အသိများ
Vol. 49 Ch. 800
ချန်လွေ့က ဂါရွန်မျိုးနွယ်စုကို မသုတ်သင်ခဲ့သော်လည်း [ ဆောင်းပိုင်နက် ] အစွမ်းကို အသုံးပြုကာ ထိုအော့ခ်များအား တိုက်ခိုက်ရေးစွမ်းအား ယာယီ ဆုံးရှုံးသွားစေပြီး ခရာဒီဗာ၏ ကုန်သည်အဖွဲ့ကို လိုက်မှီပြီး ဒေါသကို ဖြေဖျောက်ရန် လက်စားချခြင်း မဖြစ်ရန်အတွက် ပြုလုပ်ခဲ့၏။
ခရာဒီဗာ၏ ခရီးစဉ်က သဲထဲရေသွန် မဖြစ်ခဲ့ပေ။ ချန်လွေ့က အော့ခ်များကို စစ်မေးကြည့်သောအခါ စီးပွားရေးသမားက “နတ်သူငယ် အစွမ်းထက်ပုဂ္ဂိုလ်”၏ အကူအညီနှင့်အတူ သူ လိုချင်နေသော ဆေးကုန်ကြမ်းအချို့ကို ရရှိခဲ့လေသည်။ သို့သော် ခရာဒီဗာက ပါးနပ်ဆဲဖြစ်ပြီး လောဘမကြီးဘဲ သူယူလာခဲ့သော ကုန်ပစ္စည်းများကို ချန်ထားခဲ့၏။
ချန်လွေ့က စစ်မေးပြီးသွားပြီး နောက်တွင် ခရာဒီဗာက အလဲအလှယ်ကို အလျင်အမြန် ပြီးစီးသွားပြီ ဖြစ်သည်။ အချိန်က ကွက်တိဖြစ်နေခဲ့ပြီး သူတို့က နောက်ဆုံးတွင် ချန်လွေ့နှင့်အတူ ဂါရွန်မျိုးနွယ်စုမှ ထွက်သွားကြတော့သည်။
ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် ခရာဒီဗာက လမ်းမခွဲခင်တွင် ချန်လွေ့အား အိပ်မက်ဆိုးတောနက်ကို အသေးစိတ် ရေးဆွဲထားသော မြေဆုံတစ်ခုအား ပေးခဲ့လေသည်။ မီရှယ်ပေးခဲ့သော မြေပုံနှင့်ယှဉ်လျှင် ထိုမြေပုံက ပုံကြမ်းဟုသာ သတ်မှတ်၍ ရနိုင်သော်လည်း လက်တွေ့အသုံးကျမှုတွင် ၁၀ဆ ပိုသာလေသည်။ မြေပုံပေါ်၌ နယ်မြေတစ်ခုချင်း၊ လမ်းကြောင်း တစ်ခုချင်းနှင့် ကြုံတွေ့ရနိုင်သော မျိုးနွယ်စုများနှင့် အန္တရာယ်များ တစ်ခုချင်းစီကို အသေးစိတ် နာမည်ရေးသားထားပေ၏။
ထိုမြေပုံကို နတ်သူငယ်မျိုးနွယ်စုမှ မြေပုံ၊ အော့ခ်များထံမှ ရရှိခဲ့သော သတင်းအချို့နှင့် ပေါင်းလိုက်ပြီးနောက် ချန်လွေ့က မိုးကြိုးမုန်တိုင်း မျိုးနွယ်စုမှ အမြန် ပြေးသွားလိုက်လေသည်။
