ကောင်းကင်မြို့တော်သို့ ပြန်ရောက်လာခြင်း
Vol. 49 Ch. 795
ချန်လွေ့က ခဏတွေ့ပြီး အစမ်းသဘော မေးကြည့်လိုက်သည်။ “မင်းနောက်က အင်အားစုမှာ ဂိုဏ်းအုပ်အချုပ်အတွက် လျာထားပြီးသား ရှိလား။”
“မရှိဘူး။” ဘယ်လီယာက ခေါင်းခါသည်။ “အရှေ့ပိုင်းခရိုင် အင်အားစုတွေက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူး။ ကျွန်မက လျို့ဝှက်နယ်ရုပ်တစ်ရုပ်ပဲ။ ကျွန်မက ဂိုဏ်းအုပ်အချုပ် အတွက် ယှဉ်နိုင်မယ်ဆိုရင် အထောက်အပံ့တချို့ ရလာနိုင်တယ်။ ဒါပေမဲ့ ကျွန်မက ဂိုဏ်းထောက်တစ်ယောက်ပဲ။ ဂိုဏ်းအုပ်တောင် မဟုတ်ဘူး။ အဲဒါကြောင့် ဒါက မဖြစ်နိုင်ဘူး။”
“ဖြစ်လာတာတွေက မဖြစ်နိုင်တာကနေ အမြဲတမ်း ပေါ်ထွက် လာတာပါပဲ။” ချန်လွေ့က လက်ထဲ၌ ဝိုင်တစ်ခွက် ကိုင်ထားရင်း ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “တကယ်လို့ အဲဒီအချိန် အန်ဂျလီ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် မင်းက ဂိုဏ်းအုပ်အချုပ်အတွက် အလျောင်းအလျာ ဖြစ်လာနိုင်လား။”
“ရှင် ပြောချင်တာက....” ဘယ်လီယာ၏ မျက်လုံးများ အရောင်တောက်သွား၏။
“အခုအချိန် အန်ဂျလီ မတော်တဆ ဖြစ်သွားမယ်ဆိုရင် မင်းကို အရင်ဆုံး သံသယဝင်ကြမှာ မဟုတ်ဘူး။ တခြား ယှဉ်ပြိုင်သူ ၆ယောက်ကို အရင်သံသယဝင်မှာပဲ။” ချန်လွေ့က ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။ “မင်းက ဂိုဏ်းအုပ်အသစ် ဖြစ်လာမယ်ဆိုရင် ဂိုဏ်းအုပ် ၇ယောက်ထဲမှာ ဂိုဏ်းအုပ်အချုပ် ဖြစ်လာဖို့ မျှော်လင့်ချက် အနည်းဆုံးနဲ့ သတိမထားမိဆုံး ဖြစ်လာမှာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အန်ဂျလီကို အနိုင်ရပြီးတော့ လိုချင်တဲ့ ပန်းတိုင်ကို ရသွားပြီ။ သီဝရီအရတော့ မင်းက ဂိုဏ်းအုပ်အချုပ် အလောင်းအလျာ တစ်ယောက်ပဲ။ အချိန်တိုအတွင်း မင်းက မယုံနိုင်စရာ ရလာဒ်တွေကို ဖန်တီးပြီးတော့ မင်းနောက်ကွယ်က အင်အားစု အကူအညီနဲ့ ပေါင်းလိုက်မယ်ဆိုရင် အင်အားစု အသစ်တစ်ခု ထွက်ပေါ်လာပြီးတော့ ဂိုဏ်းအုပ်အချုပ် ဖြစ်လာဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး။”
“ရှင်ပြောတာတော့ လွယ်တာပေါ့။ ဒါပေမဲ့ ဒါက အန္တရာယ် များလွန်းတာ အသေအချာပဲ။” ဘယ်လီယာက အလျင်အမြန် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူက ဉာဏ်များသူတစ်ယောက် ဖြစ်၏။
“အန္တရာယ်ဆိုတာက အကျိုးအမြတ်နဲ့ အမြဲတမ်း အတူတူ တည်ရှိနေတာ။ မင်းက အချိန်မရွေး စွန့်ပစ်ခံရနိုင်တဲ့ နယ်ရုပ် တစ်ရုပ် မဖြစ်ချင်ဘူး မဟုတ်လား။”
“ကျွန်မလို နယ်ရုပ်တစ်ရုပ်က ရှင်ထင်ထားသလို မဟုတ်ဘူး။” ဘယ်လီယာက အသာလေး ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ရှင့်ရဲ့ ကမ်းလှမ်းမှုက ကျွန်မကို နောက်ထပ် ပိုချောမွေ့တဲ့ လမ်းကြောင်း တစ်ခုကို ပေးခဲ့တယ်။ ကျွန်မ တကယ် စိတ်ဝင်စားတယ်ဆိုတာ မငြင်းပါဘူး။”
