အခန်း ၁၉၃၃
Vol. 130 Ch. 1933
အပိုင်း (၁၉၃၃)
ကြယ်တာရာစိတ်ဝိညာဉ်လောက ဖျက်ဆီးခံရတော့မည့် အခြေအနေတွင် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ စစ်တပ်ကြီးသည် တည်နေရာကို ထိုးခွင်းကာဖြင့် လောက၏ ကယ်တင်ရှင်များအဖြစ် ပေါ်ပေါက်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများ ရုတ်တရက် ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ အံ့အားသင့်မှုတော့ မရှိချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၌ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရွက်သင်္ဘောများထက် အဆင့်မြင့်သည့် ပုံစံတူအဆင့်မြင့် ရွက်သင်္ဘောများ တည်ရှိနေသည်ကို မြင်ရကတည်းက ထိုနှစ်ခုသည် ပတ်သက်နေမည်ဟု သူက တွေးထင်ထားပြီးဖြစ်၏။
“အင်း”
ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ထင်ထားတဲ့အတိုင်းပဲကိုး။ သူတို့က မိုးကောင်းကင်နတ်ဆိုး အင်ပါယာရဲ့ အောက်ဆွဲတွေ ဖြစ်နေတာကိုး”
သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကို အစောကြီးကတည်းက သိရှိ နားလည်ပြီးသားဖြစ်၏။ အချက်အလက်အားဖြင့် ဤဂြိုဟ်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ မူလနယ်မြေသခင် ပျောက်ကွယ်သွားပြီးနောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် စစ်တပ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသော လောကကြီး တစ်ခုပင်။
အဓိကအားဖြင့် ၎င်းတို့သည် ပိုမိုအားကောင်းလာရန်အတွက် တခြားသောဂြိုဟ်များကို သွားရောက်ကာ သိမ်းပိုက် သည့်အလုပ်ကို ပြုမူတတ်၏။ ထိုကဲ့သို့ လှည့်လည်ကာ သွားရောက်တိုက်ခိုက်သည့်နေရာမျိုးတွင် ကုန်ကျနိုင်သည့် အရင်းအမြစ်များအားလုံးအား မိုးကောင်းကင်နတ်ဆိုးအင်ပါယာမှ ထောက်ပံ့ပေးထားရ၏။ ထို့အပြင် ပြန်လည် ရရှိ ခဲ့သည့်အရင်းအမြစ်များအားလုံးကိုလည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဆက်သရ၏။ ထို့ကြောင့် ဤဂြိုဟ်ကြီး၏ အစစ်အမှန်သခင်သည် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် မိုးကောင်းကင်နတ်ဆိုး အင်ပါယာပင် ဖြစ်လေသည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် တခြားသောဂြိုဟ်ကြီးများ တည်ရှိလို့နေသေး၏။ အများအမြင်တွင် ယခင်နှင့် ကွာခြားခြင်း မရှိသော်လည်း တကယ်တမ်းမှာတော့ ထိုဂြိုဟ်အသီးသီးတို့သည် တခြားသောဂြိုဟ်များကို လိုက်လံကာ သိမ်းပိုက်သည့်အလုပ် ကို ပြုလုပ်ကြရ၏။
ပြောရမည်ဆိုလျှင် ရွှမ်ယွမ်လောကကြီးသည်သာ ကုရွှမ်ယွမ်၏ ဖျောက်ကွယ်ထားခြင်းကို မခံရပါက လက်ရှိအချိန်တွင် ကြယ်တာရာစိတ်ဝိညာဉ်လောကကဲ့သို့ ပြောင်းလဲသွားမှာ သေချာသည်။
“အင်း.. ပြောင်းလဲသွားပြီပဲ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာပြောလိုက်၏။ “အခုအချိန်မှာတော့ အလောင်းကောင်တွေကို ကယ်တင်ရမယ့် အလုပ် မဟုတ်တော့ဘူး။ ဂြိုဟ်ကြီးတစ်ခုလုံးကို ကယ်တင်ရမယ့် အခြေအနေ ဖြစ်သွားပြီ”
စနစ်က ပြောလိုက်သည်။ “ဒီကောင် နောက်ထပ် အကြောင်းပြချက် တစ်ခုကို ရှာတွေ့သွားပြီပဲ”
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း၏ အဓိကရည်ရွယ်ချက်သည် ကြယ်တာရာစိတ်ဝိညာဉ်လောကကို ပစ်မှတ်ထားခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီး ပျက်စီးသွားခြင်းအတွက် လက်စားချေရန်ပင်။ ယခု ဤဂြိုဟ်ကြီးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ဆက်စပ်လျက်ရှိနေသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် အမုန်းတရားများကို ကျိန်းသေပေါက် စေလွှတ်ပေးရပေတော့မည်။
ဝှစ် ဝှစ်
