← Chapters

အလောတကြီး

Vol. 49 Ch. 802

အလောတကြီး

Vol. 49 Ch. 802

မိုးကြိုးမုန်တိုင်းမျိုးနွယ်စု၌ -

မြေပြင်၏ အလွန်အမင်း ပျက်ယွင်းနေသော အက်ကြောင်းများကို ကြည့်ြခင်းအားဖြင့် တိုက်ပွဲ၏ ပြင်းထန်မှုနှင့် ကြောက်မက်ဖွယ်ရာ စွမ်းအားအဆင့်ကို မြင်နိုင်ပေသည်။ အဝေးမှ စစ်သည်များက မီးတုတ်များကို မြင့်မြင့်ကိုင်ထားကြပြီး အနား မကပ်ရဲကြပေ။

စစ်မြေပြင်ထဲ၌ အထင်ရှားဆုံးမှာ ၆မီတာခန့်မြင့်မားပြီး သံမဏိ ဝိုင်ယာကြိုးများကဲ့သို့ ဆံပင်များ ရှိနေသော ဧရာမသားရဲ သုံးကောင်ပင် ဖြစ်လေသည်။ ခန္ဓာကိုယ် အချိုးအစားက လူဝံနှင့် ဆင်တူ၏။ ကြီးမားသော ပါးစပ်က ချွန်ထက်သော သွားများကို ပြသနေပြီး လက်သည်းများကလည်း ၃မီတာနီးပါး ရှည်ပြီး လက်နက် တစ်ခုအဖြစ် အသုံးပြု၍ရလေသည်။

ထိုအရာက အထူး တိုက်စစ်၊ ခံစစ် စွမ်းရည်နှင့် ခန္ဓာအမျိုးအစား ရှိပြီး ကြောက်စရာ အကောင်းဆုံးသော ဧရာမ နဂါးများကိုပင် ယှဉ်နိုင်သည့် အစွမ်းအထက်ဆုံး သွေးမျိုးဆက် အော့ခ် အသွင်ပြောင်းခြင်းဖြစ်သည့် ဘီးရားမွန်း ဧရာမသားရဲများ ဖြစ်လေသည်။

သို့ရာတွင် ထို ဘီးရားမွန်း ဧရာမသားရဲ သုံးကောင်က အလယ်မှ ပုံရိပ်တစ်ခုအား ကြောက်မက်ဖွယ်ရာ ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် စိုက်ကြည့်နေကြ၏။

ထိုသူ၏မျက်နှာက အတော်လေး ဝေဝါးနေသည်။ ထင်ရှားသော လက္ခဏာက သူ၏မျက်လုံးများက အနက်ရောင် ဖြစ်နေပြီး မျက်ဆံများက သွေးနီရောင် ဖြစ်နေခြင်းပင်။ သူ၏အမြင့်က ဧရာမသားရဲ သုံးကောင်နှင့် မယှဉ်နိုင်သော်လည်း ခြယ်လှယ်သော အငွေ့အသက်က ဘီးရားမွန်း ဧရာမသားရဲ သုံးကောင်ပေါင်းထက်ပင် မနိမ့်ကျနေပေ။

[ မီးသင့်နဂါးဝင်စီးခြင်း ]

အမ်ရှီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်သည်းများကို ချန်လွေ့ထံ ဝှေ့ရမ်းလိုက်သည်။ ပြင်းထန်သော လေဖိအားက မြေပြင်ပေါ်၌ အရာများ ဖြစ်သွားစေသည်။ ဘီးရားမွန်း ဧရာမသားရဲများက အလွန်ကြီးမားသော်လည်း တိုက်ခိုက်မှု အမြန်နှုန်းက မနှေးလှပေ။ အထူးသဖြင့် စွမ်းအား တိုးမြှင့်မှုလည်း ရှိနေလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပုံရိပ်က မရှောင်တိမ်းသလို ခုခံချင်စိတ်လည်း မရှိနေပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုတိုက်ခိုက်မှုက ပစ်မှတ်ကို အလျင်အမြန် ထိသွားခဲ့သည်။

