တည်နေရာများ
Vol. 49 Ch. 799
ဟန့်ခ်၏ စွမ်းအားအကဲဖြတ်မှုက A အဆင့် ဖြစ်ပြီး သူ၏ ခွန်အားက A+ အဆင့် ရောက်ရှိနေသော်လည်း စိတ်ဝိညာဉ် စွမ်းအားက B အဆင့်သာ ဖြစ်၏။ ထိုနယ်မြေ၌ နတ်ဆိုးဧကရာဇ် အဆင့် အလတ်ပိုင်းစွမ်းအားက အတော်လေး အင်အားကြီးမား ပေသည်။
ထို “ကိုယ်လုပ်တော်များ”ကဲ့သို့ မဟုတ်ဘဲ အမျိုးသမီး အော့ခ်တစ်ယောက်က အနိမ့်ပိုင်း ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး ဝိုင်သောက်နေ၏။ သူက နက်မှောင်သော အသားအရေရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော မင်ကြောင် အများအပြား ရှိနေသည်။ သူ၏ စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားက C+ ဖြစ်၏။ သူက မှော်ဆရာမ ဖြစ်လောက်ပေသည်။
ချန်လွေ့က အငွေ့အသက်ကို ဖုံးကွယ်ထားသည့်အတွက် အော့ခ်ခေါင်းဆောင်က သူ့ကို ကြည့်ပင်မကြည့်ပေ။ သူက လူသား စီးပွားရေးသမားကို တစ်ခါတည်း မေးလိုက်၏။ “ဒီတစ်ခေါက် လူဘယ်နှစ်ယောက် လာတာလဲ။”
အော့ခ်ခေါင်းဆောင်၏ ပထမဆုံး မေးခွန်းက ပစ္စည်းအကြောင်း၊ ပိုက်ဆံအကြောင်း မဟုတ်သည့်အတွက် ခရာဒီဗာကို အံ့သြသွားစေခဲ့သော်လည်း သူက အမှန်အတိုင်း ပြန်ဖြေလိုက်၏။ “စုစုပေါင်း ၅၃ယောက်ပါ။ ဒီတော်ဝင် နတ်သူငယ်တော့ မပါပါဘူး။”
“နတ်သူငယ် ဟုတ်လား။” ဟန့်ခ်က ချက်ချင်းပင် ချန်လွေ့ကို ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများက ထူးဆန်းသော အကြည့်တစ်ခုဖြင့် လက်ခနဲ ဖြစ်သွား၏။ “မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်။ မင်းက နတ်သူငယ် ဟုတ်မဟုတ် ငါ သိချင်တယ်။”
“ကျုပ်က နတ်သူငယ် ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ဟန့်ခ်၏ မျက်လုံးထဲ၌ မကောင်းကြံစည်စိတ်ကို အာရုံခံမိလိုက်သည်။ “ကျုပ် ဂါရွန်မျိုးနွယ်စုဆီ ရောက်လာတာက နတ်သူငယ်တစ်ပိုင်း မိန်းကလေး တစ်ယောက်ကို ရှာဖို့ပဲ။ ဆာ-ခေါင်းဆောင်က အကူအညီတချို့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် အထိုက်အလျောက် ပေးမှာပါ။”
“နတ်သူငယ်တစ်ပိုင်း မိန်းကလေးလား။” ဟန့်ခ်၏ မျက်လုံးများ အရောင်တောက်သွား၏။ “မျက်မှန်နဲ့ မျက်နှာဖုံး တပ်ထားတဲ့ ကောင်မလေး မဟုတ်လား။”
“မျက်မှန်”ဟူသော စကားလုံးကို ကြားလိုက်သောအခါ ချန်လွေ့က ထိတ်လန့်သွားခဲ့သည်။ “ဟုတ်တယ်။ သူ ဖြစ်လောက်တယ်။”