ဘလန့်ချ်ကို ကြမ္မာဆိုးနွံအိုင်ဆီ ပို့ပြီးလောက်ပြီ။ ဒါပေမဲ့ လိုရမည်ရ ငါ မိုးကြိုးမုန်တိုင်း မျိုးနွယ်စုဆီ အရင်သွားလိုက်မယ်။ နှစ်ခုလုံးက လမ်းကြောင်းတစ်ခုတည်းမှာပဲလေ။ ပထမတစ်ခု ပြီးမှပဲ ဒုတိယတစ်ခုကို ရောက်မှာ။
မိုးကြိုးမုန်တိုင်းမျိုးနွယ်စုက အိပ်မက်ဆိုးတောနက်ထဲမှ အင်အားအကြီးဆုံး အော့ခ်မျိုးနွယ်စု ဖြစ်သည်။ ၎င်းက အော့ခ် အင်ပါယာ၏ တော်ဝင်မိသားစု သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြပြီး တိုက်ခိုက်ရေးစွမ်းအားက အလွန်အမင်း အစွမ်းထက်ကြောင်း ပြောဆိုကြလေသည်။
မြေပြန့်ဖြစ်နေခြင်းကြောင့် လေဖြူ၏ အရှိန်ကို အကုန်အထိ ထုတ်သုံးစေနိုင်သည်။ မြေပုံ၏ အကူအညီဖြင့် ချန်လွေ့က မိုးကြိုးမုန်တိုင်းမျိုးနွယ်စုရှိရာ သရဲမြစ်သို့ရောက်ရန် အချိန် ၅ရက်သာ ကြာမြင့်ခဲ့လေသည်။
သရဲမြစ်က အိပ်မက်ဆိုးတောနက်ထဲ၌ အကြီးမားဆုံးမြစ် ဖြစ်သည်။ ၎င်းက မြစ်ပြင်ကျယ်ပြီး ကမ်းပါးလျှောစောက်များ သေးငယ်သော ပုံမှန် မြေပြန့်မြစ်တစ်စင်း ဖြစ်၏။ ၎င်းက အရွယ်အစား အမျိုးမျိုးရှိသော ထူးဆန့်သည့် ရေကန်များကို ဖြစ်စေသည့် ကွေ့ကောက်သော မြစ်တစ်စင်း ဖြစ်ပေသည်။
မိုးကြိုးမုန်တိုင်းမျိုးနွယ်စုက ထိုစိမ်းလန်းစိုပြည်သော ရေကန်များ အနီးတွင် တည်ရှိကြသည်။ နေရာများက ပြန့်ကျဲနေပြီး တောနက်တစ်ခုလုံးရှိ မြေသြဇာကောင်းသော နေရာအများစုကို လွှမ်းမိုးထားကြလေသည်။ ထိုနေရာက အော့ခ်အင်ပါယာ၏ မြို့တော် ဖြစ်ခဲ့ဖူးသည်ဟုလည်း ပြောကြသည်။ လမ်းတလျှောက်၌ အပျက်အစီးအချို့နှင့် အမွေအနှစ်များကိုပင် မြင်နိုင်ပေသည်။
ချန်လွေ့ ရောက်သွားသောအခါ ညရောက်နေလေပြီ။ အလင်းနှင့် မီးပုံများကြည့်ခြင်းအားဖြင့် မိုးကြိုးမုန်တိုင်း မျိုးနွယ်စု၏ စခန်းက ဂါရွန်မျိုးနွယ်စုထက် များစွာကြီးမားကြောင်း မြင်နိုင်၏။ စုစုပေါင်း အရေအတွက်က ၅သောင်းကျော်ပေသည်။
ထိုအရာက မိန်းမများ၌ပင် အထင်ကြီးစရာ တိုက်ခိုက်ရေး စွမ်းအားများရှိကြောင်း စဉ်းစားပါက အော့ခ်မျိုးနွယ်စုအတွက် အလွန်ကြီးမားသော ခွန်အားတစ်ခုပင်။
