ဆက်သ်တိုင်း
Vol. 49 Ch. 790
ရုတ်တရက် သတိပေးချက်က ချန်လွေ့ကို အံ့သြသွားစေ၏။ သူက အလျင်အမြန်ပင် စုံစမ်းရန်အတွက် ကောင်းကင် မျက်လုံးကို ဖွင့်လိုက်လေသည်။ ကောင်းကင်မျက်လုံးက အပြင်းအထန် ထိခိုက်ထားသောကြောင့် အခြေအနေ၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်နိုင်၏။ အရပ်မြင့်မြင့်နဲ့ ဧရာမကောင်တွေ။ သူတို့ရဲ့ ခြေထောက် နားမှာ လေပွေတွေ ရစ်ပတ်နေတဲ့ လူသားပုံရိပ်တွေ မရေမတွက် နိုင်အောင် ရှိနေတယ်။ တိုင်တန်တွေနဲ့ လေဒြပ်စင် ဘုရင်တွေပဲ။
ချန်လွေ့က သဘောပေါက်သွားခဲ့သည်။ ဗဟိုချက် အသက် သလင်းကျောက် ပြန်ကောင်းလာတာကြောင့် တိုင်တန်တွေ သတိထားမိသွားတာများလား။
ဒူရူဒါက ထိန်းချုပ်၍မရသော တိုင်တန်များကို သုတ်သင်ရန် ကြိုးစားခဲ့သည့်အတွက် တိုင်တန်များက ပုန်ကန်ခဲ့ကြကြောင်း မှတ်တမ်းစာအုပ်ထဲမှ သိရှိထားပြီး ဖြစ်သည်။ ထို့ပြင် လေဒြပ်စင်ကောင်များအား စမ်းသပ်ရန်အတွက် ဒူရူဒါ ဖမ်းဆီးခဲ့ခြင်းက လေဒြပ်စင်ဘုရင်ကို ဒေါသထွက်စေခဲ့ပြီး လေဒြပ်စင်ကောင်များအား ဦးစီးကာ “ကောင်းကင်ဘီး”ကို တိုက်ခိုက်စေခဲ့လေသည်။ လေဒြပ်စင်အမြုတေ ပေါင်းစပ်ခြင်းနှင့် ဘုံရန်သူတို့ကြောင့် ဖြစ်ပေမည်။ တိုင်တန်နှင့် လေဒြပ်စင်ကောင်များ ပူးပေါင်းလိုက်ကြ၏။ သူတို့က ဒူရိုဒါကို သတ်ပစ်ရန်အတွက် အတူလက်တွဲကာ အဂ္ဂိရတ်အဖွဲ့အစည်း မြို့တော်ကို ဖျက်ဆီးလိုက်ကြလေသည်။
ထို့ကြောင့် တိုင်တန်များထံ ဆင်တူသော စိတ်ဝိညာဉ် အမှတ်အသား စွမ်းအားကို ချန်လွေ့ ထုတ်လွှတ်ခဲ့စဉ်က တိုင်တန်များအား အလွန်အမင်း ဒေါသထွက်စေခဲ့ခြင်း ဖြစ်၏။
ယခုတွင် တိုင်တန်များ၏ ဗဟိုချက် အသက်သလင်းကျောက် ပြန်ကောင်းလာသည်ကို အာရုံခံမိသွားသည့်အတွက် မုန်တီးစရာ အုပ်ချုပ်သူက ပြန်လည်ရှင်သန်လာပြီဟု ထင်မိကြပေလိမ့်မည်။ ထို့ကြောင့် သူတို့က လေဒြပ်စင်ကောင်များကို ခေါ်လာပြီး “ဒိုရူဒါ”ကို လုံးဝ ဖျက်ဆီးရန် ရည်ရွယ်ထားကြလောက်ပေသည်။
ချန်လွေ့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားပြီး ဒိုရူဒါအစား အပြစ်ခံနေရသလို ဖြစ်နေ၏။ သူက ချက်ချင်းပင် ချိတ်ဆက် စနစ်ကို အသုံးပြုလိုက်ပြီး မြို့၏ ပျက်စီးနေသော ဂိတ်တံခါး အရှေ့၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
အဝေးမှ တိုင်တန်များနှင့် လေဒြပ်စင်ကောင်များက တစ်လှမ်းချင်း ချဉ်းကပ်လာကြသည်။ ချန်လွေ့က တိုင်တန်များ၏ တိုက်ခိုက်ရေး စွမ်းအားနှင့် အလွန်လျင်မြန်လှသော လေဒြပ်စင်ကောင်များကို ရင်ဆိုင်တွေ့ဖူးပြီး ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေ၌ အသူရာ၏ ကိုယ်ပွားဖြင့်ပင် ထိပ်တိုက် ရင်ဆိုင်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူက [ ကြယ်ဂိတ် ] ကိုသာ အသုံးပြုပြီး ထွက်ပြေးနိုင်မည် ဖြစ်၏။