ချန်လွေ့ကို ထိသွားသော်လည်း အလွန်ကြီးမားသော စွမ်းအားနှင့် ဖျက်ဆီးခြင်း ပါရှိသော လက်သီးများက သူ၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းသွားရုံသာ ဖြစ်သွား စေသည်။ သူက တဖြည်းဖြည်း မတ်လိုက်ပြီးနောက် ဘာမှ မဖြစ်သကဲ့သို့ပင် မျက်နှာပေါ်မှ အရာလေးကို ပွတ်သပ်လိုက်သည်။ သူ့ကို ညုတုတု မိန်းမတစ်ယောက်က အသာအယာ တွန်းလိုက်သလို ဖြစ်နေခဲ့လေသည်။

အမ်ရှီ၏ ရွှေရောင်မျက်လုံးများ ရုတ်တရက် ကျုံ့သွားခဲ့သည်။ ချန်လွေ့ ချက်ချင်း ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် အန္တရာယ် သတိပေးချက်တစ်ခု အပေါ်မှ ထွက်ပေါ်လာသည်။ သူ ခေါင်‌းမော့ကြည့်လိုက်ရာ ရန်သူက သူ့ခေါင်းပေါ်သို့ ရောက်နေလေပြီ။ ထိုပုံရိပ်က လရောင်ကို ဖုံးကွယ်နေ၏။

အမ်ရှီ ခေါင်းမော့လိုက်သောအခါ ချန်လွေ့က လက်သီးဖြင့် ထိုးလိုက်လေပြီ။

ထိုအခိုက်အတန့်၌ အဝေးမှ စစ်သည်များသည်ပင် ထိုအရာက ပုံရိပ်အသေးလေး မဟုတ်ဘဲ အလွန်ကြီးမားသော အနီရောင် သားရဲကြီးတစ်ကောင်ကဲ့သို့ မြင်ယောင်သွားခဲ့ကြလေသည်။

ချက်ချင်းပင် ကြားလိုက်ရသော ပြင်းထန်သည့်အသံအရ ချန်လွေ့က မျက်စိတစ်မှိတ် အတွင်းမှာပင် လက်သီး တစ်ချက်မက ပစ်ထိုးခဲ့သည်မှာ သေချာပေ၏။

“ဝုန်း !!!”

မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ဆမ်ရှီ၏ အလွန်ကြီးမားသော ခန္ဓာကိုယ်က မြေကြီးထဲသို့ နစ်ဝင်သွားသည်။ ဧရာမသားရဲ ဘီးရားမွန်း၏ အမွှေးများက ခုခံမှုစွမ်းရည် မြင့်မားသော်လည်း ထိုပြင်းထန်လှ‌သော ထိုးချက်က အမ်ရှီကို မူးဝေသွားစေခဲ့သည်။ သူ ထရန် ပြင်လိုက်စဉ် ခြေမခိုင်ဘဲ လဲကျသွားတော့သည်။

ဆာရှိုင်က ဟိန်းဟောက်လိုက်၏။ ထိုဟိန်းသံက ရိုးရိုးရှင်းရှင်း ဟန့်တားမှုတစ်ခု မဟုတ်ပေ။ အမ်ရှီ၏ ခန္ဓာကိုယ်ပေါ်၌ အပြာရောင် အလင်းတစ်ခု လက်ခနဲဖြစ်သွားပြီး အလျင်အမြန် ဒဏ်ရာ ပြန်ကောင်းသွားပုံရသည်။ သူက အလျင်အမြန်ပင် ထရပ်လိုက်၏။ ဆာရှိုင်တွင် နတ်ဆရာမနှင့် ဆင်တူသော တိုက်ပွဲကြွေးကြော်သံ စွမ်းအားတစ်ခု ရှိနေပုံရသည်။