“ဟားဟားဟားဟား...” ဟန့်ခ် အော်ရယ်လိုက်၏။ “ဒါက အော့ခ်နတ်ဘုရားဆီက ကောင်းချီးပေးခံရတာပဲ။ ငါက နတ်သူငယ်တစ်ပိုင်းကို မဖမ်းမိခဲ့ပေမဲ့ နောက်ထပ် နတ်သူငယ် တစ်ယောက် ရောက်လာတယ်။ နတ်သူငယ်တစ်ယောက်နဲ့ လူသား ၅၃ယောက်။ မဟာနတ်ဆရာမဆီကနေ ငါ ဆုလာဒ် မြိုးမြိုးမြက်မြက် ရမှာ အသေအချာပဲ။”
မဟာနတ်ဆရာမဆီက ဆုလာဒ် မြိုးမြိုးမြက်မြက်လား။ ယခုတွင် လူသား စီးပွားရေးသမား ခရာဒီဗာကပင် ထိုအရာက လျို့ဝှက်ကြံစည်ထားခြင်းဖြစ်ကြောင်း သဘောပေါက်သွား၏။ ဒီတစ်ခေါက် ကုန်သွယ်ဖို့အတွက် အိပ်မက်ဆိုး တောနက်ထဲကို လာခဲ့တာက တကယ့် အိပ်မက်ဆိုး ဖြစ်သွားမှာ စိုးရတယ်။
ထိုကဲ့သို့ ဖရိုဖရဲ အခြေအနေ၌ အော့ခ်များက ရတနာများကို လုယက်ပြီး အားနည်းသူများကို စားရန်အတွက် သတ်ပစ်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ ကုန်သည်အဖွဲ့က ဓားပြတိုက်ခြင်းတွင် မကြာခဏ ပစ်မှတ်ဖြစ်ခံရသော်လည်း ပုံမှန်အားဖြင့် ရေရှည် အကျိုးအမြတ်အတွက် ပိုကြီးမားသော အော့ခ်မျိုးနွယ်စုများက အရောင်းအဝယ် ပတ်သက်မှုရှိသော ကုန်သည်အဖွဲ့များကို ထိုသို့ မပြုလုပ်တတ်ကြပေ။ ဂါရွန်မျိုးနွယ်စုက ရုတ်တရက် မည်သည်ကြောင့် ပြောင်းလဲသွားရကြောင်း မည်သူမှ မသိကြပေ။
ဟန့်ခ်၏ ရယ်သံက လှုပ်ရှားရန်အတွက် အချက်ပြ ဖြစ်ဟန်တူသည်။ ကြေးစားများ၏ ဒေါသထွက်နေသော အော်သံများက တဲအိမ်အပြင်ဘက်မှ ထွက်လာခဲ့သည်။ လေဖြူ၏ ဟီသံနှင့် အော့ခ်များ၏ ဟိန်းဟောက်သံတို့ကိုလည်း ကြားနေရ၏။
ဟန့်ခ်က ကြောက်စရာ အပြုံးတစ်ခု ပြသပြီး သားရဲ အရေခွံ ထိုင်ခုံမှ ဖြည်းဖြည်းချင်း ထလာသည်။ အမျိုးသမီး အော့ခ်များက အလိုက်သတိ နောက်ဆုတ်သွားကြပြီး ဝိုင်သောက်နေသော နတ်ဆရာကလည်း ထလာ၏။
လူသား စီးပွားရေးသမား၏ နာ့ဗ်ကြောများ ရုတ်တရက် တောင့်တင်းကုန်သည်။ သူက ရုတ်တရက် မူးဝေသွားပြီး တဲအိမ် အပြင်ဘက်သို့ ရောက်ရှိသွားသည်။ သူ့လက်ကို ကိုင်ထားသော လက်က လျော့ရဲသွားခဲ့လေပြီ။ ၎င်းက “နတ်သူငယ်”၏ လက်ပင်။
တဲအိမ် အပြင်ဘက်၌ ကုန်သည်အဖွဲ့ဝင်များနှင့် ကြေးစားများက အော့ခ်များ၏ ဝိုင်းရံခြင်းကို ခံစားရသည်။ ခရာဒီဗာ၏ နှလုံးသား ရုတ်တရက် နစ်မွန်းသွား၏။ အခြေအနေက လေဝံပုလွေအဖွဲ့ထက် ပိုဆိုးတယ်။ ငါ့ဘက်မှာ အယောက် ၅၀ ကျော်လောက်ပဲ ရှိတယ်။ ပြီးတော့ တိုက်ခိုက်နိုင်တဲ့ ကြေးစားက အယောက်၃၀ပဲ ရှိတယ်။ အော့ခ် မျိုးနွယ်စုရဲ့ အခြေစိုက် စခန်းထဲမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိဘူး။
