← Chapters

လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်

Vol. 49 Ch. 803

လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်

Vol. 49 Ch. 803

အပြာရောင်အလင်း လက်ခနဲ ဖြစ်သွားပြီးနောက် ချန်လွေ့က နောက်ထပ် တယ်လီပို့ အစီအရင်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သူ့အရှေ့တွင် ကျောက်ပြားများဖြင့် ခင်းထားပြီး တောနက်ထဲသို့ ဦးတည်သွားနေသော လမ်းကြောင်းတစ်ခု ရှိနေ၏။ အဖြူရောင် မြူနှင်းက ပတ်ပတ်လည်တွင် လွင့်ပျံနေပြီး မြင်နိုင်မှုက သိပ်မမြင့်လှပေ။

ဒါက အိပ်မက်ဆိုးတောနက်ရဲ့ နာမည်ကျော်ကြားတဲ့ ကြမ္မာဆိုးနွံအိုင် ဖြစ်လောက်တယ်။ လူသားကုန်သည်ပေးထားတဲ့ လက်ရေးမူ မြေပုံမှာ ဒီနေရာ အကြောင်း သိပ်ပြီးရေးထားတာ မရှိဘူး။ ဒါပေမဲ့ ယေဘုယျ ဦးတည်ချက် ကိုတော့ ညွှန်ပြထားတယ်။ “အလွန်အန္တရာယ်ရှိ” ဆိုပြီးတော့လည်း သတိပေးချက်တစ်ခု ရေးထားတယ်။

ချန်လွေ့က ကြမ္မာဆိုးနွံအိုင်ထဲသို့ သူကိုယ်တိုင်နှင့်အတူ ကိုယ်ပွား အသူရာနှင့်ပါ ရောက်လာခဲ့ပြီး လူပုတောအုပ်ထဲသို့သွားကာ ဘွန်နက်နှင့် တွေ့ဆုံခဲ့ပြီး အီနာ၊ အခြားသူများနှင့် သိင်္ဂဿတို့ကို အိပ်မက်ဆိုးတောနက် အပြင်ဘက်သို့ လိုက်ပို့ပေးခဲ့သည်။ အီနာ၏ သင်္ဘောက လေဖြူအား ကျောက်စိမ်းသစ်တောပင်လယ်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ကျက်သရေပြာ အင်ပါယာရှိ သိဒ္ဓိခိုလှုံရာမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ဟန်တူသော ဘွန်နက်က ချန်လွေ့နှင့် အဆက်အဆံ သိပ်မရှိခဲ့ပေ။ အထူးသဖြင့် သူ ကိုယ်တိုင်က သိဒ္ဓိကျောင်းတော်၏ အလိုရှိဆုံး ရာဇဝတ်သား ဖြစ်နေ၏။ အမှား အနည်းငယ်က အီနာ၊ လူစီအိုနှင့် ဆမ်မြူရယ်တို့ကိုပင် ထိခိုက်စေနိုင်သည်။

ယခုတွင် အရေးအကြီးဆုံးက စတေးမှုတစ်ခုခု၌ ရှိနေနိုင်သော နတ်သူငယ် တစ်ပိုင်း ကောင်မလေးအား ချက်ချင်း ကယ်တင်ရန် ဖြစ်၏။

တယ်လီပို့ အစီအရင်အနီးရှိ ကျောက်လမ်းကြောင်း ဘေးနှစ်ဖက်တွင် ၃မီတာ အမြင့်ရှိသော ရုပ်ထု ၆ခု ရှိနေသည်။ ထိုရုပ်ထုများ၏ ပုံစံက အလွန်ထူးဆန်းလှသည်။ သူတို့တွင် အပေါ်ပိုင်းခန္ဓာကိုယ် ရှိပြီး ထက်လှသော ဓားများကို ကိုင်ထားကြသည်။ သူတို့က ကြောက်စရာကောင်းပြီး ထူးဆန်းနေလေသည်။