ချန်လွေ့က ဆာရှိုင်ကို အရင်ဦးစွာ ရှင်းပစ်တော့မည့် အချိန်၌ နောက်မှ မတည်ငြိမ်မှု တစ်ခုကို ရုတ်တရက် ခံစားလိုက်မိသည်။ သူက ချက်ချင်းပင် အဝေးသို့ တယ်လီပို့ ခုန်သွားခဲ့ပြီးနောက် ရုတ်တရက် ထွက်ပေါ်လာသော လက်သည်းကုတ်ချက်ကို လွဲချော်သွားစေခဲ့သည်။ အစွမ်းအထက်ဆုံးဖြစ်သော ဖူဂါက တိုက်ခိုက်လိုက်ခြင်းပင်။

ထိုအချိန်၌ ဖူဂါ၏အမြင့်က ပြောင်းလဲသွားပြန်ပြီး ၂မီတာခန့် ပြန်ကျုံ့သွားခဲ့သည်။ ဖူဂါတွင် ခန္ဓာကိုယ်ကို အရွယ်အစား လိုသလို ပြောင်းလဲနိုင်သော ထူးဆန်းသည့် ပါရမီတစ်မျိုး ရှိနေပုံရသည်။ အမ်ရှီနှင့် ဆာရှိုင်တို့က နဂိုကတည်းက Sအဆင့် စွမ်းအားများ ရှိကြသည်။ အသွင်ပြောင်းပြီးနောက် သူတို့က S+ အဆင့်သို့ ရောက်ရှိသွားကြသည်။ ဖူဂါက ပို၍ပင် အစွမ်းထက်လာလေသည်။ သူ၏ စွမ်းအားအကဲဖြတ်မှုက S++ အထိ ရောက်ရှိသွားခဲ့ပြီး ခန္ဓာကိုယ်အမျိုးအစားနှင့် ခွန်အားတို့က S++ အထိ ခုန်တက်သွားခဲ့လေသည်။

ဘီးရားမွန်း၏ လျော့ကျသွားသော အရွယ်အစားက ချန်လွေ့၏ အရပ်အမြင့်ကို ရင်ဆိုင်ရာ၌ စွမ်းအားများ ပိုမိုထုတ်နိုင်နေသည်။ ထိုအချိန်၌ ဆာရှိုင်၏ တိုက်ပွဲကြွေးကြော်သံ ပြောင်းလဲသွားပြန်၏။ ဖူဂါ၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်း တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး အမြန်နှုန်းက S++ အဆင့်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။ ရှိရင်းစွဲ စိတ်ဝိညာဉ်စွမ်အားမှလွဲ၍ ကျန်ရှိသော အရည်အသွေး အားလုံးက ပြီးပြည့်စုံလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုက ပို၍ပင် မြန်ဆန်လာခဲ့ဟန်တူသည်။

သာမန်အခြေအနေများတွင် ချန်လွေ့၏ စွမ်းအားက S+ ဖြစ်ပြီး သေချာပေါက် များစွာနိမ့်ကျပေသည်။ သို့သော်လည်း သူက ယခုတွင် [ မီးသင့်နဂါးဝင်စီးခြင်း ] အခြေအနေ၌ ရှိနေ၏။ သူ၏ စွမ်းရည်အားလုံးက ကြီးကြီးမားမား တိုးတက်နေခဲ့လေသည်။ သူက မရှောင်တိမ်းဘဲ ဖူဂါကို တန်ပြန်တိုက်ခိုက်တော့သည်။

မြေပြင်ပေါ်ရှိ ပျက်ယွင်းမှုများနှင့် တုန်ခါမှုများက ပိုမို ပြင်းထန်လာခဲ့ပြီး အဝေးမှ အော့ခ် စစ်သည်များကလည်း ထိုနေရာရှိ လရောင်က ပျက်ယွင်းလာနေသလို ခံစားနေကြရသည်။ စိတ်ကူးကြည့်၍မရနိုင်သော ပြင်းထန်သည့် အားစက်ကွင်း အလွှာများက သူတို့၏အမြင်ထဲ ပြည့်နှက်နေပြီး သူတို့က အလယ်မှ မြင်ကွင်းအသေးစိတ်ကို မမြင်နိုင်ကြပေ။ အလွန်ပင် ကြီးမားလှသော ဆာရှိုင်နှင့် အမ်ရှီတို့ကပင် ဝေဝါးနေခဲ့သည်။