တစ်ခုတည်းသော မျှော်လင့်ချက်က ဒီလျို့ဝှက်ဆန်းကြယ်တဲ့ “နတ်သူငယ်”ပဲ။ ဒါပေမဲ့ ဒီ“နတ်သူငယ်”က ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ အော့ခ်တွေ အများကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဟန့်ခ်လိုမျိုး အင်အားကြီး အော့ခ်တွေနဲ့ အဲဒီ လျို့ဝှက်ဆန်းကြယ်တဲ့ စုန်းမလည်း ရှိတယ်။ သူ တစ်ယောက်တည်း ထွက်ပြေးနိုင်ရင်တောင် ကံကောင်းလို့ပဲ။
လေဖြူပတ်ပတ်လည်ရှိ အော့ခ်များက လဲကျသွားကြပြီး ခန္ဓာကိုယ်ပေါ်တွင် တဇက်ဇက် လျှပ်စီးပွင့်များ ရှိနေကာ အချို့ အော့ခ်များက မျက်လုံးများကို ဖုံးအုပ်ထားလိုက်ကြပြီး အတော်လေး မသက်မသာ ဖြစ်နေပုံရသည်။ ခုနက အော့ခ်များ၏ လုပ်ရပ်မှာ အမှန်တကယ် အလွန်ပင် ရုတ်တရက် ဖြစ်လွန်း လှသည်။ ကံကောင်းစွာပင် သတိရှိသော လေဖြူက အချိန်မီ အစွမ်းပြခဲ့ လေသည်။ လူသား ကြေးစားများကလည်း နောက်ဆုံး၌ သတိပြန်ဝင်လာကြပြီး ခံစစ်အနေအထားကို ဖွဲ့စည်းလိုက်၏။
သို့သော်လည်း ခေါင်းဆောင်အဆင့် လက်ရွေးစင် အော့ခ်များက လေဖြူထံသို့ ချဉ်းကပ်လာခဲ့သည်။ နှစ်ယောက်မှာ မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်ကြ၏။ သိင်္ဂဿ၏ လည်ဆံက ထောင်သွားပြီး ခြိမ်းခြောက်သလို ခံစားလိုက်ရလေသည်။
ချန်လွေ့က ခရာဒီဗာကို ကြေးစားများထံ ပစ်ထည့်လိုက်ပြီး သူ့ပုံရိပ်က လေဖြူအရှေ့တွင် ပေါ်ထွက်လာ၏။ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ သူတို့ကို ဝိုင်းရံထားသော အော့ခ်များက ရုတ်တရက် လေလံသွားကြောင်း ခံစားလိုက်ရသည်။ အားလုံး လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး တပြိုင်တည်း ပြုတ်ကျသွားကာ အချိန်အတော်ကြာအောင် မလှုပ်ရှားနိုင်တော့ပေ။
“[ မြေဆွဲအား ]”
နတ်ဆရာမက အော်ပြောလိုက်၏။ ဒီ [ မြေဆွဲအား ] ထိန်းချုပ်မှု အဆင့်က လုံးဝကို စိတ်ကူးလို့ မရနိုင်တဲ့အရာပဲ။ လူသားနဲ့ သိင်္ဂဿတို့ကလည်း မှော်ပညာအဝန်းအဝိုင်းထဲမှာ ရှိပေမဲ့ လုံးဝ သက်ရောက်မခံရဘူး။ ဒီ“နတ်သူငယ်”က အင်အားကြီး မှော်ပညာရှင် တစ်ယောက် ဖြစ်တဲ့ပုံပဲ။