ချန်လွေ့က လေဖြူအား အဝေးရှိ လူပုသစ်တောထဲ၌ ချန်ထားရစ်ခဲ့သည်။ ညအကာအကွယ်အောက်တွင် သူက အပြင်ဘက် အစောင့်များကို ဖြတ်ကျော်သွားခဲ့ပြီးနောက် စခန်းထဲသို့ ခိုးဝင်လာခဲ့သည်။
အိပ်မက်ဆိုးတောနက်က နေ့နှင့်ည အပူချိန် ကွာခြားချက် အတော်လေး ကြီးမားလှသည်။ စခန်းထဲ၌ အော့ခ်အများအပြား စုဝေးနေကြပြီး အိုးတစ်လုံး တည်ထားကာ မီးပုံပတ်လည်၌ ရှားပါးဝိုင်များကို သောက်နေပြီး စားစရာများ ဝါးစားနေကြသည်။ အော့ခ်များ၏ မျိုးနွယ်စု စနစ်က ချန်လွေ့၏ မှတ်ဉာဏ်ထဲမှ ရှေးခေ-တ်မျိုးနွယ်စုနှင့် အနည်းငယ် နီးကပ်သည်။ သို့သော်လည်း လုံးဝ ပုဂ္ဂလိက မဟုတ်ပေ။ အော့ခ်က ရဲရင့်ပြီး အစွမ်းထက်လေလေ၊ စားစရာနှင့် မိန်းမများ ပိုရလေလေ ဖြစ်သည်။ သို့သော် မပြည့်ဝသော အော့ခ်များက မျိုးနွယ်စုမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။ တိုးတက်မှုများက အပြိုင်အဆိုင်များ ရှိနေပြီး ထိုအရာက သဘာဝ ရွေးချယ်မှုလည်း ဖြစ်၏။ အင်ပါယာ ပြိုကွဲပြိးနောက် အော့ခ်များ ယနေ့အထိ အသက်ရှင်နိုင်နေခြင်းမှာ ကံကောင်း၍မဟုတ်ပေ။
သုံးလေးခွက်သောက်ပြီးနောက် အော့ခ်များက စတင်၍ ထွေလာကြတော့သည်။ အချို့က အော့ခ်အမများ အရှေ့၌ နတ်ဆိုးသားရဲများကို မည်သို့ ရဲရဲရင့်ရင့် အနိုင်ယူခဲ့ကြောင်း ကြွားနေကြပြီး အချို့က သားရဲအရေပြားဖြင့် ပြုလုပ်ထားသော ဗုံများကို စတင်တီးခတ်ကြသည်။ အချို့က နေရာကျယ်ကြီးသို့ သွားပြီး နပန်းလုံးကြတော့သည်။
ထိုနေရာရှိ ကွင်းပြောင်က အလွန်ကျယ်ပြန့်နေပြီး ပုန်းရှောင်ရန် မသင့်တော်ပေ။ အတွေးတစ်ချက်ဖြင့် ချန်လွေ့က [ ရုပ်ဖျက်ခြင်း ] နှင့် [ အသက်အောင့် ] စွမ်းရည်တို့ကို အသုံးပြုပြီး အလယ်အလတ် အရွယ်အစားရှိသည့် အော့ခ်ပုံစံ ပြောင်းလဲလိုက်သည်။ သူက ဒယီးဒယိုင်နှင့် ရောက်လာပြီး လူအုပ်ကြီးထဲတွင် ဝင်ထိုင်လိုက်၏။ နေရာတိုင်း ဆူညံနေသည့်အတွက် မည်သူကမှ သံသယ မဝင်ခဲ့ပေ။
