← Chapters

အလင်းဘုရင်(၃)ပါး

Vol. 49 Ch. 792

အလင်းဘုရင်(၃)ပါး

Vol. 49 Ch. 792

တောက်ပခြင်းလက်ပတ်တဲ့လား။ ချန်လွေ့က ထိုလက်ပတ်၏ လေးထောင့်ပုံစံကို စောဒက တက်ချင်သော်လည်း သူ ယခင်က မြင်ခဲ့ဖူးသော လှိုင်းသရဖူ ဇစ်မြစ်အပိုင်းအစနှင့် အိပ်မက်ဆိုးကွင်း ဇစ်မြစ်အပိုင်းအစတို့မှာ မူလအသွင်သို့ ပြောင်းလဲသွားသော အချိန်တွင် အထင်ကြီးစရာ အသွင်မျိုး မရှိခဲ့ကြပေ။

“ငါပြောခဲ့သလိုပဲ။ ငါမင်းကို သတ်မှတ်ချက်၃ခု ကတိပေး ခဲ့တယ်။” ချန်လွေ့၏ လက်ထဲ၌ အလင်းဇစ်မြစ်အပိုင်းအစ ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ ဒယ်ကက်စက သတိ ပြန်ဝင်လာ၏။ “အလင်းအရင်းအမြစ်စွမ်းအားနဲ့ လေအရင်းအမြစ် စွမ်းအားအပြင်ကို မင်းရဲ့ တတိယ သတ်မှတ်ချက်က မီးအရင်းအမြစ် စွမ်းအား ဖြစ်လောက်တယ်။ ဆက်သ်တိုင်းကနေ သတင်းရပြီးတော့ ငါက မီးဒြပ်စင်ဘုရင် အိုဂ်မာတွန်ကို ရှာခဲ့တယ်။ မီးအရင်းအမြစ်စွမ်းအားက ပြဿနာ မဟုတ်ဘူး။ အခု ငါတို့ အလဲအလှယ် လုပ်လို့ ရပြီလား။”

“စိတ်မကောင်းပါဘူး။ အရှင်မင်းကြီး ဒယ်ကက်စ်။” ချန်လွေ့က ခေါင်းခါသည်။ “ကျုပ်ရဲ့ တတိယ သတ်မှတ်ချက်က မီးအရင်းအမြစ် စွမ်းအား မဟုတ်ဘဲနဲ့ တစ်ခုခုရဲ့ တည်နေရာကို သိချင်တာပါ။”

ထိုစကားက ဒယ်ကက်စ်ကို အံ့သြသွားစေပြီး မီးဒြပ်စင်ဘုရင် အိုဂ်မာတွန်က အော်ပြောလိုက်၏။ “အကျင့်ပျက်ကောင်။ မင်းက ငါတို့ကို စနောက်ရဲတယ်ပေါ့။ အခု ချက်ချင်း တောက်ပခြင်း လက်ပတ်ကို လွှဲပေး။ မဟုတ်ရင် မင်းရဲ့ အသွေးတွေ အသား‌တွေက ဒီဘုရင်ရဲ့ အမျက်အောက်မှာ အငွေ့ပျံသွားရမယ်။”

ချန်လွေ့က မီးဒြပ်စင်ကောင်များ၏ စိတ်မရှည်မှုကို ကြားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူက အိုဂ်မာတွန်ကို လျစ်လျူရှုပြီး အလင်းဒြပ်စင်ဘုရင်ကို အသာလေး ဖျတ်ခနဲ ကြည့်လိုက်၏။ “အရှင်မင်းကြီး ဒယ်ကက်စ်။ ဒါလည်း ခင်ဗျားရဲ့ အဖြေပဲလား။”