နတ်ဆရာမထံမှ သီချင်းသံနှင့် ညည်းသံကဲ့သို့သော ထူးဆန်းသည့် စည်းချက်တစ်ခုရှိသော စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ [ မြေဆွဲအား ] အဝန်းအဝိုင်းအတွင်းရှိ အော့ခ်များက ရုတ်တရက် အနီရောင် တောက်သွားပြီး မျက်လုံးများ အနည်းငယ် ပို၍ ထိမ်းသိမ်းမရ ဖြစ်သွားကာ ခွန်အားများ ရုတ်တရက် တိုးမြင့်သွားကြ၏။
ထိုအရာက [ ထိန်းသိမ်းမရ တိုက်ပွဲကြွေးကြော်သံ ] ဖြစ်ပြီး အော့ခ် နတ်ဆရာမများက အသုံးပြုကြလေ့ ရှိသည်။ ထိုအရာက အော့ခ်များကို အချိန်တိုအတွင်း ထိန်းမရ သိမ်းမရ အခြေအနေသို့ ရောက်ရှိစေပြီး ထူးခြားသာလွန်သော စွမ်းအားများကို ထုတ်ပေးနိုင်လေသည်။
[ ထိန်းသိမ်းမရ တိုက်ပွဲကြွေးကြော်သံ ] သက်ရောက်မှု အောက်တွင် အင်အားကြီး အော့ခ်များက [ မြေဆွဲအား ] ကို ဆန့်ကျင်ပြီး တုန်တုန်ယင်ယင်နှင့် ထလာကြသည်။ သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူတို့က နောက်ဆုံးတွင် မထိန်းထားနိုင်တော့ဘဲ လဲကျသွားကြပြန်၏။
ချန်လွေ့က မှော်ပညာ၌ မကျွမ်းကျင်သော်လည်း မြေဒြပ်စင်ဘုရင် ချီးမြှောက်ခဲ့သော [ မြေဆွဲအား ] က ပေါ့သေးသေး မဟုတ်ပေ။ ထို့ပြင် ၎င်းကို စိတ်ဝိညာဉ်စွမ်းအား S++ အဆင့်ဖြင့် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။ သူက အနည်းဆုံး စွမ်းအားကိုသာ အသုံးပြုလျှင်ပင် [ ထိန်းသိမ်းမရ တိုက်ပွဲကြွေးကြော်သံ ] ပယ်ဖျက်နိုင်သော အရာတစ်ခု မဟုတ်ပေ။
အော့ခ်များက အနီးကပ် တိုက်ခိုက်ခြင်းကို မကြောက် ကြသော်လည်း မှော်ပညာရှင်များကို အလွန်အမင်း ကြောက်လန့် ကြသည်။ “နတ်သူငယ်” ပြသသော မှော်ပညာက ဟန့်ခ်ကို ထိတ်လန့်သွားစေခဲ့သည်။ သူက တိုးတိုးလေး ဟိန်းဟောက်ရင်း ညာလက်က အလျင်အမြန် ဖောင်းတင်းပြီး သန္ဓေပြောင်းကာ ဘယ်လက် နှစ်ဆခန့် ဖြစ်သွားခဲ့သည်။ ဖောင်းကားနေသော ကြွက်သားများက အနီရင့်ရောင်ဖြစ်နေပြီး လက်ဝါးတွင် ချွန်ထက်သော လက်သည်းများ ရှိနေပြီး တကယ့် သားရဲ တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
နတ်ဆရာမကလည်း ဗျူဟာ ပြောင်းလိုက်သည်။ သူ၏လက်ထဲ၌ ထူးဆန်းသော အရုပ်စာ ထွင်းထားသည့် ၂မီတာခန့် အရွယ် ထူးဆန်းသော ကျောက်တိုင်လုံးတစ်ခု ပေါ်ထွက်လာသည်။ နတ်ဆရာမက အလျင်အမြန် မန္တန်မန်းမှုတ်လိုက်ရာ တိုင်ပေါ်ရှိ အရုပ်စာများနှင့် ခန္ဓာကိုယ်ပေါ်မှ မင်ကြောင်များက တစ်ချိန်တည်း မှာပင် စတင် အရောင်တောက်လာ၏။ မြေပေါ်တွင် ခရမ်းရောင် ရောင်လျှံတစ်ခု ပေါ်ထွက်လာ၏။ ထိုအရာက အော့ခ် နတ်ဆရာမ၏ တမူထူးခြားသော အရုပ်စာစွမ်းအား ဖြစ်ပေသည်။
