← Chapters

အညံ့ခံခြင်း

Vol. 49 Ch. 794

အညံ့ခံခြင်း

Vol. 49 Ch. 794

“ကောင်းကင်ဘီး” စွန့်ပစ်ခံမြို့တော် အပြင်ဘက်၌ အလွန် ကြီးမားသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ တိုင်တန် ၂၀၀ခန့်ရှိနေပြီး မုန်တိုင်းကျွန်းမှ ရှိသမျှ ဖြစ်လောက်၏။

လေးလံသော ခြေလှမ်းများဖြင့် ဧရာမကောင်များက ချန်လွေ့ထံသို့ ရွှေနီရောင် ခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ တစ်လှမ်းချင်း လျှောက်လာလေသည်။

ရွှေနီရောင် တိုင်တန်ခေါင်းဆောင်က ချန်လွေ့ကို ကြည့်ပြီး ရုတ်တရက် ဒူးထောက်လိုက်၏။ တိုင်တန်းများအားလုံးကလည်း တပြိုင်နက်တည်း ထိုအတိုင်း ပြုလုပ်လိုက်ကြသည်။

“ခင်ဗျားက ကတိကို လုပ်ရပ်နဲ့ သက်သေပြခဲ့ပါပြီ။ မြင့်မြတ်တဲ့ သခင်။” တိုင်တန်ခေါင်းဆောင်က အလွန်နှေးကွေးသော လေသံဖြင့် ပြောလိုက်သည်။ တိုင်တန် စကားပြောသည်ကို ယခုမှ ချန်လွေ့ ကြားဖူးခြင်း ဖြစ်၏။ အသံက ထူထဲပြီး မိုးခြိန်းသံနှင့်တူသော ထူးဆန်းသည့် စွမ်းအားတစ်ခု ပါဝင်နေသည်။

ချန်လွေ့က ဗဟိုချက် အသက်သလင်းကျောက်ကို ဖျက်ဆီးခဲ့ရာ တိုင်တန်များအပေါ် သလင်းကျောက်၏ ထိန်းချုပ်မှု ပျောက်ကွယ်သွားခဲ့သည်။ အမှန်တကယ်၌ သလင်းကျောက်ကို ဖျက်ဆီးရသည့် အဓိက ရည်ရွယ်ချက်မှာ သူ မထိန်းချုပ် နိုင်၍သာမက တိုင်တန်များအတွက်လည်း လုံးဝ လွတ်လပ်မှုကို ရရှိစေနိုင်ရန်အတွက် ဖြစ်ပေသည်။ အရာအားလုံးမှာ မြင့်မြတ်ပြီး ကရုဏာကြီးမားသော လက်ရှိ “သခင်”ကြောင့် ဖြစ်ပေ၏။

ချန်လွေ့က တိုင်တန်များ၏ အင်အားနဲ့ ပတ်သက်ပြီး အတော်‌လေး စိတ်အားတက်ကြွနေသော်လည်း ပြဿနာရှိသလို ခံစားနေရသည်။ တကယ်လို့ တိုင်တန်တွေကို နတ်ဆိုးဘုံဆီ ခေါ်သွားနိုင်မယ်ဆိုရင် အဂ္ဂိရတ်အဖွဲ့အစည်း အင်အားကို ထပ်ဖြည့်ပေးနိုင်တဲ့အပြင် အင်ပါယာသုံးခုမှ ကြောက်စရာ အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်လာမှာ အသေအချာပဲ။ ဒါပေမဲ့ သက်ရှိ ဖြစ်တဲ့အတွက် တိုင်တန်တွေကို [ ကြယ်ဂိတ် ] ကနေ “ခေါ်ဆောင်”သွားလို့ မရဘူး။ အဲဒါကြောင့် ဒီအကြံက စိတ်ကူးယဉ် သက်သက်ပဲ။ ဒါဆို အသက် သလင်းကျောက် ထိန်းချုပ်မှုကလေ လွတ်မြောက်သွားတဲ့ သာမန်လောကမှ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားတစ်ခုအနေနဲ့ သူတို့တွေ မုန်တိုင်းကျွန်းက ထွက်သွားတာနဲ့ လူသားလောကအတွက်မက သူတို့အတွက်လည်း ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်တယ်။

