အခန်း ၁၉၃၄
Vol. 130 Ch. 1934
အပိုင်း (၁၉၃၄)
ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းရည်အား အဓိက မြို့အသီးသီးကို ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြင့် သက်သေပြခဲ့ပြီဖြစ်၏။ သို့ပေမဲ့ လိုအပ်ချက်များတော့ တည်ရှိနေသေး၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီး ရောက်ရှိလာသည့်အချိန်မှာတော့ တကယ်ပင် အကြီးအကျယ် တိုက်ခိုက်ပွဲကို ဆင်နွှဲနေရ၏။
ဘုန်း ဘုန်း ဘုန်း
အမြှောက်ဆံကြီးများသည် တပြိုင်နက်တည်းလိုပဲ ကျဆင်းလာနေ၏။ ထို့အတူ အောက်မှ RPG လောင်ချာ များနှင့် ပစ်ခတ်လျက်ရှိနေသည့် အမြှောက်ဆံများကသည်လည်း ရွက်သင်္ဘောများဆီသို့ ရောက်ရှိကုန်သည်။
ကြယ်တာရာစိတ်ဝိညာဉ်လောကထဲတွင် ရှိနေသည့် တော်ဝင်လူများသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာ တော့ မျက်လုံးထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုများ ပိုမိုကာ အားကောင်းလာခဲ့၏။
အင်ပါယာ၏ ရွက်သင်္ဘောများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ အလွန်အားကောင်းလှသည့် ပန်းပဲဆရာများ ဖန်တီးထားခြင်းဖြစ်၏။ ထိုအရာကို ဖြစ်ပေါ်လာစေရန်အတွက် လူအင်အား၊ အရင်းအမြစ် အများကြီးဖြင့် ဖန်တီးအသုံးပြုခဲ့ရ၏။ ထို့ကြောင့် အကာအကွယ်သည် ခန့်မှန်းထားသည်ထက် ပိုမိုကာ ကောင်းမွန်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ စက္ကူများကဲ့သို့ပင် ဆွဲဖြဲခြင်းကို ခံနေရသည်။
တစ်ချိန်တည်းမှာပဲ အားလုံးသော သူတို့သည် ပျော်ရွှင်သွားမိ၏။ ကံကောင်းစွာဖြင့် စစ်ကူများသည် အချိန်မီ ရောက်ရှိလာခဲ့၏။ အကယ်၍ ကြယ်စိတ်ဝိညာဉ်မြို့သည် တစ်ဖက်လူများ၏ တိုက်ခိုက်ခြင်းကို ခံရပါက မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများကို အန္တရာယ် ပေးနိုင်နေသည်ဆိုသော်လည်း အထဲတွင် ရှိနေသည့် တော်ဝင်လူများမှာတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်း ထိုလူများအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။ ဤအရာသည် လုံလောက်သည့် ယုံကြည်မှုနှင့် သစ္စာတရားပင် ဖြစ်တော့သည်။
၎င်းတို့သည် တောက်ပသည့် အနာဂတ်လမ်းကို ခင်းကျင်းလျှောက်လှမ်းပြီးသားဖြစ်၏။ သို့ပေမဲ့ ရွက်သင်္ဘောများ သည် အမှုန့်အဖြစ်သို့ ပြောင်းလဲနေပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များ သတ်ဖြတ်ခံနေရသည်ကို မြင်ချိန်မှာတော့ ၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသော လှပသည့် အိမ်မက်များသည် တစ်ခုပြီးတစ်ခု ပျက်စီးကုန်၏။ ၎င်းတို့သည် အိမ်မက်မှပင် နိုးထလာခဲ့ကြ၏။
“ကြည့်ကောင်းလိုက်တာ”
“ဖောက်ခွဲ .... ဖျက်ဆီးစမ်း”
ဝှစ်
ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်နှင့်မြေကြီးတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် လူပေါင်းများစွာနှင့် ရွက်သင်္ဘောပေါင်း တစ်ဒါဇင်ကျော်တို့သည် ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက် ရသည်။
ချလွမ်
ကျိုးဟုန်သည် သူ၏ဓားကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ သူ၏အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဘက်တွင်ရှိနေသည့် စစ်သည်တော် ဒါဇင်ချီတို့သည် ဘေးတစ်ဖက်ဆီမှ ပြေးဝင်လာခဲ့ကြ၏။ ၎င်းတို့သည် အနားသို့ ချဉ်းကပ်လာရန် ပြင်လိုက်သည့်အချိန်မှာပဲ ထက်ရှိလွန်းသော ဓားချီတစ်ခုသည် ၎င်းတို့၏ရှေ့၌ ပေါ်ပေါက်လာသည်။
ဇွိ ဇွိ
ဓား၏ အရိပ်ယောင်များသည် ၎င်းတို့ကို ကြက်ခြေခတ်ပုံစံကဲ့သို့ပင် ပိုင်းဖြတ်သွား၏။ ကျန့်ရှောင်ဟုန်သည် ကျိုးဟုန်၏ဘေးတွင် မတ်တပ်ရပ်လျက်ရှိပြီး သူမ၏ဓားကို အသာမြှောက်ထား၏။ “ဘယ်သူမှ ကျွန်မလူကို ထိခိုက်အောင် လုပ်လို့မရဘူး”
“..........”
