စိတ်ဝိညာဉ် အမှတ်အသားက မူရင်း သလင်းကျောက်သခင်၏ ဝိညာဉ် စွမ်းအားနှင့် မကိုက်ညီသည့်အတွက်ကြောင့် ခရမ်း သလင်းကျောက်က အလွန် ခုခံနေပုံရသည်။ ကံဆိုးစွာပင် သလင်းကျောက်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ချန်လွေ့၏ ကျူးကျော်မှုကို ခုခံရန် မဖြစ်နိုင်ပေ။
ခရမ်းရောင်အလင်းက သလင်းကျောက်နှင့် ချောချောမွေ့မွေ့ ပေါင်းစပ်သွားခဲ့ပြီး စိတ်ဝိညာဉ် အမှတ်အသား စွမ်းအားက ပင့်ကူအိမ်တစ်ခုသဖွယ် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ၎င်းက တစ်ဆင့်ချင်း ထိန်းချုပ်မှုကို ရယူနေပြီး မူလတည်ဆောက်ပုံကို အဆက်မပြတ် တိုက်စားနေခဲ့၏။
“စွမ်းအင်မလုံလောက်။ အဆင့်၃ လုပ်ပိုင်ခွင့် အကာအကွယ်ကို စွန့်ပယ်....”
“အဆင့်၂ လုပ်ပိုင်ခွင့် အကာအကွယ်ကို စွန့်ပယ်...”
“အဆင့်၁ လုပ်ပိုင်ခွင့် အကာအကွယ်ကို စွန့်ပယ်။ အမြင့်ဆင့်ဆုံး လုပ်ပိုင်ခွင့်ကို ချန်ထား။ အကာအကွယ် ငြိမ်သက်မှု အသက်ဝင်....”
သိပ်မကြာခင်တွင် ကြယ်မြို့တော်၏ စိတ်ဝိညာဉ် အမှတ်အသား စွမ်းအားက သလင်းကျောက်ကို သိမ်းပိုက်ပြီး လုပ်ပိုင်ခွင့် အများစုကို ရယူအောင်မြင်ခဲ့သည်။ သို့ရာတွင် အဆင့်ကွာခြားချက်ကြောင့် အမြင့်ဆုံး ထိန်းချုပ်မှုကို မရနိုင်ခဲ့ပေ။ ထိုသို့ ဆိုသည့်တိုင် ချန်လွေ့အား ပျော်စေရန် လုံလောက်၏။
ထိန်းချုပ်မှု ရရှိပြီးနောက် ချန်လွေ့က စွမ်းအင် မလုံလောက်ကြောင်း သတိပေးချက်တစ်ခုကို ချက်ချင်းပင် လက်ခံ ရရှိခဲ့သည်။ သူက ကြယ်မြို့တော်မှ ထုတ်ပေးသော စွမ်းအင် ကူးပြောင်း ကိရိယာကို ချက်ချင်း ထုတ်လိုက်ပြီးနောက် အရှိန်အဝါ သစ်သီးဒါဇင်ခန့်ကို စွမ်းအင် ကုဗတုံးများအဖြစ် ပြောင်းလဲကာ ခရမ်းသလင်းကျောက်နားတွင် ချထားလိုက်၏။
ထိုစွမ်းအင်ကုဗတုံးများက အသန့်စင်ဆုံး အသက်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သော အဆင့်မြင့် စွမ်းအင်မြုတေဖြစ်ကာ အရည်အသွေးကလည်း အဂ္ဂိရတ်အဖွဲ့အစည်းမှ ထုတ်လုပ်သော စွမ်းအင်ထက် များစွာ သာလွန်ပေသည်။
ခရမ်းသလင်းကျောက်က ဗိုက်ဆာနေသူ အငမ်းမရ စားသကဲ့သို့ပင် စွမ်းအင်ကို အလျင်အမြန် စတင် စုပ်ယူတော့သည်။ ခရမ်းရောင်အလင်းက တဖြည်းဖြည်း တောက်ပလာပြီးတော့ ပို၍ တလက်လက် ဖြစ်လာခဲ့သည်။ အခန်းတစ်ခုလုံး၏ မြင်ကွင်းကလည်း ကျယ်ပြန့်သော နေရာလွတ်တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ အခန်းထဲမှ ပစ္စည်းများကို ချန်လွေ့၏ စိတ်ဖြင့် ပြောင်းလဲနိုင်ပြီ ဖြစ်သည်။
အသက်မဲ့နေသော အပျက်အစီး တစ်ခုလုံးက ရုတ်တရက် အသက်ဓာတ် ပြန်လည် ရရှိလာသကဲ့သို့ပင် အလင်းစက်များ တောက်ပလာခဲ့သည်။
ထိုအချိန် ချောက်နက် အဝေးမှ တိုက်တန်များက မူမမှန်မှုကို အာရုံခံမိသွားဟန်တူ၏။ ၎င်းတို့၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် အရောင်လက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
ချန်လွေ့က တိုင်တန်များ၏ အပြောင်းအလဲကို မသိဘဲ ထိုအပျက်အစီးကို ထိန်းချုပ်နေရင်း အံ့သြမှုများနှင့်သာ အရသာ တွေ့နေခဲ့သည်။ ဗဟိုချက် အသက်သလင်းကျောက်ထဲရှိ အက်ကြောင်း အများစုကလည်း ပြန်ကောင်းသွားခဲ့ပြီး သူ့စိတ်ထဲ၌ မရေမတွက်နိုင်သော အသိပေးစာများ ပေါ်ထွက်လာ၏။
ကုန်ကြမ်းဂိုဒေါင် ထိခိုက်မှု ၃၀%။ ချိတ်ဆက်၍ ရ..