သူ စဉ်းစားနေစဉ်မှာပင် တိုင်တန်ခေါင်းဆောင်၏ မိုးခြိန်းသံ သဖွယ် အသံ ထွက်ပေါ်လာပြန်သည်။ “မြင့်မြတ်တဲ့သခင်။ ကျုပ်ရဲ့ ကျေးဇူးတင်စိတ်ကို ပြသဖို့အတွက် စွမ်းအင် အလုံအလောက် ထောက်ပံ့ပေးမယ်ဆိုရင် တိုင်တန်တွေက သခင့်အတွက် တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။”

ကြေးစားတွေလား။ တိုင်တန်တွေက လွတ်လပ်မှုကို လိုချင်ကြတာဆိုတော့ လုံးဝ အညံ့ခံဖို့ မဖြစ်နိုင်ဘူး။ ဒါက အကောင်းဆုံး ရလာဒ် ဖြစ်လောက်တယ်။ ချန်လွေ့က စိတ်ပြောင်းပြီး မေးလိုက်၏။ “မင်းတို့က စွမ်းအား ပြောင်းလဲဖို့ အတွက် လေဒြပ်စင်ကို သုံးနိုင်ကြတာ ငါသိတယ်။ စွမ်းအင် ကုဗတုံးတွေက အဲဒီအပေါ်မှာ အထူးသက်ရောက်မှု ရှိလား။”

“ရှိပါတယ်။” တိုင်တန်ခေါင်းဆောင်က အမှန်အတိုင်း ပြန်ဖြေသည်။ “ရှင်သန်ဖို့နဲ့ စွမ်းအားအတွက်ဆိုရင် ကျုပ်တို့က စွမ်းအင်ကုဗတုံးအပေါ် မှီခိုမှုကနေ ဖောက်ထွက်နိုင်သွားပြီ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အဲဒါက ဒဏ်ရာပဲ။ စွမ်းအင်ကုဗတုံး အထောက်အပံ့ မရှိဘူးဆိုရင် ကျုပ်တို့ကိုယ်ပိုင် ကုသ စွမ်းအားကို မှီခိုတာက အတော်လေး နှေးကွေးတယ်။ အကန့်အသတ် တစ်ခုကို ကျော်လွန်သွားမယ်ဆိုရင် ကျုပ်တို့တွေ အပြင်းအထန် ဒဏ်ရာရပြီး သေသွားမှာ။ စွမ်းအင်ကုဗတုံးတွေရဲ့ အကူအညီနဲ့ဆိုရင် ကျုပ်တို့က အချိန်တိုအတွင်း ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်တယ်။ ပြီးတော့ စွမ်းအင်ကုဗတုံးက တိုင်တန်တွေကို စွမ်းအားပိုကြီးအောင်၊ အဆင့်မြန်မြန်တက်အောင် ကူညီနိုင်တယ်။ အထူးသဖြင့် အစောပိုင်း တိုင်တန်တွေကိုပေါ့။ အရင်တစ်ခေါက် သခင်ပေးခဲ့တဲ့ စွမ်းအင်ကုဗတုံးက စွမ်းအားကြီးမားပြီးတော့ သန့်စင်တယ်။ အဲဒါက ကျုပ်တို့ အတိအကျ လိုအပ်နေတာပဲ။”

ထိုအရာက အထူးဖြင့် အလွန်ကြီးမားသော ဧရာမကောင် အတွက် အတော်လေး ရှည်လျားသော စကားများ ဖြစ်ပေသည်။ သို့သော်လည်း ချန်လွေ့က ကောင်းကောင်း နားလည်နိုင်သေး၏။ ဒါကြောင့် အရင်တစ်ခေါက် စွမ်းအင်ကုဗတုံးက တိုင်တန်တွေကို အတော်လေး ပျော်ရွှင်စေခဲ့တာကိုး။

သူက ထိုကဲ့သို့ သန့်စင်မှု မြင့်မားသော စွမ်းအားကို ထောက်ပံ့ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။ ထိုအရာက ထိုဧရာမကောင်များအပေါ်၌ တိုင်တန်များ၏ ယာယီ ကျေးဇူးတင်စိတ်သာမဟုတ်ဘဲ ရေရှည် အဟန့်အတားတစ်ခု ရှိခြင်းနှင့် ညီမျှပေသည်။