“မင်း ရွေးချယ်မှုက ဘယ်လိုပဲဖြစ်ဖြစ်၊ အန်ဂျလီရဲ့ နောက်ဆုံးရထားတဲ့ လှုပ်ရှားမှု အတိအကျတွေကို သိဖို့လိုတယ်။ အခု ငါက “ပျောက်ဆုံး”နေတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါက အမှောင်ထဲမှာ ပုန်းအောင်းနေတာနဲ့ အတူတူပဲ။ အခွင့်အရေး ရှိလာမယ်ဆိုရင် သူ့ရဲ့ “မတော်တဆမှု”က ပိုပြီးတော့ သဘာဝကျပြီး အကြောင်းအကျိုးသင့်မှာပဲ။”
ဘယ်လီယာက ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ကျွန်မ စဉ်းစားဖို့ အချိန်လိုဦးမယ်။ အဲဒါကြောင့် ကြယ်မျှော်စင်ကိစ္စပြီးရင် ရှင့်ကို အဖြေပေးမယ်။”
“ကောင်းပြီလေ။ မင်းဆုံးဖြတ်ချက်ကို စောင့်နေမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က အကျိုးအမြတ်တွေ မျှဝေထားတဲ့ မဟာမိတ်တွေပဲ။ ပြီးတော့ ငါတို့က “ရင်းနှီး”ကြတယ်။” ချန်လွေ့က စကား လမ်းကြောင်း လွှဲလိုက်သည်။ “ငါ ကျောက်စိမ်းသစ်တောပင်လယ် ငွေလ ကောင်းကင်မြို့တော်ကို သွားချင်တယ်။ မင်းမှာ အဆင်ပြေစေမယ့် လမ်းကြောင်းတစ်ခုခု ရှိလား။”
“ငွေလ ကောင်းကင်မြို့တော်ကိုလား။” ဘယ်လီယာက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
“အတိအကျ ပြောရရင် အဲဒါက ငါ့ရဲ့ လေ့ကျင့်မှုနဲ့ ဆိုင်တယ်။”
ချန်လွေ့က အသေးစိတ် အကြောင်းရင်းကို မပြောခဲ့သော်လည်း ဘယ်လီယာက မမေးခဲ့ပေ။ ခုနက စကားက အလိမ်အညာ မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးက စာချုပ် ချုပ်ထားကြသော မဟာမိတ်များ ဖြစ်ကြ၏။ သူ အင်အားကြီး လေလေ၊ ဘယ်လီယာအတွက် အထောက်အပံ့ ပိုအင်အားကြီးလာ လေလေ ဖြစ်ပေသည်။ အထူးသဖြင့် ခုနက အကြံက ဘယ်လီယာ စိတ်ထဲရှိ ကြံစည်ထားသည်နှင့် အတော်လေး နီးစပ်ခဲ့သည်။ အမှန်တကယ်၌ ၎င်းကို ပိုမို ရဲတင်းပြီး ဆွဲဆောင်မှု ရှိလေသည်။
“ငွေလ ကောင်းကင်မြို့တော်ဆိုမှ.... လက်ထောက် ဌာနမှူး ဆိုခရစ်တီးက မှော်စက်ဝိုင်းထွင်းထားတဲ့ ရှေးကျောက်ပြား တစ်ခုကို ရထားတယ်။ ဒီရက်ပိုင်း သူက ကျောက်ပြားနဲ့ တပည့်တွေကို ခေါ်ပြီးတော့ ငွေလ ကောင်းကင်မြို့တော်က နတ်သူငယ် မဟာဆရာသခင် ဖီနိုအီရာဆီ သွားလည်ဖို့ စီစဉ်နေတယ်။ သူတို့ကို လိုက်ပို့ဖို့အတွက် ရှင့်ကို အလုပ်ရှာနေတဲ့ “ဆရာ”တစ်ယောက်အနေနဲ့ အကြံပြုပေးလို့ ရနိုင်မလား ကြိုးစားကြည့်လိုက်မယ်။ ဒါပေမဲ့ ဆိုခရစ်တီး ကိုယ်တိုင်က သူတော်စင်အဆင့် မှော်ပညာရှင် တစ်ယောက်ပဲ။ ပြီးတော့ သူ့ တပည့်တွေမှာ သိုင်းကျွမ်းကျင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက် ရှိတယ်။ အဲဒါကြောင့် သူတို့က အစောင့်တွေ လိုအပ်မှာ မဟုတ်ဘူး....”
