အခန်း ၁၉၃၁
Vol. 130 Ch. 1931
အပိုင်း (၁၉၃၁)
ပြိုင်စံရှားဂိုဏ်း၏ အဓိကာဟောခန်းအတွင်းမှတော့ ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် တိတ်ဆိတ်စွာဖြင့် သတိပေးလိုက်သည်။ "စီနီယာအစ်မကြီးကို လျို့ဝှက်ထားမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာ တပည့် မလုပ်နိုင်ခဲ့ဘူး။ ကျေးဇူးပြုပြီး လျှို့ဝှက်ထားပေးပါ "
"မင်းသွားလို့ရပြီ" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"ကောင်းပြီ "
စုရှောင်မိုသည် အသာလျှောက်ကာ ထွက်သွားခဲ့၏။ အဓိကဟောခန်းဆီမှ ထွက်ခွာလိုက်သည့် အချိန်မှာတော့ စိတ်ထဲတွင် သက်သာရာရသလို ခံစားလိုက်မိ၏။ ဖိနှိပ်ထားခဲ့ရသည့် ခံစားချက်များသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ အချို့တော့ ကိစ္စများသည် ပြောဆိုရန် မသင့်ချေ။ သို့ပေမဲ့ ထိုအရာများကို ထုတ်ဖော်ကာ ပြောဆိုလိုက်သည်နှင့် စိတ်နှလုံးသားများသည် လွတ်လပ်သွားသလို ခံစားရသည်။
"စီနီယာအစ်မကြီး"
စုရှောင်မိုသည် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ "တစ်ခုခု ဖြစ်ခဲ့ရင် ဒီဂျူနီယာမောင်လေးကို အပြစ်မတင်ဘူး မဟုတ်လား"
ဟင်း …..။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီပြီးနောက် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ စနစ်အနေဖြင့် လက်တလော အခြေအနေတွင် ရင်နာအောင် ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ချေ။ လက်ခံသူ၏ နှလုံးသားသည် ရှုပ်ထွေးလျက် ရှိနေသောကြောင်းကို သူကောင်းကောင် သိသောကြောင့်ပင်။
"ဟောခန်းသခင်ရွှဲ့"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထကာ အော်ဟစ်လိုက်၏။ ရွှဲ့ယွမ်ကွေ့သည် ချက်ချင်းပဲ ရောက်ရှိလာ၏။ ဂိုဏ်းချုပ်ကို မြင်ရချိန်မှာတော့ သူသည် နဝေတိမ်တောင်ဖြင့် မေးလိုက်မိ၏။ "ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်"
ကျွင်းချောင်ရှောင်းသည် လှေကားအတိုင်း လျှောက်ဆင်းလာပြီးနောက် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မြေပုံကို လက်ညိုးထိုးကာ ပြောလိုက်သည်။ "ဒီမှာရှိတဲ့ မြို့တွေ အကုန်လုံးကို သိမ်းပိုက်ကြမယ်"
"ကောင်းပါပြီ"
ထာဝရလောကကြီးသည် ချက်ချင်းပဲ အသက်ဝင်သွားခဲ့၏။ ရွက်သင်္ဘောများ၊ ကျွဲရိုင်းစက်ရုပ်နှင့် တခြားသူများသည် စတင်လှုပ်ရှားလာကြ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ကောင်းကင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည်မှာ အမှန်ပင် ဖြစ်၏။ သို့ပေမဲ့ ယခင်ကထက် အနည်းငယ် ပိုမိုကာ စောလာခဲ့၏။
"အခြားနည်းလမ်းလည်းမရှိဘူး"
"မဟုတ်သေးပါဘူး"
ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးက ပြောလိုက်မိသည်။ "တိုက်ခိုက်ဖို့ အသင့်ပြင်နေတာလား"