ချန်လွေ့၏ နှာခေါင်း ရှုံ့တွသွားခဲ့ပြီး အော့ခ်များ၏ ဝိုင်ခွက်ထံ အာရုံပြောင်းသွားခဲ့သည်။ သူ အာရုံစိုက်နေသည်က နတ်ဆိုးသားရဲ အရိုးခေါင်းများဖြင့် ပြုလုပ်ထားသော ပန်းကန်လုံးများကို မဟုတ်ဘဲ ပန်းကန်လုံးထဲမှ ခရမ်းရောင်ဝိုင်များကို ဖြစ်သည်။ ထိုဝိုင်၏ ရနံ့က အတော်လေး ယစ်မူးနေပြိး ရင်းနှီးနေပုံရသည်။
ချန်လွေ့က အကြံတစ်ခု ရသွားသည်။ သူ၏လက်ထဲ၌ သတ္တု ပန်းကန်လုံးတစ်ခု ပေါ်ထွက်လာပြီး ဝိုင်စည်အရှေ့သို့ ရောက်လာသည်။ သူက တစ်ခွက်သောက်ပြီးနောက် မျက်မှောင် ကြုတ်လိုက်သည်။ ဒါက လူသားလောကမှာ နာမည်ကြီးတဲ့ ခရမ်းစပျစ်ဝိုင်ပဲ။ ဒါကို ငါ ဗီးနပ်စ်မြို့မှာ သောက်ဖူးတယ်။ ဒီဝိုင်တွေရဲ့ အရည်အသွေးက အတော်လေး မြင့်မားတယ်။ အော့ခ် ကိုယ်တိုင် လုပ်ထားတာတော့ မဖြစ်နိုင်တာ သေချာတယ်။
သူစဉ်းစားနေစဉ် ဝိုင်သောက်နေသော ဝတုတ်တတ် အော့ခ်အမ တစ်ယောက်က သူ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ “နင်က မြောက်ဘက်စခန်းက မဟုတ်ဘူး မလား။ ငါ နင့်ကို အခုမှ မြင်ဖူးတာ။”
“အင်း...” ချန်လွေ့က ဝိုင်သောက်လိုက်ပြီး ထောင့်တစ်နေရာသို့ သွားကာ ထိုင်ချပြီး သူ့သရုပ်မှန် မပေါ်သွားစေရန်အတွက် နပန်းလုံး နေသည်ကို ကြည့်ဟန်ဆောင်လိုက်သည်။
သို့ရာတွင် အော့ခ်အမက လိုက်လာ၏။ “ငါ့နာမည်က ရှောင်ချာ။ နင့်နာမည်ကရော....”
“ငါ့...ငါ့နာမည်က ဟန့်ခ် ပါ။” ချန်လွေ့က ဂါရွန်မျိုးနွယ်စု၏ ခေါင်းဆောင်နာမည်ကို မပြောမဆို ငှားသုံးလိုက်၏။
ချန်လွေ့၏ ဝိုင်က ကုန်တော့မည်ဖြစ်ကြောင်း ရှောင်ချာ မြင်လိုက်ရသည့်အခါ သူက ခြင်းတောင်းငယ်လေးကို သယ်ပြီး ပြန်ဖြည့်ပေးလိုက်သည်။ “ဟန့်ခ်။ ငါ နင့်ကို ဝိုင်တိုက်မယ်။ နင် ငါ့ကို အဲဒီပန်းကန်လုံး ပေးမှာလား။”
သူက ဒါကို သဘောကျနေတာကိုး။ ချန်လွေ့က လက်ထဲမှ သတ္တုပန်းကန်လုံးကို ကြည့်ပြီး ကမ်းပေးလိုက်သည်။ “ရော့..”