သို့ရာတွင် ချန်လွေ့က လေဒြပ်စင်ဘုရင်နှင့် တွေ့ရန်အတွက် မုန်တိုင်းကျွန်းသို့ ရောက်လာခဲ့သည်။ ထို့ပြင် ယခုတွင် သူက “ကောင်းကင်ဘီး” ထိန်းချုပ်မှု အများစုကို ရရှိသွားခဲ့ပြီး မရယူနိုင်သေးသော အဖိုးတန် အရင်းအမြစ် အများအပြား ရှိနေသေးသည်။ သူက အခြားရွေးချယ်စရာ ရှိပါက ၎င်းကို အလွယ်တကူ စွန့်လွှတ်မည် မဟုတ်သည်မှာ သေချာပေသည်။
တိုင်တန်များနှင့် လေဒြပ်စင်ကောင်များက ချန်လွေ့ကို ချက်ချင်း တွေ့သွားကြသည်။ တိုင်တန်တစ်စုက လက်ထဲ၌ မိုးကြိုးလှံတံမှ ကိုင်ထားပြီး ချန်လွေ့ကို ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေကြသည်။
ချန်လွေ့က အလွန်အမင်း အန္တရာယ်တစ်ခုကို ခံစားမိလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။ “အရှင် လေဒြပ်စင်ဘုရင်။ ကျုပ်က ဒယ်ကက်စ်ရဲ့ မိတ်ဆွေ တစ်ယောက်ပါ။”
သူ ပါးစပ် ဖွင့်လိုက်သည်နှင့် လျှပ်စီးပွင့်များက ရုတ်တရက် လက်သွားခဲ့ပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ လျှပ်စီးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။ ထို့နောက် တိုင်တန်များနှင့် လေဒြပ်စင်ကောင်များက တိုက်ခိုက်မှု ပစ်မှတ်မှု လွဲ၍ အရာအားလုံး နှေးကွေးသွားသလို ခံစားလိုက်ရသည်။ ထို “ပုံရိပ်ယောင်”ပျောက်ကွယ်သွားသောအခါ ပစ်လွှတ်လိုက်သော လျှပ်စီးများ လှိမ်ယှက်သွားခဲ့ပြီး မြို့ဂိတ်တံခါး ပတ်ပတ်လည်၌ အံ့သြဖွယ်ရာ သလင်းကျောက်များနှင့် ရှုံ့တွမှုများသာ ကျန်ခဲ့သည်။ သို့သော်လည်း ရန်သူက မယုံနိုင်စရာ ကောင်းလောက်အောင်ပင် လျှပ်စီးအမြန်နှုန်းကို ကျော်လွန်ပြီး ရှေ့သို့ ရောက်လာခဲ့၏။
အချိန် ဥပဒေသ စွမ်းအား!
ချန်လွေ့က စကားပြောပြိးသောအချိန်၌ လေဒြပ်စင်ကောင်များ တိုက်ခိုက်တော့မည် ပြင်လိုက်စဉ် ရုတ်တရက် အမိန့်တစ်ခုကို ရရှိခဲ့သည်။ သူတို့ ရပ်တန့်သွားသောအခါ တိုင်တန်များကလည်း ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဆက်မတိုက်တော့ပေ။
ချန်လွေ့က တိတ်တိတ်လေး လေပူများ မှုတ်ထုတ်လိုက်၏။ သူ လက်ရှိ နားလည်ထားသော အချိန်ဥပဒေသက အခြေခံမျှသာ ဖြစ်သည်။ အထူးသဖြင့် အင်အားကြီး ရန်သူ အများအပြားကို ရင်ဆိုင်ရသောအခါ၌ ပုံမှန်ထက် စွမ်းအားပို၍ ကုန်ခမ်းသလို ထိရောက်သောအချိန်ကလည်း အကန့်အသတ်ရှိကာ အချိန်တို အတွင်း၌ ထပ်မံ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
တိုင်တန်များနှင့် လေဒြပ်စင်ကောင်များက သူ့ကို ညှနှိုင်းရန် အခွင့်အရေး မပြေးခဲ့လျှင် သူက ယာယီ ထွက်ပြေးရုံသာ တတ်နိုင်ပေမည်။