ဖူဂါသာမက ဆာရှိုင်နှင့် အမ်ရှီတို့ကလည်း တိုက်ခိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ် အရွယ်အစားနှင့် တိုက်ခိုက်ရေး စွမ်းအားတို့က ချန်လွေ့နှင့် ဖူဂါတို့ကြားရှိ တိုက်ပွဲကို ဝင်ပါရန် မဖြစ်နိုင်စေသည့် အတွက်ကြောင့် သူတို့က အထောက်အပံ့ ပညာရပ်များကို အသုံးပြုကြသည်။ ဆာရှိုင်က တိုက်ပွဲကြွေးကြော်သံကို အသုံးပြုသည်။ ကုသခြင်း၊ အရှိန်မြန်ခြင်း နှင့် စိတ်အနှောင့်အယှက် ဟူ၍ တိုက်ပွဲကြွေးကြော်သံ အမျိုးအစား (၃)ခု ရှိသည်။ ယခုတွင် စိတ်အနှောင့်အယှက်ကို အသက်သွင်းလိုက်၏။ ၎င်းတွင် ရန်သူ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး မန္တန်သုံးရန် အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အမ်ရှီက ရန်သူ၏ တိုက်စစ်နှင့် ခံစစ်ကို ပို၍ ပျက်စီးလွယ်စေသော ပိုင်နက်ကို အသုံးပြုခဲ့သည်။ ၎င်းတွင် ချုပ်တည်းခြင်း သက်ရောက်မှုလည်း ရှိသည်။

အစပိုင်းတွင် ဖူဂါက ဆာရှိုင်နှင့် အမ်ရှီတို့ကို တိုက်ပွဲ၌ ဝင်မပါစေချင်ခဲ့ပေ။ သို့သော်လည်း သူတို့ ပူးပေါင်း တိုက်ခိုက်သော အခါမှသာ ရန်သူကို ခုခံနိုင်ရံုသာရှိကြောင်း တွေ့လိုက်ရသည်။ အစပိုင်းတွင် ဖူဂါက အသွင်ပြောင်းပြီးနောက် အနီးကပ် တိုက်ခိုက်ရေးစွမ်းအား အသာစီးရယူပြီး အလွယ်တကူ ရန်သူကို ချေမှုန်းနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ရန်သူတွင်လည်း ဆင်တူသော အသွင်ပြောင်းလဲခြင်းတစ်ခု ရှိနေသည်။ သူ့တွင် ဘီးရားမွန်းထက် သာလွန်သော အကြွင်းမဲ့စွမ်းအား ရှိနေရုံသာမက မယုံနိုင်စရာ ထိန်းချုပ်မှုစွမ်းအားကိုလည်း ပြသခဲ့သည်။ ဖူဂါက ရန်သူ ထိန်းချုပ်ထားသော နယ်ရုပ်တစ်ရုပ်သဖွယ် ဖြစ်နေ၏။ အကွက်တိုင်းကို မှန်းဆထားပြီးသား ဖြစ်နေပြီး သူက တိုက်ပွဲ တစ်ခု၌ ထိုကဲ့သို့ လုံးဝ မချုပ်နှောင်ခံရဖူးပေ။ ထိုအရာက ခုနက ထူးဆန်းသော တိုက်ခိုက်ရေးစွမ်းရည်များထက် ပိုမို ကြောက်စရာ ကောင်းလှပေသည်။ ထိုကဲ့သို့ နိမ့်ကျသောအခြေအနေက အော့ခ်ဘုရင် (၂)ပါး ပူးပေါင်းသည့်တိုင် မတိုးတက်လာခဲ့ပေ။