“ငါ့ကို အထင်မလွဲပါနဲ့။ ဆာ-ရစ်ချက်။” ဒယ်ကက်စ်က မျက်မှောင်ကြုတ်ပြီး မီးဒြပ်စင်ဘုရင်ကို ပြောလိုက်သည်။ “အိုဂ်မာတွန်။ ငါမင်းကို မပြောခဲ့တာ တစ်ခု ရှိတယ်။ မင်းပြောတဲ့ ဒီ အကျင့်ပျက်ကောင်က ဂိုဏ်းချုပ်၂ယောက်၊ ရှေးသူရဲကောင်း ခေါင်းဆောင်နဲ့ ရေဖျန်းဘုန်းတော်ကြီး သုံးပါးကို သိဒ္ဓိအလင်းတောင်မှာ တိုက်ခိုက်ခဲ့တယ်။ အဆုံးမှာတော့ ပုပ်ရဟန်းမင်း ဗန်တီ-စ်ရဲ့ စောင့်ကြည့်မှု အောက်မှာပဲ သူက နှင်းဒဲလက်ပန်းပင် ၃ပင်ကို ယူပြီး အလွယ်တကူ ထွက်ပြေး သွားခဲ့တယ်။ မင်းမှာ သူ့အသွေးအသားကို အငွေ့ပျံစေနိုင်မယ့် စွမ်းရည်ရှိမယ် မထင်ဘူး။ ဇစ်မြစ်အပိုင်းအစ လဲလှယ်လို့ မပြီးသေးခင် တိတ်တိတ်နေဖို့ အကြံပေးချင်တယ်။”

အိုဂ်မာတွန်က မကျေမနပ်နှင့် နှာမှုတ်လိုက်၏။ ချန်လွေ့က ခေါင်းခါလိုက်သည်။ “အရှင်မင်းကြီး ဒယ်ကက်စ်က ကျုပ်ကို ချီးမွမ်းလွန်းနေပါပြီ။ တကယ်တော့ ကျုပ်က ရှေးသူရဲကောင်း ခေါင်း‌ဆောင်နဲ့ပဲ တိုက်ခိုက်ခဲ့ရတာပါ။ ပုပ်ရဟန်းမင်း ရောက်လာတော့ ကျုပ် အမြန် ထွက်မပြေးခဲ့ရင် သေသွား လောက်ပြီ။”

“အလင်းဒြပ်စင်ကောင်တွေက ဘယ်သူ့ကိုမှ မဖားဘူး။ မင်းရဲ့ စွမ်းအားကို ငါက အသိအမှတ် ပြုရုံပါ။” ဒယ်ကက်စ်က ပြုံးလိုက်သည်။ “သိဒ္ဓိအလင်းတောင်ကနေ နှင်းဒဲလက်ပန်းပင် ခိုးပြီး ထွက်ပြေးတာက ကံကောင်းသွားတာဆိုရင် တောင်ပံ၄ဖက် နဲ့ မျက်လုံး၃လုံးရှိတဲ့ ကောင်းကင်တမန်ကို ဘယ်သူ သတ်လိုက်တာလဲ။ ဒါက ကျောင်းတော်ရဲ့ အတွင်းရေး လျို့ဝှက်ချက်တွေနဲ့ ပတ်သက်နေပေမဲ့ သိဒ္ဓိအလင်းတောင်ကနေ ထွက်သွားတုန်းက လူသတ်သမားနာမည်ကို ကြားခဲ့တယ်။ ဒါက တိုက်ဆိုင်တာလား။”

အလင်းဒြပ်စင်ဘုရင်ပြောသော သတင်းများက အခြား ဘုရင် နှစ်ပါးကို အံ့သြသွားစေခဲ့သည်။ ကျောင်းတော်က တောင်ပံ၄ခု တမန်တော်ကို သတ်ပစ်ဖို့အတွက် အနည်းဆုံး တိုင်းပြည်အဆင့် စွမ်းအားလိုတယ်။ ကြည့်ရတာ ဒီလူကို ငါ ခုနက အထင်သေးခဲ့ မိတဲ့ပုံပဲ။

ချန်လွေ့က မိမိသည် ဒြပ်စင်ဘုရင်သုံးပါးနှင့် အဆင့်တူ ညှိနှိုင်းနေနိုင်ခြင်းမှာ စွမ်းအားက အဓိက အခြေခံအကျဆုံး အကြောင်းရင်းဖြစ်ကြောင်း ကောင်းကောင်းသိသည်။ သူက ထိုအချိန်၌ ကိုယ့်ကိုယ်ကို မနှိမ့်ချနေဘဲ ပြုံးကာ ပြောလိုက်သည်။ “အရှင်မင်းကြီး ကျုပ်ကို အသိအမှတ်ပြုတာ ဂုဏ်ယူမိပါတယ်။ အရှင်မင်းကြီးတို့ သုံးပါးက အကြောင်းရင်း တစ်ခုခုကြောင့် ကန့်သတ်ခံထားရတာကို ကျုပ်သိတယ်။ ဒီနေရာမှာ ခင်ဗျားတို့ရဲ့ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်ကို မကျော်လွန်နိုင်ဘူး။ စွမ်းအား အစစ်အမှန်နဲ့ တွက်ချက်မယ်ဆိုရင်တော့ အရှင်မင်းကြီးတို့က ကျုပ် မော့ကြည့်သင့်တဲ့ တည်ရှိမှုတွေပါ...”