လေဒြပ်စင်ကောင်အဖွဲ့က နှစ်ဖက်သို့ ခွဲထွက်သွားပြီးနောက် ချန်လွေ့၏ မျက်လုံးထဲ၌ အစိမ်းရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ငွေရောင်ဆံပင်၊ ငွေရောင်မျက်လုံး။ အစိမ်းရောင် အသားအရေ ရှိပြီး လည်ပင်းပတ်ပတ်လည်၌ အစိမ်းရောင် ဆွဲပြားတစ်ခု ဆွဲထားပြီး အရေပြားနှင့် ပေါင်းစပ်နေသကဲ့သို့ ဖြစ်နေ၏။ ခန္ဓာကိုယ် အောက်ပိုင်းက လေပွေ လေစီးကြောင်းတစ်ခု ဖြစ်သည်။ ထိုလေစီးကြောင်းထဲ၌ လျှပ်စီးအငွေ့အသက်များ ရှိသော အားကောင်းသည့် မုန်တိုင်းတစ်ခု ရှိနေသည်။ ထိုသူက ချန်လွေ့ ယခင်က တွေ့ခဲ့ဖူးသော လေဒြပ်စင်ဘုရင်ပင် ဖြစ်လေသည်။
မျိုးနွယ် - လေဒြပ်စင်ကောင်။
စွမ်းအားအကဲဖြတ်မှု - S+
ခန္ဓာအမျိုးအစား - S+
ခွန်အား - S+
စိတ်ဝိညာဉ် - S++
အမြန်နှုန်း - S++
စိစစ်ချက် - လေဂုဏ်သတ္တိ၊ လေမှော်ပြီးခြင်း၊ အမြန်နှုန်းပါရမီ၊
အန္တရာယ်အဆင့် - မြင့်မား။
“အရှင်မင်းကြီး...” ချန်လွေ့က လေဒြပ်စင်ဘုရင်အား ဇိုလာထံမှ မြင်ခဲ့ဖူးသည့် ရိုးရှင်းသော ကျင့်ဝတ်ထုံးတမ်းတစ်ခုဖြင့် အရိုအသေ ပြုလိုက်၏။ “ဒီနေ့က အထင်လွဲတာပါ။ ကျုပ်နာမည်က ရစ်ချက်ပါ။ အလင်းဒြပ်စင်ဘုရင်ရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကျုပ်က အရင် အပေးအယူအတိုင်း မုန်တိုင်းကျွန်းကို ရောက်လာခဲ့တာပါ။”
လေဒြပ်စင်ဘုရင်က သူ့ကို ခဏ ကြည့်လိုက်ပြီးနောက် သရော်ပြုံး ပြုံးလိုက်၏။ သူက အနည်းငယ် စူးရှသောအသံဖြင့် ပြောလိုက်လေသည်။ “ရှေးအပျက်အစီးရဲ့ တစ်ခါက အင်အားကြီး ဆရာသခင်တစ်ယောက်က အသနားခံရဖို့အတွက် ဒီလိုမျိုး အလိမ်အညာ ပြောတဲ့အထိ နိမ့်ကျသွားတာလား။ မင်း ဘယ်လောက်ပဲ စကားကောင်းကောင်းပြောပြော၊ လေဒြပ်စင်ကောင်တွေနဲ့ ဧရာမကြောင်တွေရဲ့ အမုန်းတရားနဲ့ ဒေါသကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
“ကျုပ်က ခင်ဗျားတို့အားလုံး ရှင်းပစ်လိုက်တဲ့ ထိန်းချုပ်သူနဲ့ ဘာမှ မဆိုင်ဘူး။ ကျုပ်က ဒီအပျက်အစီးရဲ့ ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းကို ရသွားခဲ့ရုံပါ။ ပြီးတော့ ကျုပ်က တိုက်ခိုက်ရမှာလည်း မကြောက်ပါဘူး။” ချန်လွေ့က ကြောက်ရွံ့မှု မပြသဘဲ ပုံမှန်ပင် ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် ဒီတစ်ခေါက် လာရတဲ့ အကြောင်းရင်းက အဓိပ္ပာယ်မရှိ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ အလင်းဒြပ်စင်ဘုရင်နဲ့ သဘောတူညီချက်ကြောင့်ပဲ။ ဒယ်ကက်စ်နဲ့ ခင်ဗျားရဲ့ ပတ်သက်မှုက ဘယ်လိုရှိလဲဆုိတာတော့ ကျုပ် မသိဘူး။ ကျုပ်မှာ မေးစရာ တစ်ခုပဲ ရှိတယ်။ အလင်းဘုရင် သုံးပါးထဲက တစ်ပါးအနေနဲ့ ခင်ဗျားက နောက်လာမယ့် ဒြပ်စင်စစ်ပွဲမှာ ရှုံးနိမ့်မယ့် အကျိုးဆက်ကို တာဝန်ယူနိုင်လား။”
လေဒြပ်စင်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒြပ်စင် စစ်ပွဲအကြောင်း မင်း ဘယ်က ကြားခဲ့တာလဲ။”