ကျိုးဟုန်သည် ဆွံ့အသွားခဲ့၏။ ဤမိန်းကလေးသည် စကားအပြောအဆို ပိုမိုကာ ရဲတင်းလာခဲ့၏။ အချက်အလက် အားဖြင့် သူ ဓားသူတော်စင်၏တပည့်ဖြစ်လာပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် တပူးပူး တတွဲတွဲ ဖြစ်လို့ လာခဲ့၏။ အတူတူ ဓားတာအိုကို ကျင့်ကြံကြပြီး အောင်မြင်မှုလည်း ရရှိခဲ့ကြ၏။ တဖြည်းဖြည်းနှင့် စုံတွဲတစ်တွဲ၏ ပုံစံမျိုးနှင့်ပင် တူညီလာသည်။
ဘုန်း ဘုန်း
တခြားသောတစ်ဖက်မှာတော့ ဟယ်ဝူတီသည် ရန်သူများကြားသို့ လှည့်လည်လျှောက်သွား၏။ ၎င်းဖြတ်သန်း သွားရာတည်နေရာတိုင်းတွင် ခြေပြတ်လက်ပြတ်များ လွင့်မျောလျက်ရှိနေ၏။ ၎င်းသည် သိုသိုသိပ်သိပ် နေထိုင်ရန် ရွေးချယ်ခဲ့၏။ သို့ပေမဲ့ လက်ရှိတိုက်ပွဲသည် စစ်ပွဲကြီးတစ်ခုသာလျှင် ဖြစ်၏။ သိုသိုသိပ်သိပ် ဆက်လက်ကာ နေထိုင်မည်ဆိုပါက သေဆုံးသွားနိုင်၏။
ဟယ်ဝူတီ၏ ရှင်းလင်းမှုနှင့်အတူ ခရမ်းရောင်ဘုရင်၏ သားရဲများကလည်း ကြမ်းတမ်းလှ၏။ ၎င်းတို့အားလုံးသည် ဂိုဏ်းဝတ်စုံများကို ချွတ်ကာဖြင့် တိုက်ခိုက်လျက်ရှိနေသည်။ အဘယ်ကြောင့် ဂိုဏ်းဝတ်စုံများကို ချွတ်ထားရ သနည်းဆိုသော် အဝေးတစ်နေရာတွင် စုတ်တံနှင့်စာရွက်ကိုကိုင်ကာဖြင့် ကြည့်ရှုနေသော ယွမ်သခင်လေးကို မြင်နေရသောကြောင့်ပင်။
ဟောခန်းသခင်ကျိသည် လူနုံတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူသည် သူ၏အဖွဲ့သားများ အားလုံးကို အင်္ကျီချွတ်ရန် မှာကြားထားခြင်းဖြစ်၏။ ထို့အပြင် ရန်သူအားလုံးအား ယွမ်ဖန်ဟု သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိုးနှက်လျက်ရှိ၏။ သူ၏ဒေါသတရားများသည် ရန်သူများဆီသို့ ကျဆင်းနေ၏။
...........