“ဒြပ်စင်စစ်ပွဲ၊ ဇစ်မြစ်အပိုင်းအစ၊၊ ဒြပ်စင်လောက... ဒီအရာတွေက သာမန်အစွမ်းထက်ပုဂ္ဂိုလ်တွေ သိနိုင်တဲ့ အတိုင်းအတာ မဟုတ်တာ အသေအချာပဲ။” ဆက်သ်တိုင်း၏ မျက်လုံးများက သံသယများနှင့် လက်ခနဲ သွားခဲ့သည်။ “အရင်က ငါမင်းကို ဒယ်ကက်စ် ဒါမှမဟုတ် အော့ဂ်မာတွန်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူတို့ ဒီကို ရောက်လာမှ ငါထင်တာ မှားခဲ့တာကို သိခဲ့ရတယ်။ ငါ သိချင်တာက.... ဘယ်သူ မင်းကို ဒီလျို့ဝှက်ချက်တွေ ပြောခဲ့လဲ ဆိုတာပဲ...”

“တစ်ဖက်က ကိစ္စတစ်ခုကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ထင်မယ်ဆိုရင် သူ ဘယ်လိုပဲ ရှင်းပြရှင်းပြ၊ ဖုံးကွယ်တာပဲ ဖြစ်နေမှာ။” ချန်လွေ့က အသာလေး ပြုံးပြီး မရှင်းပြခဲ့ပေ။ “ကျုပ်က ရှင်းပြစရာလည်း’ မလိုဘူး။ ဖုံးကွယ်ဖို့လည်း မလိုဘူး။ တတိယ သတ်မှတ်ချက်က မြေဇစ်မြစ်အပိုင်းအစ ဘယ်မှာရှိလဲ ဆိုတာပဲ။”

ဇစ်မြစ်အပိုင်းအစအားလုံးကို စုဆောင်းခြင်းက “အဆုံးသတ် နှင့် နိဒါန်း ရောက်ရှိလာခြင်း” ဖြစ်ပြီး ဒြပ်စင်ကောင်များအားလုံး၏ အကြီးမားဆုံး ဆန္ဒလည်း ဖြစ်ပေသည်။ အားလုံးကို မစုစည်းခင် ဇစ်မြစ်အပိုင်းအစ၏ အကြီးမားဆုံး တာဝန်က ဒြပ်စင်စစ်ပွဲ၌ ဖြစ်၏။ ဇစ်မြစ်အပိုင်းအစရှိသော ဘုရင်က ဇစ်မြစ်အပိုင်းအစ မရှိသော ဘုရင်နှင့် တိုက်ခိုက်မည်ဆိုလျှင် ဒုတိယတစ်ယောက်က သေနိုင်ချေ ပိုများပေသည်။

အမှောင်ထု ဘုရင်သုံးပါးက အလင်းဘုရင်သုံးပါးထံ အလင်း ဇစ်မြစ်အပိုင်းအစကို ပြန်ပေးရန် မဆန့်ကျင်ခဲ့ကြသော်လည်း ချန်လွေ့က အကောင်းဆုံးမိတ်ဆွေဖြစ်သူ မိုးရီအတွက် စဉ်းစားမိ ခဲ့လေသည်။ ထို့ကြောင့် သူ၏ တတိယ သတ်မှတ်ချက်က မြေဇစ်မြစ်အပိုင်းအစ တည်နေရာ ဖြစ်ခဲ့သည်။ သူက မြေဇစ်မြစ် အပိုင်းအစကို ရှာတွေ့နိုင်မည်ဆိုလျှင် အမှောင်ထု ဘုရင်သုံးပါးလုံး ဇစ်မြစ်အပိုင်းအစများ ရှိသွားကြပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ထပ် ဒြပ်စင်စစ်ပွဲ၌ သူတို့၏ အနိုင်ရရှိနိုင်ချေ တိုးမြင့်သွားပြီး မိုးရီသေဆုံးသွားနိုင်သော အန္တရာယ်ကလည်း သေးငယ် သွားပေမည်။