ရောင်လျှံထဲ၌ အော့ခ်အားလုံးပေါ်တွင် ခရမ်းရောင် ပုံစံကွက် အချို့ ရှိနေကြသည်။ ထိုထပ်တိုးလာသော ပုံစံကွက်က အချိန် အတိုင်းအတာတစ်ခုအတွင်း အော့ခ်များ၏ မှော်ခုခံမှုကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ပေသည်။ အဓိက အကျိုးအမြတ် ရရှိသူကတော့ ဟန့်ခ်ပင် ဖြစ်လေ၏။
နတ်ဆရာမ၏ အရုပ်စာ စွမ်းအားက အော့ခ်များ၏ မှော်ပညာ မခံနိုင်ခြင်းအတွက် ဖြည့်တင်းထားခြင်း ဖြစ်သည်။ ဟန့်ခ်၏ ယုံကြည်မှုက ချက်ချင်းပင် တိုးတက်သွားခဲ့သည်။ သူက ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ်ထဲ၌ အင်အားကြီး အဟုန်တစ်ခု ထွက်လာပြီး ထို “နတ်သူငယ် မှော်ပညာရှင်”ထံ ပြေးဝင်သွား၏။ “နတ်သူငယ် မှော်ပညာရှင်”၏ [ မြေဆွဲအား ]က အချိန် ပြည့်တော့မည် ဖြစ်သည်။ ဟန့်ခ် အမြန်ရောက်လာသည်ကို မြင်သည့်အခါ နတ်သူငယ်က နောက်ထပ် မှော်ပညာကို မသုံးနိုင်တော့ဘဲ အဟုန်ကြောင့် လွှမ်းမိုးခံလိုက်ရဟန်တူပြီး ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။
ဟန့်ခ်၏ သန္ဓေပြောင်း ညာလက်က ထိတ်လန့်ဖွယ် စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားပြီး လက်သည်းများက သတ္တုရောင် လက်သွားကာ ရန်သူကို အလျင်အမြန် ကုတ်ခြစ်လိုက်၏။ ထိုကဲ့သို့ အကွာအဝေးအတွင်း သူက ထိုအားနည်းသော “နတ်သူငယ်မှော်ပညာရှင်” ကို ၃စက္ကန့်အတွင်း စုတ်ဖြဲနိုင်မည်ဖြစ်ကြောင်း လုံးဝ ယုံကြည်ချက် ရှိနေသည်။
ဧရာမလက်ကြီးက “နတ်သူငယ်မှော်ပညာရှင်”ကို ထိတော့မည့် အချိန်၌ လူတိုင်း၏မျက်လုံးများ ဝေဝါးသွားခဲ့ကြသည်။ ဟန့်ခ်က “နတ်သူငယ်မှော်ပညာရှင်”နှင့်အတူ လေထဲသို့ ရောက်ရှိသွား၏။ အော့ခ်များက ခေါင်းဆောင်အတွက် ကြွေးကြော်လိုက်ကြသည်။
လေထဲသို့ ရောက်ရှိသွားသော ပုံရိပ်က ပို၍မြန်မြန် မြေပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ဥက္ကာပျံ ကြွေကျသကဲ့သို့ပင် စခန်းအရှေ့၌ အလွန်ကြီးမားသော တွင်းချိုင့်ကြီးတစ်ခုကို ဖြစ်သွားစေ၏။ အနီးအနားရှိ တဲအိမ်များလည်း လန်သွားကြလေသည်။
ဟန့်ခ်က တွင်းအလယ်သို့ ကျသွားခဲ့ပြီး အနီးအနားမှ ကြွေးကြော်သံများ ရုတ်ချည်း ရပ်တန့်သွားလေသည်။