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စစ်ကူတော်တော်များများကို ပေးပို့ခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် လည်း လူပေါင်းများစွာကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲသည် တကယ်ပင် ကြမ်းတမ်းလွန်းလှ၏။ ကြည့်ရှု ရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် များပြားလွန်းလှသော လက်နက်အသီးသီးတွင် ကောင်းကင်တေးသံ၏ စွမ်းအင်များကို ထည့်သွင်းထားသည်ကြောင့် အထက်စီးမှ တိုက်ခိုက်နေနိုင်ကြသည်။
ထိုသို့ဆိုလျှင်တောင်မှ ကြယ်စိတ်ဝိညာဉ်မြို့တွင်ရှိနေသည့် တော်ဝင်လူများ အားလုံးသည် မျှော်လင့်ချက် မလျော့သေးပေ။ အဘယ်ကြောင့်ဆိုသော် တည်နေရာကို ထိုးခွင်းကာ ဝင်ရောက်လာခဲ့သည့် ရွက်သင်္ဘောများသည် အဆုံးအစမဲ့ များပြားစွာ ဝင်လာနေသောကြောင့်ပင်။ ပြိုင်စံရှားဂိုဏ်း အထက်စီးမှ တိုက်ခိုက်နိုင်နေ သည်ဆိုလျှင်တောင်မှ ခဏတာပင် ဖြစ်ပေလိမ့်မည်။
အင်ပါယာသည် သူတို့၏ဂြိုဟ်ကို ကူညီရန်အတွက် များပြားလှသည့် စစ်သည်များကို စေလွှတ်ပေးနေသည်ဆိုသော ကြောင့် အောင်မြင်မှုသည် မနှေးနှင့်မမြန်ဆိုသလို ရောက်ရှိလာမှာ သေချာ၏။ သို့ပေမဲ့ ၎င်းတို့အားလုံး၏ အိမ်မက် သည် ဆယ်မိနစ်လောက် ကြာပြီးသည့်နောက် ပျောက်ကွယ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသို့ ဝင်ရောက်လာကြသည့် တပ်ကူများအားလုံးတို့သည် ရုတ်တရက် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။
“ဟင်... ဒါပဲလား” အားလုံးသော သူတို့သည် စိတ်ဓာတ်ကျသွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စစ်ကူ အများအပြားကို ပေးပို့ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းကို အနိုင်မယူ နိုင်ချေ။ သို့ပေမဲ့ ကိစ္စမရှိသေးချေ။ နတ်ဘုရားလျှို့ဝှက်အဆင့် နဂါးစစ်သူကြီးနှစ်ဦးတို့သည် ပုန်ကန်သူ ခေါင်းဆောင်ကို တိုက်ခိုက်အနိုင်ယူနိုင်သည်ဆိုပါက ကျန်သောသူများ အားလုံးတို့သည် အသေးအမွှားပင် ဖြစ်ပေ လိမ့်မည်။
ထို့ကြောင့် တော်ဝင်လူတန်းစားများအားလုံးတို့သည် ကပ်ဘေးလွန်ဘုရင်နှင့် သတ်ဖြတ်ခြင်းဘုရင်တို့ နှစ်ယောက်ပေါ်တွင် ၎င်းတို့၏ မျှော်လင့်ချက်များ အားလုံးကို ပုံအပ်ထား၏။ သို့ပေမဲ့ အဝေးတစ်နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင်တော့ အလင်းတန်း သုံးခုတို့သည် ရှေ့နောက် လွန်းထိုးသွားလာကာ တိုက်ခိုက်လျက် ရှိနေ၏။ တည်နေရာတစ်ခုလုံးသည် ပျက်စီးလျက်ရှိနေပြီး လေဟာနယ်ကြီးတစ်ခုလုံးပင်လျှင် ကွဲအက်နေခဲ့သည်။ ပုန်ကန်သူခေါင်းဆောင်ကို မြန်မြန်ဆန်ဆန်နှင့် မဖြေရှင်းနိုင်သည်ဆိုပါက ပြဿနာသည် ပိုမိုကာ လေးနက်လာ ပေလိမ့်မည်။
..........
