အခန်း ၁၉၃၂
Vol. 130 Ch. 1932
အပိုင်း (၁၉၃၂)
ပြိုင်စံရှားဂိုဏ်းမှ အင်အားစုအသီးသီးသည် ရပ်တန့်၍မရအောင်ပင် ဖြစ်လို့နေခဲ့၏။ ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ မြို့များသည် တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခြင်းကိုခံနေရ၏။ နောက်ထပ် လဝက်အတွင်းမှာပဲ မြို့ကြီးနှစ်မြို့ကို ထပ်မံ သိမ်းပိုက်ခဲ့သည်။
တစ်ချိန်လုံး ကျွန်များအဖြစ် သတ်မှတ်ခံရသော အလောင်းကောင်များသည် လွတ်လပ်မှုကို ရရှိရန် အလို့ငှာ လူစွမ်းကောင်းအဖွဲ့ထဲသို့ ဝင်ပြီး တိုက်ခိုက်ကြသည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း တစ်ခုတည်းသည်သာ ကြယ်တာရာစိတ်ဝိညာဉ်လောကကို ဒုက္ခပေးနေခြင်း မဟုတ်တော့ချေ။
လူစွမ်းကောင်းများ ပိုမိုကာ များပြားလာသည်နှင့် တိုက်ခိုက်မှုနှုန်းသည်လည်း ပိုမိုကာ အားကောင်း၊ မြန်ဆန်လာခဲ့၏။
ထိပ်တန်းကျွမ်းကျင်သူဟု ပြောဆိုရလျှင် ကျွင်းချောင်ရှောင်းနှင့် ကျန့်ကွေ့ရှုတို့သာလျှင် ရှိ၏။ အလယ်အလတ်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့်များနှင့် အထက်ပိုင်း အကြီးအကဲများသည် တည်ရှိလို့နေ၏။ ထိုသူများသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သောကြောင့် ရန်သူဖက်မှ စစ်သည်များသည် တိုက်ခိုက်ရန် လာခဲ့သည် ဆိုသော်လည်း ချက်ချင်း လှည့်ကာ ပြေးရသည်။
မြို့ကို စောင့်ကြပ်လျက် ရှိနေသည့် လူများသည် မိမိအသက်ကို စတေးမခံကြချေ။ ထို့ကြောင့်ပင်လျှင် အစောတည်းကမှ ရပ်တန့်၍မရသော ပြိုင်စံရှားဂိုဏ်း စစ်တပ်ကြီးသည် တိုက်ခိုက်ရာတွင် ပို၍ လွယ်ကူလာခဲ့၏။
မြို့အသေးနှင့် အလတ်စားမြို့များတွင် တည်ရှိနေသော စစ်သည်များသည် ရင်မဆိုင်ဝံ့ဘဲ စွန့်ခွာ ထွက်ပြေးကြ၏။ ကြီးမားသော မြို့များမှာမူ ခေါင်းမာကာ ခုခံကြသည် ဆိုသော်လည်း အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း တို့၏ သိမ်းပိုက်ခြင်းကိုသာ ခံခဲ့ရသည်။
ဘုန်း ဘုန်း ……။
ဤမြို့ကြီးသည် ရေတွက်၍မရအောင် များပြားလှသော တိုက်ခိုက်ချက်များကို ခံယူပြီးဖြစ်၏။ အစီအရင်ဆရာ တစ်သိန်းကျော်တို့၏ ထောက်ပံ့ခြင်းကို ခံထားရသော မြို့၏ အစီအရင်ကြီးသည် မည်သို့မျှ မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားရ၏။
ဘုန်း ….။
စစ်ပွဲခေါ်သံ ထွက်ပေါ်လာပြီးသည့်နောက် ကျုံးရီ ဦးဆောင်သော သားရဲစီးခန်းမမှ လူများသည် မြို့ထဲသို့ ချီတက်သွား၏။ ဆယ်မိနစ်ခန့် ကြာပြီးသည့် နောက်မှာတော့ ရန်သူစစ်သည်များသည် သုတ်သင်ခြင်းကို ခံခဲ့ရ၏။ မြို့၏လမ်းအသီးသီးတွင် အလောင်းများနှင့် ပြည့်လျက် ရှိ၏။ မြို့ရိုးတစ်ခုလုံးတွင် သွေးညီနံ့များနှင့် နံဟောင်နေသည်။