ထိုသတ်မှတ်ချက်ကို ပြောလိုက်သည်နှင့် ဘုရင်သုံးပါးလုံးက ထိတ်လန့်သွားးကြသည်။ ဆက်သ်တိုင်း၏ မျက်လုံးများက ငွေရောင် အလင်းများ တောက်ပသွား၏။ “မင်းပဲ သေချာတယ်။ အရင်တစ်ခါ ချိုင့်ဝှမ်းမှာ မင်းက ဒြပ်စင်ကောင်းချီးစွမ်းအားနဲ့ [မြေဆွဲအား]ကို သုံးပြီးတော့ ငါလိုက်ဖမ်းတာကနေ လွတ်မြောက် သွားခဲ့တယ်။ မင်းက တကယ် နတ်ဆိုးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။”

“မဟုတ်ဘူး။ သူက နတ်ဆိုး မဟုတ်ဘူး။ [ကောင်းချီး အလင်း ခန္ဓာ]ကို ပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ပဲ။” ဒယ်ကက်စ်က ခေါင်းခါလိုက်၏။ “အခု သူက သူ့အငွေ့အသက်ကို ဖုံးကွယ်ဖို့ လျို့ဝှက်ပညာရပ်ကို သုံးထားပေမဲ့ အရင်တစ်ခါတုန်းက သူ့ရဲ့ အလင်းဒြပ်စင်ခန္ဓာကို ငါ သေသေချာချာ ခံစားမိခဲ့တယ်။”

“မင်းက ဘယ်သူလဲ။ ပြီးတော့ နတ်ဆိုးဘုံ.....မဟုတ်ဘူး.. မင်းက မြေဒြပ်စင်ဘုရင်နဲ့ ဘယ်လို ပတ်သက်တာလဲ။” လေဒြပ်စင်ဘုရင်၏ အသံက ပိုမို စူးရှလာခဲ့သည်။ သူ၏ လည်ပင်းမှ အဆင်တန်ဆာများက အစိမ်းရောင် တောက်ပလာပြီး ခန်းမထဲ၌ ချက်ချင်းပင် ရွှေရောင် လျှပ်စီးများ မရေမတွက်နိုင်အောင် ပြည့်နှက်သွားတော့သည်။ ၎င်း၏ ဧရာမပိုက်ကွန်တစ်ုခအဖြစ် လိမ်ယှက်သွားခဲ့ပြီး ပြေးပေါက်များအားလုံးကို ပိတ်ဆို့လိုက်၏။

“ကျုပ်က မြေဒြပ်စင်ဘုရင် မိုးရီကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ တစ်ယောက်လို့ ခေါ်တယ်။” ချန်လွေ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။ “ကျုပ်က သူ့နဲ့ ပတ်သက်မှုကို ငြင်းမှာ မဟုတ်ဘူး။ အလင်းဒြပ်စင်ဘုရင်သုံးပါးနဲ့ ရင်ဆိုင်နေတဲ့အချိန် မှာတောင်ပေါ့။ ကျုပ်က ကျုပ်အတွက်တင် မကဘဲနဲ့ ဒြပ်စင်ကောင် အားလုံးရဲ့ အနာဂတ်နဲ့ ကျုပ်မိတ်ဆွေတွေ၊ ဆွေမျိုးတွေအတွက် ဒီကို အလဲအလှယ်လုပ်ဖို့ လာခဲ့တာ။ ကျုပ်တို့ကြားက တိုက်ပွဲကို ရှောင်လို့ မရတော့ဘူး ဆိုရင်တော့ ကျုပ် ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျုပ် သတိပေးလိုက်မယ်။ ကျုပ် ဒီကနေ အလင်းဇစ်မြစ်အပိုင်းအစနဲ့ ထွက်သွားချင်တယ်ဆိုရင် ဒီနေရာက တိမ်တိုက်နန်းတော်ဖြစ်ပါစေ၊ ခင်ဗျားတို့သုံးယောက် ပူးပေါင်းပြီး တိုက်ခိုက်ပါစေ၊ ကျုပ်ကို တားနိုင်မှာ မဟုတ်ဘူ။ အခု အရှင်မင်းကြီးသုံးပါးရဲ့ ရွေးချယ်မှုတွေကို ကျုပ် ကြားချင်ပါတယ်။”