“မင်းတို့ရဲ့ ဝန်ဆောင်မှုကို ငါလက်ခံတယ်။ ဒါပေမဲ့ ငါ့ရဲ့ အမိန့်မရှိရင် ခင်ဗျားတို့ လေဒြပ်စင်ကောင်တွေနောက်ကို ဆက်လိုက်ပြီးတော့ မုန်တိုင်းကျွန်းကနေ မထွက်သွားဖို့ ကတိပေးရမယ်။ ပုံမှန်အတိုင်း မင်းတို့တွေ လေဒြပ်စင်ကောင်တွေနဲ့ အဆင်ပြေပြေနေသင့်တယ်လို့ ထင်တယ်။”

“ဟုတ်ကဲ့ပါ။” တိုင်တန်ခေါင်းဆောင်က ချက်ချင်းပင် ခေါင်းငုံ့လိုက်သည်။ “အမိန့်ကို လိုက်နာပါ့မယ်။ မြင့်မြတ်တဲ့ သခင်။”

ဧရာမကောင်များ၏ မိမိအမိန့်ကို ချက်ချင်း လိုက်နာသည်ကို မြင်သည့်အခါ ဒြပ်စင်ကောင်များက လောကစည်းချက်ကို အလွယ်တကူ မနှောင့်ယှက်သည့်အတွက် ချန်လွေ့ တိတ်တိတ်လေး ပျော်ရွှင်သွားခဲ့သည်။ ထို့ကြောင့် လူသားလောက၌ တိုင်တန်များ ခြေချပြီး ဖရိုဖရဲဖြစ်စေမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

“ငါက မင်းတို့ကို ကျွန်ပြုမှာ မဟုတ်ဘူး။ မင်းတို့က ငါ့အမိန့်ကို နာခံကြတဲ့ စစ်သည်တွေ ဖြစ်ပေမဲ့ မင်းတို့က အမြဲတမ်း လွတ်လပ်တဲ့ မျိုးနွယ်တစ်ခု ဖြစ်နေမှာပဲ။” ချန်လွေ့က စကားလုံး ကစားပွဲကို အနည်းငယ် ကစားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်၌ အဓိက အာရုံစိုက်မှုက “ငါ့အမိန့်ကို နာခံ”ဟူ၍ ဖြစ်ပေသည်။

“မင်းရဲ့ နာမည်က ဘာလဲ။ တိုင်တန် ခေါင်း‌ဆောင်။”

တိုင်တန်များက ချန်လွေ့၏ ဘာသာစကား လှည့်ကွက်ကို သတိမထားမိခဲ့ပေ။ တိုင်တန်ခေါင်းဆောင်က ရိုရိုသေသေနှင့် ပြန်ဖြေလိုက်သည်။ “တိုင်တန်တွေမှာ နာမည်မရှိပါဘူး။”

“မင်းတို့က လွတ်လပ်တဲ့ မျိုးနွယ်ဖြစ်တဲ့အတွက် တိုင်တန်ကို နာမည်နဲ့ မျိုးနွယ်နာမည်အဖြစ် သုံးသင့်တယ်။ ပထမ နာမည်ကတော့.... မင်းကို “အိုးရှင်းနက်စ်”လို့ နာမည်ပေးမယ်။ ဘယ်လိုလဲ။”

အိုးရှင်းနက်စ်ဟူသော နာမည်က နူးညံ့သိမ်မွေ့လှသည်။ သူက ဂရိဒဏ္ဍာရီထဲမှ တိုင်တန်၁၂ယောက်ထဲတွင် ပထမဆုံးဖြစ်သော ပင်လယ်နတ်ဘုရားဖြစ်ပြီး ဟိုမာထဲရှိ နတ်ဘုရားဘိုးဘေး ဖြစ်၏။

“လွတ်လပ်သောမျိုးနွယ်စု” နှင့် “နာမည်”တို့က တိုင်တန် ခေါင်းဆောင်ကို စိတ်လှုပ်ရှားသော အမူအရာ ဖြစ်သွားစေသည်။ “နာမည်ပေးတဲ့အတွက် အိုးရှင်းနက်စ်က သခင့်ကို ကျေးဇူး တင်ပါတယ်။ မျိုးနွယ်စုအားလုံးကို နာမည်ပေးပေးပါ။ သခင်။”