ထိုရုပ်ထု၆ခုက ချန်လွေ့အား ရင်းနှီးသော ခံစားချက် တစ်ခုကို ပေးနေခဲ့သည်။ သူက ထိုရုပ်ထုနားသို့ ဖြတ်သွားလိုက်ရာ ရုပ်ထုများ၏ မျက်လုံးများက အနီရင့်ရောင် အလင်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး အသက်ဝင်လာတော့သည်။

ထိုအချိန် [ သရုပ်ခွဲမျက်လုံး ] က သတိပေးချက် ပေါ်ထွက်လာ၏။

သံမဏိနက်ဆန်းကြယ်သရဲ။

စွမ်းအားအကဲဖြတ်မှု -C

စိစစ်ချက် - ပြိုင်ဘက်ကင်း ဂုဏ်သတ္တိ။ အာရုံဖုံးကွယ်မှု။

အမုန်းတရားနယ်မြေမှာ ငါမြင်ခဲ့တဲ့ သံမဏိနက် ဆန်းကြယ်သရဲ ဖြစ်နေတာကိုး။ ဒါကြောင့် ရင်းနှီးနေတာပဲ။ သံမဏိနက် ဆန်းကြယ်သရဲက အဂ္ဂိရတ်ပညာကနေ ဖန်တီးထားတဲ့ တိုက်ခိုက်ရေးစက်ယန္တရား တစ်ခုပဲ။ လျို့ဝှက်ဂါထာတွေ၊ အထူးကုန်ကြမ်းတွေနဲ့ လုပ်ထားတာ။ ရုပ်ပိုင်းဆိုင်ရာနဲ့မှော် ထိခိုက်မှုတွေကို ကြီးကြီးမားမား လျှော့ချပေးနိုင်တယ်။ အာရုံခံမှုကိုလည်း ကာကွယ်နိုင်တယ်။

ထိုသံမဏိနက်ဆန်းကြယ်သရဲများ၏ နှစ်ထပ်ခန္ဓာကိုယ်နှင့် လက်၄ဖက်ပုံစံက ချန်လွေ့ မြင်ခဲ့ဖူးသည်နှင့် မတူပေ။ ထို့ပြင် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားက ပိုမိုစွမ်းအားကြီးပေသည်။ အထူးသဖြင့် နှစ်ထပ်ခန္ဓာကိုယ်၏ အနီးကပ် တိုက်ခိုက်မှု သေစေနိုင်ခြင်းက နာဂါများကိုပင် ယှဉ်နိုင်လုနီးပါး ဖြစ်သည်။

သို့ရာတွင် ချန်လွေ့က ရေအောက်လောကတွင် သံမဏိနက် ဆန်းကြယ်သရဲ တစ်သိန်းကို မြင်ခဲ့ဖူးသည်။ နတ်ဆိုးဘုရင်အဆင့် သံမဏိနက် ဆန်းကြယ်သရဲ ၆ကောင်ကို မြင်ရသည့်အခါ သူက တည်ငြိမ်ပြီး လေးနက်နေခဲ့သည်။ သူက လက်ကို ဆုပ်လိုက်ရာ သံမဏိနက် ဆန်းကြယ်သရဲ ၆ကောင်၏ လှုပ်ရှားမှုများ တစ်ချိန်တည်း ရပ်တန့်သွားခဲ့သည်။ ဓားကိုင်ထားသော လက်များက လေထဲ၌ ရပ်တန့်နေခဲ့ပြီး အဆစ်များက ဖောက်ထွင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ သူတို့က စွမ်းအား အကုန်ဖြင့်ပင် ချန်လွေ့ကို မခုခံနိုင်သည်မှာ သေချာပေသည်။

ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ သူက လက်မောင်းကို ခါရမ်းလိုက်ရာ သံမဏိနက် ဆန်းကြယ်သရဲ ၆‌ကောင် လွင့်ထွက်သွားခဲ့ပြီး လေထဲ၌ ပေါက်ကွဲထွက်သွား တော့သည်။