"ဂိုဏ်းချုပ်ကျွင်း"
"လူစွမ်းကောင်းတွေကို စစ်သူကြီးရွှဲ့နဲ့ ပူပေါင်းပြီးလုပ်ဖို့ အမိန့်ပေးလိုက်"
"ကောင်းပါပြီ"
နတ်ဆိုးဘိုးဘေးကြီးသည် လေးလေးနက်နက်အမူအရာဖြင့် ပြန်ကာပြောလိုက်သည်။ "တကယ်ကို စပြီပဲ"
ကျွင်းချောင်ရှောင်း ကောင်းကင်မြို့ကို စတင်သိမ်းပိုက်စဉ်တည်းက ကြီးမားသည့်အကြံအစည်ကြီး ရှိမည်ဖြစ်ကြောင်း သူ နားလည်ပြီးဖြသ်သည်။ ဤတည်နေရာကို ခံတပ်အဖြစ် အသုံးပြုပြီးနောက် ကြယ်တာရာ စိတ်ဝိညာဉ်လောက တစ်ခုလုံးကို သိမ်းပိုက်ရန် ကြံစည်နေလေ၏။
"လာ ကစားလိုက်ကြရအောင်"
နတ်ဆိုးဘိုးဘေးကြီးသည် သူ့နေရာသူ ကောင်းကောင်းသိသူတစ်ယောက်လည်း ဖြစ်၏။ ကျွင်းချောင်ရောင်း ဤသို့ဆော့ကစားချင်သည်ဆိုမှတော့ သူသည်လည်း အလုံးစုံ ပူးပေါင်းပါဝင်ပေးရလိမ့်မည်။
ဒွီ ဒွီ
ထောင်နှင့်ချီသော ရွက်သင်္ဘောများနှင့် သိန်းနှင့်ချီသော ကျွဲရိုင်းစက်ရုပ်များသည် လေထဲတွင် လွင့်မျောနေခဲ့၏။ အရေအတွက်သည် အလွန်များပြားလွန်းလှပြီး ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ကြောက်ခမမ်းလိလိပင်။
ဖောက် ဖောက် ဖောက်
နတ်ဆိုးစစ်သည်များနှင့် လူစွမ်းကောင်းများသည်လည်း မြေပြင်တည်နေရာကြီးတွင် မတ်မတ်ရပ်နေပြီး လက်နက်အပြည့်ကို ကိုင်ဆောင်ထားကြ၏။ သားရဲစီးဟောခန်း၏ ဒုတိယ ဟောခန်းသခင်ဖြစ်သော တောက်ယွမ်သည် ၎င်း၏ အဖွဲ့များကို အသေးစိတ်မှာကြားနေ၏။ အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် မြို့၏ ဂိတ်တံခါးတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"တစ်နေ့အတွင်းမှာ အနားမှာရှိတဲ့ မြို့တွေအကုန်လုံးကို သိမ်းပိုက်မယ်"
"ကောင်းပါပြီ"
လူပေါင်းများစွာတို့၏ အော်သံသည် တောင်များ၊ ချောင်းများကိုပင် တုန်ခါသွားစေသည်။
ဆွစ် ဆွစ် ….။
ပြိုင်စံရှားဂိုဏ်းသည် ချက်ချင်းပဲ လူစုခွဲ၍ အနားတွင် ရှိနေသော မြို့များကို တိုက်ခိုက်တော့၏။ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည်လည်း ပါဝင်ကြ၏။ ၎င်းတို့သည် အဖွဲ့များအဖြစ် ပိုင်းခြားလိုက်ကြ၏။
"သတ်ကြ"
မကြာခင်မှာပဲ အားအင်အသီးသီးတို့သည် ၎င်းတို့ သွားရာလမ်းရှိ မြို့များကို စတင်တိုက်ခိုက်ကြတော့၏။ မည်မျှမြန်ဆန်လိုက်သနည်း။ ကျွင်းချောင်ရှောင်းသည် တစ်ရက်အတွင်း အပြီးတိုက်ရန် မှာကြားခဲ့သော်လည်း ၎င်းတို့သည် နှစ်နာရီသာ အသုံးပြုခဲ့သည်။
“လမြို့ကို သိမ်းပိုက်လိုက်ပြီ။”
“တောင်ကုန်းမြို့ကို သိမ်းပိုက်လိုက်ပြီ။”
“အိမ်မက်မြို့ကို သိမ်းပိုက်လိုက်ပြီ။”
လီလိုရှုသည် သတင်းများကို ဆက်တိုက်ကာ ပို့နေ၏။
"အရမ်းကောင်းတယ်"