ချန်လွေ့က လက်ထဲ၌ တစ်ခုခုကို ကိုင်ထား၏။ ထိုအရာက ဖောက်ထွင်းမြင်ရသော ကုဗတုံးတစ်ခုဖြစ်ပြီး အတွင်းထဲမှ အဖြူရောင် အလင်းများ တောက်ပနေခဲ့သည်။ အလင်းရောင်က ပျော့ပျောင်းသော်လည်း အနီးကပ် ကြည့်လိုက်လျှင် ချစ်ချစ်တောက် နာကျင်မှုကို ခံစားရပေလိမ့်မည်။
“ဒီလို သန့်စင်ပြီးတော့ အားကောင်းတဲ့ အလင်းဒြပ်စင်စွမ်းအား ဒါက......” လေဒြပ်စင်ဘုရင်၏ မျက်လုံးများက ငွေရောင် အလင်းများ ပြည့်နှက်နေခဲ့၏။ “အလင်းဇစ်မြစ်အပိုင်းအစလား။”
“အမှန်ပဲ။” ချန်လွေ့က စိတ်ကို စေစားလိုက်ရာ ထိုကုဗတုံး ပျောက်ကွယ်သွားခဲ့သည်။ “ကျုပ်က အလင်းဇစ်မြစ် အပိုင်းအစနဲ့ အလဲအလှယ်လုပ်ဖို့ အလင်းဒြပ်စင်ဘုရင်နဲ့ သဘောထူထားတယ်။ ဒါပေမဲ့ အထူးအကြောင်းရင်းအချို့ကြောင့် အရှင်မင်းကြီး ဒယ်ကက်စ်ကို သိဒ္ဓိကျောင်းတော်မှာ သွားမရှာနိုင်လို့ ဒီကို လာခဲ့ရတာပါ။”
“မင်း အမှားတစ်ခု လုပ်ခဲ့တယ်။ အလင်းဒြပ်စင်ကောင်တွေက အလင်းဒြပ်စင်ကောင်တွေ။ လေဒြပ်စင်ကောင်တွေက လေဒြပ်စင်ကောင်တွေပဲ။ ငါတို့က အလင်းဘုရင်သုံးပါး ဆိုရင်တောင် မင်းအတွက် ဒယ်ကက်စ်ကို ဆက်သွယ်ပေးဖို့ တာဝန်မရှိဘူး။” အငွေ့အသက်က ပိုမို ကြမ်းတမ်းသွားခဲ့သည်။ “ဒီအပျက်အစီးကို အသက်သွင်းဖို့အတွက် မင်းဘယ်လို နည်းလမ်းတွေ သုံးခဲ့တာလဲဆိုတာ ငါ မသိဘူး။ မင်းက ဒီအပျက်အစီးရဲ့ စွမ်းအားကို ဆက်ခံထားမှတော့ အမုန်းတရားကိုလည်း ဆက်ခံရမှာပဲ။”
“ဒြပ်စင် ဇစ်မြစ်အပိုင်းအစက ဒြပ်စင်စစ်ပွဲ ရလာဒ်ကို လွှမ်းမိုးနိုင်တဲ့ တည်ရှိမှု တစ်ခုပဲ။ အရှင်မင်းကြီးက ဒါကို ဒီလိုမျိုး လျစ်လျူရှုနိုင်မယ်လို့ ကျုပ် မယုံဘူး။ အရှင်မင်းကြီးမှာ လေဇစ်မြစ် အပိုင်းအစ ရှိနေပေမဲ့....အလင်းဇစ်မြစ်အပိုင်းအစက သိုလှောင် ကိရိယာထဲမှာ မဟုတ်ဘဲနဲ့ ကျုပ်ရဲ့ နေရာလွတ်ပါရမီထဲ သိမ်းထားတာကို သိထားသင့်တယ်။ ကျုပ်ကို တစ်ခုခု ဖြစ်သွားတာနဲ့ အလင်းဇစ်မြစ်အပိုင်းအစကလည်း နေရာလွတ် မတည်ငြိမ်မှုထဲကို ကျသွားမှာပဲ။ ”
လေဒြပ်စင်ဘုရင်က မိမိကို သတ်ပစ်ပြီး ရတနာများ ခိုးယူချင်ကြောင်း မြင်သည်နှင့် ချန်လွေ့က ပို၍ တည်ငြိမ်သွား၏။ “ခင်ဗျားက ဒြပ်စင်စစ်ပွဲ အနိုင်အရှုံးကို ဂရုမစိုက်ရင်တောင် ဘုရင်တစ်ပါးအတွက် ဇစ်မြစ်အပိုင်းအစရဲ့ တကယ့် အဓိပ္ပာယ်ကို သိလောက်မှာပါ။ အမှောင်ထုဘုရင်သုံးပါး အပါအဝင် ဒြပ်စင်ဘုရင်ရဲ့ လက်ထဲကို ရောက်သွားတဲ့ ဇစ်မြစ်အပိုင်းအစ အပိုတိုင်းက ဒြပ်စင်ဘုရင်နဲ့ ဒြပ်စင်ကောင်တွေ အားလုံးအတွက် မျှော်လင့်ချက် ပိုများတာကို ကိုယ်စားပြုတယ်။ တကယ်လို့ ဇစ်မြစ်အပိုင်းအစ ၆ခုလုံးက သက်ဆိုင်ရာ ဘုရင်တွေဆီကို ရောက်သွားမယ်ဆိုရင် တကယ့် အဆုံးသတ်နဲ့ နိဒါန်း ရောက်လာလိမ့်မယ်။ ပြီးတော့ မျှော်လင့်ချက် ရောက်လာဖို့ ကလည်း.....”