ဘုန်း ဘုန်း
ကောင်းကင်ယံထက်တွင်တော့ အလင်းတန်း သုံးခုတို့သည် ရှုပ်ယှက်ခတ်ကာ ဖြစ်တည်လျက်ရှိနေ၏။ တိုက်ပွဲ၏ အရှိန်အဟုန်သည် အလွန်မြင့်မားလွန်းလှသောကြောင့် ကျန့်ကွေ့ရှုမှလွဲ၍ ဤတိုက်ပွဲကို သေသေချာချာ မြင်အောင် ကြည့်ရှုနိုင်သူဟူ၍ မရှိချေ။
ဘုန်း
ကပ်ဘေးလွန်ဘုရင်နှင့် သတ်ဖြတ်ခြင်းဘုရင်တို့သည် အပြင်ဘက်သို့ လွှင့်စင်သွား၏။ ၎င်းတို့နှစ်ယောက်သည် အဝေးတစ်နေရာတွင် မတ်မတ်ရပ်နေကြပြီး ၎င်းတို့၏ လက်နှင့်ရင်ဘတ်တွင် ဓားရာများနှင့် ဖုံးလွှမ်းနေ၏။ တိုက်ခိုက်မှုအတွင်း ရွှမ်ယွမ် နတ်ဘုရားဓားနှင့် ရင်ဆိုင်နေရခြင်းဆိုသည်မှာ အမှန်ပင် ဆိုးရွားလွန်းလှ၏။
“ချီးတဲ့မှ”
ကပ်ဘေးလွန်ဘုရင်သည် ဒေါသထွက်လျက် ရှိနေ၏။ ၎င်းတို့ ညီအစ်ကိုနှစ်ယောက်သည် တိုက်ခိုက်ရာ၌ ဤကဲ့သို့ ဆိုးရွားသည့်အခြေအနေမျိုးကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးချေ။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ နောက်လိုက်တွေ လုပ်နိုင်တာက ဒါအကုန်ပဲလား”
“..........”
ကပ်ဘေးလွန်ဘုရင်သည် အဆုတ်များ ပေါက်ကွဲလုမတတ်ပင် ဒေါသထွက်လျက်ရှိနေပြီး သတ်ဖြတ်ခြင်းဘုရင် သည် တည်ငြိမ်လျက်ရှိနေ၏။ ပထမဆုံး သူသည် အောက်တွင်ရှိနေသော အခြေအနေကို သေသေချာချာ လေ့လာ လိုက်၏။ သူတို့ဘက်မှ အခြေအနေသည် ဆိုးရွားနေသည်ကို မြင်ရသည့်အချိန်မှာတော့ အသံကို ပို့လွှတ်လိုက်၏။ “အစ်ကိုကြီး.. အခြေအနေက သိပ်မကောင်းဘူး။ ကျုပ်တို့ အင်ပါယာပေးခဲ့တဲ့ တာဝန်ကို ပြည့်စုံအောင်လို့ အမြန်ဆုံး လုပ်မှနဲ့တူတယ်”
“လုပ်ကြမယ်” ကပ်ဘေးလွန်ဘုရင်သည် အခြေအနေမှာ သူတို့ဘက်တွင် မရှိကြောင်း နားလည်လိုက်မိ၏။ သူတို့ အနေနှင့် ပြိုင်စံရှားဂိုဏ်းချုပ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး မသုတ်သင်နိုင်ဘူးဆိုပါက ရွက်သင်္ဘောများ ပိုမိုကာ ဆုံးရှုံးမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ စစ်သည်များလည်း သေဆုံးကုန်လိမ့်မည်။
“အင်း.. မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ဖို့ဆိုရင် ငါတို့ ဝှက်ဖဲကို အသုံးပြုဖို့ပဲ လိုတော့တယ်”
......