ထိုကဲ့သို့ အလိုလို ဖောက်ခွဲခြင်းက အနည်းငယ် မမျှော်လင့် ထားသောအရာ ဖြစ်ပြီး လှုပ်ရှားမှုက ကျယ်လောင်လှသည်။ သူ၏ အကြားအာရုံဖြင့်ပင် အဝေးမှ အသံရေးရေးလေးကို ကြားလိုက်ရ၏။ ထိုနေရာက တစ်ယောက်မက အမြန်ရောက်လာနေပုံရသည်။

ချန်လွေ့က ကြောက်လန့်မနေပေ။ သူ့လုပ်ရပ်များ ပေါ်သွားသည့် အတွက်ကြောင့် သူက ရိုးရိုးရှင်းရှင်းပင် ဆူပူအောင် ပြုလုပ်လိုက်၏။ လောင်မီတယ်ကို သတိထားမိစေပြီး လုပ်ဆောင်နေသည့် သွေးစတေးမှုအား အနှောင့်အယှက် ဖြစ်စေလျှင် ပိုကောင်းမည် ဖြစ်သည်။

ဇိုလာ အတုခိုးထားသော “ဇီရေး”များက သူ့လက်ထဲ၌ ပေါ်ထွက်လာသည်။ ၎င်းတို့၏စွမ်းအားက မူလထက် အနည်းငယ် နိမ့်ပါးသော်လည်း အတော်လေး အထင်ကြီးစရာ ကောင်းနေသေး လေသည်။ ၎င်းတို့က မိုးကြိုးမုန်တိုင်း မျိုးနွယ်စုတွင် အတော်လေး ပြင်းထန်သော ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။

“ဘုန်း....ဘုန်း...” သစ်တောထဲ၌ နားကွဲလုမတတ် အသံများ ပေါ်ထွက်လာခဲ့သည်။ သစ်တောအနီးတွင် ထားထားသော မှော်စက်ဝိုင်းများနှင့် အရုပ်စာများက ထိုကြောက်မက်ဖွယ်ရာ ပေါက်ကွဲအားကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။ လူအများက ပို၍ သတိထားမိလာကြပြီး သူ့အရှေ့သို့ ပထမဆုံး ရောက်လာသူများ ရောက်ရှိလာကြ၏။

၎င်းတို့က နဂါးယောင် အိမ်မြှောင်နက်စီးထားသော သံချပ်ကာတပ်ဖွဲ့ ဖြစ်သည်။ ၎င်းတို့က ချန်လွေ့ထားသော အသားစား သာရိုပတ် ဒိုင်နိုဆောများနှင့် အနည်းငယ် ဆင်တူသည်။ သံချပ်ကာတပ်ဖွဲ့က ပေါ့ပေါ့ပါးပါး ချပ်ကားများ ဝတ်ဆင်ထားပြီး မျက်နှာကို အဝတ်မည်းဖြင့် ဖုံးထားကြသည်။ သူတို့၏ပုံစံများက တုတ်ခိုင်သောအော့ခ်များနှင့် အတော်လေး ကွာခြားပေသည်။ သူတို့က ပိုမိုမြန်ဆန်ပုံရသည်။ သူတို့က လက်ထဲ၌ လှံတစ်ချောင်း ကိုင်ထားပြီး နောက်ဘက်တွင် လှံတို တစ်တန်း သယ်ဆောင်ထားကြ၏။

သံချပ်ကာတပ်ဖွဲ့က ချန်လွေ့ကို တွေ့ပြီးနောက် ချက်ချင်း အချက်ပြလိုက်ကာ သူ့အဖော်များကို ရှေ့တက်ခိုင်းသည်။ ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ လေလှိုင်းတစ်ခု ပေါက်ကွဲ ထွက်သွားပြီး ရှေ့မှ သံချပ်ကာတပ်ဖွဲ့ကို လွင့်ထွက်သွားစေသည်။ နောက်မှ မြင်းတပ်က ၎င်းကို မြင်သောအခါ အနားကို မကပ်လာရဲကြတော့ပေ။ သူတို့က အဝေးမှ လှံတိုများပင် ပစ်ကြတော့သည်။