အော့ခ်ခေါင်းဆောင်၏ မျက်နှာကို ကိုင်ထားသော လက်က တဖြည်းဖြည်း နောက်ဆုတ်သွားပြီး ဟန့်ခ်မျက်နှာကို လေထဲ၌ ကိုင်ထားသော “နတ်သူငယ်မှော်ပညာရှင်”၏ ပုံရိပ်က ဖျတ်ခနဲ ဘေးဖက်သို့ ဆင်းသက်လာခဲ့သည်။ သူက ဝတ်ရုံပေါ်မှ ဖုန်များကို ခါလိုက်ပြီး ခုနကလှုပ်ရှားမှုများမှာ သူ့အတွက် သာမန်မျှသာ ဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။
ဟန့်ခ်က မိမိ၏ ကြွက်သားများ စုတ်ပြဲသွားသလို ခံစားလိုက် ရ၏။ သူဂုဏ်ယူရသော သန္ဓေပြောင်း ညာလက်မှ အရိုးများက ကြေမွသွားခဲ့ပြီး နာကျင်မှုက ပြင်းထန်လွန်းလှကာ သတိ လွတ်မတတ် ဖြစ်သွားစေခဲ့သည်။
အမှန်တကယ်၌ အော့ခ် ခေါင်းဆောင်၏ စိတ်ထဲ၌ အကြောက်တရားက ခန္ဓာကိုယ်ထက် ပို၍ပင် နာကျင်လှ၏။ ဒါက ဘယ်လို မှော်ပညာရှင်မျိုးလဲ။ သူက ကြောက်စရာကောင်းတဲ့ အနီးကပ် တိုက်ခိုက်ရေးသမားဆိုတာ အသေအချာပဲ။ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။ တစ်ချက်တည်းနဲ့ ငါ့ရဲ့ ခုခံမှုအားလုံးကို ပျက်စီးသွားစေခဲ့တယ်။
အော့ခ်အားလုံး သတိပြန်ဝင်လာသောအခါ မထွက်ပြေးကြပေ။ ခဏရပ်တန့်ပြီးနောက် သူတို့က ထိုနေရာသို့ အပြေး ရောက်လာ၏။ အခြားအရာများကို ဘေးဖယ်ထားမည်ဆိုလျှင် အတော်လေး ရိုးရှင်းသော အော့ခ်များက ရဲရင့်မှုနှင့် သွေးဆာမှုတို့က အမှန်တကယ်ပင် ချီးကျူးထိုက်ပေသည်။
ထိုအချိန် နတ်ဆရာမ၏အသံက အချိန်မီ ထွက်ပေါ်လာ၏။ မျိုးနွယ်စုထဲ၌ နတ်ဆရာမ၏ အဆင့်အတန်းက ခေါင်းဆောင် ပြီးလျှင် ဒုတိယ ဖြစ်သည်။ ကျယ်လောင်သော အော်သံကြောင့် ဖရိုဖရဲ ဖြစ်နေကြသော အော့ခ်များက နောက်ဆုံးတွင် ရပ်တန့်သွားကြ၏။
မျိုးနွယ်စုတစ်ခု၏ နတ်ဆရာမက အတည်ငြိမ်ဆုံးသော အကြံပေး ဖြစ်သည်။ နတ်ဆရာမက ဟန့်ခ်၏ စွမ်းအားကို ကောင်းကောင်းသိလေသည်။ ပြိုင်ဘက်က အစွမ်းအထက်ဆုံး ဖြစ်တဲ့ ဟန့်ခ်ကို လွယ်လွယ် အနိုင်ယူနိုင်တယ်ဆိုရင် ဂါရွန် မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးဖို့က မခက်ဘူး။ ဒီလိုမျိုး စွမ်းအား လုံးဝ ခြားနားနေတဲ့ ရန်သူနဲ့ ရင်ဆိုင်တဲ့နေရာမှာ ငါတို့မှာ အင်အား ဘယ်လောက်ပဲရှိရှိ အသုံးမဝင်ဘူး။ ဒီ “နတ်သူငယ်” လံုးဝ ဒေါသထွက်သွားတာနဲ့ မျိုးနွယ်စုက အော့ခ်တွေ အကုန်လုံး မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြရမှာပဲ။