ချန်လွေ့က တိုင်တန်၂၀၀ခန့်ကို ကြည့်ပြီး ရုတ်တရက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ခံစားလိုက်ရသည်။ သူက မျက်လုံးလှန်လိုက်၏။ “ငါ ဒီနေ့ အင်အားအကြီးဆုံး တိုင်တန် ၁၂ယောက်ကိုပဲ နာမည်ပေးမယ်။ ကျန်တဲ့ တိုင်တန်တွေက အနာဂတ်မှာ အကျိုးပြုမှုတွေ လုပ်တဲ့အချိန် အရဲရင့်ဆုံး စစ်သည်တော်တွေကို နာမည်ပေးမယ်။”

ထိုကမ်းလှမ်းမှုက တိုင်တန်များ၏ စိတ်ဝင်စားမှုကို လှုံ့ဆော် ပေးခဲ့သည်။ ချန်လွေ့က ရှေးဟောင်း ဂရိဒဏ္ဍာရီမှ တိုင်တန် နတ်ဘုရား ၁၂ပါးတို့၏ နာမည်များကို ကူးယူပြီး တိုင်တန်များကို အမည်ပေးခဲ့သည်။ နတ်ဘုရားမများ၏....နာမည်များကိုလည်း အသုံးပြုခဲ့၏။

“မြင့်မြတ်တဲ့သခင်။ တိုင်တန်တွေအပေါ် ချီးမြှောက်တဲ့ ဂုဏ်ကျက်သရေအတွက် ကျေးဇူးတင်ပါတယ်။ တိုင်တန်တွေက သခင့်ရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားတွေနဲ့ စစ်သည်တွေ ဖြစ်လာဖို့ မျိုးနွယ်နာမည်နဲ့ ကျိန်ဆိုပါတယ်။”

အိုးရှင်းနက်စ်၏ စကားကြောင့် ချန်လွေ့က ကျိန်ရယ်လိုက်၏။ နာမည်ပေးတာကိုတောင် ဆုလာဒ်လို့ သတ်မှတ်တယ်။ ငါ ဦးနှောက်ကို အလကား သုံးလိုက်ရတာ မဟုတ်ဘူးပဲ။

ပတ်ပတ်လည်မှ အဆောက်အအုံများကို ကြည့်ရင်း တစ်စုံတစ်ယောက်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။ “ငါ အဝေးကို ခရီးသွားရမယ်။ ဒါပေမဲ့ ငါ ပြန်လာမှာပါ။ မသွားခင်လေးမှာ ရဲရင်တို့ စစ်သည်တို့၊ အချိန်ပိုင်း....ဖြိုဖျက်ရေးအဖွဲ့ဝင်ပေးပါ....”

၂ရက် ကြာပြီးနောက် -

ဗီးနပ်စ် မြို့တော်သို့ ချန်လွေ့ ရောက်ရှိလာခဲ့သည်။ ဖြိုဖျက်သော အလုပ်က ထင်ထားသည်ထက် ပိုမိုပင်ပန်းလှသည်။ ကံကောင်းစွာပင် အဟန့်အတားများ မရှိခဲ့ပေ။ ဖျက်ဆီးခြင်း စွမ်းအား ရှိကြသော ဧရာမကောင်များ၏ အကူအညီ ရှိသော်လည်း “ကောင်းကင်ဘီး” မြို့တော်ကို ရွှေ့ပြောင်းရန်အတွက် နာရီ၄၀ ကြာမြင့်သွားခဲ့သည်။ အချို့က အဓိက ရရှိနိုင်သော ကုန်ကြမ်းများကို တစ်စစီ ဖြုတ်ပြီးသွားပြီ ဖြစ်သည်။ ယခုတွင် သိုလှောင်ဂိုဒေါင်က ပြည့်နေခဲ့လေပြီ။ ချန်လွေ့က ရှီလန်တောင် မိုင်းတွင်း၌ သိုလှောင်ဂိုဒေါင်က ကုန်ကြမ်းများဖြင့် ပြည့်နေသော ပထမဆုံးအကြိမ်ကို သတိရမိသွားခဲ့သည်။

သို့သော်လည်း ထိုအချိန်က သိုလှောင်ဂိုဒေါင် သိုလှောင်နိုင်စွမ်းမှာ ယခုထက် များစွာ နည်းပါးလှပြီး အမြင့်ဆင့် နတ်ဆိုးစွမ်းအားက ယခု တိုင်းပြည်အဆင့်ကို မယှဉ်နိုင်ပေ။ သို့ရာတွင် မည်မျှပင် ပြောင်းလဲသွားစေကာမူ အချို့အရာများက အတူတူသာ ရှိနေပြီး မပြောင်းလဲခဲ့ပေ။