ထိုစကားများက မြေဒြပ်စင်ဘုရင် ပြောခဲ့သည်များ ဖြစ်သည်။ ယခုအထိ ချန်လွေ့က တကယ့် အကြောင်းရင်းကို အဖြေမရှာနိုင် သေးပေ။ သို့သော်လည်း ထိုအရာက အလင်းဒြပ်စင်ဘုရင်အား အမှန်တကယ် တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
“မင်း ဘယ်သူလဲ။” လေဒြပ်စင်ဘုရင်က အသံကို မထိန်းနိုင်ခဲ့ပေ။ “ဒီလို လျို့ဝှက်ချက် အဆင့်မျိုးကို သာမန် နတ်ဘုရားတစ်ပိုင်းအဆင့်တောင် မသိနိုင်ဘူး။ ဒြပ်စင်ဘုရင် ကိုယ်တိုင် မပြောခဲ့ဘူးဆိုရင်....”
“ကျုပ် ပြောခဲ့ပြီးပြီလေ။ ကျုပ် နာမည်က ရစ်ချက်ပါ။ ပြီးတော့ မုန်တိုင်းကျွန်းကို လာရတဲ့ ရည်ရွယ်ချက်က အရှင်မင်းကြီး ဒယ်ကက်စ်ကို အလင်းဇစ်မြစ်အပိုင်းအစ လွှဲပေးဖို့ပဲ။ ဒါပေမဲ့ ကျုပ်မှာလည်း လက်ခံလောက်တဲ့ သတ်မှတ်ချက် အချို့တော့ ရှိတာပေါ့။ ကျုပ်အတွက် သူ့ကို အရှင်မင်းကြီး ဆက်သွယ်ပေးရင် ကောင်းမှာပါ။” လေဒြပ်စင်ဘုရင်၏ ရန်လိုမှု ကြီးကြီးမားမား လျော့ကျသွားသည်ကို ခံစားမိလိုက်ရာ ချန်လွေ့က ပြုံးပြီး အရိုအသေ ပြုလိုက်ပြန်သည်။
လေဒြပ်စင်ဘုရင်က ခဏ စဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းပြန်ညိတ်ပြလိုက်၏။ “လေဒြပ်စင်ဘုရင် ဆက်သ်တိုင်း ပါ။”
နောက်ဘက်ရှိ တိုင်တန်များထံမှ ရုတ်တရက် ဟိန်းသံ တစ်ခု ထွက်ပေါ်လာပြီးနောက် တိုင်တန်များအားလုံးက အတူတူ ဟိန်းဟောက်လိုက်ကြပြီး “ရန်သူ”အပေါ် လေဒြပ်စင်ကောင်များ၏ အပြုအမူအား အလွန်ပင် မကျေမနပ် ဖြစ်နေ၏။
ချန်လွေ့၏ အကြည့်က အမွှေးထူး ဟိန်းဟောက်နေသော ဧရာမကောင်ကြီးထံ ရောက်ရှိသွားသည်။ ထိုဧရာမကောင်၏ အရေပြားက ရွှေနီရောင်ဖြစ်ပြီး မျက်လုံးများက ခရမ်းရောင် အလင်းများ တောက်ပနေသည်။ ၎င်း၏စွမ်းအားက S++ အဆင့် ပတ်ချာလည်၌ဖြစ်ပြီး တိုင်တန်များ၏ခေါင်းဆောင် ဖြစ်လောက်၏။ စာအုပ်မှတ်တမ်းအရ ဖန်ဆင်းရှင် ဒူရိုဒါကို တိုင်တန်များ မုန်းတီးနေကြကြောင်း ချန်လွေ့ သိရှိထားသည်။ ချန်လွေ့ကလည်း ရှေးအဂ္ဂိရတ် အဖွဲ့အစည်း စိတ်ဝိညာဉ် အမှတ်အသားကို ပိုင်ဆိုင်ထားသည့်အတွက် သေချာပေါက် အထင်လွဲစရာပင်။
“အရှင် ဆက်သ်တိုင်း။ ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။” ချန်လွေ့က ဖြည်းဖြည်းချင်း မြောက်တက်လာပြီး တိုင်တန်များထံ ပျံသန်းသွားကာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ဘာသာစစကားဖြင့် ပြောလိုက်၏။ “တိုင်တန်တို့။ ခင်ဗျားတို့ကို ဒီလိုမျိုး ခေါ်ခွင့်ပြုပါ။ ကျုပ်ကို အထင်မလွဲကြပါနဲ့။ ကျုပ်က ဒိုရူဒါလိုမျိုး မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်က ခင်ဗျားတို့ အပေါ်ကို အငြိုး လုံးဝ မရှိပါဘူး။”