မီးဒြပ်စင်ဘုရင်က အလင်းဒြပ်စင်ဘုရင်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “သိဒ္ဓိကျောင်းတော်က ဂိုဏ်းချုပ်၂ယောက်၊ ရှေးသူရဲကောင်းခေါင်းဆောင်နဲ့ ရေဖျန်းဘုန်းတော်ကြီး၃ပါးက သူ့ကို မတားနိုင်ဘူးလို့ မင်း ပြောခဲ့တာလား။”

“ပြီးတော့ တိုင်းပြည်အဆင့် အလင်း ပုပ်ရဟန်းမင်းလည်း ပါတယ်။ သူက အခု ပြထားတဲ့ စွမ်းအားကိုပဲ သုံးခဲ့တာ။” ဒယ်ကက်စ်က လေးလေးနက်နက် ပြောလိုက်၏။ “အစ်ဇ်ရိုယူးဇ်ကတော့.....ငါ ကိုယ်တိုင် မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ သူက တကယ်ပဲ အဲဒီလို လုပ်ခဲ့ရင်တော့ အခု ထွက်ပြေးရမှာ ငါတို့ပဲ...”

“သိပ်ကောင်းတယ်။” မီးဒြပ်စင်ဘုရင် အော့ဂ်မာတွန်က ချန်လွေ့ကို အော်ပြောလိုက်သည်။ “မင်းက အလဲအလှယ် လုပ်ဖို့ လာခဲ့တာလို့ ပြောခဲ့တယ်။ အလဲအလှယ်နဲ့စာရင် ငါက ပြဿနာတွေကို လက်သီးနဲ့ ဖြေရှင်းရတာ ပိုသဘောကျတယ်။ မင်းရဲ့ စွမ်းအားကို တိုင်းပြည်အဆင့်အောက်မှာထားပြီးတော့ ငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ဒီအလဲအလှယ်ကို ငါတို့ ဆက်လုပ်မယ်။ မင်း ရှုံးမယ်ဆိုရင်တော့ အလင်းဇစ်မြစ်အပိုင်းအကို လွှဲပေးရမယ်။”

ချန်လွေ့က အခြားဘုရင်နှစ်ပါးကို လှမ်းကြည့်လိုက်၏။ “ဒါကလည်း အရှင်မင်းတို့ နှစ်ယောက်ရဲ့ သဘောထားပဲလား။”

ဘုရင်နှစ်ပါး မဖြေခင်မှာပင် အိုဂ်မာတွန်က အော်ပြောလိုက်၏။ “ဆက်သ်တိုင်း။ ဒီကောင်က ပွင့်ပွင့်လင်းလင်း ပြောနေပြီပဲ။ မင်းက ဘာလို့ မြေဒြပ်စင်ဘုရင်နဲ့ ရန်ငြိုးဟောင်းတွေထဲမှာ ပိတ်မိနေသေး တာလဲ။ ပြီးတော့ မြေဒြပ်စင်ဘုရင်က အရင်စစ်ပွဲမှာ ကျရှုံးခဲ့တယ်။ ဇစ်မြစ်အပိုင်းအစက ဒယ်ကက်စ်နဲ့ ဒြပ်စင်ကောင်တွေ အားလုံး အတွက်က ဘာကို ဆိုလိုတာလဲဆိုတာ မင်းသိမှာပါ။”

“ဟမ့်။ မင်းတို့ ပြောတာတော့ အဟုတ်ကြီးပဲ။ ဒါပေမဲ့ တကယ်က မင်းတို့တွေ တိုက်ခိုက်ချင်နေတာပဲ။ ပျင်းစရာ စစ်ကြိုက် မီးဒြပ်စင်ကောင်တွေ။” ဆက်သ်တိုင်းက မကျေမနပ်နှင့် သရော်ပြုံး ပြုံးလိုက်သော်လည်း အဆုံး၌ မကန့်ကွက်ခဲ့ပေ။