ကပ်ဘေးလွန်ဘုရင်သည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျင့်ကြံခြင်းအဆင့် နှစ်ပေါင်းထောင်ချီလောက် ဆုံးရှုံးတာကလွှဲရင် ဘာမှမဟုတ်ဘူး။ အင်ပါယာပေးခဲ့တဲ့ တာဝန်ကို မပြည့်စုံဘူးဆိုရင် အကျိုးဆက်က ပိုပြီးတော့ ဆိုးရွားလိမ့်မယ်။ လာကြ... အတူတူ သူကို့ ငရဲခေါ်သွားကြရအောင်”
ညီအစ်ကိုနှစ်ယောက်တို့သည် အချင်းချင်း နည်းဗျူဟာပိုင်းဆိုင်ရာများကို ချမှတ်ခဲ့၏။ ပြီးနောက် သတ်မှတ်ထား သည့် တည်နေရာတစ်ခုတွင် သွားရောက်မတ်တပ်ရပ်ကာဖြင့် ထူးဆန်းလှသည့် လုပ်ဆောင်မှုကို စတင်ကာ လုပ်ဆောင်တော့၏။
“.........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤညီအစ်ကို နှစ်ယောက်တို့သည် လေထဲတွင် လက်နှင့်ဖင်များကို ယမ်းခါလျက်ရှိသည်။ အဘယ်ကြောင့် ရုတ်တရက်ကြီး ထကာ ကခုန်နေရသနည်း။
“ဟမ်... ရှက်စရာကြီး၊ မင်းတို့ အရှက်ကော ရှိသေးရဲ့လား”
ဟား ဟား ဟား ....
စနစ်သည် ခြောက်ကပ်ကပ်ဖြင့် ထကာ ရယ်လိုက်၏။ “တပည့်တွေ၊ လူတွေရှေ့မှာ အရှက်အကြောက်ကင်းကင်းနဲ့ ထကတတ်တဲ့ လူတစ်ယောက်က ဘယ်လိုကြောင့် အရှက်တရားအကြောင်း ပြောနေရတာလဲ”
ဤစကားစုသည် အမှန်ပင် မှန်ကန်လွန်းသည်။
လက်ရှိအခြေအနေမှာတော့ ကပ်ဘေးလွန်ဘုရင်နှင့် သတ်ဖြတ်ခြင်းဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ဖက်ကာဖြင့် အော်ဟစ်လိုက်ကြ၏။ “ညီအစ်ကိုနှစ်ယောက် .... နှလုံးသားတစ်ခု၊ ထက်ရှမှုက သံကိုတောင် ဖြတ်တောက်မယ်”
ဝှစ် ဝှစ်
အားကောင်းလွန်းလှသော မိစ္ဆာစွမ်းအင်များသည် ဖြစ်တည်လာခဲ့ပြီး ၎င်းတို့နှစ်ယောက်ကို လွှမ်းခြုံသွား၏။ တစ်ချိန်တည်းမှာပဲ ထိုအရှိန်အဝါများသည် ဆက်တိုက်ဆိုသလိုပဲ ချဲ့ထွင်လာခဲ့သည်။
“ဒါ… ဒါက” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွားမိ၏။ ချက်ချင်းပဲ သူ၏လက်ထဲတွင် ရှိနေသော ဓားချီ များနှင့်ခုတ်ပိုင်းလိုက်မိ၏။ အဆုံးသတ်မှာတော့ ထိုစွမ်းအင်လှိုင်းများနှင့် ထိတွေ့သည့်အချိန်တွင် ဓားစွမ်းအင်များ အားလုံးသည် ပျောက်ကွယ်သွားရ၏။
ဝှစ် ဝှစ် ဝှစ်
မိစ္ဆာစွမ်းအင်များသည် ဆက်တိုက်ဆိုသလိုပဲ ပြန့်လွှင့်လျက်ရှိနေပြီး တဖြည်းဖြည်းနှင့် ဖုံးလွှမ်းလျက် ရှိနေ၏။ အားလုံး၏ အမြင်တွင် ကြီးမားလှသည့်အရာကြီး တစ်ခုကသာ ပေါ်ပေါက်လာခဲ့၏။
“ချီးတဲ့မှ” စုရှောင်မိုနှင့် တခြားသူများသည် ကြီးမားလွန်းသောစွမ်းအင်လုံးကြီးကို မြင်သည့်အချိန်မှာတော့ အလန့်တကြားနှင့် ထအော်လိုက်မိ၏။ “အဲလောက် ကြီးတာလား”
တကယ့်ကို ကြီးမားလွန်းလှ၏။ တစ်ဒဿမ ရှစ်မီတာရှည်သော ကျွင်းချောင်ရှောင်းသည် သူ့အရှေ့တွင် ရှိနေသော စွမ်းအင်လုံးများနှင့် ရင်ဆိုင်သည့်အချိန်မှာတော့ ကြီးမားလွန်းလှသော တောင်ကြီးတစ်ခုနှင့် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင်။
ဘုန်း
ထိုကြီးမားလှသည့်အရာကြီးသည် မြေပေါ်သို့ ကျဆင်းလာခဲ့ပြီးနောက် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံး သည် တုန်ခါသွားသည်။ အနီးအနားတွင်ရှိသော မြို့များသည် ထိုအရာကို မည်သို့မှ မခံနိုင်တော့ဘဲ ပြိုလဲကုန်တော့၏။
......