“မဟုတ်ဘူး။” ချန်လွေ့က ဝိုင်တစ်ငုံ သောက်လိုက်သည်။ “အခု ငါ “လျှောက်”မှာက သိုင်းပညာအတွက် မဟုတ်ဘူး။ မှော်စက်ဝိုင်းအတွက်ပဲ။”
ဘယ်လီယာ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ “ရှင်က တကယ့်ကို အံ့သြစရာပါပဲ။ ဆာ-ရိုမန်။”
၃ရက်ကြာပြီးနောက် ချန်လွေ့က ကြယ်ပြာမြို့ ဆိပ်ကမ်းရှိ ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားတော့မည့် သင်္ဘောပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူ့ဘေးနားတွင် မုတ်ဆိတ်ဖြူနှင့် ဆံပင်ဖြူ ရှိသော အဘိုးအို တစ်ယောက် ရှိနေလေသည်။
ထိုအဘိုးအိုက သူတော်စင်အဆင့် မှော်ပညာရှင် တစ်ယောက် ဖြစ်နေသော ကြယ်အလင်းကောလိပ်မှ နာမည်ကျော် ထိပ်တန်း မှော်စက်ဝိုင်းဆရာသခင် လက်ထောက် ဌာနမှူး ဆိုခရစ်တီး ဖြစ်လေသည်။ နောက်ဘက်ရှိ ကုန်းပတ်ပေါ်မှ အမျိုးသားနှင့် အမျိုးသမီးတို့က ဆိုခရစ်တီး၏ တပည့်များ ဖြစ်ကြသည်။ ယခု တစ်ခေါက် သူတို့က ဆရာဖြစ်သူနှင့်အတူ ဒဏ္ဍာရီလာ မဟာဆရာသခင် နတ်သူငယ် ဖီနိုအီရာထံ သွားလည်ရန် ငွေလ ကောင်းကင် မြို့တော်သို့ လိုက်လာကြခြင်း ဖြစ်သည်။
“ရိုမန်။ ဒီထွင်းစာပုံစံကို ထပ်ပြီးတော့ တိုးမြှင့်လို့ရမယ် ထင်လား။” ဆိုခရစ်တီး၏ မျက်လုံးများက ထိုအချိန်၌ တောက်ပ နေခဲ့ပြီး ပုံမှန်လေးနက်မှုနှင့် လုံးဝ ကွဲပြားနေခဲ့သည်။ ဆာ- လက်ထောက်ဌာနမှူးနှင့် ရင်းနှီးသော တပည့်များက သူတို့ဆရာကို ထိုကဲ့သို့ ဖြစ်စေနိုင်သောအရာမှာ တစ်ခုသည်းသာ ရှိကြောင်း သိကြသည်။ ထိုအရာက မှော်စက်ဝိုင်းပင်။
ထို “ရိုမန်”က ကျောင်းရေးရာဌာနက အကြံပြုထားသော မှော်စက်ဝိုင်းဆရာ ရာထူးအအတွက် လျှောက်ထားသူ ဖြစ်၏။ သူက ကြယ်မျှော်စင်၌ နေရာအပိုတစ်ခု ထပ်ရချင်ဟု ပြောကြသည်။ ယခင်က ထိုသူကို ဆိုခရစ်တီး လက်မခံခဲ့ပေ။ အထူးသဖြင့် ကိုယ်ပိုင် အကျိုးအမြတ်အတွက်သာ ဂရုစိုက်ကြသော ကျောင်းရေးရာ ဌာနမှလူများ အကြံပြုခြင်းကြောင်း ဖြစ်၏။ သို့ရာတွင် ရိုမန်ပြသသော စွမ်းရည်များကို ဆိုခရစ်တီးကို အံ့အားသင့်သွားစေခဲ့သည်။