“ငါက တောက်ပခြင်းလက်ပတ်ကို လိုချင်ရုံပဲ။” ဒယ်ကက်စ်က လက်ကို ဖြန့်လိုက်သည်။ “ငါ့ရဲ့ အမြင်ကို ပြောလို့ အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ အိုဂ်မာတွန်ပဲ မေဒြပ်စင်အပိုင်းအစ ဘယ်မှာ ရှိတာလဲဆိုတာ သိတာ။ တတိယ သတ်မှတ်ချက်ကို မင်း ပြောလိုက်တဲ့ အချိန်ကစပြီးတော့ ဒီအပေးအယူအတွက် လုပ်ပိုင်ခွင့်က သူ့လက်ထဲ ရောက်သွားပြီ။”

နောက်ဆုံး စကားကြောင့် ချန်လွေ့၏ မျက်လုံးများ အရောင် တောက်သွား၏။ သူက စိတ်အားထက်သန်နေသော မီးဒြပ်စင် ဘုရင်ကို ကြည့်ပြီး ရုတ်တရက် ထူးဆန်းသော အမူအရာတစ်ခု ပြသလိုက်သည်။ “အရှင်မင်းကြီး အိုဂ်မာတွန်။ ကျုပ်နဲ့ တိုက်ခိုက်ချင်တာ သေချာလား။”

“လေရှည်မနေနဲ့။ မင်းမှာ တိုင်းပြည်အဆင့် စွမ်းအားရှိတာနဲ့ပဲ စောက်ရမ်းကြမ်းနေပြီ မထင်နဲ့။ မင်း ဒြပ်စင်လောကို သွားမယ်ဆိုရင် ငါ နှာတစ်ချက် ချေလိုက်တာနဲ့ မင်း ပြာဖြစ်သွားပြီ။” အိုဂ်မာတွန်က တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။ “ဒီနေရာမှာ‌တော့ မင်းက တိုင်းပြည်စွမ်းအား မသုံးသရွေ့ ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။”

“ကျုပ် ပြောချင်တာ အဲဒီလို မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီး အတွက် နည်းနည်း စိတ်မကောင်းသလို ခံစားရလို့ပါ။” ချန်လွေ့က မျက်နှာပေါ်၌ ထူးခြားသော အမူအရာ တစ်ခုနှင့်အတူ တိုက်ပွဲကွင်းပြင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက် သွားလိုက်သည်။ “ကောင်းပါပြီ။ ကျုပ် ပြောချင်တာက ဒီတိုက်ပွဲမှာ ခင်ဗျားက အရေးနိမ့်လွန်းနေတယ်။”

ချန်လွေ့ စကားပြောပြီးသွားသည်နှင့် မီးတောက်များ ဝိုင်းရံ ခံလိုက်ရသည်။

တူညီသော မီး‌တောက်က အခြား “လောက”တစ်ခု၌ ဖြစ်သော အရိပ်နက်အင်ပါယာရှိ လျို့ဝှက် ခြံဝင်းထဲ၌ တောက်လောင် နေခဲ့သည်။

ပြင်းထန်သော မီးတောက်များက ခြံဝင်းတစ်ခုလုံးကို အနီရောင် ရောင်ပြန်ဟပ်နေစေသည်။ ကံကောင်းစွာပင် ဖုံးကွယ်ရန်နှင့် အကာအကွယ်အတွက် အမျိုးမျိုးသော မှော်စက်ဝိုင်းများကို ခြံဝင်းအနီးတွင် ချထားသည့်အတွက် အပြင်ဘက်မှ မြင်သည့် လက္ခဏာကိုမှ မမြင်နိုင်ပေ။

မီးတောက်များက တဖြည်းဖြည်းနှင့် အမျိုးသမီး တစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ပြန်လည် စုစည်းသွားသည်။ ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်က ဝတ်ရုံ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။ သူ၏ မျက်နှာပေါ်၌ မျက်နှာလွှား ရှိနေသော်လည်း ဝမ်းဗိုက်က ဖောင်းတင်းနေသည်။ ခုနက မီးတောက်မှာ ထိုအမျိုးသမီး ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ သူ့ ပတ်ပတ်လည်မှ ပစ္စည်းအများအပြားက ပြင်းထန်လှသည့် အပူရှိန်ကြောင့် အရည်ပျော်သွားခဲ့သော်လည်း အမျိုးသမီးကိုယ်တိုင်က ဘာမှ မဖြစ်ခဲ့ပေ။ မျက်နှာလွှားနှင့် အဝတ်အစားများ၌ပင် ပွန်းပဲ့ရာ မရှိခဲ့။