"ဘာလို့များ ခုခံနေရတာလဲ"
ကျွင်းချောင်ရှောင်းသည် မြို့၏ မျှော်စင်တွင် ထိုင်ပြီး ဦးခေါင်းကို ခါယမ်းနေမိ၏။ အလုံးစုံသော အားအင် ကွာခြားနေလျက်နှင့် ခုခံရန် ကြိုးစားနေသေး၏။ ၎င်းတို့သည် ရူးကြောင်ကြောင်ကောင်များသာ ဖြစ်ပေလိမ့်မည်။
"ဒါသူတို့ရဲ့ အိမ်ပဲလေ"
စနစ်က ပြောလိုက်၏။ "အသက်ပေးပြီးတော့ ကာကွယ်ရမှာ သဘာဝပဲ။ တစ်ချို့သော သူတွေကတော့ အညာအတာ ကင်းမဲ့စွာနဲ့ တခြားသူတွေရဲ့ အိမ်တွေကို နင်းချေနေတယ်"
"…...." ကျွင်းချောင်ရှောင်း။
ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် ဤကဲ့သို စွမ်းစွမ်းတမံ ခုခံသော မြို့များလည်း တည်ရှိနေ၏။ မြို့ကြီးများသည် နည်းပညာပိုင်းဆိုင်ရာ ကောင်းမွန်လွန်းလှသည်။ ၎င်းတို့သည် မြို့ရိုးနံံရံတွင် အဆင့်မြင့် နည်းပညာများကို အသုံးပြုဖန်တီးထားသော လက်နက်များ ထားရှိကြသည်။
မှန်ပေ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အဓိကမြို့သည်လည်း ထိုနည်း၎င်းပင်။ မြို့၏ အလယ်ရှိ အလွန်ခမ်းနားလှသော အဆောက်အဦတစ်ခု အတွင်းမှာတော့ အဆင့်အတန်း မြင့်မားသည်ဟု ယူဆကြသော တော်ဝင်မိသားစုသည် ဗျာများလျက်ရှိနေကြသည်။ ဤအတောအတွင်း စီရင်စုဆယ်ခုတွင် သုံးခုသည် သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်၏။ ထို့ကြောင့် အခြေအနေသည် အလွန်ပင် အန္တရာယ်များလို့နေ၏။
"ချီးတဲ့မှ …. ဒါဘယ်ကကောင်တွေလဲ" အထက်ပိုင်း အကြီးအကဲများထဲမှ တစ်ယောက်သည် ဆဲဆိုလျက်ရှိသည်။
သူတို့ဆီသို့ရောက်ရှိလာသော သတင်းအချက်အလက်များအရ လက်ရှိတိုက်ခိုက်နေသည်မှာ အလောင်းကောင်ကျေးကျွန် သီးသန့်မဟုတ်ချေ။ ပိုမိုအားကောင်းလှသော အဖွဲ့အစည်းများလည်း ပါဝင်လျက် ရှိနေ၏။
အဘိုးအိုတစ်ယောက်သည် လေးနက်စွာ ပြောလိုက်သည်။ "ဒီအတိုင်းသာ ဆက်သွားရင် ကြယ်တာရာစိတ်ဝိညာဉ် လောကကြီး ပျက်စီးသွားလိမ့်မယ်။ "
အားလုံးသော သူများသည် ပူလ္လင်ပေါ်တွင် ထိုင်နေသည့် သူကိုလှမ်းကာ ကြည့်လိုက်ကြ၏။
ထိုသူသည် ဦးခေါင်းကို ငုံ့ထား၏။ မည်သည့်စကားကိုမှ မဆိုချေ။ ထိုသူသည် ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ အကြီးဆုံးအမိန့်ပေးနိုင်သူလည်း ဖြစ်၏။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ဂြိုဟ်တစ်ခု၏ အုပ်စိုးသူသည် နယ်မြေသခင်ကို ရည်ညွှန်းရမည် ဖြစ်၏။ အဘယ့်ကြောင့် စစ်သူကြီးချုပ် ကဲ့သို့ အခွင့်အာဏာကိုသာ ပိုင်ဆိုင်နေရသနည်း။
အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ စိတ်ဝိညာဉ်လောက၌ နယ်မြေသခင်မရှိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ စစ်သူကြီးများကို ဦးဆောင်ထားသော၊ အမိန့်ပေးနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်မို့ ၎င်းသည် စစ်သူကြီးချုပ်သာလျှင်ဖြစ်သည်။ ၎င်းအား ဟောခန်းသခင်ဟုလည်း ခေါ်ကြသည်။
"အစီအရင်ကို အသက်သွင်းလိုက်"
ခနလောက် ကြာပြီးသည့်နောက် ဟောခန်းသခင်သည် ဦးခေါင်းကို မော့ကာဖြင့် စိတ်မပါစွာပြောလိုက်၏။ "အင်ပါယာကို သတင်းပို့ပြီးတော့ စစ်ကူခေါ်လိုက်တော့"
"ဒါက….. "
"နည်းနည်းလေး နှောင့်နှေးနေရင် ဂြိုဟ်တစ်ခုလုံး ကုန်သွားလိမ့်မယ်"
ဟောခန်းသခင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်းသည် ငယ်ရွယ်ပုံ ပေါ်၏။ သို့ပေမဲ့ ၎င်းဒေါသသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့၏။ ကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နှက် ၎င်းသည် အသက်ငါးဆယ်၊ လေးခန့်ခန့်ရှိသော လူတစ်ယောက်မှန်း သိသာ၏။
ဟောခန်းသခင် ဒေါသထွက်နေသည်ကို မြင်ချိန်မှာတော့ အထက်ပိုင်း အကြီးအကဲများသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြ၏။ လက်ရှိအခြေအနေ၌ ပုန်ကန်သူအဖွဲ့အစည်းသည် တကယ်ပင် အားကောင်းလို့နေသည်။ အကယ်၍ စစ်ကူကိုသာ တောင်းခံခြင်း မရှိပါက ကြယ်တာရာ စိတ်ဝိညာဉ် လောကကြီးသည် အချိန်တိုအတွင်း ကျဆုံးသွားမှာ ဖြစ်၏။ လောကကြီး မရှိတော့ဘူးဆိုလျှင် အင်ပါယာကို မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း။
ဒွီ ဒွီ
တစ်ရက်အတွင်းမှာပဲ အလွန်ခမ်းနားလှသော နန်းတော်ကြီး၏ ယစ်ပုလ္လင်ပေါ်တွင် အစီအရင်ဆရာများသည် ရှုပ်ထွေးလျက်ရှိသော အစီအရင်တစ်ခုကို ရေးဆွဲလျက် ရှိနေ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက် အလွန်ရှုပ်ထွေးလှသော အစီအရင်ကို ရေးဆွဲပြီး ဖြစ်နေ၏။
ဘုတ် ဘုတ်
အစီအရင်ထဲတွင် ချုပ်နှောင်ခံထားရသော အလောင်းကောင်များသည် ဒူးထောက်ကာ ထိုင်လျက် ရှိနေ၏။ ၎င်းတို့သည် ဦးခေါင်းကို ငုံ့ထား၏။ မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေကြသည်။ "မလုပ်ပါနဲ့"
"ဝိညာဉ်စတေးခြင်း အစီအရင် အသက်သွင်းမယ်။ အင်ပါယာကို ဆင့်ခေါ်မယ်”
ဘုန်းတော်ကြီးကဲ့သို့ ဝတ်ဆင်ထားသော အဘိုးအိုသည် အစီအရင်၏ အလယ်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိနေပြီး လက်ထဲတွင် ရှိနေသော ပစ္စည်းကို ဖြည်းဖြည်းချင်း မြောက်လိုက်၏။
ဇွီ ….။