ချန်လွေ့၏ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပြီး နဂါးယောင် အိမ်မြှောင်နက် အနောက်တွင် ပေါ်ထွက်လာခဲ့သည်။ သံချပ်ကာ တပ်ဖွဲ့က ထိတ်လန့်သွားခဲ့သည်။ ဘာမှ မလုပ်နိုင်ခင်မှာပင် လေထဲသို့ မြှောက်တက်သွားခဲ့ပြီး အနည်းငယ် တုန်ခါပြီးနောက် စိတ်သက်သာရာ ရသွားစဉ် သူ့အဖော်များအားလုံး မြေပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရ၏။ သံချပ်ကာ တပ်ဖွဲ့၌ သူ တစ်ယောက်တည်းသာ ကျန်တော့သည်။

“အော့ခ်တစ်ပိုင်း ဟုတ်လား။” [ သရုပ်ခွဲမျက်လုံး ] ပြသသော အချက်အလက်က ချန်လွေ့ကို အံ့သြသွားစေခဲ့သည်။ သို့သော် နတ်သူငယ်တစ်ပိုင်း တည်ရှိသည့်အတွက် အော့ခ်တစ်ပိုင်းက နားလည်နိုင်သော အတိုင်းအတာအတွင်း ရှိပေသည်။ သို့သော် အနည်းငယ် မမျှော်လင့်ထားခဲ့ခြင်းသာ ဖြစ်၏။

“မဟာနတ်ဆရာမ လောင်မီတယ် ဘယ်မှာပဲ။” ချန်လွေ့ကို သူ့ကို စိတ်ဖိအားပေးရန် မိစ္ဆာမျက်ဆံကို အသုံးပြုသော်လည်း အော့ခ်တစ်ပိုင်းက စကားမပြောသေးပေ။ ခဏကြာပြီးနောက် သူက ကြောက်မက်ဖွယ်ရာ စိတ်ဖိအားကို မခံနိုင်တော့ဘဲ သတိလစ်သွားတော့သည်။

ချန်လွေ့ ထိတ်လန့်သွား၏။ ဒီအော့ခ်တစ်ပိုင်းရဲ့ စွမ်းအားက E အဆင့်ပဲ ရှိတယ်။ ဒါဆိုရင် မိစ္ဆာမျက်ဆံစွမ်းအားကို ခုခံဖို့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ဒါက ပိုအားကောင်းတဲ့ စိတ်ဝိညာဉ်ဂယက်တစ်ခုကို လက်ခံထားလို့ပဲ။ ဥပမာ...ယုံကြည်မှု လိုမျိုးပေါ့။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်စဉ် ပတ်ပတ်လည်၌ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ အလွန် ကြီးမားသော လျှပ်စီးမှော်တစ်ခုက နေ့အလင်းသဖွယ်ပင် အသက်ဝင်လာခဲ့သည်။ သို့သော်လည်း ချန်လွေ့က ပုန်းကွယ်ရန် အစီအစဉ် မရှိပေ။ သူက ထိုနေရာ၌သာ ရပ်နေခဲ့ပြီး ချဉ်းကပ်လာသော ရန်သူကို စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာ သံချပ်ကာတပ်ဖွဲ့ တစ်ဖွဲ့က သူ့အရှေ့သို့ ရောက်ရှိလာသည်။ ထိုသံချပ်ကာတပ်၏ ခန္ဓာကိုယ်များက အလင်းရောင် ယဲ့ယဲ့ ထွက်နေပြီး နတ်ဆရာမများ၏ တိုက်ပွဲကြွေးကြော်သံဖြင့် ကောင်းချီးပေးခံထားရသည်မှာ အသေအချာပင်။