အက်ကွဲကြောင်းများဆီမှ ရွက်သင်္ဘောများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပြီး ကောင်းကင်ယံတွင် လွင့်မျောနေ၏။ ရွက်သင်္ဘောများ၏ အရေအတွက်သည် တိုးတက်လာခဲ့ပြီး အလွန်သုန်မှုန်လျက်ရှိနေသည့် အော်ရာများသည် လောကြီးတစ်ခုလုံးအား ဖိနှပ်လာလေသည်။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “သွေးတွေတောင် ဆူဝေလာပြီ”
ဤအတောအတွင်း သူသည် စစ်တပ်ကို ဦးဆောင်ကာဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးရှိ မြို့များကို သွားရောက် တိုက်ခိုက်နေရသည်။ဤအလုပ်မှာ ပျင်းရိဖွယ်ရာ ကောင်းလွန်းလှ၏။ ယခု မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ စစ်တပ်ကြီး ရောက်ရှိလာပြီ ဆိုမှတော့ သူတို့သည် တကယ့်ကို စိတ်လှုပ်ရှားစရာ တိုက်ပွဲမျိုးကို ကြုံရပေတော့မည်။
“အင်း... သတိထားတာ အကောင်းဆုံးပဲ” လီချင်းယန်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ သူသည် သတိအပြည့်ဖြင့် ရှိ၏။ ထို့အပြင် တည်ငြိမ်လျက်လည်း ရှိနေသေးသည်။
“နှမျောစရာပဲ”
စုရှောင်မိုက ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ ဒီမှာမရှိဘူး”
ဟူး ဟူး ...။
ရွက်သင်္ဘော သောင်းကျော်တို့သည် တဖြည်းဖြည်းနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကရှိ ကောင်းကင် ပေါ်တွင် စုဝေးလာ၏။
ခရက် ခရက် ခရက်
တစ်ချိန်တည်းမှာပဲ ရွက်သင်္ဘော၏ အောက်ခြေသည် ပွင့်သွားခဲ့ပြီးသည့်နောက် လူသားနှင့်ဆင်တူလွန်းလှသော သတ္တဝါများ ထွက်ပေါ်လာ၏။ ၎င်းတို့၏ သွင်ပြင်အမူအရာများသည် ရုပ်ဆိုးပြီး အကျည်းတန်လွန်းလှ၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ကြမ်းတမ်းလှသည့်အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။
သိုင်းကျင့်ကြံသူနှစ်ယောက်သည် အဓိကရွက်သင်္ဘောဆီမှ ပျံသန်းလာ၏။ တစ်ယောက်သည် အရပ်ရှည်ရှည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး တစ်ယောက်သည် အရပ်ပုပုနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရှုရမည်ဆိုလျှင် ညီအစ်ကိုများ ဖြစ်ပုံပေါ်၏။
ဟား ဟား ဟား
အရပ်ရှည်ရှည်နှင့် သက်လတ်ပိုင်းလူသည် ထူးဆန်းစွာရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီနှစ်ပိုင်း အတွင်း ငါတို့ အင်ပါယာရဲ့ဌာနေကို ပြဿနာရှာရဲတဲ့ကောင်တွေတောင် ပေါ်လာပြီပဲ”
၎င်းသည် သတ်ဖြတ်ခြင်းဘုရင်ဖြစ်၏။
“ညီငယ်လေး”
အရပ်ပုပုနှင့် သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “အင်း... ဒီလို အမှိုက်ကောင်တွေနဲ့ရင်ဆိုင်တဲ့အချိန်မှာ ငါတို့ လက်သီးကိုပဲ သုံးရအောင်”
ဤလူသည် စစ်သူကြီးရှစ်ဦးထဲမှ ကပ်ဘေးလွန်ဘုရင်ပင်ဖြစ်၏။ မှန်ပေသည်။ သူတို့နှစ်ယောက်သည် ညီအစ်ကိုများ ဖြစ်ကြ၏။ ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ် အရွယ်အစား တူညီလှသည် မဟုတ်သော်လည်း သွေးဆာလောင်မှုနှင့် ရက်စက်မှုတွင်တော့ တူညီလှ၏။
ကျားလော်ဘုရင်၊ တုံ့လဘုရင်တို့နှင့် မတူညီစွာဘဲ ၎င်းညီအစ်ကိုနှစ်ယောက်သည် အစဉ်အမြဲ မခွဲတမ်းတည်ရှိ နေပြီး တိုက်ခိုက်ရာတွင်လည်း အတူတူ တိုက်ခိုက်တတ်၏။ အသင်းအဖွဲ့ ဖွဲ့ကာတိုက်ခိုက်တတ်သည့် ဤလူများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး အန္တရာယ်ပေးနိုင်မှုလည်း မြင့်မားသည်။
“ဂိုဏ်းချုပ်ကျွင်း”
ကျန့်ကွေ့ရှုက ပြောလိုက်၏။ “တစ်ယောက် တစ်ယောက်စီ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ နောက်လိုက်များ ရောက်ရှိလာပြီဖြစ်သောကြောင့် တိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရနိုင်တော့ချေ။
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျုပ် နှစ်ယောက်လုံးကို ရိုက်ချင်တယ်”
“..........”