ချန်လွေ့က [ အထူးစိစစ်မှု ] ကို အခြေခံထားသော [ ထိုးထွင်းအမြင် ] ကို အသက်သွင်းခဲ့သည်။ သူက ထို [ ထိုးထွင်းအမြင် ] ကို တဲရစ် (သန်းခေါင်နေ) နှင့် တိုက်ပွဲအတွင်း နားလည်သွားခဲ့ခြင်း ဖြစ်သည်။ သူက ရန်သူ၏ စိတ်ကို ခန့်မှန်းနိုင်ပြီး တိုက်ပွဲကို ကြိုတင်၍ ထိန်းချုပ်ကာ ခန့်မှန်းနိုင်၏။ သန်းခေါင်နေ၏ ထိန်းချုပ်မှုနှင့် ယှဉ်လျှင် အတော်လေး ဝေးကွာနေသေးသော်လည်း သူက “စစ်တုရင် ကစားသူ” တစ်ယောက်၏ ခံစားချက်မျိုး ရနေပြီ ဖြစ်လေသည်။

ချန်လွေ့က အော့ခ်ဘုရင်(၃)ကို တွန်းထုတ်ရန် ပထမဦးစွာ တိုက်ခိုက်လိုက်သည်။ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး အဝေးကို ကြည့်လိုက်၏။ ဘွန်နက်နဲ့ တခြားသူတွေ ထွက်ပြေးသွားလောက်ပြီ။ အဲဒါကြောင့် သူတို့က ဒီတိုက်ပွဲမှာ ထိခိုက်လောက်မှာ မဟုတ်ဘူး။ ပြီးတော့လည်း အန္တရာယ် ကင်းစေဖို့အတွက် ဒီတိုက်ပွဲမှာ မျက်မြင်သက်သေ မလိုအပ်ဘူး။

“မင်းတို့မှာ ဒီလောက်ပဲ အစွမ်းအစ ရှိတယ်ဆိုရင်တော့ ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ....” ချန်လွေ့က လေထဲမှနေ၍ အော့ခ်ဘုရင်(၃)ပါးကို ငုံ့ကြည့်လိုက်၏။

ဖူဂါက ဟိန်းဟောက်လိုက်ပြီးနောက် သူ့ပါးစပ်က အဝါရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်။ အားကောင်းသော အလင်းရောင် တစ်ခုကို ချန်လွေ့ထံ ပစ်လွှတ်လိုက်၏။ ချန်လွေ့က လေထဲ၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး တစ်ချိန်တည်း နီးပါးမှာပင် အနက်ရောင် ပုံရိပ်သုံးခုက အော့ခ်ဘုရင် သုံးပါး ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က အမှန်တကယ်ပင် ချန်လွေ့ သုံးယောက် ဖြစ်နေကြ၏။

“[ စူပါနိုဗာပေါက်ကွဲခြင်း ]” အသံ(၃)သံ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

ယနေ့ လရောင်အောက်တွင် ကြယ်များ မရှိကြသော်လည်း ထိုအခိုက်၌ အော့ခ်အားလုံးက ကြယ်ရောင်များကို မြင်လိုက်ရ၏။ ထိုအရာက ဘဝတစ်သက်လုံး မမေ့နိုင်သော မြင်ကွင်းတစ်ခုပင်။ အလွန်အမင်း အားကောင်းလှသော ကြယ်အလင်းက နေထက်ပင် တောက်ပနေလေသည်။

ဗဟိုနန်းတော်တဲအိမ် နေရာတစ်ခုလုံးက နေ့အလင်းရောင် များဖြင့် ပြည့်နှက်သွားခဲ့ပြီး တလက်လက်ဖြစ်နေသော အလင်းရောင်နှင့် ပြင်းထန်သော ဖျက်ဆီးခြင်း လှိုင်းများက အပြင်းအထန် ပျံ့နှံ့သွားခဲ့သည်။ “ဘေးကင်းသောအကွာအဝေး”မှ ကြည့်နေကြသော အော့ခ်အများအပြားက တုံ့ပြန်ရန်ပင် အချိန်မရဘဲ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကုန်ကြသည်။ နောက်ဆုံးအတန်းကလည်း ထိုကြိးမားလှသောအားကြောင့် လွင့်ထွက်ကုန်ကြသည်။