“ရေး...” ရှောင်ချာက တောက်ပနေသော မျက်လုံးများဖြင့် ပန်းကန်လုံးကို ယူလိုက်ပြီး အင်္ကျီလက်ဖြင့် ၎င်းကို ပွတ်သပ်လိုက်၏။ ၎င်းက သူ၏မျက်လုံးထဲ၌ အတော်လေး တောက်ပနေခဲ့ပြီး သူ့ကို အလွန်ပျော်ရွှင်သွားစေသည်။ သူက ချန်လွေ့နှင့် အတော်လေး နီးနီးကပ်ကပ် ရောက်လာသည်။
ချန်လွေ့က နှာခေါင်းထဲ တည့်တည့်ဝင်လာသော ပြင်းထန်သည့် ခန္ဓာကိုယ်အနံ့တစ်ခုကိုသာ ခံစားလိုက်မိပြီး သတိလစ်လုမတတ် ဖြစ်သွားခဲ့သည်။ ၎င်းကို မသိသော မစ်-ရှောင်ချာက ချန်လွေ့၏ လက်ကို ခန္ဓာကိုယ်နှင့် ပွတ်သပ်နေပြီး ချစ်ခင်စိတ်ကို ပြသနေဆဲ ဖြစ်လေသည်။
ကျောင်းသား ဟန့်ခ်က တိတ်တိတ်လေး ငိုကြွေးနေ၏။ ငါက အော့ခ်တစ်ကောင်လို ရိုးရိုးလေး ပြောင်းထားတာကို အော့ခ် အမတစ်ကောင်က တွေ့သွားသေးတယ်။ ချန်လွေ့ အကြံတစ်ခု ရသွား၏။ သူက ခြင်းတောင်းငယ်လေးကို ယူကြီး ရှောင်ချာအတွက် ဝိုင်တစ်ခွက် လောင်းထည့်ပေးကာ ပြောလိုက်သည်။ “ဒီဝိုင်က အရသာရှိတယ်။”
“အင်း...” ရှောင်ချာက တကျိုက်တည်း အကုန်မော့လိုက်၏။ “ဒီလူသားတွေက အားနည်းတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ ဝိုင်တွေက ငါတို့လုပ်တာတွေထက် အများကြီးသာတယ်။”
ရှောင်ချာ အနည်းငယ်မူးနေကြောင်း မြင်လိုက်ရာ ချန်လွေ့က အစမ်းသဘော မေးကြည့်၏။ “ဒီဝိုင်တွေက ဘယ်ကရတာလဲ။”
ရှောင်ချာက လေတက်လိုက်သည်။ “ဖမ်းထားတဲ့ လူသား စီးပွားရေးသမားတွေဆီကနေ မဟုတ်ဘူးလား...”
“ဟုတ်တယ်။ ငါလည်း ဝိုင်သောက်ပြီးတော့ မေ့သွားတယ်။” ချန်လွေ့က အော့ခ်ပုံစံဖြင့် နဖူးကိုပုတ်ပြီး ရှောင်ချာအတွက် ဝိုင်ကို လောင်းထည့်ပေးလိုက်၏။
“အဲဒီလူတွေ ရှိနေသေးလား။”
“ဗဟို တော်ဝင်တဲအိမ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ပိတ်ထားတယ်....” ရှောင်ချာက အသေအချာ မူးနေပြီဖြစ်သည်။ သူက ချန်လွေ့ကို ပွေ့ဖက်လိုက်၏။ “လာ။ တဲအိမ်ထဲ သွားကြမယ်....”
ချန်လွေ့က အနည်းငယ် ရှောင်လိုက်ရာ ရှောင်ချာက မဖက်မိခဲ့ပေ။ ချန်လွေ့က သူ့ကို ကိုင်ပြီး တိုးတိုးလေး မေးလိုက်၏။ “ရလာဒ်တွေရမယ့် နတ်သူငယ်တစ်ပိုင်း ကောင်မလေးကရော။”
“နတ်သူငယ်တစ်ပိုင်းက....ဂူသင်္ချိုင်းမှာ....” ရှောင်ချာက ဗလုံးဗထွေး ပြောလိုက်ပြီး ချန်လွေ့၏လက်ကို ကိုင်ပြီး သူ့ရင်သားကို ထိစေလိုက်သည်။ “ငါ့တဲအိမ်က....”