ကျန့်ကွေ့ရှု၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သက်လတ်ပိုင်း လူနှစ်ယောက်တို့၏ အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်တွင်ရှိသော ကောင်းကင်နဂါးစစ်သူကြီး ရှစ်ဦးထဲမှ ဖြစ်ရပေလိမ့်မည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ဖို့ဆိုသည်မှာ တကယ်ပင်။
“ကောင်းပြီ”
ကျန့်ကွေ့ရှုသည် အနောက်သို့ ခြေလှမ်းဆုတ်ကာဖြင့်ပြောလိုက်သည်။ “ခင်ဗျားကိစ္စပဲ ထားလိုက်တော့မယ်”
တစ်ဖက်လူသည် ဝံ့ကြွားမောက်မာချင်သည်ဆိုမှတော့ ကျိန်းသေပေါက် စင်မြင့်ပေါ်သို့ တင်ပေးရပေမည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ၎င်းရပ်တန့်နေရာ တည်နေရာဆီမှ ဖြည်းညှင်းစွာ အပေါ်သို့ ပျံတက်သွား၏။ ၎င်းသည် ညီအစ်ကိုနှစ်ယောက်တို့၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွား၏။
သတ်ဖြတ်ခြင်းဘုရင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “မြန်မြန် သေချင်တာလား”
သူ၏ အမူအရာ နှင့်စကားလုံးများ အားလုံးတို့သည် အမှန်ပင် တည်ငြိမ်လွန်းလှ၏။ တစ်ဖက်လူကို ကြီးကြီးမားမား တွေးထင်ထားသည့်ပုံပင် မပေါ်ချေ။
“အင်း... ပြောချင်စရာ တစ်ခုခု ရှိသေးလား”
ကျွင်းချောင်ရှောင်းသည် သူ၏ အပေါ်ဝတ်ကို ချွတ်လိုက်၏။ ပြီးနောက် လက်များကို အသာယှက်ကာဖြင့် သွေးပူလေ့ကျင့်ခန်း ပြုလုပ်လိုက်သည်။ သူသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်ကို အထင်မသေးနဲ့ မဟုတ်ရင် ကျားလော်ဘုရင်နဲ့ တုံ့လဘုရင် တို့လိုပဲ သေသွားလိမ့်မယ်”
ညီအစ်ကိုနှစ်ယောက်သည် ထိုအခြင်းအရာကို ကြားချိန်မှာတော့ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
“ကောင်လေး..”