အချက်အလက်ဌာန ထိခိုက်မှုအဆင့်......၊ချိတ်ဆက်၍ရ.....
သတ္တဝါဂိုဒေါင် ထိခိုက်မှု ၉၀%။ ချိတ်ဆက်၍ မရနိုင်...
ထိုအပျက်အစီး နာမည်က “ကောင်းကင်ဘီး” ဖြစ်ပြီး အဆင့်၄ ဖြစ်ကာ ကြယ်မြို့တော်ထက် ၂ဆင့်မြင့်သည်။ ချန်လွေ့က ပထမဆုံး အချက်အလက် ဌာနကို ကြည့်ရန် ရွေးချယ်ခဲ့သည်။ ဗဟို အသက် သလင်းကျောက်၏ ထိန်းချုပ်သူ ဖြစ်သည့်အလျောက် သူက အချက်အလက်ဌာနသို့သွားရန် မလိုအပ်ပေ။ သူက သလင်းကျောက် မှတဆင့် တိုက်ရိုက်ကြည့်ရန် သို့မဟုတ် သက်ဆိုင်ရာ ပစ္စည်းများထံသို့ ချိတ်ဆက်ရန်သာ လိုအပ်၏။
ချန်လွေ့က ကြယ်မြို့တော်ကို ထိန်းချုပ်မှု ရယူခဲ့စဉ်က အချက်အလက် ဗဟိုချက် ပျက်စီးနေပြီး ပြန်ပြင်မရသလို ကြည့်၍လည်း မရခဲ့ပေ။ ဝိညာဉ်အမှတ်အသား၏ မပြီးပြည့်စုံသော မှတ်ဉာဏ်များမှသာ အပိုင်းအစအချို့ ရရှိခဲ့၏။ ယခုတွင် နောက်ဆုံး၌ သူက အသုံးပြု၍ရသော အချက်အလက် ဗဟိုချက်ကို ရှာတွေ့သွားလေပြီ။
အချက်အလက်များကိုသာ ရရှိနိုင်သောလည်း အပျက်အစီးထဲ ကြွင်းကျန်သော အချက်အလက်များက စိတ်ကူးနိုင်သည်ထက် ကြွယ်ဝနေနိုင်သေးသည်။ အတော်အသင့် ပြည့်စုံသော ဆေးဝါးပညာ မှတ်ဉာဏ် သလင်းကျောက်ကပင် ချန်လွေ့ကို မမျှော်လင့်ထားသော အံံအားသင့်စရာတစ်ခု ပေးခဲ့လေသည်။
သူတို့အထဲတွင် မပြီးမြောက်သေးသော “မှတ်တမ်းစာအုပ်” တစ်အုပ် ရှိနေပြီး ဖွင့်ရန် အဆင့်၁ ခွင့်ပြုချက်လိုအပ်သည်။ ထိုအရာက ချန်လွေ့၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။
“လသစ်၁၂နှစ်၊ ၁၇ပတ်၊ ၃ရက်မြောက်နေ့မှာ ငါ လေ့လာနေခဲ့တဲ့ စုစည်ရုပ်သေး အောင်မြင်သွားခဲ့ပြီးတော့ လောက တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့တယ်။ လန်လင် အင်ပါယာရဲ့ အဂ္ဂိရတ်ပညာရှင် ခေါင်းဆောင်နဲ့ ကောင်းကင်ဘီး သခင် အနေနဲ့ ငါ ဒိုရူဒါထရာစီလိုရဲ့ နာမည်က သမိုင်းထဲမှာ မှတ်တမ်းတင်ခံရပြီးတော့ မျိုးရိုးစဉ်ဆက် ချီးမွမ်းခံရဖို့ ကံကြမ္မာပါလာတာပဲ...”