နောက်ဆုံးတွင် တလက်လက် ကြယ်အလင်းရောင် မှိန်သွားပြီး ဧရာမသားရဲ ဘီးရားမွန်း သုံးကောင်က ပြိုလဲကျသွားပြီး မြေပြင်ကို ပျက်ယွင်းသွားစေခဲ့သည်။ အတိအကျပြောရလျှင် သူတို့၏ ခန္ဓာကိုယ်က မြေကြီးထဲ မြုပ်ဝင်နေပြီး အရိုးများ မရှိတော့သလို ဖြစ်နေ၏။ သူတို့၏ ထိန်းမရသိမ်းမရ အငွေ့အသက်လည်း ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ အသက်ဓာတ်က အနိမ့်ဆုံးအထိ ထိုးဆင်းသွားခဲ့လေသည်။

ဧရာမသားရဲ ဘီးရားမွန်း၏ ခန္ဓာအမျိုးအစားနှင့် ခုခံစွမ်းအား ကြောင့်သာ မဟုတ်လျှင် ကိုယ်ပွားများ၏ စွမ်းအားကြောင့် ဖြစ်လာသော [ စူပါနိုဗာပေါက်ကွဲခြင်း ] အထပ်စွမ်းအားက အော့ခ် ဘုရင်(၃)ပါးကို ကွယ်ပျောက်သွားစေနိုင်လောက်ပေသည်။

အော့ခ်ဘုရင်(၃)ပါးက အသွင်ပြောင်းပုံစံကို မထိန်းထား နိုင်တော့ဘဲ မူလအသွင်သို့ အလိုလို ပြန်ရောက်ရှိသွားခဲ့သည်။ အားပိုနည်းသော ဆာရှိုင်နှင့် အမ်ရှီတို့က အပြင်းအထန် ဒဏ်ရာရသွားပြီး သတိလစ်နေခဲ့သည်။ ဖူဂါက ထရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့ပေ။

ကြောက်မက်ဖွယ်ရာ ကြယ်အလင်းရောင်ကို ဖြစ်စေခဲ့သော ပုံရိပ်သုံးခုက တဖြည်းဖြည်းနှင့် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်း သွားခဲ့ပြီး ဖူဒါအရှေ့သို့ တဖြည်းဖြည်း လမ်းလျှောက်သွားခဲ့သည်။

“အဲဒီ နတ်သူငယ်တစ်ပိုင်း ကောင်မလေး ဘယ်မှာလဲ။”

“နတ်သူငယ်တစ်ပိုင်း ကောင်မလေး”ဟူသော စကားလုံးက ဖူဂါ၏ ရွှေရောင်မျက်လုံးထဲ၌ ကွဲပြားသော အမူအရာတစ်ခု ဖြစ်သွားစေပြီး သူက ပြန်မဖြေဘဲ ချန်လွေ့ကိုသာ စိုက်ကြည့်နေ၏။ ကံဆိုးစွာပင် အစွမ်းအထက်ဆုံး အော့ခ်ဘုရင်က ထိုအခိုက်တွင် စိုက်ကြည့်ရန် အင်အားသာ ရှိနေသည်။

“သူ့ကို ကြမ္မာဆိုးနွံအိုင်ဆီ ပို့လိုက်တာလား။” ချန်လွေ့က အကြွင်းမဲ့ သတ်ဖြတ်ချင်စိတ်ဖြင့် မေးလိုက်သည်။ “ငါမေးတာဖြေ။ ငါ့ကို လိမ်ဖို့ မစဉ်းစားနဲ့။ မဟုတ်လို့ကတော့ မိုးကြိုးမုန်တိုင်း မျိုးနွယ်စု တစ်ခုလုံးကို ငါ ရှင်းပစ်မယ်။ အဲဒီလို ငါလုပ်နိုင်တာ မင်းသိပါတယ်။”