သတ်ဖြတ်ခြင်းဘုရင်သည် လေးနက်စွာ ပြောလိုက်၏။ “မင်း ဘာကို ဆိုလိုတာလဲ”
“နားမလည်ဘူးလား”
ချလွပ်
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ထုတ်ယူလိုက်၏။ သူသည် ဓားပေါ်သို့ လက်နှစ်ချောင်းကို တင်ကာဖြင့် ဓားလက်ကိုင်မှ ဓားထိပ်ဆီသို့ အသာဆွဲယူလိုက်၏။ ဓား၏ရောင်ပြန်နှင့်အတူ ၎င်း၏ နှုတ်ခမ်းဖျားသည် ကော့တက်လျက်ရှိနေသည်ကို အားလုံးက မြင်နိုင်သည်။
“ကျုပ် နှစ်ယောက်လုံးကို သတ်ခဲ့တာပဲ”
ဤအမူအရာ၊ ဤလုပ်ဆောင်မှုပုံစံသည် အမှန်ပဲ မောက်မာဝံ့ကြွားလွန်းလှ၏။ ထို့အတူ အလွန်ချောမောလွန်းသည့် ခံစားချက် ကိုလည်း ရရှိစေ၏။
ဝှစ် ဝှစ် ဝှစ်
သတ်ဖြတ်ခြင်းဘုရင်နှင့် ကပ်ဘေးလွန်ဘုရင်တို့သည် ထိုစကားကို ကြားရချိန်မှာတော့ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်လွှတ်ကာဖြင့် အေးစက်စက်ပြုံးလိုက်ကြသည်။ “မင်းက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းပဲ”
၎င်းတို့ နှစ်ယောက်သည် ဒေါသူပုန်ထသွားခြင်း မဟုတ်ပေ။ သတိအပြည့်နှင့် ဖြစ်တည်သွားခဲ့ခြင်းသာလျှင်။ ကျားလော်ဘုရင်နှင့် တုံ့လဘုရင်တို့၏ ကျင့်ကြံခြင်းအဆင့်သည် ၎င်းတို့နှင့် တူတူပင်ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူ သည် သတ်ဖြတ်ခဲ့သည်ဖြစ်ကြောင်းကို ဝန်ခံရဲသည်ဆိုမှတော့ ကျိန်းသေပေါက် ဂရုစိုက်ရပေလိမ့်မည်။
“ဟုတ်တယ်” လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းအနေဖြင့် ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။
“ငါ့တို့ မင်းကို နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့တာ။ မင်းက ကြယ်တာရာစိတ်ဝိညာဉ်လောကထဲမှာ လာပြီး ပုန်းနေ တာကိုး” ကပ်ဘေးလွန်ဘုရင်သည် အေးစက်စက် ပြောလိုက်၏။
“လိုရင်းကို ပြောရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် အလျင်လိုနေတယ်။ မြန်မြန်လာပြီးတော့ သေပေးကြ”
ညီအစ်ကိုနှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြင်းထန်စွာ ဖြစ်တည်လာခဲ့၏။
ဝှစ်
ရုတ်တရက် အေးစက်ပြီး ထက်ရှလွန်းသည့် ဓားအလင်းတန်းများ ဖြစ်တည်လာခဲ့သည်။
ကပ်ဘေးလွန်ဘုရင် နှင့် သတ်ဖြတ်ခြင်းဘုရင်တို့သည် ဘေးတစ်ဖက်ဆီသို့ အလျင်အမြန်ဖြင့် ရှောင်ရှားလိုက်ကြ၏။ မိစ္ဆာကဲ့သို့သော ယင်စွမ်းအင်များသည် သူတို့၏လက်ဝါးထက်တွင် စုဝေးလာခဲ့ပြီး ကျွင်းချောင်ရှောင်းကို လှမ်းကာ ရိုက်နှက်၏။ “သေချင်နေတာလား”
ဝှစ် ဝှစ်
မဲနက်လျက်ရှိနေသည့် စွမ်းအင်များသည် ပေါက်ကွဲထွက်သွားပြီးသည့်နောက် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည် လာခဲ့၏။ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလျှို့ဝှက်အဆင့်အထက်ပိုင်းတွင်ရှိသော သို်ငးကျင့်ကြံသူနှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လျက်ရှိနေသည်။
“သတ်.. သတ်စမ်း”
ပြိုင်စံရှားဂိုဏ်း၏ စစ်သည်များသည်လည်း ၎င်းတို့၏ သားရဲများဆီသို့ ခုန်တက်ကာ ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ၎င်းတို့၏ တာဝန်သည် နောက်ဆုံးပြည်နယ်ကြီးကို ဖျက်ဆီးရန်ပင်ဖြစ်သည်။ ထိုမှသာလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကတစ်ခုလုံးကို ကယ်တင်နိုင်မှာဖြစ်၏။
“ချီတက်ကြစမ်း” လာရောက်ကူညီကြသော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ခပ်တည်တည် ဖြင့် ရပ်မနေနိုင်ခဲ့ကြချေ။ ထိုစစ်သည်များသည် အောက်သို့ပျံသန်းဆင်းသက်လာပြီး ပြိုင်စံရှားဂိုဏ်းစစ်သည်များ၏ လမ်းကို ပိတ်ပင်ထားခဲ့ကြသည်။ နှစ်ဖက်အဖွဲ့များသည် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် ကြီးမားသည့် တိုက်ပွဲကြီး ဖြစ်တည်လာခဲ့သည်။
ပြိုင်စံရှားဂိုဏ်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲသည့် ပထမဦးဆုံးအဖွဲ့ပင် ဖြစ်လို့လာခဲ့၏။ ပြီးသည့်နောက်မှာတော့...