ပထမဆုံး စာအုပ်မှတ်တမ်းက ချန်လွေ့ကို အံ့သြ သွားစေခဲ့သည်။ ကောင်းကင်ဘီးရဲ့သခင် ဒိုရူဒါထရာစီလိုက စုစည်ရုပ်သေးကို တီထွင်ခဲ့တဲ့သူ ဖြစ်နေတယ်။
“လသစ်၂၄နှစ်၊ ၂၃ပတ်၊ ၇ရက်နေ့။ ဒါက ငါ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တစ်ခုပဲ။ မန်လန့်စ်က အဲဒီ ကြွက်သား ငတုံး ဖက်စ်မိုရီနဲ့ တကယ် လက်ထပ်ခဲ့တယ်။ ဒီလက်ထပ်ပွဲစုတ်ကို ငါ ကျိန်စာတိုက်တယ်။ ပြီးတော့ အဲဒီမိန်းမကို တသက်လုံး နောင်တရအောင် လုပ်ပစ်မယ်...1”
“လခြမ်း၂နှစ်၊ ၅ပတ်၊ ၁ရက်နေ့။ ဖက်စ်မိုရီက ရှားပါးတဲ့ အပ်ပေါက် ဒဏ်ရာနဲ့ သေသွားခဲ့တယ်။ အပေါ်ယံမှာပေါ့။ အဲဒါက နည်းပညာ ပြဿနာ တစ်ခုပါပဲ။ ငါ့ရဲ့ နည်းလမ်းတွေကို အဲဒီ ငတုံး ဆရာဝန်တွေ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။ လေကွေး၂နှစ်၊ ၁၂ပတ်၊ ၃ရက်နေ့မှာ ငတုံးမ မန်လန့်စ်၊ အဲဒီ မုဆိုးမက ငါ့ကို ထပ်ပြီးတော့ ငြင်းခဲ့တယ်။ ကောင်မစုတ်။ ငါက မင်းရဲ့ ခန္ဓာကိုယ်ကို တကယ် သဘောကျတယ် ထင်တာလား။ ငါက မင်းရဲ့ ခန္ဓာကိုယ်၊ မျက်နှာ၊ အသံနဲ့ စရိုက်တောင် တူနဲ့ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်ကို ဖန်တီးခဲ့ပြီးပြီ။ သူ့ရဲ့ အစိတ်အပိုင်းတိုင်းက ငါ့ရဲ့ စိတ်ဆန္ဒတွေ ဖွင့်ထုတ်ဖို့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့တယ်။ ငါမြင်ချင်တာက ငါမင်းကို စွန့်ပစ်တဲ့အခါ မင်းမျက်နှာပေါ်က နောင်တနဲ့ ကူကယ်ရာ မဲ့နေတာကိုပဲ.....”
“လခြမ်း၂နှစ်၊ ၁၂ပတ်၊ ၂၉ရက်နေ့။ မန်လန့်စ် သေသွားတယ်။ ဖက်စ်မိုရီ သေသွားရတဲ့ တကယ့် အကြောင်းရင်းကို သိသွားတော့ သူက ငါ့မျက်လုံးအရှေ့မှာပဲ သေသွားခဲ့တယ်။ အမုန်းတရားတွေ ပြည့်နှက်နေတဲ့ အဲဒီမျက်လုံးက ငါ့ကို တုန်လှုပ်စေခဲ့တယ်။ နောက်ပိုင်း ပြဿနာတွေ မဖြစ်အောင်လို့ သူ့သားနဲ့ သူ့ဆွေမျိုးတွေ အားလုံးကို ငါ သတ်ပစ်ခဲ့တယ်...။ အဲဒီနေ့က စပြီးတော့ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်ရဲ့ မူလအသိစိတ်ကို ငါ ဖျက်ဆီးပြီးတော့ သတ္တဝါဂိုဒေါင်ထဲ၌ တသက်လုံး ချိပ်ပိတ်ခဲ့တယ်။ အဲဒီမျက်နှာကို မြင်ရမှာ ငါကြောက်လို့....”