ကျွင်းချောင်ရှောင်းသည် စိတ်ကျေနပ်လျက် ရှိနေသည်။ အထူးတည်နေရာတွင် ရှိနေသော မြို့ကြီးလေးခုတို့သည် ပေါင်းစပ်လိုက်သည့် အချိန်မှာတော့ သံမဏိခံတပ်ကြီးကဲ့သို့ ဖြစ်တည်သွား၏။ လက်ရှိအခြေအနေမှာတော့ မြို့များကို သိမ်းပိုက်ပြီးနောက် ခံစစ်ရော ၊ တိုက်စစ်ပါ မျှတအောင် ပြုလုပ်လျက်ရှိသည်။
"အမိန့်ပေးလိုက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တည်နေရာ ပို့ဆောင်ခြင်း အစီအရင်တွေကို စီရင်ပြီး မြို့လေးခုနဲ့ မြန်မြန်ချိတ်ဆက်တော့"
"ကောင်းပါပြီ"
အစီအရင်ဟောခန်းတွင် ရှိနေသော သူများသည် ပူးပေါင်းလုပ်ဆောင်ကာဖြင့် အစီအရင်များကို ပြုလုပ်နေ၏။ တစ်ဖက်အဖွဲ့ ဒုက္ခရောက်နေသည့် အချိန်တွင် တခြားအဖွဲ့သည် လာရောက်ကာ ကူညီကြ၏။ တိုက်ခိုက်သူများကလည်း တိုက်ခိုက်မြဲပင်။
အင်အားစုများသည်လည်း ခပ်ဝေးဝေးတည်နေရာရှိ မြို့များကို သွားရောက်ကာ တိုက်ခိုက်နေကြ၏။ အထက်စီးမှ ကြည့်ရှုရလျှင် ပြိုင်စံရှားဂိုဏ်းသည် ကောင်းကင်မြို့ကို ဗဟိုပြုပြီးနောက် အဖွဲ့ဆယ်ဖွဲ့ ခွဲကာ တည်နေရာအသီးသီးတွင် ရှိနေသော မြို့များကို တိုက်ခိုက်သွား၏။
တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ပြီးသည့် နောက်မှာတော့ သိမ်းပိုက်ပြီးသားမြို့များသည် ကုန်းရှန့်၏ မြေပုံပေါ်တွင် များလာခဲ့၏။ တစ်ရက်တည်းမှာပဲ မူလက ကောင်းကင်မြို့ကိုသာ ပိုင်ဆိုင်သော ပြိုင်စံရှားဂိုဏ်းသည် မြို့ပေါင်း လေးဆယ်ကျော်တို့ကို သိမ်းယူခဲ့သည်။
ထိုမြန်ဆန်မှုနှုန်းသည် ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ ကျွမ်းကျင်သူများ ကို စွမ်းအင်ကင်းမဲ့သွားသလို ခံစားရစေသည်။ သူတို့ သတိဝင်လာချိန်တွင် မြို့တော်တော်များများသည် သိမ်းပိုက်ခံနေရပြီ ဖြစ်၏။
မကြာခင်မှာပဲ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အထက်ပိုင်း အကြီးအကဲများသည် ဒေါသူပုန် ထလျက်ရှိ၏။ ၎င်းတို့၏ အမြင်အရဆိုလျှင် ကောင်းကင်မြို့ကို သိမ်းပိုက်သွားခြင်းသည် သာမန်ပုန်ကန်မှုထက် မပိုလှချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ လောကကြီးတစ်ခုလုံးကိုပင် ပုန်ကန်ရန် ကြိုးစားနေကြောင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားသွားသည်။ ပြင်းပြင်းထန်ထန် ဖိနှိပ်မှ ဖြစ်ပေမည်။
အချိန်တိုအတွင်းမှာပဲ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူ အသီးသီးနှင့် စစ်သည်တော်များသည် စုဝေးကာ ရောက်ရှိလာကြ၏။ ထိပ်တန်းကျွမ်းကျင်သူများသည်လည်း ၎င်းတို့ကို ကူညီရန် ရောက်ရှိလာကြ၏။ ဤသတင်းသည် လောကကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ စစ်ပွဲ၏ ရနံ့များသည် လေထုထဲတွင် သင်းပြန့်လျက် ရှိနေ၏။
"သတင်းပို့ပါတယ်"
လမြို့၏ စစ်တပ်အတွင်းမှာတော့ စစ်သည်တစ်ယောက်သည် လာရောက်ကာ သတင်းပို့လေသည်။ "ရန်သူတွေ လာပြီးတိုက်ခိုက်နေပါပြီ"
.................