ဒွီ ဒွီ ဒွီ
ကောင်းကင်ယံတွင် ထောင်နှင့်ချီသော ရွက်သင်္ဘောများသည် အလင်းတန်းများ စုဖွဲ့လာခဲ့ပြီး အလွန်အားကောင်း သော အမြှောက်များနှင့် ပစ်လွှတ်လျက်ရှိ၏။
ဖောင်း ဖောင်း ဖောင်း
ရှောင်ကျီသည် လျင်လျင်မြန်မြန်ဖြင့် ရှေ့သို့ပြေးသွား၏။ ပြေးနေစဉ်အတွင်းမှာပဲ လင်းယွမ်ခန်းမဆောင်၏ စာသားကို အသက်သွင်းလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ သံမဏိလူသားကဲ့သို့ ပြောင်းလဲသွားခဲ့၏။ သူသည် ဒိုင်းကာကြီးကို အသာဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ “ဒိုင်းကာ .. အသက်ဝင်”
ဆွစ်
အလင်းတန်းများသည် ကောင်းကင်ယံတွင် ဖြစ်လည်လာခဲ့ပြီးသည့်နောက် အားလုံးကို ကာကွယ်ပေးလေ၏။
ဘုန်း ဘုန်း
ချက်ချင်းပဲ ထိုဒိုင်းကာကြီးအား အမြှောက်ဆန်များ လာရောက်ထိမှန်လေသည်။
ဖြောင်း ဖြောင်း ဖြောင်း
ရှောင်ကျီသည် ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လန်ထွက်သွား၏။ သူသည် အနောက်သို့ အသာမှေးမှီကာဖြင့် ကောင်းကင်ယံထက်သို့ လေးဆယ့်ငါးဒီဂရီစောင်းကာ ဒိုင်းကြီးကို မြှောက်ကိုင်၍ ကာကွယ်ပေးထား၏။ ၎င်း၏ လက်တစ်ဖက်တွင်တော့ ထောင်နှင့်ချီသော စက်သေနတ်များ ဖြစ်တည်လာခဲ့၏။
ဒက် ဒက် ဒက် ဒက်
သေနတ်ပစ်ခတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဘုန်း ဘုန်း
ကောင်းကင်ယံဆီမှ ရွက်သင်္ဘောများသည်လည်း အမြှောက်များနှင့် ဆက်တိုက်ဆိုသလိုပဲ ပစ်ခတ်နေ၏။ တည်နေရာတစ်ခုလုံးတွင် အပေါက်ကြီးများနှင့် ဖြစ်တည်နေ၏။
သို့ပေမဲ့ ဤအရာသည် အစသာလျှင် ရှိသေး၏။ ရှောင်ကျီ စတင်ကာ တိုက်ခိုက်လိုက်ပြီးသည့်နောက် ရွှဲရမ်ကွေ့သည် စတင်ကာ အမိန့်ပေးလိုက်သည်။
သားရဲစီးဟောခန်းဆီမှ စစ်သည်ပေါင်း တစ်သောင်းနီးပါးတို့သည် သိုလှောင်လက်စွပ်ထဲမှ RBG လောင်ချာများကို ထုတ်ယူ ကာဖြင့် အင်မော်တယ်တေးသံ၏ စွမ်းအင်များနှင့် ပေါင်းစပ်ကာ စတင် ပစ်ခတ်ကြတော့၏။
“ပစ်ကြ”
ဘုန်း ဘုန်း ဘုန်း
ထောင်နှင့်ချီသော အမြှောက်ဆံများသည် တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းနှင့် နတ်ဘုရား လျှို့ဝှက်အဆင့် ကျင့်ကြံသူနှစ်ယောက်တို့၏ကြား တိုက်ခိုက်မှုသည် အရှိန်အဟုန်အမြင့်ဆုံးထိ ရောက်ရှိနေသည်။
အောက်ဘက်တွင်တော့ ပြိုင်စံရှားဂိုဏ်းနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် အပြင်းအထန် တိုက်ခိုက်နေ၏။