ထိုကဲ့သို့ ပြတ်တောင်းပြတ်တောင်း အပိုင်းအစများက ရက်စက်ပြီး အလွန်အမင်း အတ္တဆန်သော “သိပ္ပံပညာရှင်” တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင် စာဖတ်သူအား သိမ့်သိမ့် တုန်သွားစေ၏။
“လခြမ်း ၇နှစ်၊ ၁၇ပတ်ရဲ့ ၃ရက်မြောက်နေ့။ စစ်ဧရာမကောင် သုတေသနက ဆက်လုပ်နေသလို ထူးဆန်းတဲ့ ရန်သူအချို့လည်း ရောက်လာတယ်။ ဒီရန်သူတွေမှာ လျစ်လျူရှုလို့မရတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့က အစောင့်တွေနဲ့ စုစည်းရုပ်သေးတွေ ရှေ့မှာတော့ အားနည်းနေတုန်းပဲ.....။ ငါတို့မှားတယ်။ အားလုံးမှားတယ်။ ရန်သူက ငါတို့ထက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ ကြောက်စရာ အကောင်းဆုံးကတော့ အရေအတွက်တွေ အဆက်မပြတ် တိုးလာနေတာပဲ။ အဆုံးမဲ့ လုနီးပါး ဖြစ်နေပြီ။ နောက်ဆုံးမှာ ငါတို့တွေ စီအန်နူအင်ပါယာမှာ အကူအညီ တောင်းဖို့ အချက်ပြခဲ့တယ်။ ငါတို့တွေ စကားလုံး နှစ်လုံးကို မြင်ခဲ့ရတယ်။ အသူရာချောက်နက်....။ အင်ပါယာ လေးခုထဲက တစ်ခုဖြစ်တဲ့ စီအန်နူ အင်ပါယာက ပျက်သုဉ်းသွားပြီ။ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်လွန်းတယ်။”
“အသူရာချောက်နက်တွေ ဖြတ်သွားတဲ့ နေရာတိုင်း ကျွန်ပြုတာတွေ၊ သိမ်းပိုက်တာတွေ မရှိဘူး။ အဆုံးမဲ့ ပျက်စီးခြင်းပဲ ရှိတယ်။ စီအန်နူအင်ပါယာက တကယ်ပဲ အသက်ရှင်ကျန်သူ မရှိခဲ့ဘူး !
“ကြောက်စရာအရိပ်က အဂ္ဂိရတ်အဖွဲ့အစည်း လောက တစ်ခုလုံးကို အလျင်အမြန် လွှမ်းမိုးသွားခဲ့တယ်...။ အသူရာ ချောက်နက်ကို တိုက်ခိုက်ဖို့အတွက် အင်ပါယာအားလုံးက ယာယီ ညွှန့်ပေါင်း စစ်တပ်ကို ဖွဲ့စည်းခဲ့ကြပေမဲ့ နောက်ကျသွားပြီ....။ တကယ်လို့ ငါတို့တွေ အသူရာချောက်နက် သတ္တဝါတွေ စရောက်လာတဲ့အချိန် နေရာလွတ် ဝင်ပေါက်ကို ရှာတွေ့ခဲ့ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကံဆိုးချင်တော့ တကယ်လို့ဆိုတာ မရှိခဲ့ဘူး။”