ထိုစကားကြောင့် တိုင်တန်များက ရန်လိုမှုကို မဖယ်ရှားခဲ့ဘဲ ချန်လွေ့ကို အနီးကပ် စိုက်ကြည့်နေကြသည်။ အချို့က လက်ထဲ၌ လျှပ်စီးများ မုန်တိုင်များ ပြင်ဆင်ထားနေပြီ ဖြစ်သည်။
“ခင်ဗျားတို့ရဲ့ အသိစိတ်ကို အသက်သလင်းကျောက်က သက်ရောက်မှု ရှိနေသေးတာ ကျုပ်သိတယ်။ ကျုပ်မှာ ဒီအဂ္ဂိရတ် မြို့တော်ကို ထိန်းချုပ်နိုင်တဲ့ စိတ်ဝိညာဉ်အမှတ်အသား ရှိပေမဲ့ ဒိုရူဒါလိုမျိုး ခင်ဗျားတို့ကို ကျွန်ပြုမှာ မဟုတ်ဘူး။ မိတ်ဆွေ တစ်ယောက်အနေနဲ့ ယုံကြည်ရစေဖို့ ခင်ဗျားတို့တွေ လုံးဝ လွတ်မြောက်ဖို့အတွက် ကျန်ရှိတဲ့ သလင်းကျောက် အသက် တည်ရှိမှုကို ပယ်ဖျက်ဖို့ ကြိုးစားပေးမှာပါ။”
ချန်လွေ့က ဆွဲဆောင်မှုရှိသော ငါးစာတစ်ခုကို ပစ်ပေးလိုက်၏။ အဂ္ဂိရတ်သက်ရှိ ဝိသေသလက္ခဏာကြောင့် ကိုယ်ပိုင် အသိစိတ် ရှိကြသော တိုင်တန်များက သလင်းကျောက်၏ ထိန်းချုပ်မှုကို လုံးဝ မဖယ်ရှားနိုင်ခဲ့ကြပေ။ ထို့ပြင် သလင်းကျောက် တည်ရှိရာ ဗဟိုချက် အဓိကခန်းမကလည်း ထူးဆန်းသော နေရာလွတ်တစ်ခု ဖြစ်သည်။ အထူး နည်းလမ်းတစ်ခု မရှိဘဲ နန်းတော်တစ်ခုလုံးကို ဖျက်ဆီး လိုက်သည့်တိုင် တကယ့်နေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထိုအချက်ကြောင့် တိုင်တန်များက ထိုနေရာမှ မထွက်သွား နိုင်ကြပေ။ သို့ရာတွင် ချန်လွေ့၏ စကားများက အလိမ်အညာများ ပါဝင်နေသည်။ သူ့တွင် အဆင့်၁ လုပ်ပိုင်ခွင့်သာ ရှိ၏။ သူက အသက် သလင်းကျောက် တစ်ခုလုံးကို လုံးဝ မထိန်းချုပ် နိုင်သေးပေ။ ကျွန်ပြုဖို့ မပြောနှင့်။ သူ့တွင် အမြင့်ဆုံး လုပ်ပိုင်ခွင့် ရှိလျှင်ပင် ကိုယ်ပိုင် အသိစိတ် ရှိကြသော တိုင်တန်များကို အတင်း မထိန်းချုပ်နိုင်ပေ။
တိုင်တန်များက ကိုယ်ပိုင် အသိစိတ် ရှိကြသော်လည်း အတွေးများက သိပ်ပြီး မပြေးလှပေ။ အကြိုက်နဲ့ မကြိုက်တို့က အတော်လေး ရိုးရှင်းပေသည်။ “လုံးဝလွတ်မြောက်မည်” ဟူသော စကားက သေချာပေါက် ဧရာမကောင်းများအကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ ချန်လွေ့က ထိုအရာများကို သတိထားမိသွားပြီး လက်ကို ဝှေ့ရမ်းလိုက်၏။ အရှိန်အဝါ သစ်သီးများက ပြောင်းလဲထားသော သန့်စင်မှု မြင့်မားသည့် စွမ်းအင်ကုဗတုံးများက ခေါင်းဆောင် ဧရာမကောင်ထံ ပျံသန်းသွားကြသည်။ “တိုင်တန်တွေမှာ လေဒြပ်စင်တွေကို အသွင်ပြောင်းနိုင်တဲ့ စွမ်းရည် ရှိကြတယ်။ ဒါပေမဲ့ ဒီထိပ်တန်းအဆင့် စွမ်းအင်အမြုတေက ခင်ဗျားတို့ရဲ့ စွမ်းအားကို မြန်မြန် ဖြည့်တင်းပေးပြီးတော့ ပိုကြီးထွားလာစေနိုင်တယ်။ ဒါကို ကျုပ်ဆီက လက်ဆောင်အနေနဲ့ သဘောထားလိုက်ပါ။”