ဂူသင်္ချိုင်းထဲမှာ....။ ဘလန့်ချ်က ဒီမှာ ရှိနေသေးတာလား။ ချန်လွေ့၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။
“ခွေးကောင်။ ငါ့ ရှောင်ချာဆီကနေ ဖယ်စမ်း။” ဟိန်းဟောက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ အရပ် မြင့်မြင့်နှင့် အားကောင်းသော အော့ခ်တစ်ကောင် အမြန် ရောက်ရှိလာသည်။ ချန်လွေ့က အမြန်စဉ်းစားနေပြီး အော့ခ် လုပ်တော့မည့် လုပ်ရပ်ကို စိတ်ထဲ၌ သေသေချာချာ အာရံု ခံမိလိုက်သည်။ ထို့နောက် ဘာမှမတွေးဘဲ ခုခံရန် မကြိုးစားခဲ့ပေ။
အရပ်မြင့်မြင့်အော့ခ်က ချန်လွေ့၏ လည်ပင်းကို ညှစ်ပြီး တစ်ကိုယ်လုံးကို မကာ အားဖြင့် အဝေးသို့ ပစ်ထုတ်လိုက်၏။
“သူ့နားကပ်တာ နောက်တစ်ခါ မြင်ရမယ်ဆိုရင် မင်းလည်ပင်းကို ငါ ချိုးပစ်မယ်။” အရပ်မြင့်မြင့် အော့ခ်က မြေပေါ်တွင် လဲနေသော ချန်လွေ့အား အထင်သေးစွာဖြင့် ကြည့်နေလိုက်သည်။
“ရိုင်တာ ! ရိုင်တာ !” အနီးအနားရှိ အော့ခ်များက လက်ကို မြှောက်ပြီး အော်ရယ်လိုက်ကြသည်။
အနီးအနားမှ စကားများကို နားထောင်ကြည့်ရာ “ရှောင်ချာ”က မြောက်ပိုင်းစခန်းမှ မိန်းမလှတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။ ချန်လွေ့က အော့ခ်မျိုးနွယ်စု၏ အံံသြဖွယ်ရာ အလှအပ စံနှုန်းကို လေးစားအားကျနေရတော့သည်။ ရိုင်တာက ချန်လွေ့အရှေ့တွင် စွမ်းအားထုတ်ကြွားရန်အတွက် ရင်ဘတ်ကိုထုပြီး ရှောင်ချာကို ကောက်ချီကာ တဲအိမ်ထဲသို့ ဝင်သွားလိုက်သည်။ ထိုထဲ၌ ပြင်းထန်သော ကာမဆက်ဆံသည့် မြင်ကွင်းများ ရှိလာမည်ကိုမူ ပြောနေစရာပင် မလိုတော့ချေ....
ချန်လွေ့က ထိုကဲ့သို့ ပြင်းထန်သော မြင်ကွင်းမျိုး စိတ်မကူး ရဲပေ။ သူက သူတို့နှစ်ယောက်အား တစ်သက်လုံး ဆက်ဆံရေး ကောင်းမွန်ရန်သာ တိတ်တိတ်လေး ဆုတောင်းနေလိုက်၏။ သူက ဒေါသတကြီးနှင့် ထလိုက်ဟန်ဆောင်ပြီး ထိုနေရာမှာ “အရှုံးသမား” တစ်ယောက်အဖြစ် အော့ခ်များ၏ ပျက်ရယ်ပြုခြင်းအောက်တွင် ထွက်သွားလိုက်လေသည်။
သုံးလေးခေါက် ကွေ့ပြီးနောက် ချန်လွေ့က ဗဟို တော်ဝင် တဲအိမ်တည်နေရာကို ရှာတွေ့ခဲ့ပြီး နန်းတော် အဆောက်အအုံများ မြင်တွေ့ခဲ့ရသည်။ အများစုက ပျက်စီးယိုယွင်းနေပြီး အော့ခ် အင်ပါယာနန်းတော်၏ အပျက်အစီးများ ဖြစ်လောက်ပေသည်။