စားပွဲ၏ ထိပ်တည့်တည့်တွင် ထိုင်နေသော ဟယ်ဝူတီသည် မေးစေ့ကို ပွတ်သပ်နေ၏။ လက်ရှိအခြေအနေတွင် သူသည် ချပ်ဝတ်ကို ဝတ်ဆင်ထားရုံသာမက အစစ်အမှန် စစ်သူကြီးတစ်ယောက်ကဲ့သို့ပင် ဖြစ်တည်နေ၏။ ကောင်းကင်မြို့ကို တိုက်ခိုက်ခဲ့စဉ်က သူ၏အမိန့်အောက်တွင် တည်ရှိခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ စစ်တပ်ကြီးကို ရွှဲ့ယွမ်ကွေ့နှင့် တောက်ယန်တို့က ဦးဆောင်၏။ သို့ပေမဲ့ တခြားတည်နေရာ အသီးသီးသို့ သွားရောက် တိုက်ခိုက်စဉ်မှာတော့ အတွင်းစည်း တပည့်များသည် စစ်သူကြီးများ ဖြစ်လို့နေသည်။
အိမ်မက်မြို့တွင် စစ်သူကြီးအဖြစ် တာဝန်ကျနေသူမှာ ရှောင်ကျီဖြစ်ပြီး တောင်ကုန်းမြို့တွင် တာဝန်ကျနေသည့် စစ်သူကြီးသည် စုရှောင်မို ဖြစ်၏။ အတွင်းစည်းတပည့် တစ်ယောက်ချင်းစီတိုင်းသည် နယ်မြေတစ်ခုချင်းဆီကို စောင့်ကြပ်နေသည်ဟု ပြောဆိုရမည်။ ဟယ်ဝူတီအနေဖြင့် မြင့်မားလှသည့် ရာထူးကို မလိုချင်ပေ။ သို့ပေမဲ့ စစ်တပ်၏ အမိန့်ပေးမှုများသည် အရေးကြီးကြောင်း သူကနားလည်၏။ ထို့ကြေင့်ပင်လျှင် သူ၏ချပ်ဝတ်ကို ဝတ်ဆင်ကာဖြင့် မဖြစ်မနေ တိုက်ပွဲဝင်နေရ၏။ ဂိုဏ်းချုပ်သည် သူ့အား အမိန့်ပေးလိုက်ပြီ ဆိုမှတော့ သူသည် ဤတည်နေရာကို ခံတပ်အဖြစ်ထားကာ ကြယ်တာရာစိတ်ဝိညာဉ် လောကမှ လူများကို တိုက်ခိုက်ရန် စီစဉ်ရပေလိမ့်မည်။
"တိုက်ခိုက်မယ်"
ဟယ်ဝူတီသည် မတ်တပ်ရပ်လိုက်ပြီး မြို့၏ဂိတ်တံခါးရှေ့တွင် လျှောက်သွားလိုက်၏။ မြို့၏ ဂိတ်တံခါးရှေ့တွင်တော့ သိန်းနှင့်ချီသော ရန်သူစစ်သည်များသည် စုဝေးလျက် ရှိနေကြ၏။ ရှေ့ဆုံးတွင်တော့ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ စစ်သူကြီးသည် တည်ရှိလို့နေ၏။ ရှေ့ဆုံးမှ ဦးဆောင်လာခဲ့သော နတ်ဘုရားအဆင့် ကျင့်ကြံသူသည် မြို့၏ အတွင်းပိုင်းဆီသို့ အော်ဟစ်လိုက်၏။ "သတ္တိရှိရင် တစ်ယောက်ချင်း တိုက်ခိုက်မလား"
"တစ်ယောက်ချင်း ဟုတ်လား"
ဟယ်ဝူတီသည် ရှေ့ဆီသို့ ပျံသန်းသွားပြီးနောက် တိုက်ခိုက်ရေးတည်နေရာတွင် မတ်မတ်ရပ်လိုက်၏။ သူသည် ခေါင်းကို အသာလှုပ်ရှားရှားကာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို စိတ်ကျေနပ်စေရမယ်"
ဘုန်း ဘုန်း ဘုန်း ……။