“ငါတို့တွေ ရှုံးနိမ့်ခဲ့တယ်။ အသူရာချောက်နက်ရဲ့ ဆရာသခင် တစ်ယောက်ဖြစ်တဲ့ ကြောက်စရာရန်သူ ခီလီအန်နာဆီမှာ လုံးဝ ရှုံးနိမ့်ခဲ့ရတယ်။ သူပိုင်ဆိုင်တဲ့ အမုန်းတရားစွမ်းအားက အားလုံးကို တုန်လှုပ်သွားစေခဲ့တယ်...” စာအုပ်ပေါ်မှ ထိုမှတ်တမ်းများက အသူရာချောက်နက် မိသားစုက အဂ္ဂိရတ်အဖွဲ့အစည်းကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို ဖော်ပြထားသည့် မှတ်တမ်း မတင်ထားသော ရှေးလျို့ဝှက်ချက်များ ဖြစ်ပေသည်။ “သိမ်းပိုက်တာ၊ ကျွန်ပြုတာ မရှိဘူး၊ အဆုံးမဲ့ ပျက်စီးခြင်းပဲ ရှိတယ်” ဟူသော စကားစုကို မြင်သည့်အခါ ချန်လွေ့က လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းနှင့် မရဏနက် နောက်လိုက်ကို ရုတ်တရက် တွေးမိလိုက်သည်။ သူက ပင့်သက်ရှိုက်ပြီး ငုံ့ကြည့်လိုက်ပြန်၏။
“အဂ္ဂိရတ်လောက ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီ။ မဟုတ်ဘူး။ ငါ သေလို့ မဖြစ်ဘူး။ ငါ ဒီလောက ကနေ ထွက်ပြေးရမယ်။ ငါ့ရဲ့ စစ်ဧရာမကောင် သုတေသနက မပြီးမြောက်သေးဘူး။ ငါ့ရဲ့ ထိပ်တန်းပါရမီရှင်ဆိုတဲ့ ဂုဏ်သိက္ခာကလည်း အဖွဲ့အစည်း ပျက်သုဉ်းသွားတာနဲ့အတူ ပျောက်ကွယ်သွားလို့ မဖြစ်ဘူး။ ညွှန့်ပေါင်းစစ်တပ်ရဲ့ အရေးပါတဲ့ တပ်မှူးတစ်ယောက်အနေနဲ့ ငါက ညွှန့်ပေါင်းစစ်တပ်ရဲ့ နောက်ဆုံး ဗျူဟာစွမ်းအင်ကို အောင်အောင် မြင်မြင် ခိုးယူခဲ့ပြီးတော့ ကောင်ကင်ဘီးပေါ်မှာ လုံးဝ အာရုံစိုက် ခဲ့တယ်။ ငါက တစ်ခါမှ မစမ်းကြည့်ဖူးတဲ့ အာကာသ လွန်းပြန်ယာဉ်ကို လုပ်ကြည့်ဖို့ ပြင်နေတာ။ တခြားသူတွေရဲ့ သေရေးရှင်ရေး အခြေအနေက ငါနဲ့ ဘာမှ မဆိုင်ဘူး...”
“ငါက နေရာလွတ် သလင်းကျောက်စက်လုံးကို အသက်သွင်းဖို့ အတွက် စွမ်းအား အမြင့်ဆုံးကို အသုံးပြုခဲ့တယ်။ ငါ လွတ်မြောက်နိုင် မနိုင်ကတော့ ကံပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံးမှာ ငါ နိုးထလာခဲ့တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က ပြိုလဲနီးပါး ဖြစ်နေပေမဲ့ ငါ အသက်ရှင်နေတုန်းပဲ။ အခုက ဘယ်နှနှစ်လဲဆိုတာ ငါမသိဘူး။ ဒါက ဘာအာကာသဂြိုဟ်လဲ ဆိုတာ ငါ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက စမှတ် အသစ်တစ်ခုပဲ။ လူမှု အဖွဲ့အစည်းကို လူသားက ဖန်တီးတာ။ ငါ ဒီဂြိုဟ်တစ်ခုလုံးကို သိမ်းပိုက်ပြီးတော့ ဒူရူဒါထရာစီလို ဆိုတဲ့ အဖွဲ့အစည်း အသစ်ကို ဖန်တီးမယ်...”