ထိုနေရာမှ မြေအနေအထားက သူ ထင်ထားသည်ထက် ရှုပ်ထွေးပြီး အစောင့်များ အတော်လေး တင်းကြပ်၏။ သူတို့က အသေအချာ လေ့ကျင့်ထားပုံရသည်။ သူတို့က ချန်လွေ့ ယခင်က မြင်ခဲ့ဖူးသော ပရမ်းပတာ အော့ခ်များထက် များစွာ သာလွန်၏။ သူတို့က လက်ရွေးစင်များ ဖြစ်ကြဟန်တူသည်။
ခဏကြာ လိုက်ကြည့်ပြီးနောက် ချန်လွေ့က မြေအောက်ဂူ တစ်ခုသို့ ဝင်ပေါက်နှင့် ပိုတူသော ဂူသင်္ချိုင်းတစ်ခုကို ရှာတွေ့ခဲ့၏။ လက်နက်များ ကိုင်ဆောင်ထားသော အင်အားကြီး အော့ခ်တစ်ဖွဲ့က ဝင်ပေါက်ကို စောင့်ကြပ်ထားကြသည်။
မမြင်ရသော ပုံရိပ်တစ်ခုက ဂိတ်တံခါးသို့ တိတ်တိတ်လေး ဝင်သွားသည်ကို ထိုအော့ခ်များ သတိမထားမိခဲ့ကြပေ။ ချန်လွေ့က လမ်းတလျှောက်လုံး တိတ်တိတ်လေး ခိုးဝင်သွားခဲ့သည်။ လိုဏ်ခေါင်းက အတော်လေး ရှည်လျားလှသည်။ သုံးလေးခေါက် ကွေ့ပြီးနောက် သူက နောက်ဆုံးတွင် အကျဉ်းထောင်ကို ရှာတွေ့သွားခဲ့သည်။ အကျဉ်းထောင်တံခါးက ကျိုးပဲ့ပြီး အသုံးပြု၍ မရနိုင်တော့ပေ။ တံခါးကို စစ်သည်နှစ်ယောက် စောင့်ကြပ်နေ၏။ အတွင်းထဲ၌ မီးတုတ်မရှိဘဲ မှိန်ပျလေသည်။
ချန်လွေ့ အမြန် စဉ်းစားလိုက်၏။ သူ့လက်နှစ်ဖက်က အလျင်အမြန် ဝှေ့ရမ်းနေစဉ် အော့်စစ်သည်နှစ်ဦးက အမြင်များ ဝေဝါးသွားသလို ခံစားလိုက်ရပြီး သတိလစ်သွားကြသည်။ သူ တိုက်ခိုက်လိုက်သည်နှင့် [ တိတ်တဆိတ် ] အစွမ်းက အလိုလို ပယ်ပျက်သွားခဲ့သည်။ ချန်လွေ့၏ပုံရိပ် ပေါ်ထွက်လာခဲ့ပြီး အတွင်းထဲသို့ လမ်းလျှောက်သွားလိုက်၏။
မြင်နိုင်စွမ်းက အတော်လေး နိမ့်ပါးသော်လည်း ချန်လွေ့၏ မျက်လုံးများက မြေပြင်ပေါ်ရှိ အပျက်အစီးနန်းတော်နှင့် ယှဉ်လျှင် ဂူသင်္ချိုင်း၏ အဓိကခန္ဓာကိုယ်က ကောင်းကောင်း တည်ရှိ နေသေးကြောင်း ပြောနိုင်နေသေးသည်။ အသုံးပြု၍ရသော အခန်း အများအပြား ရှိမနေပေ။ ကျောက်တုံးလှောင်အိမ်ထဲ၌ ထိုင်နေသော လူအချို့ ရှိနေကြသည်။ သို့သော်လည်း ချန်လွေ့က မျက်နှာ အသေးစိတ်ကို မမြင်နိုင်သေးဘဲ ဘလန့်ချ် မည်သည့်နေရာ ရောက်နေကြောင်း မသိရသေးပေ။
ချန်လွေ့က အတွေးတစ်ချက် ဝင်သွားပြီး လက်ထဲ၌ လင်းလက် မှော်ပစ္စည်းတစ်ခု ပေါ်ထွက်လာကာ အားကောင်းသော အလင်းရောင် တစ်ခု တောက်ပလာခဲ့၏။
ရုတ်တရက် အလင်းတောက်တောက်က လှောင်အိမ်ထဲမှ လူများကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့က ပြင်းထန်သော အလင်းရောင်နှင့် ကျင့်သားမရသည့်အတွက် မျက်လုံးများကို ပိတ်လိုက်ကြသည်။ သူတို့ တဖြည်းဖြည်း အသားကျ သွားသောအခါ တောက်ပနေသော အချုပ်ခန်းကို မြင်လိုက်ရပြီး ထိုအလင်းက “အော့ခ်” တစ်ကောင်ထံမှ ထွက်လာနေကြောင်း တွေ့လိုက်ရ၏။