ဓားအလင်းတစ်ခုသည် ဖြတ်သန်းသွားခဲ့ပြီး အလောင်းကောင်များ၏ ဦးခေါင်းသည် မြေပေါ်သို့ ကျဆင်းသွား၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်များသည် အစီအရင်၏ အမြူအတေနှင့် သွားရောက်ကာ ပေါင်းစပ်ပြီးသည့်နောက် အစီအရင်သည် အသက်ဝင်လာခဲ့သည်။ ချက်ချင်းပဲ အလင်းတန်း တစ်ဒါဇင်ကျော်တို့သည် အစီအရင်မှ ပျံသန်းသွားကြပြီး လောက၏ တည်နေရာ အတားအဆီးကို ထွင်းဖောက် ထွက်ခွာသွားသည်။
လေးခုမြောက်ပြည်နယ်ရှိ မြို့တစ်ခု၏ တိုက်ပွဲကို ကြည့်ရှုနေသော ကျွင်းချောင်ရှောင်းသည် ထိုထူးဆန်းသည့် အလင်းတန်းများကို မြင်လိုက်ရသည်။ သူသည် သေချာ စဉ်းစားတွေးတောလိုက်မိ၏။
"ဒါဘာလဲ"
"ငါလည်းမသိဘူး" နတ်ဆိုးဘိုးဘေးကြီးက ပြန်ဖြေလိုက်သည်။
ထူးဆန်းသည့် အလင်းတန်းများသည် ကြယ်တာရာစိတ်ဝိညာဉ် လောကတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာ၏ အဓိပ္ပာယ်ကို ထိပ်တန်းအကြီးအကဲများမှ လွဲလျှင် အခြားမည်သူမျှ သိရှိမည် မဟုတ်ချေ။
"မြို့ကို ဖျက်စီးလိုက်တော့"
ကျွင်းချောင်ရှောင်းအနေဖြင့် များများစားစား တွေးမနေချေ။ မြို့ကိုတိုက်ခိုက်ရန်သာ အမိန့်ပေးလိုက်၏။ ပြီးနောက် အဓိကမြို့များကို ဆက်လက်ကာ တိုက်ခိုက်လျက် ရှိနေ၏။ လဝက်အတွင်း ပြည်နယ်ကြီးဆယ်ခုတွင် ခုနှစ်ခုကို ရရှိခဲ့ပြီ ဖြစ်၏။
ဟုတ်ပေသည်။ ဤမျှကြာအောင် တိုက်ခိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းတို့ဘက်တွင်လည်း ဆုံးရှုံးမှုများ ခံစားရ၏။ စစ်သည်များအတွက် အစားအစာများ လိုအပ်လာရုံသာမက အရင်းအမြစ်များလည်း လိုအပ်နေ၏။ ထို့ကြောင့် သူသည် တစ်ချိန်လုံး အကုန်ကျခံလျက် ရှိနေ၏။ ကံကောင်းစွာဖြင့် ကောင်းကင်သွေးကြော လျို့ဝှက်နယ်မြေကြီး တည်ရှိနေ၏။ ဤဂြိုဟ်ကြီးသာ ရှိမည်ဆိုပါက အထက်စကြာဝဠာ တစ်ခုလုံးကို တိုက်ခိုက်မည် ဆိုလျှင်တောင်မှ လုံလောက်ပေသည်။
တခြားသော ဘေးအန္တရာယ်များလည်း ရှိလာခဲ့၏။ တပည့်များသည် ဒဏ်ရာရရှိလာကြ၏။ လူစွမ်းကောင်းများ သည်လည်း သေဆုံးလာကြ၏။ ထို့ပြင် ကျွဲရိုင်းစက်ရုပ်များသည်လည်း ပျက်စီးလာကြ၏။
ပြိုင်စံရှားဂိုဏ်းသညိ အထက်စကြဝဠာထဲတွင် ရှိနေသော ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး တစ်ခုလုံးကို တိုက်ခိုက်လျက် ရှိနေ၏။ တစ်ဖက်သတ် တိုက်ခိုက်နေသည်ဟု ပြောဆိုရမည်ဆိုသော်လည်း မရပ်မနား တိုက်ခိုက်ပြီးနောက် ထိခိုက်မှုများကိုလည်း ခံစားလာရသည်။
ရက်အနည်းငယ် ကြာပြီးသည့်နောက် ပြည်နယ်ကြီး ကိုးခုကို သိမ်းပိုက်ပြီးဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲတွင် ရှိနေသော သဲမြေပုံပေါ်မှတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးသည် သိမ်းပိုက်ရန် တည်နေရာ အနည်းငယ်သာ ကျန်ရှိတော့၏။
ဆွစ်