“ဒီနေရာက တကယ်ကြီး ဒဏ္ဍရီလာ နတ်ဘုရားတွေ ဆင်းသက်ခဲ့တဲ့ အဓိကဂြိုလ်ပဲ။ မရေမတွက်နိုင်တဲ့ အင်အားကြီး ရန်သူတွေ ရှိနေတယ်။ ကြည့်ရတာ စွမ်းအင်တွေကို ငါ အမြန်ဆုံး စုဆောင်းရမယ့်ပုံပဲ။ ငါ့ခန္ဓာကိုယ်ကို အမြန်ပြန်ပြင်ပြီးတော့ ကောင်းကင်ဘီးရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြန်ပြင်မယ်။ ပြီးရင် စစ်ဧရာမကောင် သုတေသနကို ဆက်လုပ်မယ်။ နောက်ဆုံးတော့ စစ်ဧရာမကောင် စမ်းသပ်ချက် အောင်မြင်သွားပြီ။ ငါ သူတို့ကို တိုင်တန်လို့ နာမည်ပေးလိုက်တယ်။ တိုင်တန်တွေက ဧရာမ သလင်းကျောက် သားရဲတွေကို ယှဉ်နိုင်တဲ့ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်တွေ ရှိကြတယ်။ သူတို့က စိတ်ဝိညာဉ်စွမ်းအား ပြီးကြပေမဲ့ တော်တော်လေး နှေးကြတယ်။ ဒါတွေက မလုံလောက်သေးဘူး။ ငါ လုပ်ချင်တာက နောက်ထပ် ဧရာမ သလင်းကျောက်သားရဲ မဟုတ်ဘူး။ အလှမ်းဝေး တိုက်ခိုက်မှုတွေရှိတဲ့ အစွမ်းအထက်ဆုံး လက်နက်တွေပဲ။ ဒါနဲ့ တနေ့က ဖမ်းထားတဲ့ လေဒြပ်စင်ကောင်တွေ.....။ မှတ်မိဖို့ထိုက်တဲ့ နေ့ကောင်း တစ်နေ့ပဲ။ တိုင်တန်တွေက နောက်ဆုံးတော့ အလင်းဒြပ်စင် အမြုတေနဲ့ ပေါင်းစပ်သွားပြီ။ သူတို့မှာ လျှပ်စီးနဲ့ မုန်တိုင်း စွမ်းအားတွေ ရှိနေပြီ။”
“မယုံနိုင်စရာပဲ။ လေဒြပ်စင်ကောင် အမြုတေကို ရပြီးတော့ တိုင်တန်တွေက စွမ်းအင် ကုဗတုံးကို အမှီပြုစရာ မလိုဘဲနဲ့ လေဒြပ်စင်တွေကနေ စွမ်းအင်တွေ ရနိုင်လာတယ်။ ဒါက ကောင်းမွန်တဲ့ အစ တစ်ခုပဲ။ ဒါပေမဲ့ ဒီဧရာမကောင်တွေက ကိုယ်ပိုင်စိတ် ရှိနေပြီးတော့ အသက်သလင်းကျောက် ထိန်းချုပ် ထားတာကို မခံရဘူး။ ကျွန်စုတ်တွေ။ ငါ့ထိန်းချုပ်မှုကို ဆန့်ကျင် ရဲတယ်။ ငါ့လို အကြီးမားဆုံး ဆရာသခင်ကို ခုခံရဲတယ်။ အစောင့်အရှောက်တွေ အားလုံးကို လွှတ်ပြီးတော့ ဒီကျွန်တွေကို လုံးဝ ဖျက်ဆီးရမယ်။ ခုခံတဲ့ အဲဒီကျွန်တွေကို သုတ်သင်နေတုန်း လေဒြပ်စင်ကောင်တွေ အများကြီး ပေါ်လာပြီးတော့ အဝန်းအဝိုင်း အကာအရံကို ဖောက်ထွင်းခဲ့တယ်.....။ စောက်... လေဒြပ်စင်ကောင်တွေနဲ့ တိုင်တန်တွေ။ ငါ့ခန္ဓာကိုယ်က တစ်ခုခု ဖြစ်မနေဘူးဆိုရင်.........”
ထိုအရာက မှတ်တမ်းစာအုပ်၏ အဆုံးသတ် ဖြစ်သည်။ ချန်လွေ့ နောက်ဆုံးတွင် ဇာတ်လမ်းတစ်ခုလုံးကို သဘောပေါက် သွားခဲ့သည်။ တိုင်တန်များက ဒိုရူဒါ ပြုလုပ်ထားသော လက်နက် အသစ်များ ဖြစ်နေ၏။ ကံဆိုးစွာပင် ပုန်ကန်မှုတစ်ခု ဖြစ်သွားခဲ့သည်။ ထို့ပြင် မှတ်တမ်းစာအုပ်ထဲမှ “အဓိကဂြိုဟ်” ဟူသော စကားလုံးများက ချန်လွေ့ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။ သူက ၎င်းကို မစဉ်းစားနိုင်ခင်မှာပင် သလင်းကျောက်က ရုတ်တရက် စူးရှသော အသံတစ်ခု ထွက်လာသည်။ “အန္တရာယ် ! အပြင်ဘက်မှာ ကျူးကျော်သူတွေကို တွေ့ထားတယ်။ အန္တရာယ် နယ်မြေထဲကို ဝင်လာကြပြီ။ ခုခံမှုစနစ်ကို ထိခိုက်နှုန်း ၉၉%။ အသက်သွင်းလို့ မရတော့ဘူး။”