မှော်စက်ဝိုင်း၌ အခြေခံကောင်းကောင်း ရှိသည့်အပြင် ရိုမန်၌ မှော်စက်ဝိုင်းများကို တိုးမြှင့်ပေးနိုင်သော ထူးခြားလှသည့် ပါရမီတစ်ခုလည်း ရှိနေသည်။ လူတိုင်းသိသည့်အတိုင်းပင်၊ မှော်စက်ဝိုင်းက ရေးဆွဲရန်၊ ပုံဖော်ရန်အတွက် မှော်အကူပစ္စည်း လိုအပ်ပြီး တစ်ချိန်တည်းမှာပင် အစွမ်းသတ္တိ ထုတ်နိုင်ရန်အတွက် သဘာဝစွမ်းအားနှင့် ဒြပ်စင်များနှင့် ပဲ့တင်ထပ်စေရန် မှော်အစွမ်းများ ထည့်သွင်းပေးရသည်။ ထိုထဲတွင် အမျိုးမျိုးသော အကြောင်းအရာများ ပါဝင်ပြီး မှော်၊ သင်္ချာ၊ နက္ခတ် နှင့် အဂ္ဂိရတ်တို့ စသဖြင့် ဖြစ်၏။ ခက်ခဲမှုအဆင့်က သိသာထင်ရှားလှပေသည်။
မှော်စက်ဝိုင်းများ အားလုံးမှာ အလွန်တိကျပြီး အသေးစိတ်သော အရာများ ဖြစ်ကြသည်။ မည်သည့် အပြောင်းအလဲမဆိုက ကွင်းဆက် တုံ့ပြန်မှုများကို ဖြစ်စေနိုင်ပြီး အခင်းအကျင်းတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်၏။ သို့ရာတွင် ထိုရိုမန်က မူလအခင်းအကျင်းကို မဖျက်ဆီးဘဲ မှော်စက်ဝိုင်း စွမ်းဆောင်ရည်ကို တိုးမြှင့်ကာ လွတ်လွတ်လပ်လပ် ဖျက်ဆီးနိုင်၏။ ထိုအရာက လုံးဝကို မယုံနိုင်စရာပင်။ သူ့အရှေ့မှ လူငယ်လေးက သေချာပေါက် အသက်၁၀၀ မှော်စက်ဝိုင်း မဟာဆရာသခင်ယောင် မဟုတ်သလို မဟာဆရာသခင်တစ်ယောက်လည်း မဟုတ်ပေ။ ထို့ကြောင့် ဆိုခရစ်တီးက ထို “ပါရမီ”ကို ယုံကြည်သွားခဲ့၏။
လူအများက မသိလိုက်ဘဲ မျက်မြင်ကိုယ်တွေ့ အမှားများ အမြဲ လုပ်တတ်ကြောင်း သက်သေများ ရှိခဲ့သည်။ ဆိုခရစ်တီးက ထိုလူငယ်လေးမှာ အမှန်တကယ် မှော်စက်ဝိုင်း မဟာ ဆရာသခင်ယောင် တစ်ယောက် ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။
“ဆာ-ဆိုခရစ်တီး။ ကျုပ်က ပါရမီအာရုံကို သုံးပြီးတော့ မှော်စက်ဝိုင်းမှာ အပြောင်းအလဲအချို့ကိုပဲ လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီမှော်စက်ဝိုင်းမျိုးကို ကျုပ် လံုးဝ နားမလည်ဘူး။ ကျုပ်ရဲ့ ပါရမီကတောင် အကန့်အသတ် ရှိတယ်။ အဲဒါကြောင့် အကန့်အသတ် မရှိဘဲနဲ့ သုံးလို့ မရဘူး။ ဒီမှာ အတော်လေး လွန်ကဲနေပြီ။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့က နားထင်ကို လက်ညှိုးထိုးပြီး မျက်နှာအမူအရာက အနည်းငယ် ခါးသက်သွားခဲ့သည်။ “ဒီရက်ပိုင်း စိတ်စွမ်းအင် သုံးစွဲမှုနှုန်းက များလွန်းသွားပြီ။ အခုတောင် ကျုပ် ခေါင်း နည်းနည်း မူးနေတယ်။”