နောက်တစ်ရက်မှာတော ကျွင်းချောင်ရှောင်းသည် အပြင်ဖက်သို့ လျှောက်ထွက်လာကာ ပြောလိုက်သည်။ "နောက်ဆုံးကျန်တဲ့ ပြည်နယ်ကို တိုက်ခိုက်ပြီးရင် ငါတို့ အောင်ပွဲလို့ရပြီ"
"ကောင်းပါပြီ"
တပည့်များသည် စိတ်လှုပ်ရှားလျက် ရှိ၏။ သို့ပေမဲ့ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ ကောင်းကင်၌ အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ကြီးမားလှသည့် ရွက်သင်္ဘောများ ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။
"မကောင်းတော့ဘူး"
ကျန့်ကွေ့ရှုသည် ထအော်လိုက်သည်။ "ဒါ မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ စစ်တပ်တွေပဲ"
"........"
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာတို့ ပတ်သက်နေလား ဆိုသည်ကို သူ အမြဲတမ်း မေးခွန်းထုတ်မိခဲ့သည်။ ယခုအချိန်မှာတော့ ထိုအရာကို အတည်ပြုနိုင်ခဲ့ပြီဖြစ်၏။
"တပ်ကူတွေ ရောက်လာပြီ။ တပ်ကူတွေ ရောက်လာပြီ"
ကြယ်စိတ်ဝိညာဉ်လောက၏ အဓိကမြို့တွင်ရှိနေသော တော်ဝင်မျိုးဆက်များသည် သင်္ဘောများ ပေါ်လာသည်ကို မြင်ရချိန်မှာတော့ မျက်ရည်များပင် ကျဆင်းလာခဲ့၏။
"ကြယ်တာရာစိတ်ဝိညာဉ်လောကက မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ ထိန်းချုပ်မှုအာက်မှာ ရှိနေတဲ့ ဂြိုဟ်တွေထဲက တစ်ခုပဲ။ ပြဿနာလာရှာရဲတဲ့ သူတွေအကုန်လုံး သေမိန့်ကျတယ်"
လေးနက်သည့် အသံကြီးသည် အဓိကရွက်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ရှိနေ၏။ ၎င်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့၏။ ပြီးနောက် ရယ်မောလိုက်၏။ "ဒီကို ရောက်လာပြီဆိုမှတော့ ကြိုဆိုပါတယ်"
ဟူး ဟူး …..
အထက်ပိုင်းအကြီးအကဲများနှင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ ကျင့်ကြံခြင်းကို အသက်သွင်းလိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြစ်လာခဲ့၏။
ဂိုဏ်းချုပ်သည် ငြိမ်ငြိမ်မနေဘဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို စစ်ကြေညာတော့မည် ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက် ရပေလိမ့်မည်။
စနစ်သည် သက်ပြင်းချလိုက်သည်။ "ဒီလိုနေ့မျိုး ရောက်လာခဲ့ပြီပဲ။ လက်ခံသူ စနစ်ကို အသက်သွင်းနိုင်တဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်မယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းကို တိုးတက်အောင် လုပ်ခဲ့ရတယ်။ တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပြည့်နက်နေတဲ့ မိသားစုတစ်စု ကို ဖန်တီးနိုင်ခဲ့တယ်။ ကြည့်ရတာ ဒီလိုကိစ္စတွေ ဖြစ်ပေါ်လာဖို့ အတွက်ပဲ "