ကျွင်းချောင်ရှောင်းသည် အနောက်ဘက် ခပ်လှမ်းလှမ်းဆီသို့ လှမ်းဆုတ်လိုက်၏။ ပြီးနောက် သူက အော်ဟစ် လိုက်သည်။ “ချီးတဲ့မှ... ဒါ လူနှစ်ယောက် ပေါင်းလိုက်တာလား”
ဟုတ်ပေ၏။ ဒီကြီးမားလှသော အရာကြီးသည် ကပ်ဘေးလွန်ဘုရင်နှင့် သတ်ဖြတ်ခြင်းဘုရင်တို့ ပေါင်းစပ်ထား သည့်အရာဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်နှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ပြီးသည့်နောက်မှာတော့ အလွန့် အလွန် ကြီးမားသည့်အရာကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
“ကောင်လေး”
ထိုညီအစ်ကိုနှစ်ယောက်တို့သည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်သည်။ “ရိုးရှင်းတယ်လို့ မထင်ဘူးမို့လား”
ဆွစ် ဆွစ်
ပြောပြီးပြီးချင်းမှာပဲ ထိုကြီးမားလွန်းလှသော ခန္ဓာကိုယ်ကြီးသည် ဘောလုံးကြီးတစ်လုံးကဲ့သို့ပင် တဘုတ်ဘုတ်နှင့် ခုန်လာ၏။ စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီးသည့်နောက် တည်နေရာတွင် ရှိနေသော လေထုကြီး သည် မည်သို့မှ မခံနိုင်ဘဲ အက်ကွဲကုန်၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် မူလတည်နေရာဆီမှ ပျံသန်းထွက်ခွာ သွားခဲ့၏။ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် သူသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “အင်း... သူတို့က တကယ့်ကို အားကောင်းလာခဲ့တာကိုး”
ဟုတ်ပေ၏။ နှစ်ယောက်သား ပေါင်းစပ်ပြီးသည့်နောက်မှာတော့ အားအင်အဆင့်သည် ပေါင်းစပ်ပြီးသားသကဲ့သို့ ဖြစ်သွားခဲ့၏။ ထိုအရာသည် တစ်အပေါင်းတစ် ညီမျှခြင်း နှစ် မဟုတ်တော့ချေ။
“သေစမ်း”
ဝှစ် ဝှစ်
တောင်ကဲ့သို့ ကြီးမားလွန်းလှသော အရာကြီးသည် ထပ်မံကာ ကျဆင်းလာခဲ့ပြန်၏။ အောက်တွင်တော့ ကျွင်းချောင်ရှောင်၏ အမဲရောင်ဆံနွယ်များသည် ရှုပ်ပွသွား၏။ ကျဆင်းလာသည့် လေအဟုန်သည်ကလည်း ညှီစို့စို့ နှင့် ရွံ့စရာကောင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် အန်ချင်စိတ်ပင် ပေါက်နေသည်။
ဘုန်း ဘုန်း ဘုန်း
ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး တစ်ခုလုံးသည် ဆက်တိုက်ဆိုသလိုပဲ တုန်ခါပြီး တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသာ ဤနေရာတွင် ရှိသည်ဆိုပါက ကျိန်းသေပေါက် အော်ဟစ်ပေလိမ့်မည်။ “ဒီဂြိုဟ်ကြီးကို ကယ်ဖို့လွှတ်လိုက်တာလေ။ မင်းတို့က ဖျက်ဆီးတာနဲ့ တူနေပြီ”