“ဟုတ်သားပဲ။ ဟုတ်တယ်။ မင်း ကောင်းကောင်း နားဖို့အတွက် သင်္ဘောခန်းထဲ သွားလိုက်။ မနက်ဖြန်မှ ဆွေးနွေး ကြတာပေါ့။” ဆိုခရစ်တီးက နဖူးကို ပုတ်လိုက်ပြီး အလျင်အမြန် လက်ခံလိုက်သည်။ သူက ဆရာ အလောင်းအလျာ၏ “ပါရမီ”ကို ရှာဖွေတွေ့ရှိသွားသည့်အတွက် ရတနာတစ်ခုကို ရှာတွေ့သွားပုံ ရသည်။ သူက “ရိုမန်”နှင့် နေ့တိုင်း မှော်စက်ဝိုင်းအကြောင်း ဆွေးနွေးပြီး သူကလည်း အတော်များများ ရရှိခဲ့လေသည်။
လက်ထောက်ဌာနမှူးက မည်မျှပင် ကုန်ကျစေကာမူ ထိုပါရမီရှိသော “ရိုမန်”အား ကြယ်အလင်းကောလိပ် ဆရာ တစ်ယောက်အဖြစ် ခန့်ထားရန် စိတ်ပိုင်းဖြတ် လိုက်တော့သည်။
သုံးလေးရက် ကြာပြီးနောက် သင်္ဘောက ရေခဲပင်လယ်ကို ဖြတ်သွားပြီး ကျောက်စိမ်းသစ်တောပင်လယ်သို့ ရောက်ရှိလာ၏။ ချန်လွေ့၏ ယခင်တစ်ခေါက် တည်နေရာနှင့်မတူဘဲ ဆိုကရစ်တီး၏ သင်္ဘောက နတ်သူငယ်မျိုးနွယ်စု စောင့်ကြည့်နေသော ခရမ်းသစ်ခွ ဆိပ်ကမ်းကိုသာ ရောက်ရှိခဲ့ပြီး ထိုနေရာက နတ်သူငယ်မျိုးနွယ်စု ဌာန၏ ရှေ့ဝင်ပေါက်လည်း ဖြစ်ပေသည်။
လူသားလောက၌ နာမည်ကျော် ဆရာသခင် ဖြစ်သည့်အလျောက် နတ်သူငယ်မင်းသမီးတက်သော ကောလိပ်မှ လက်ထောက်ဌာနမှူး၊ နတ်သူငယ် မဟာဆရာသခင်၏မိတ်ဆွေ ဆိုခရစ်တီးတို့က နတ်သူငယ်မျိုးနွယ်စု၏ ဖော်ရွေမှုကို လက်ခံ ရရှိခဲ့ကြသည်။ သူတို့က နတ်သူငယ် ပြင်ဆင်ထားပေးသော ငွေပီဂါဆက်များကို စီး၍ ငွေလ ကောင်းကင်နန်းတော်သို့ ဦးတည်သွားတော့သည်။
ငွေလ ကောင်းကင်နန်းတော်သို့ ရောက်သောအခါ ညနေခင်း ရောက်နေပြီ ဖြစ်သည်။ ဆိုခရစ်တီးက မဟာဆရာသခင် ဖီနိုအီရာထံ သွားလည်ရန် ချက်ချင်းသွားချင်သော်လည်း မရိုင်းပြသင့်ကြောင်း သိသည့်အတွက် နတ်သူငယ်မျိုးနွယ်စု ပြင်ဆင်ထားပေးသော အခန်းထဲ၌နေရန် တပည့်များကို ခေါ်သွားလိုက်လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာက ချန်လွေ့ ယခင်က နေခဲ့ဖူးသော နေရာ ဖြစ်နေ၏။ ထိုနေရာက တိုင်းတခြား အရေးကြီး ပုဂ္ဂိုလ်များအတွက် အထူးပြင်ဆင်ပေးထားခြင်း ဖြစ်ဟန်တူသည်။ အတွင်းထဲမှ အနုစိတ်သော ပစ္စည်းများနှင့် ပရိဘောများက ပထမဆုံးအကြိမ် ရောက်လာသော တပည့်များကို အံ့သြသွားစေခဲ့သည်။ ချန်လွေ့က စိတ်မပါပေ။ သူက ထိုနေ့များ၌ ပါရမီများကို အများအပြား အသုံးပြုခဲ့သည့်အတွက် အနားယူရန် လိုအပ်နေခဲ့သည့်အတွက် အခန်းထဲဝင်ပြီး အိပ်ပျော်သွားသည်မှာ ကြာခဲ့လေပြီ။
အမှန်တကယ်၌ အခြားသူများ အိပ်နေစဉ် ချန်လွေ့က ခရမ်းသစ်တော အပြင်ဘက်သို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။