သံချပ်ကာတပ်ဖွဲ့က တိုက်ခိုက်ရန် အလျင်မလိုနေဘဲ တဖြည်းဖြည်း ဝိုင်းရံလိုက်ကြသည်။ အိမ်မြှောင်ကဲ့သို့ ယောက်ျားနှင့် မိန်းမများက သံချပ်ကာတပ်ဖွဲ့ဘေးနားတွင် ပေါ်ထွက်လာခဲ့သည်။ သူတို့၏ပုံရိပ်များအရ အော့ခ်များနှင့် အော့ခ်တစ်ပိုင်းများ ဖြစ်ဟန်တူသည်။

ခေါင်းဆောင်တစ်ယောက်၏ အမိန့်အောက်တွင် ထိုနတ်ဆရာမများက ချန်လွေ့ထံ ပစ္စည်းများ တစ်ခုပြီးတစ်ခု ပစ်တော့သည်။ ၎င်းတို့က အရုပ်စာများ ထွင်းထားသော ကျောက်တိုင်လုံးများ ဖြစ်နေကြသည်။ ၎င်းတို့က မပေါ့လှပေ။ လူသား မှော်ပညာရှင်တစ်ယောက်သာဆိုရင် ၎င်းကို မူလ ခန္ဓာကိုယ်အင်အားတစ်ခုတည်းဖြင့် သယ်နိုင်ရန် ပြဿနာ ဖြစ်နေလိမ့်မည်။ အော့ခ်မျိုးနွယ်စုမှ “မှော်ပညာရှင်”က “လှံတိုပစ်သမား”နေရာကို အလွယ်တကူ ယာယီယူနိုင်မည် ဖြစ်၏။

ကျောက်တိုင်များကို မြေပေါ်တွင်စိုက်ပြီးနောက် ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တောက်ပနေသော ထွင်းစာများက လှိမ်ယှက်သွားပြီး အလွန်ကြီးမားသော အစီအရင် တစ်ခု ဖြစ်လာကာ ချန်လွေ့ကို ရစ်ပတ်လိုက်၏။

ချန်လွေ့က မိမိ၏ခန္ဓာကိုယ်မှာ မမြင်နိုင်သာ ကြိုးများဖြင့် ရစ်ပတ်ခံလိုက်ရကြောင်း ခံစားနေရပြီး လှုပ်ရှားရန် ရုန်းကန်နေသည်။ ထိုအရုပ်စာများ၏စွမ်းအားက သာမန်မှော်ပညာနှင့် ကွဲပြားသည့်အတွက် သူ အံ့သြသွားခဲ့သည်။ အရုပ်စာများက တစ်နေရာတည်း၌ ပေါင်းစည်းသွားခဲ့ပြီး အလွန်ကြီးမားသော “လက်သည်း”ဒါဇင်ခန့်က မြေပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လောင်လှိမ်တစ်ခုအဖြစ် ချန်လွေ့ကို ပိတ်လှောင်ထားလိုက်လေသည်။

လှောင်အိမ် ဖြစ်လာပြီးနောက် အိမ်မြှောင်ကောင်များက လှံတိုများဖြင့် ပစ်တော့သည်။ နတ်ဆရာမများ၏ တိုက်ပွဲ ကြွေးကြောသံ အကြား၌ လှံတိုများက အစိမ်းရောင်အလင်းများ တောက်နေကာ လှောင်အိမ်ထဲသို့ တစ်ခုပြီးတစ်ခု ပစ်ဝင်သွား တော့သည်။

ထိုလှံတိုများကို ပစ်ရခြင်းမှာ လှောင်အိမ်ကိုဖြတ်ပြီး ချန်လွေ့ကို ထိစေရန် မဟုတ်ဘဲ သူ့ပတ်ပတ်လည်မှ မြေပေါ်သို့ ရောက်ရှိရန် ဖြစ်သည်။ မြေပေါ်သို့ ထိုးစိုက်သွားသည်နှင့် ၎င်းတို့က အစိမ်းရောင် အငွေ့များ ထွက်လာတော့သည်။ အစိမ်းရောင် အငွေ့က အသေအချာပင် အဆိပ်ရှိလေသည်။ ထိုကဲ့သို့ တိုက်ပွဲနည်းဗျူဟာ ပေါင်းစပ်မှုမျိုးကို ချန်လွေ့ ယခုမှ တွေ့ဖူးခြင်း ဖြစ်၏။