နတ်ဆရာမက အော့ခ်များကို တားလိုက်သည်နှင့် သူ၏ စိတ်ထဲ၌ ရုတ်တရက် အန္တရာယ်တစ်ခုကို ခံစားလိုက်မိသည်။ လျို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာဖုံးနှင့်လူက သူ့အရှေ့၌ ချက်ချင်း ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ စိတ်ဖိအားတစ်ခုက သူ့အပေါ် လွှမ်းမိုးလိုက်၏။
“ဘာဖြစ်သွားတာလဲ။ အဲဒီ နတ်သူငယ်တစ်ပိုင်း ဘယ်မှာလဲ။”
“ကျွန်မ....မသိဘူး...” မှော်ဆရာမက စကားအနည်းငယ်သာ ပြောနိုင်ခဲ့ပြီး ချန်လွေ့၏ မျက်လုံးများကို မြင်ရင်း သိမ့်သိမ့် တုန်နေခဲ့သည်။ သူ၏ဝိညာဉ်က ထိန်းချုပ်၍မရဘဲ တုန်လှုပ်နေသည် ကိုသာ ခံစားမိနေပြီး ငြင်းဆန်ရန် လိမ်ညာရန် အမှန်တကယ်ပင် မစဉ်းစားနိုင်ခဲ့ပေ။
“မင်း သိထားတာ အကုန်ပြော။ မဟုတ်လို့ကတော့ အကျိုးဆက်ကို မင်းသိပါတယ်။ မင်းမှာ အခွင့်အရေး တစ်ခုပဲ ရှိမယ်။”
တစ်ဖက်လူက အက်ရှရှ အသံက နတ်ဆရာမကို တုန်ယင်နေစေခဲ့သည်။
လွန်ခဲ့သော ၂လခန့်က ကြမ္မာဆိုးနွံအိုင်မှ မဟာနတ်ဆရာမ လောင်မီတယ်က မျက်နှာဖုံးနှင့် မျက်မှန် ဝတ်ထားသော နတ်သူငယ်တစ်ပိုင်း မိန်းကလေးကို ဖမ်းဆီးရန်အတွက် ဆုလာဒ် ပေးမည်ဟု မျိုးနွယ်စု အများအပြားသို့ လူများ စေလွှတ်ခဲ့၏။ သူက အိပ်မက်ဆိုးတောနက်ထဲသို့ ရောက်ရှိလာသော လူသားများကို ဖမ်းဆီးပြီး ကြမ္မာဆိုးနွံအိုင်သို့ ပို့ဆောင်ပေးရန်အတွက်လည်း မျိုးနွယ်စုအားလုံးကို တောင်းဆိုခဲ့သည်။
ယခုတစ်ခေါက် ဆုလာဒ်မှာ မြိုးမြိုးမြက်မြက် ဖြစ်သည့် အတွက်ကြောင့် အော့ခ်များက နတ်သူငယ်တစ်ပိုင်း ရှိနေသော နေရာကို နေရာအနှံ့ လိုက်ရှာခဲ့ကြသည်။ လွန်ခဲ့သော ၅ရက်က ဟန့်ခ်နှင့် နတ်ဆရာမတို့သည် နတ်သူငယ်တစ်ပိုင်းက အင်အား အကြီးဆုံး မျိုးနွယ်စုဖြစ်သော မိုးကြိုးမုန်တိုင်း မျိုးနွယ်စု လက်ထဲသို့ ကျရောက်သွားခဲ့ကြောင်း သတိရရှိခဲ့ကြ၏။
ဘလန့်ချ်ကို ဖမ်းမိသွားပြီ။ ချန်လွေ့က ထိတ်လန့်သွားခဲ့ပြီး မိစ္ဆာမျက်ဆံစွမ်းအားကို ပယ်ဖျက်လိုက်သည်။ နတ်ဆရာမက လောကကြီး ချာချာလည်သွားသည်ကိုသာ ခံစားလိုက်ရပြီး လဲကျသွား၏။ သူက ချွေးများ စိုရွှဲနေပြီး မျက်နှာဖုံးကို မကြည့် ရဲတော့ပေ။
မိုးကြိုးမုန်တိုင်း မျိုးနွယ်စု ! ကြမ္မာဆိုးနွံအိုင် !
ချန်လွေ့က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်၏။ ဘလန့်ချ်။ မင်း အားတင်းထားရမယ်နော်။