ယခင်အတွေ့အကြုံများနှင့် [ တိတ်တဆိတ် ]၊ [ ရုပ်ဖျက်ခြင်း ] အစွမ်းတို့ကြောင့် သူ့ခရီးက အခက်အခဲမရှိဘဲ ချောမွေ့နေခဲ့သည်။
ချန်လွေ့က ဖီနိုအီရာ၏ တပည့် တာရန်နာ ရှိနေသော ရေကန်နံဘေးမှ တဲအိမ်ကို ဖြတ်ကျော်သွားခဲ့ပြီး ခရမ်းသစ်တောသို့ တိတ်တဆိတ် ဝင်သွားခဲ့သည်။ ဖီနိုအီရာ တည်ရှိသော ခရမ်းနှလုံးသား သစ်အိမ်သို့ ရောက်လာသောအခါ နတ်သူငယ် မဟာဆရာသခင်က သစ်ပင်ကြီး၏ အရှေ့၌ စောင့်နေသည်ကို မြင်လိုက်ရ၏။
နတ်သူငယ် မဟာဆရာသခင်၏ ရှာတွေ့မှုကို မခံရဘဲ လမ်းတလျှောက်မှ မှော်စက်ဝိုင်းအားလုံးကို ချိုးဖျက်ရန် မဖြစ်နိုင်သည်မှာ အသေအချာပင်။ ထို့ပြင် ချန်လွေ့က အရှိန်၊ ဖြစ်စဉ်နှင့် လမ်းကြောင်းများကို ယခင်အတိုင်း တမင်တကာ ထိန်းချုပ်ထားခဲ့သည်။ နတ်သူငယ် မဟာဆရာသခင်၏ ဉာဏ်ပညာဖြင့်ဆိုလျှင် “ကျူးကျော်သူ”၏ သရုပ်မှန်ကို ခန့်မှန်းမိနိုင်ပေလိမ့်မည်။
“မတွေ့ရတာကြာပြီ။ ဆာ-ဖီနိုအီရာ။” ချန်လွေ့က ယခင်အတိုင်း အသွင်ပြောင်းပြီး ဦးညွှတ်လိုက်သည်။
ဖီနိုအီရာက လေးလေးနက်နက် ပြန်ဦးညွှတ်လိုက်၏။ “အံ့သြစရာကောင်းတဲ့ ပြန်လည်တွေ့ဆုံမှုပဲ။ ငါမင်းကို ဆာ-ရစ်ချက်လို့ ခေါ်ရမလား။ တောင်ပံ၄ဖက် တမန်တော်ကို သတ်ခဲ့တဲ့ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်။”
ချန်လွေ့က မရှင်းပြဘဲ ခေါင်းခါလိုက်သည်။ “ကျုပ်ရဲ့ နတ်သူငယ် မဟာဆရာသခင် မိတ်ဆွေက အဂ္ဂိရတ်ပညာ အောင်မြင်မှု ကွာဟချက်ကြောင့် သူ့ကို ဆာ-ဖီနိုအီရာလို့ ခေါ်သင့်တယ်လို့ သတိပေးနေတာ ထင်တယ်။”
သူတို့နှစ်ယောက်က အချင်းချင်း ပြုံးပြလိုက်ကြသည်။ လူတိုင်းတွင် လျို့ဝှက်ချက်များ ရှိကြသည်။ ရှင်းပြစရာ၊ မေးစရာ မလိုသော အရာများ ရှိကြ၏။ အပြန်အလှန် ယုံကြည်မှုရှိခြင်းက လုံလောက်ပြီဖြစ်သည်။ ထိုအရာက မိတ်ဆွေဟူသည်ပင်။
“ဒါက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး။ သစ်အိမ်ကို ပြန်သွားရအောင်။” ဖီနိုအီရာက ပြုံးပြသည်။ “ဒါနဲ့ အရင်တစ်ခေါက် ဝိုင်အရသာက တကယ့်ကို မမေ့နိုင်စရာပဲ။ ဒီနေရာမှာမရှိတဲ့ သစ်တောလူပုက ငါ ဝိုင်ကောင်းကောင်း သီးသန့်သောက်ရတာကို မနာလိုဖြစ်မှာ သေချာတယ်။”