ဥပမာ....သူက ချန်လွေ့သာ ဖြစ်နေသေးသည်။ ချန်လွေ့ရဲ့ချန်၊ ချန်လွေ့ရဲ့လွေ့။ ထိုအရာက အနာဂတ်တွင်လည်း မပြောင်းလဲ နိုင်လောက်ပေ။

မုန်တိုင်းကျွန်း ခရီးက ရက်၂၀ ကြာမြင့်သွားခဲ့သည်။ အမှန်တကယ်၌ ခရီးတဝက်က လမ်းပေါ်တွင်သာ ကုန်ဆုံးခဲ့ရသည်။ ကြယ်မျှော်စင်မဖွင့်ခင် တစ်လခွဲ လိုနေသေးသည်။ ချန်လွေ့က ကျောက်စိမ်းသစ်တောပင်လယ်ရှိ ငွေလ ကောင်းကင်မြို့တော်သို့ သွားရန် စီစဉ်ထားခဲ့သည်။ ထိုနေရာ၌ သူက ယန္တရားပညာများ အဆင့်တက်စေရန်အတွက် ယန္တရား မဟာဆရာသခင် နှစ်ယောက်ထံ သွားလည်မည် ဖြစ်သည်။

ငါက သဘာဝသစ်ပင်ကို ကယ်တင်နိုင်တဲ့ အသက်ဓာတ် ရေစင် တစ်ပုလင်းကို အဲဒီတုန်းက အားကောင်းပြီးတော့ ဇွဲရှိတဲ့ နတ်သူငယ်တစ်ပိုင်း ကောင်မလေးကို ပေးခဲ့တယ်။ ဘလန့်ချ်က အခု အရင်ကထက် ပိုကောင်းတဲ့ အခြေအနေကို ရောက်နေ လောက်တယ်။

“ငှက်နဲ့ ကစားရတာကြိုက်တဲ့” နတ်သူငယ်မျိုးနွယ်စု မင်းသမီးငယ်လေး တစ်ပါးလည်း ရှိတယ်။ အနည်းဆုံးတော့ သူက မိတ်ဆွေတစ်ယောက်ပဲ။

တစ်နေ့လုံး ဟန်းဂရီးဘတ်ဂိမ်း ကစားရတာကြိုက်တဲ့ ဇာမဏီငှက် သမီးလေးနဲ့ မတွေ့နိုင်တော့တာ ဝမ်းနည်းစရာပဲ။

မျက်လုံးကို မှိတ်ထားရင်း “ဖေဖေ”ဟူသော မပီမသ အသံလေးက သူ့နားထဲ၌ ပဲ့တင်ထပ်လာဟန်တူသည်။ ထိုအရာက သူ့ဘဝ၌ လုံးဝ မ‌မေ့မည့် နောင်တတစ်ခု ဖြစ်ပေသည်။

အချိန်အတော်ကြာပြီးနောက် ချန်လွေ့က မျက်လုံးကိုဖွင့်ပြီး ပင့်သက်ရှိုက်ကာ အတွေးများကို ပြန်စုရင်း နောက်ထပ် လုပ်ရှားမှုအကြောင်း စတင်တွေးတော့သည်။

နတ်သူငယ်မျိုးနွယ်စုက ကျက်သရေပြာအင်ပါယာနှင့် မဟာမိတ် ဖွဲ့စည်းထားသော်လည်း လူသားများအပေါ် ပုံမှန်အားဖြင့် အမြင်မကြည်ကြပေ။ အတိတ် ရန်ငြိုးများအပြင် နတ်သူငယ်မျိုးနွယ်စု၏ မောက်မာမှုနှင့် မျိုးနွယ်ခြားများအပေါ် ခွဲခြားမှုတို့က အဓိကအကြောင်းရင်းများထဲမှ တစ်ခု ဖြစ်စေသည်။ လူသားတစ်ယောက်အနေဖြင့် နတ်သူငယ်မျိုးနွယ်စု အုပ်စိုးသော ငွေလ ကောင်းကင်မြို့တော်သို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ရန် မလွယ်ကူပေ။ ထို့အပြင် ချန်လွေ့၏ လက်ထဲ၌ သိဒ္ဓိ သံတော်ဆင့် သစ်ရွက် မရှိ‌တော့ပေ။ သူက ကောင်းကင် မြို့တော်၌ ရှိနေစဉ်ကလည်း အစ်ဇ်ယိုရူးလ်ကို သတ်ပစ်ခဲ့သည်။ နတ်သူငယ်မျိုးနွယ်စုက သူ့အတွက် ကျောင်းတော်ကို မဆန့်ကျင် လောက်ပေ။ သူက ဖမ်းဆီးခံရနိုင်၏။ ထို့ကြောင့် ယခုတစ်ခေါက် ကောင်းကင်မြို့တော်ကို သွားရာ၌ သူ မျက်နှာပြောင်းရပေမည်။