ထိုစကားလုံးများက ဖူဂါ၏ နဂိုကတည်းက အားနည်းနေသော အသက်ရှူသံကို ပိုမြန်သွားစေပြီး နောက်ဆုံး၌ သူ ပြန်ဖြေလိုက်၏။ “လွန်ခဲ့တဲ့ ၄ရက်တုန်းက ဒီကို မဟာနတ်ဆရာမက သံတမန် စေလွှတ်ပြီးတော့ နတ်သူငယ်တစ်ပိုင်း မိန်းကလေး တစ်ယောက်တည်းကို ခေါ်သွားခဲ့တယ်။”

“သူ့ကိုဖမ်းဖို့ ဘာလို့ မဟာနတ်ဆရာမက ဆုချီးမြှင့်ရတာလဲ။”

“ကျုပ် မသိဘူး။”

ဖူဂါက လိမ်နေခြင်း မဟုတ်ကြောင်း ချန်လွေ့ မြင်နိုင်သည်။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ “ဒါဆိုရင် အော့ခ်တွေက ဘာလို့ လူသားတွေကို ဖမ်းဆီးရတာလဲ။ မင်းတို့က ဒီမှာ ကုန်သွယ်ကြတဲ့ စီးပွားရေးသမားတွေကိုတောင် ဖမ်းခဲ့တယ်။”

“အဲဒါက မဟာနတ်ဆရာမရဲ့ အမိန့်ပါ။ သွေးစတေးခံ အခမ်းအနား အတွက် လိုအပ်တဲ့ပုံပဲ။”

သွေးစတေးတာလား။ ချန်လွေ့၏ စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု လှိမ့်တက်လာခဲ့ပြီး အတွေးများ ပြောင်းလဲသွား၏။ “ကြမ္မာဆိုးနွံအိုင်ကို ဘယ်လိုသွားရင် အမြန်ဆုံး ရောက်နိုင်လဲ။”

ဖူဂါက ခဏတာ တုံ့ဆိုင်းနေခဲ့သည်။ “ကြမ္မာဆိုးနွံအိုင်ဆီကို တိုက်ရိုက် ရောက်နိုင်တဲ့ နှစ်လမ်းသွား [ တယ်လီပို့အစီအရင် ] က နန်းတော် အပျက်အစီးထဲမှာ ရှိတယ်။ ဒါပေမဲ့ အဲဒါကို သုံးဖို့အတွက် မဟာနတ်ဆရာမရဲ့ တယ်လီပို့သလင်းကျောက် လိုအပ်တယ်။”

“ငါ့ကို တယ်လီပို့ သလင်းကျောက်ပေး။ ဒါဆို ငါ မိုးကြိုးမုန်တိုင်း မျိုးနွယ်စုကို လွှတ်ပေးမယ်။”

ဖူဂါက အမြန်ပြောလိုက်၏။ “ကျုပ်မှာ တယ်လီပို့ သလင်းကျောက် တစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ အဲဒါက သက်တမ်းကုန်...”

ခဏအကြာ ချန်လွေ့က လက်ထဲတွင်း သလင်းကျောက်တစ်ခု ကိုင်ရင်း နန်းတော်အပျက်အစီးထဲရှိ [ တယ်လီပို့အစီအရင် ] သို့ ရောက်ရှိလာသည်။ ထိုအရာက ဖူဂါထံမှ ရရှိထားသော တယ်လီပို့ သလင်းကျောက်ပင် ဖြစ်၏။