ကြမ်းတမ်းပြီး စိတ်လှုပ်ရှားစရာ ကောင်းသော တိုက်ပွဲသည် ဖြစ်တည်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်းတွင် အားအကောင်းဆုံးသော တပည့်ဖြစ်သည်နှင့် အညီ ဟယ်ဝူတီ၏ အားအင်အဆင့်သည် ရှင်းပြစရာပင် မလိုအပ်ချေ။
ထိုကြောင့်သူသည် ပြိုင်ဖက်ကို ပါးစပ်မှ အမြုပ်များထွက်သည်အထိ ရိုက်နှက်ခဲ့တော့သည်။
ဟယ်ဝူတီသည် သတိလစ် မေ့မြောနေသောကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ကျွမ်းကျင်သူကို ခြေထောက်မှ ဆွဲကာ ခေါ်ဆောင်သွားသည်။ ပြီးနောက် အသာလှည့်ကြည့်ကာ မေးမြန်းလိုက်၏ "မင်းတို့အားလုံး ဒီကိုလာပြီး သေချင်နေကြတာလား"
ဘုန်း ဘုန်း ဘုန်း ……
စူးရှသည့် နေရောင်အောက်မှာတော့ အလောင်းမျာသည် နေရာအနှံ့၌ ပျံ့ကျဲနေ၏။ ဟယ်ဝူတီသည် ထိုအလောင်းများပေါ်တွင် ထိုင်လျက် ရှိနေပြီး သူ၏ အမဲရောင်ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေသည်။
"ကျုပ်စောင့်ကြပ်တဲ့ မြို့မှာ အင်မော်တယ် ရောက်လာရင်တောင် ဝင်လို့ရမှာ မဟုတ်ဘူး"
တူညီသည့် မြင်ကွင်းများသည် အခြားသော မြို့အသီးသီးတွင်လည်း ဖြစ်တည်လျက်ရှိနေ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် သိမ်းပိုက်ခံခဲ့ရသော မြို့များကို ပြန်လည်ရယူရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တပ်ဖွဲ့များ စေလွှတ်လေ၊ သုတ်သင်ခံရလေပင်။
ကျွင်းချောင်ရှောင်းအနေဖြင့် ၎င်းတို့အား ထပ်မံတိုက်ခိုက်ရန် အခွင့်အရေး မပေးချေ။ ရက်အနည်းငယ် နားပြီးနောက် အခြားသော နယ်မြေများကို ဆက်လက်တိုက်ခိုက်ရန် သူ၏တပည့်များကို အမိန့်ပေးလိုက်၏။
နာရီဝက်ခန့် ကြာပြီးသည့်နောက် ကုန်းရှန့်သည် မြို့တစ်မြို့တွင် အလံကို စိုက်ထူလိုက်၏။ မြင်ကွင်းကို ကြည့်ရှုရမည် ဆိုလျှင် သဲမြေပုံပေါ်တွင် ရှိနေသော မြို့များ၏ လေးပုံတစ်ပုံကို သိမ်းပိုက်ပြီး ဖြစ်သည်။
"ဂိုဏ်းချုပ်"
ရွှဲ့ယွမ်ကွေ့က ပြောလိုက်၏။ "လက်ရှိ တိုးတက်မှုအရဆိုရင် ကျန်မြို့တွေကို တစ်လအတွင်း သိမ်းပိုက်နိုင်လိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဒီဂြိုဟ်ကြီးက တစ်ကယ့်ကို အန္တရာယ်များမယ်လို့ ထင်ထားခဲ့တာ။ ဒီလောက်အားနည်းမယ်လို့ မထင်မိဘူး"
"…….."
နတ်ဆိုးဘိုးဘေးကြီး၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ ဂြိုဟ်ကြီးသည် မူလအားဖြင့့် အန္တရာယ်များသော ဂြိုဟ်ဖြစ်၏။ "မင်းရဲ့ဂိုဏ်းသားတွေက တကယ်ကို နတ်ဆိုးကောင်တွေလေ"