ဟုတ်တယ်။ ငွေလ ကောင်းကင်မြို့တော်မှာ ကြယ်အလင်း ကောလိပ်က စမ်းသပ်ချက် ကျော်ဖြတ်ရတာ လူသား ကျောင်းသား မဟုတ်လား။ ချန်လွေ့ အကြံတစ်ခု ရသွားသည်။ ဟိုတယ်သို့ တခါတည်း မပြန်ဘဲ သူက ကြယ်အလင်းကောလိပ်သို့ သွားသည်။

ချန်လွေ့က “စိုင်မွန်” မျက်နှာကို မသုံးဘဲ အသိတစ်ယောက် ဖြစ်သော မသပ်မရပ်နှင့်လူပုံစံ ပြောင်းခဲ့သည်။ ဘယ်လီယာ ပေးခဲ့သော ကောလိပ် အဝင်အထွက် တံဆိပ်ပြား အကူအညီဖြင့် သူက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ကျောင်းရေးရာ ဌာနမှ လက်‌ထောက် ဝန်ကြီး ဘယ်လီယာနှင့် တွေ့ခဲ့သည်။

တံဆိပ်ပြားကို မြင်ပြိးနောက် ဘယ်လီယာက အပြင်ကျောင်းမှ ကောလိပ်ဆရာ လာလျှောက်သော ဆာ-“ရိုမန်”အား ရုံးထဲ၌ ချက်ချင်းပင် “သီးသန့်” တွေ့ဆုံခဲ့သည်။

ရုံးခန်းထဲမှ အသံလုံ မှော်စက်ဝိုင်းများကို ဖွင့်ပြီးနောက် ချန်လွေ့က သက်ဆိုင်ရာ ပိုင်နက်များကို သတိထားလျက် အသက်သွင်းလိုက်သည်။ ဘယ်လီယာ၏ မျက်နှာပေါ်မှ အေးစက်စက် မောက်မာမှုများ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် ချီးမွမ်းခြင်း၊ ‌လေးစားခြင်းများ ပြည့်နှက်သွား၏။ “ရှင့်ရဲ့ အသွင်ပြောင်းမှော်က မယုံနိုင်စရာပဲ။ ရှင့် အငွေ့အသက်၊ မျက်နှာနဲ့ စိတ်နေသ‌ဘောထားက အရင်ကနဲ့ လုံးဝ မတူတော့ဘူး။ ကျွန်မက အသွင်ပြောင်းမှော်တချို့ကို သိပေမဲ့ ရှင်နဲ့ယှဉ်ရင် ကျွန်မက ဘာမှ မဟုတ်ဘူး။”

“ဘာမှ မဟုတ်ပါဘူး။ မဒမ်- ဝန်ကြီး ဘယ်လီယာ။” ချန်လွေ့က ဆိုဖာပေါ်တွင် ပျင်းပျင်းရိရိ မှီနေရင်း ဘယ်လီယာ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေလိုက်သည်။ သူက လူရမ်းကား တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ “မင်းလည်း ငါ့ကို အံ့သြသွားစေတယ်။ တကယ်တော့ မင်းရဲ့ တကယ့် မျက်နှာက အရင်တုန်းက ရုပ်ဖျက်ထားတာထက် အများကြီး ပိုလှတယ်။ ငါ လုံးဝ သတိမထားမိခဲ့ဘူး။”