“လီလစ်ဇ်။ ဝင်လာခဲ့တော့။ အခု အဆင်ပြေသွားပြီ။”

ခြံဝင်းအပြင်ဘက်ရှိ လီလစ်ဇ်က အထဲဝင်လာပြီး နဖူးမှ ချွေးများကို သုတ်လိုက်၏။ “ဒါက ဒီလထဲ (၃)အကြိမ်မြောက်ပဲ။”

“အင်း...” မျက်နှာလွှားနှင့် အမျိုးသမီးက ပြုံးလိုက်သည်။ “ဒီကလေးလေးက နည်းနည်း စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ ဒီလို မီးတောက် စွမ်းအားမျိုးက တဖြည်းဖြည်း အားကောင်းလာတဲ့ပုံပဲ။ ဒီနေ့စဉ်အသုံးအဆောင်တွေကို ပိုပြီးတော့ မီးဒဏ်ခံနိုင်တဲ့ မှော်ပစ္စည်းတွေနဲ့ အစားထိုးသင့်တယ်။”

“နားလည်ပါပြီ။” လီလစ်ဇ်က အမြဲပင် ဇဝေဇဝါ ဖြစ်နေခဲ့၏။ ဒီလိုစွမ်းအားကြီးပြီး‌သော့ သန့်စင်တဲ့ မီးတောက်စွမ်းအား.... ဒီကလေးရဲ့ အဖေက [ မီးကျွမ်းကျင်မှု ] ရှိတဲ့ ဆမ်မြူရယ် တော်ဝင်မိသားစုလား။ ဒါပေမဲ့ ဆမ်မြူရယ် တော်ဝင်မိသားစု ကလေးတွေက မိခင်ဗိုက်ထဲမှာ ဒီလိုမျိုး လှုပ်ရှားမှု ကြီးကြီး မားမားတွေ၊ စွမ်းအားတွေ ရှိတာမျိုး တစ်ခါမှ မကြားဖူးဘူး။

အယုံကြည်ရဆုံး လူယုံတစ်ယောက်အနေနဲ့ အရှင်မမှာ ယောက်ျားတစ်ယောက်ရှိတယ်လို့ ငါတစ်ခါမှ မကြားခဲ့ဖူးဘူး။ အခု သူက ရုတ်တရက် ကလေးရသွားတယ်....

မျက်နှာလွှားနှင့် အမျိုးသမီးက လီလစ်ဇ်၏ စိတ်ကို မြင်လိုက်ဟန်တူပြိး မျက်မှောင်ကြုတ်လိုက်၏။ “တွေးမနေနဲ့။ ကိုယ့်အလုပ်ကိုယ်လုပ်။”

လီလစ်ဇ်က အနည်းငယ် စိုးရိမ်သွားပုံရသည်။ “အမိန့် အတိုင်းပါ။”

“လီလစ်ဇ်။ စကားကြမ်းကြမ်း ပြောမိတဲ့အတွက် ခွင့်လွှတ်ပါ။” အမျိုးသမီး၏အသံက ပျော့ပျောင်းသွားပြန်၏။ “နင်က ဒီရက်တွေမှာ အလုပ်ကြိုးစားနေခဲ့တာပဲ။ နင့်ရဲ့ လက်ထပ်ပွဲနဲ့ အနားယူချိန်တွေကို အချိန်ဆွဲနေရလို့ စိတ်မကောင်းပါဘူး။”

လီလစ်ဇ်၏ မျက်လုံးထဲ၌ နွေးထွေးသွားခဲ့ပြီး အရိုအသေ ပြုလိုက်၏။ “အရှင်မရဲ့ ယုံကြည်မှုက ကျွန်မအတွက် အကောင်းဆုံး ဆုလာဒ်ပါပဲ။ လီလစ်ဇ် အရင် ပြန်လိုက်ပါဦးမယ်။”

လီလစ်ဇ် ထွက်သွားသည်ကို ကြည့်ရင်း မျက်နှာလွှားနှင့် အမျိုးသမီးက အနည်းငယ် ဖောင်းတင်းနေသော ဝမ်းဗိုက်ကို ညင်ညင်သာသာ ပွတ်သပ်ရင်း မျက်လုံးများက တည်ငြိမ်ကာ အရည်လဲ့နေခဲ့သည်။

All Chapters