လှံတိုများကို လှောင်အိမ်ဆီသို့ မိုးရွာသကဲသို့ ပစ်လွှတ် နေကြသည်။ အရုပ်စာ အစီအရင်၏ သက်ရောက်မှုအောက်တွင် အဆိပ်ငွေ့များက မပျံ့နှံ့သွားကြဘဲ လှောင်အိမ်နေရာ၌သာ စုဝေးနေကြသည်။ အလွန်သိပ်သည်းလှသည့်အတွက် လှောင်အိမ်ကိုပင် မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ထိုအခိုက်အတန့်၌ ကောင်းကင်ပေါ်တွင် တွင်းနက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အဆိပ်ငွေ့များကို အလျင်အမြန် ဝါးမျိုသွားလိုက်သည်။ အဆိပ်ငွေ့များသာမက အရုပ်စာ တိုင်လုံးမှ အလင်းရောင်များပင် အလျင်အမြန် အားနည်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ လက်လည်းလှောင်အိမ်က အရုပ်စာစွမ်းအား ဆုံးရှုံးသွားပြီး အမှုန့်ဖြစ်သွားတော့သည်။

နတ်ဆရာမက ဒယီးဒယိုင်နှင့် နောက်ဆုတ်သွားကြပြီး ပြင်းထန်သော တန်ပြန်မှုတစ်ခုကို ခံလိုက်ရဟန်တူသည်။ သို့သော်လည်း တွင်းနက်၏ ဝါးမျိုခြင်းစွမ်းအားက ဆက်လက် ဖြစ်နေခဲ့သည်။ သံချပ်ကာတပ်ဖွဲ့ဖြစ်စေ၊ နတ်ဆရာမများဖြစ်စေ၊ အားလုံးက တွင်းနက်ဆီသို့ အလိုလို လွင့်ပျံသွားကြ၏။

တွင်းနက် ပျောက်ကွယ်သွားသောအခါ သတိလစ်နေသော နတ်ဆရာမများ၊ သံချပ်ကာတပ်နှင့် နဂါးယောင် အိမ်မြှောင်တို့သည်ပင် မြေပေါ်၌ သတိလစ်နေခဲ့ကြသည်။ အမှန်တကယ်၌ [ ကြယ်ဝါးမျိုခြင်း ] က သူတို့၏ အသွေးအသားကို မဝါးမျိုခဲ့ဘဲ ထိုသူများ၏ တိုက်ခိုက်ရေးစွမ်းအားက လုံးဝ ဖျက်ဆီးခဲ့ခြင်း ဖြစ်လေသည်။

ချန်လွေ့က နတ်ဆရာမခေါင်းဆောင် အနားသို့ ချဉ်းကပ် လာခဲ့သည်။ ထိုသူက အတော်လေး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ရှိသည့် အော့ခ်တစ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာက အော့ခ်များထက် များစွာ နူးညံ့လှပေသည်။ ယခင် သံချပ်ကာတပ်နှင့်ယှဉ်လျှင် ထိုနတ်ဆရာမများက ပိုမိုခေါင်းမာသော ယုံကြည်မှုများ ရှိလိမ့်မည်ဖြစ်ကြောင်း ချန်လွေ့ ခန်းမှန်းမိသည်။ မိစ္ဆာမျက်ဆံစွမ်းအားကိုသာ အမှီပြုနေမည်ဆိုလျှင် ရလာဒ်များ ရရှိလာနိုင်မည် မဟုတ်ပေ။ ကံကောင်းစွာပင် ချန်လွေ့၌ မိစ္ဆာမျက်ဆံထက် ပိုရှိနေ၏။