ထိုချီးမွမ်းမှုကြောင့် ဘယ်လီယာ၏ အပြုံးက အနည်းငယ် ပို၍ စွဲမက်စရာ‌ကောင်းလာခဲ့သည်။ “ရှင်ပြန်လာတာ အချိန်ကိုက်ပဲ။ ဒီရက်ပိုင်း ဟိုတကယ်ကို ကျွန်မ လူလွှတ်ပေမဲ့ ရှင့်ကို ရှာမတွေ့ခဲ့ဘူး။”

“တစ်ခုခု ရှိလို့လား။”

“အတော်လေး အရေးကြီးတယ်။ အရှေ့ခရိုင် ဂိုဏ်းအုပ်အချုပ် ရယ်ဒန်က သေသွားတဲ့အတွက် သူ့နေရာက လစ်လပ်နေတယ်။ အန်ဂျလီက အရှေ့ခရိုင်မှာရှိတဲ့ ဂိုဏ်းအုပ် ၇ယောက်ထဲက တစ်ယောက်ပဲ။ သူက ဂိုဏ်းအုပ်အချုပ် အလောင်းအလျာ ဖြစ်လာလိမ့်မယ်။ သူက ကြယ်အလင်းအင်ပါယာ တစ်ခုလုံးရဲ့ ယုံကြည်မှုစွမ်းအားကို ကြီးကြီးမားမား အားနည်းစေဖို့အတွက် တာဝန်တစ်ခု ရထားတယ်။ သူက ပထမဆုံး အောင်မြင်ခဲ့ပြီးတော့ အကြီးအကဲတွေ အကဲဖြတ်တာကို ဖြတ်ကျော်နိုင်ခဲ့ရင် သူက ဂိုဏ်းအုပ်အချုပ် ဖြစ်လာလိမ့်မယ်။”

ချန်လွေ့က တွေးလိုက်သည်။ “မင်းက သူ ဂိုဏ်းအုပ်အချုပ် ဖြစ်လာမှာကို မမြင်ချင်တဲ့ပုံပဲ။ သူက အောင်မြင်သွားရင် ငါတို့ရဲ့ ခြိမ်းခြောက်မှုက ယာယီ မရှိတော့ဘူး။ ဂိုဏ်းထောက် တစ်ယောက် အနေနဲ့ မင်းက ဂိုဏ်းအုပ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါက မင်း နောက်ကွယ်က အင်အားစု မြင်ချင်တဲ့အရာ မဟုတ်ဘူးလား။”

ဘယ်လီယာက‌ လေးနက်သော အမူအရာတစ်ခု ပြသလိုက်၏။ “ကျွန်မက ဂိုဏ်းအုပ်ဖြစ်လာရင် ကောင်းတာပေါ့။ ဒါပေမဲ့ ရှင့်ရဲ့ အလားအလာနဲ့ဆိုရင် အန်ဂျလီ ဂိုဏ်းအုပ်အချုပ် ဖြစ်တာနဲ့ သူ့ သံသယတွေ ပိုပိုကြီးလာမှာပဲ။ ဂိုဏ်းအုပ်အချုပ်နေရာက သူ့ရဲ့ နည်းလမ်းတွေကို ပိုပြီးတော့ တဲ့တိုးဆန်လာစေလိမ့်မယ်။ ဒါက ကျွန်မတို့ ခေါင်းပေါ်မှာ အချိန်မရွေး ပြုတ်ကျနိုင်တဲ့ ဓားတစ်ချောင်း ချိတ်ထားသလိုမျိုးပဲ။ ဒါက ကျွန်မတို့နဲ့ ကျွန်မနောက်က အင်အားစု မမြင်ချင်တဲ့အရာပဲ။”

ဂိုဏ်းအုပ် ၇ယောက်၊ အရှေ့ပိုင်း ဂိုဏ်းအုပ်အချုပ်၊ အကြီးအကဲတွေ....။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ ဒါက လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းရဲ့ အတွင်းထဲကို ဝင်ရောက်ဖို့ သူ့(အသူရာ)အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ အဂ္ဂိရတ်အဖွဲ့အစည်း ပျက်သုဉ်းသွားတာမျိုး ပြန်ဖြစ်လို့ မရဘူး။ ဒီအရာတွေ မဖြစ်ခင် ကြောက်စရာအကောင်းဆုံး အလားအလာ ရှိတဲ့ ကပ်ဘေးကို ငါ အမြန်ဆုံး ဖြေရှင်းရမယ်။

All Chapters