ခရမ်းနှလုံးသားသစ်အိမ် ဧည့်ခန်းက ရနံ့မွှေးဝိုင်အနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။ ဖီနိုအီရာနှင့် ချန်လွေ့တို့ အရှေ့ရှိ စားပွဲပေါ်၌ အနုစိတ်သော အစိမ်းရောင် စားစရာများ သုံလေးပန်းကန် တင်ထား၏။ နတ်သူငယ် မဟာဆရာသခင်က ယစ်မူးသော အမူအရာနှင့်အတူ ဝိုင်ကောင်းကောင်းကို ဖြည်းဖြည်းချင်း အရသာ ခံနေခဲ့သည်။ လူပု မဟာဆရာသခင်သာဆိုလျှင် သေချာပေါက် ဝိုင်ပုလင်းကို ကောက်ယူပြီး တစ်ခါတည်း အကုန်သောက်ကာ အမြည်းမရှိသည့်အတွက် အပြစ်တင် ဝေဖန်နေပေလိမ့်မည်။
“မင်းရဲ့ ယန္တရားစွမ်းရည်က အတော်လေး မြင့်မြင့်မားမားကို ရောက်နေပြီပဲ။ အချို့အပိုင်းတွေမှာ မဟာဆရာသခင်ကတောင် မင်းလောက် မကောင်းဘူး။ မင်းလိုနေတာက အခွင့်အရေး တစ်ခုပဲ။ ဒါပေမဲ့ မဟာဆရာသခင် ဖြစ်ချင်တဲ့ မင်းဆန္ဒက အရင်တစ်ခေါက် ကထက် ပိုပြီးတော့ အလောကြီးနေတဲ့ပုံပဲ။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။”
“အလောကြီးတာ မကောင်းဘူးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်က သိပ်မကြာခင် မဟာဆရာသခင်အဆင့် ယန္တရား ပညာရှင်တစ်ယောက်နဲ့ သူသေကိုယ်သေ တိုက်ပွဲမှာ ရင်ဆိုင်ဖို့ ရှိတယ်။”
နတ်သူငယ် မဟာဆရာသခင်၏ နှုတ်ခမ်းဆီသို့ ရွေ့သွားသော ဖန်ခွက်ငယ်လေးက ရပ်တန့်သွားပြီး ဝိုင်သုံးလေးဖက် ဖိတ်သွား၏။
“ငါလည်း ယန္တရားမဟာဆရာသခင် ဖြစ်ပေမဲ့ နားမလည်နိုင် သေးဘူး။ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မဟာဆရာသခင်တစ်ယောက်နဲ့ သူသေကိုယ်သေ တိုက်ပွဲမှာ ယန္တရားပညာကို သုံးဖို့ ရွေးချယ်မှာလား။” နတ်သူငယ် မဟာဆရာသခင်က သူ့ကို ဖျပ်ခနဲ ကြည့်လိုက်၏။ “ငါသိရ သလောက်ဆိုရင် ယန္တရားမဟာဆရာသခင်က လက်တစ်ဆုပ်စာပဲ ရှိတယ်။ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မေးလို့ရမလား။ ငါ အကြံတချို့ ပေးနိုင်လောက်တယ်။”
ချန်လွေ့က သက်ပြင်းချလိုက်၏။ “ဒီရန်သူက ခင်ဗျားသိတဲ့ မဟာဆရာသခင် မဟုတ်ဘူး။ အတိအကျပြောရရင် သူက သူတို့တွေထက် ပိုပြီးတော့ ကြောက်စရာကောင်းလောက်တယ်။”
နတ်သူငယ် မဟာဆရာသခင်၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီးနောက် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။ သူက ထပ်ဖြည့် ပြောလိုက်၏။ “လူတိုင်းမှာ သူတို့ ရွေးချယ်ကြတဲ့ လမ်းကြောင်းတွေ ရှိကြတယ်။ မင်း ဒီကို လာရတာက ငါနဲ့ ဘန်းဒ်ကို ယုံကြည်လို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ကူညီဖို့ ငါတို့ အကောင်းဆုံး ကြိုးစားမှာပါ။”