ထိုစွမ်းအင် ကုဗတုံးများ ပေါ်ထွက်လာခြင်းက ဧရာမကောင် များထံ၌ နောက်ဆုံး ရန်လိုမှုကို ကွယ်ပျောက်သွားစေခဲ့သည်။ ခေါင်းဆောင် ဧရာမကောင်က ချန်လွေ့ကို ခေါင်းညိတ်ပြပြီး သူ၏ အကြံပြုချက်ကို လက်ခံလိုက်၏။
“အရှင် ဆက်သ်တိုင်း...” ချန်လွေ့က လေဒြပ်စင်ဘုရင်ထံ ပြန်ရောက်လာသည်။ “အရှင် ဒယ်ကက်စ်ကို ဆက်သွယ်ပေးလို့ ရမလား မသိဘူး။ ဒီရက်ပိုင်း ဒီပျက်အစီးထဲမှာ နေပြီးတော့ တိုင်တန်တွေကို ချုပ်နှောင်ထားတာ ပယ်ဖျက်ဖို့ နည်းလမ်းတစ်ခု ရှာကြည့်မလို့။”
“ဒယ်ကက်စ်ကြောင့် ငါမင်းကို အကြံပေးလိုက်မယ်။ ဒီကောင်ကြီးတွေက ဆုံးဖြတ်လိုက်တာနဲ့ ပြန်ပြင်ဖို့ ခက်တယ်။ မင်းက တစ်ခုခု လှည့်စားချင်တယ်ဆိုရင် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်....” လေဒြပ်စင်ဘုရင် စကားပြောပြီးနောက် လေဒြပ်စင်ကောင်များနှင့်အတူ ချောက်နက်ထဲမှ ပျံထွက်သွား လိုက်သည်။ တိုင်တန်များကလည်း ခြေသံပြင်းပြင်းဖြင့် နောက်မှ လိုက်သွားကြ၏။
တိုင်တန်များနှင့် လေဒြပ်စင်ကောင်များ၏ ခြိမ်းခြောက်မှုများကို ယာယီ ဖြေရှင်းပြိးနေကာက် ချန်လွေ့က သက်ပြင်းချလိုက်သည်။ ကံကောင်းစွာပင် သူက ရုတ်တရက် ရရှိခဲ့သော အကြံဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခဲ့၏။ သို့မဟုတ်ဘဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပါက [ ကြယ်ဂိတ် ] ကိုသာ အသက်သွင်းပြီး ပြေးရုံသာ တတ်နိုင်ပေမည်။
ယခုတွင် အလင်းဒြပ်စင်ဘုရင်နှင့် အဆက်အသွယ်ကလည်း အဆင်ပြေသွားပြီ ဖြစ်သည့်အတွက် သူက အပျက်အစီး၌ ပွင့်ပွင့်လင်းလင်းနေပြီး လေ့လာ၍ ရပေတော့မည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေ၏။
ချန်လွေ့က အပျက်အစီး၏ အဓိကခန်းမသို့ ပြန်ရောက် လာသောအခါ အမှန်တကယ် စိတ်အေးသွားခဲ့ရသည်။ သူ၏ ပထမဆုံး စိုးရိမ်မှုက အချက်အလက်ဌာန ဖြစ်သည်။ လက်ရေးမူ စာအုပ်အချို့ကလွဲလျှင် အချက်အလက်ဌာနမှ အများအစုက မှတ်ဉာဏ်သလင်းကျောက်များ ဖြစ်ကြသည်။ အားလုံးက ဝှက်စာဖြင့် ပြုလုပ်ထားကြပြီး သက်ဆိုင်ရာ လုပ်ပိုင်ခွင့် ရှိမှသာ အသုံးပြုခွင့် ရနိုင်သည်။ ယခုတွင် ချန်လွေ့က အဆင့်၁ လုပ်ပိုင်ခွင့် ရရှိထားခဲ့သည်။ သလင်းကျောက် အနည်းငယ်မှလွဲ၍ ရှိနေသော ကုန်ကြမ်းအများစုကို ဖတ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း မပြောင်းလဲနိုင်သေးပေ။ ထိုအရာက သူ့အတွက် လုံလောက်၏။
[ အထူးစိစစ်မှု ] ကို ဖွင့်လိုက်သော ချန်လွေ့က အချက်အလက် အများအပြားကို ရေမြှုပ်ကဲ့သို့ပင် လောဘတကြီး စုပ်ယူနေခဲ့သည်။ စုပ်ယူနေခြင်းဖြစ်၏။ ခြေဖျက်နေခြင်း မဟုတ်ပေ။ သူက [အထူးစိစစ်မှု] ကို အရင်ဆုံး “မှတ်တမ်းတင်”ပြီးနောက် အချိန် အများကြီး ရှိသောအခါမှသာ တဖြည်းဖြည်း နားလည်အောင် ပြုလုပ်ပြီး ခြေဖျက်မည် ဖြစ်သည်။