သူ၏ မှော်စက်ဝိုင်းနှင့် ယန္တရားပညာအရ စမ်းသပ်ချက် အနည်းငယ် ပြုလုပ်ပြီးနောက် ထိုတယ်လီပို့သလင်းကျောက်၏ လျို့ဝှက်ဆန်းကြယ်မှုကို နားလည်သွားခဲ့သည်။ သလင်းကျောက်တွင် [ တယ်လီပို့အစီအရင် ]၏ စိတ်ဝိညာဉ် အမှတ်အသား ပါရှိသော်လည်း အမှတ်အသားက အလုပ်လုပ်ရန် ထူးခြားသော စွမ်းအား အသက်သွင်းရန် လိုအပ်သည်။ ထိုကဲ့သို့ စွမ်းအားမျိုးက ချန်လွေ့ကို အံ့သြသွားစေသည်။ ထိုအရာက ယုံကြည်မှုစွမ်းအား ဖြစ်နေခြင်းပင်။

အော့ခ်များ၏ မဟာနတ်ဆရာမက အော့ခ်နတ်ဘုရားနှင့် တိုက်ရိုက် ဆက်သွယ်စကားပြောနိုင်သည်ဟု ပြောကြသည်။ သူက အော့ခ်များ၏ ရှင်ကျန်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြ အပြင် အော့ခ်နတ်ဆရာမများ၏ နည်းပြလည်း ဖြစ်လေသည်။ သူ့ကို အော့ခ်မျိုးနွယ်စု အမျိုးမျိုးက ကိုးကွယ်ကြ၏။ ထို့ပြင် မဟာနတ်ဆရာမက နတ်ဝင်သည်နှင့်လည်း ဆင်တူသည်။ ထိုအရာက ယုံကြည်မှုစွမ်းအား ပစ္စည်းတစ်မျိုး ဖြစ်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ပြဿနာက ချန်လွေ့သည် ထိုယုံကြည်မှု စွမ်းအားကို ကိုယ်တိုင် အသုံးပြုရန်အတွက်သာ ပြောင်းလဲနိုင်ပြီး ထိုတယ်လီပို့သလင်းကျောက်ကို “အားဖြည့်ရန်” ယုံကြည်မှု စွမ်းအားကို မလည်ပတ်စေနိုင်ပေ။

အခု ဘလန့်ချ်က အန္တရာယ် ကြီးကြီးမားမား ကြုံနေရ လောက်တယ်။ ကြမ္မာဆိုးနွံအိုင်ကို အလောတကြီး သွားဖို့လိုတယ်။ ချန်လွေ့က အနည်းငယ် စိုးရိမ်လာမိခဲ့သည်။

စိတ်ဝိညာဉ်အမှတ်အသား....ယုံကြည်မှုစွမ်းအား ......

ဟုတ်သားပဲ....

ရုတ်တရက် သူက အလင်းပွင့်သွားပြိး သလင်းကျောက်ကို ခြေမွပစ်လိုက်သည်။ စိတ်ဝိညာဉ် အမှတ်အသား ပျောက်မသွားခင် သူက ဝါးမျိုခြင်း စွမ်းအားကို အသုံးပြုပြီး ၎င်းကို “ဝါးမျို”လိုက်၏။ ထို့နောက် [ တယ်လီပို့အစီအရင် ] ထဲသို့ လမ်းလျှောက် သွားလိုက်တော့သည်။

ထိုအရာက အမှန်တကယ်ပင် ရှုထောင် အပြောင်းအလဲ တစ်ခုမှ အတွေးအမြစ်သစ် ဖြစ်ပေသည်။ ယခုတွင် သူက စိတ်ဝိညာဉ် အမှတ်အသားတစ်ခုရှိသော “တယ်လီပို့သလင်းကျောက်”တစ်ခု ကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ထဲ၌လည်း ယုံကြည်မှုစွမ်းအား အများအပြား ရှိနေကာ [ တယ်လီပို့အစီအရင် ] ကို အသက် သွင်းနိုင်ပေသည်။

အသေအချာပင် [ တယ်လီပို့အစီအရင် ] က ရေဝဲကဲ့သို့ အပြာရောင်အလင်းတစ်ခု တောက်ပလာပြီးနောက် ခဏအကြာ ချန်လွေ့ ပျောက်ကွယ်သွားတော့သည်။

All Chapters