ထိုအကြောင်း စဉ်းစားနေရင်း ချန်လွေ့၏မျက်နှာပေါ်၌ နတ်ဘုရားဝါးမျိုမျက်နှာဖုံး ပေါ်ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများက အဝါရောင်အလင်း စတင် တောက်လာလေသည်။

ခဏအကြာ အော့ခ်တစ်ပိုင်း နတ်ဆရာမခေါင်းဆောင် ဘာဂျီက “အော့ခ်တစ်ပိုင်း နတ်ဆရာမ”အား မဟာနတ်ဆရာမ လောင်မီတယ် ရှိရာ လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်သို့ ခေါ်ဆောင်သွားတော့သည်။

အော့ခ်တစ်ပိုင်း နတ်ဆရာမက ချန်လွေ့ ရုတ်ဖျက်ထားခြင်း ဖြစ်သည်။ ဘာဂျီက နတ်ဘုရားဝါးမျိုမျက်နှာဖုံး၏ ရုပ်သေး ဖြစ်သွားပြိးနောက် သိသမျှကို ပြောပြခဲ့သည်။ လွန်ခဲ့သော ၄ရက်ခန့်က နတ်သူငယ်တစ်ပိုင်းအား လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်သို့ ပို့ဆောင်ပြီးနောက် မဟာနတ်ဆရာမ လောင်မီတယ်က တံခါးပိတ် နေနေခဲ့ပြီး “နတ်ဘုရားအတွက် သွေးစတေးရန်” အတွက်ကိုသာ အာရုံစိုက်နေကြောင်း သိခဲ့သည်။ ဖမ်းဆီးထားသော လူသား ပထမအသုတ်ကိုလည်း‌ ကျောက်နန်းတော်သို့ ပို့ဆောင်ခဲ့ပြီး ၎င်းက စတေးမှုတစ်မျိုးဟု ပြောပေသည်။

ထိုသတင်းက ချန်လွေ့ကို ပို၍ပင် စိုးရိမ်သွားစေခဲ့သည်။ ကျောက်နန်းတော်သို့ မဝင်ခင်မှာပင် သူတို့နှစ်ယောက်ကို တံခါးဝတွင် အစောင့်က တားဆီးခဲ့ပြီး မဟာနတ်ဆရာမက မည်သူ့ကိုမှ ပေးမဝင်ကြောင်း ပြောခဲ့သည်။

ဘာဂျီက လေးလေးနက်နက်ဖြစ်နေပြီး အရေးပေါ်ကိစ္စတစ်ခု ရှိနေသည့်အတွက် မဟာနတ်ဆရာမထံ သတင်းပို့ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အပြင်ဘက်တွင် ထိုကဲ့သို့ လှုပ်ရှားမှု အကြီးကြီး ဖြစ်ခဲ့သည့်အတွက် လျို့ဝှက်ဘာသာစကား ကျောက်နန်းတော် အတွင်းထဲမှပင် ကြားရလေသည်။ ဘာဂျီ၏ အဆင့်အတန်းက ထူးခြားပေသည်။ ခံစစ်ကို တာဝန်ယူရသော အဆင့်မြင့် နတ်ဆရာမတစ်ယောက် ဖြစ်သည့်အလျောက် အခြေအနေကို ရှာတွေ့ပြီးနောက် မဟာနတ်ဆရာမထံ သတင်ပို့ရခြင်းမှာ အကြောင်းအကျိုးသင့်ပေသည်။ ထို့နောက် အနည်းငယ် ခြိမ်းခြောက် ပြီးနောက်တင် သူတို့နှစ်ယောက်က ကျောက်နန်းတော်သို့ အောင်အောင်မြင်မြင်နှင့် ဝင်ရောက်နိုင်ခဲ့ လေသည်။