“အော့ခ်”က လင်းလက်ပစ္စည်းတစ်မျိုးကို ကိုင်ထားပြီး လှောင်အိမ်ကိုမှီကာ တစ်ခုပြီးတစ်ခု လင်းလက်နေစေပြီး တစ်ယောက်ယောက်ကို ရှာနေဟန်တူသည်။ သူက တစ်စုံတစ်ယောက်အား သတ်ရန် ရှာဖွေနေကြောင်း အချို့က စိုးရိမ်စွာဖြင့် မှန်းဆနေကြသည်။ သူတို့အားလုံး ခေါင်းငုံ့ထားကြပြီး အသက်ရှူသံပင် မထွက်ရဲကြပေ။
“ဘလန့်ချ်....” လူသားအကျဉ်းသားများကို အံ့သြသွား စေသည်မှာ ထို“အော့ခ်”၏ ဘုံသုံးဘာသာစကား အသံထွက်များက အတော်လေး တိကျနေပြီး သာမန်အော့ခ်များ ကဲ့သို့ မစိမ်းနေခြင်းပင်။
ချန်လွေ့က “ရစ်ချက်”အသံဖြင့် စကားအနည်းငယ်ပြောကာ ဆက်အော်ခေါ်နေသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။ သူက ထူးထူးဆန်းဆန်း ခံစားနေရစဉ် လှောင်အိမ်တစ်ခု အရှေ့၌ ရုတ်တရက် ရပ်တန့်လိုက်ပြီး လင်းလက်ပစ္စည်းကို အနားကပ်လိုက်၏။
အကြောင်းမှာ ရင်းနှီးသော မျက်နှာတစ်ခုကို သူ မတော်တဆ မြင်လိုက်ရသည့် အတွက်ကြောင့်ပင်။ မဟုတ်ဘူး။ နှစ်ယောက်။
“လူစီအို ! အီနာ !”
ထိုစကားလုံးများ ထွက်လာသည်နှင့် ယောက်ျားနှင့် မိန်းမတို့က တစ်ချိန်တည်း တုန်လှုပ်သွားကြသည်။ ယောက်ျား ဖြစ်သူက တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူသည်။ သူက ရုတ်ချည်း မတ်တပ်ရပ်လိုက်ပြီး လှောင်အိမ်၏ ကျောက်တိုင်လုံးဆီသို့ အမြန် လျှောက်သွားကာ မရေမရာနှင့် မေးလိုက်၏။ “သခင်လား...”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ မထင်ထားခဲ့ဘူး။ ငါက ဘလန့်ချ်ကို မတွေ့ခဲ့ပေမဲ့ ငါ့ရဲ့ အစေခံဟောင်း လှံသမား လူစီအိုနဲ့ ဆမ်မြူရယ်ရဲ့ “လူယုံ” အီနာကို တွေ့ခဲ့တယ်။
လူစီအိုက ထိုစဉ်က ဟန်ဆောင်သေဆုံးပြီးနောက် နည်းလမ်း အချို့ကို အသုံးပြုပြီး မျက်နှာပြောင်းလဲထားခဲ့သည်။ သို့သော် ထိုအချိန်အတွင်း ချန်လွေ့က သူ့ဘေးနားတွင် ရှိနေသည့်အတွက် လိုစီအိုကိ ချက်ချင်း မှတ်မိခဲ့ခြင်း ဖြစ်ပေသည်။
သခင်လား။ အော့ခ်တစ်ကောင်ကလေ.....
လူစီအို၏ အခေါ်အဝေါ်က လူတိုင်းကို အနည်းငယ် အံ့သြသွားစေပြီး အီနာက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။