အချက်အလက်ဌာနမှ ဖတ်၍ရသော အချက်အလက် ၃၃%သာ ကျန်ခဲ့သော်လည်း ချန်လွေ့အတွက် “မှတ်တမ်းတင်ရန်” အတွက် တစ်နေ့လုံး အချိန်ပေးခဲ့ရသည်။
အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် ချန်လွေ့က ချိတ်ဆက်မှုမှတဆင့် ကုန်ကြမ်းဂိုဒေါင်ထဲသို့ ဝင်ရောက်ခဲ့သည်။ ကုန်ကြမ်းဂိုဒေါင်၏ ထိခိုက်နှုန်းက အချက်အလက်ဌာနထက် အတော်လေး နိမ့်ကျသည်။ ၎င်းကို အလွှာများအဖြစ် ပိုင်းခြားထားသည်။ ထိုနေရာက သီးခြား သိုလှောင် နေရာလွတ် တစ်ခုဖြစ်သော်လည်း ရှိနေသောအရာများက ထင်ထားသည်ထက် များစွာ နည်းပါးပေသည်။ တိုင်တန်များ ထုတ်လုပ်ခြင်းနှင့် တိုင်တန်များနှင့် လေဒြပ်စင်ကောင်များကို ခုခံခြင်းတို့က ကုန်ကြမ်းနှင့် စွမ်းအင် အများအပြားကို ကုန်ခမ်းသွားစေခဲ့ခြင်း ဖြစ်နိုင်သော်လည်း ရှိနေသော ကုန်ကြမ်းအများစုက အဂ္ဂိရတ် အဖွဲ့အစည်းအတွက် သီးသန့်ဖြစ်နေပြီး ကြယ်မြို့တော်တွင် အသုံးပြု၍ ရနိုင်သည်။ သူက နမူနာများကို သုတေသန ပြုလုပ်ပြီး အစားထိုးများကို ရှာဖွေနိုင်ပေသည်။ ချန်လွေ့က အားမနာနေဘဲ အားလုံးကို သိုလှောင်ဂိုဒေါင်ထဲ ထည့်လိုက်တော့သည်။
အပျက်အစီး တစ်ခုလုံးက မြို့သေကြီးတစ်ခုကဲ့သို့ ဖြစ်သွားသော်လည်း ချန်လွေ့အတွက် အသုံးပြု၍ရသော အရင်းအမြစ် အများအပြား ရှိနေသေးသည်။ သူက လမ်းတလျှောက်လုံး ပစ္စည်းများကို ရယူခဲ့သည်။ နောက်ဆုံးတွင် သူက အထိခိုက်ဆုံးဖြစ်သော သားရဲဂိုဒေါင်ကို ရှာတွေ့သွား၏။
သားရဲဂိုဒေါင်နှင့် အနီးအနားရှိ အဆောက်အအုံများ၏ လွန်လွန်ကဲကဲ ထိခိုက်မှုများအရ တိုင်တန်များ၏ ပုန်ကန်မှုက ထိုနေရာမှ စတင်ခြင်းဖြစ်လောက်သည်။ သတ္တု အဆောက်အအုံ များကလည်း လိမ်ပိန်ပြီး စုတ်ပြတ်သတ်နေခဲ့သည်။ အစောင့်အရှောက် အလောင်းများနှင့် တိုက်ပွဲ သဲလွန်စများကို နေရာတိုင်း၌ တွေ့နေရပေသည်။
ချန်လွေ့က အသက်သလင်းကျောက် ထိန်းချုပ်မှုကို အသုံးချပြီး သုံးနိုင်ရုံသာရသော လျှပ်စီးပစ္စည်းများကို ဖွင့်ကြည့်သည်။ သူက အသုံးပြု၍ရသော တစ်စုံတစ်ခုကို ရှာချင်နေသည်။ ကံဆိုးစွာပင် ထိုအတွေးက လုံးဝကို စိတ်ကူးယဉ် ဖြစ်နေခဲ့သည်။ ထိုနေရာက လုံးဝကို ပျက်စီးနေ၏။ သူက ပြီးပြည့်စုံသော စုစည်းရုပ်သေးတစ်ခုကိုပင် မတွေ့ခဲ့ပေ။
ချန်လွေ့က လက်လျှော့တော့မည့် အချိန်၌ အသက် သလင်းကျောက်မှ ပြန်ပို့လာသော အချက်အလက်က သူ့စိတ်ထဲသို့ ရုတ်တရက် ရောက်လာခဲ့သည်။ “ရှေ့မှ လျို့ဝှက် ဂိုဒေါင်သို့ ဝင်ရောက်ရန်အတွက် အမြင့်ဆုံး လုပ်ပိုင်ခွင့် လိုအပ်....”