ကျောက်နန်းတော်က အလွန်ကျယ်ဝန်းလှပေသည်။ အဓိက ခန်းမကို တစ်ခါတည်း ရှာတွေးနိုင်သော သာမန်နန်းတော်မျိုး မဟုတ်ပေ။ ထိုအစား ရှုပ်ထွေးသော ဝင်္ကပါကဲ့သို့ လမ်းကြောင်းများ အပြည့် ဖြစ်နေသည်။ ကံကောင်းစွာပင် ဘာဂျီကဲ့သို့ လမ်းပြ တစ်ယောက် ရှိနေသည်။ သို့မဟုတ်ပါက မဟာနတ်ဆရာမ တည်ရှိသော “နတ်ဘုရား ဝတ်ပြုခန်းမ”ကို ရှာဖွေရန်မှာ လွယ်ကူသော တာဝန်တစ်ရပ် မဟုတ်ပေ။

ကျောက်နန်းတော်က တိတ်ဆိတ်မှုနှင့် ထူးခြားသော အငွေ့အသက်တစ်ခု ပြည့်နှက်နေခဲ့သည်။ အစောင့်များ မရှိကြသော်လည်း သံမဏိနက် ဆန်းကြယ်သရဲများက နေရာတလျှောက် ပျံ့နှံ့နေခဲ့လေသည်။

ထိုသံမဏိနက် ဆန်းကြယ်သရဲများက ငြိမ်သက်နေကြသည်။ အမှန်တကယ်၌ ကြမ္မာဆိုးနွံအိုင်ရှိ စစ်သည်များနှင့် နတ်ဆရာမများတွင် ၎င်းကို လုံးဝ“ပြီးသော”အဆောင် တစ်မျိုး ရှိကြသည်။ ထိုအဆောင်မရှိလျှင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခံရမည် ဖြစ်သည်။ ထို့ကြောင့်ပင် တယ်လီပို့အစီအရင်မှ ထွက်လာသည်နှင့် ချက်ချင်းပင် ချန်လွေ့ အတိုက်ခိုက် ခံရခြင်း ဖြစ်လေသည်။

သူတို့နှစ်ယောက်က နတ်ဘုရား ဝတ်ပြုခန်းမရှေ့ရှိ အလွန် ကြီမားသော စင်္ကြံလမ်းပေါ်သို့ လမ်းလျှောက်သွားသောအခါ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။ နှစ်ဖက်လုံးမှ သံမဏိနက် ဆန်းကြယ်သရဲများက ရုတ်တရက် အသက်ဝင်လာ ကြလေသည်။ စင်္ကြံလမ်းတွင်သာမက နောက်ဘက်မှလည်း ပါဝင်ကြလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ နှစ်ယောက်လုံး ဝိုင်းရံခံလိုက်ရတော့သည်။

ထိုအခြေအနေက လုံးဝ စဉ်းစား၍ မရနိုင်သောအရာ ဖြစ်သည်။ ဘာဂျီ ထိတ်လန့်သွား၏။ သူက သေသေချာချာပင် အဆောင်ကို ထုတ်ခဲ့သည်။ မည်သည့်အတွက်ကြောင့် သံမဏိနက် ဆန်းကြယ်သရဲများ ပြန်ရှင်လာရ သနည်း။

ချန်လွေ့က အနည်းငယ် စဉ်းစားလိုက်ပြီး သဘောပေါက်သွားခဲ့သည်။ လောင်မီတယ်က အတော်လေး လျို့ဝှက်တဲ့ အလုပ်တစ်ခုခု လုပ်နေတာ ဖြစ်ရမယ်။ အဲဒါကြောင့် သူက “ကိုယ့်လူတွေ”ကို မတုံ့ဆိုင်းဘဲ သတ်ပစ်ခဲ့တာ။

အဲဒီအလုပ်က ဧကန္တ....

ချန်လွေ့က ရုတ်တရက် သိမ့်သိမ့်တုန်သွားပြီး နိမိတ်မကောင်းသော ခံစားချက်က ကြီးသထက် ကြီးလာပြီး သူ၏ အငွေ့အသက်က ချက်ချင်း မြင့်တက်သွားခဲ့သည်။

All Chapters