အခန်း ၁၉၄၁(ခ)
Vol. 130 Ch. 1941-B
အပိုင်း (၁၉၄၁ - ခ)
"မဟုတ်ဘူး"
ဖန့်ရှန်းရ သည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ကျုပ်ရဲ့အတွေးက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျုပ်က ငြိမ်းချမ်းတဲ့ လောကကြီးကို ဖန်တီးချင်တယ်။ ဒါပေမဲ့ လောကကြီးကို ကယ်တင်ဖို့ မိစ္ဆာနဂါးကြီးကို သတ်ပစ်ပြီးတဲ့နောက်မှာ လူတွေရဲ့ အသက်ရှင် နေထိုင်တဲ့ လမ်းစဉ်တွေက ဆိုးရွားလွန်းပြီး ကျုပ်ဒါတွေကို လိုက်မပြောင်းလဲနိုင်ဘူးဆိုတာ သိခဲ့တယ်။ သူတို့အားလုံးက လိုချင်တက်မက်မှုတွေ များတယ်။ လောဘစိတ်တွေ များတယ်။ တစ်ခုခုဖြစ်လိုက်တာနဲ့ သတ်ဖြတ်ချင်တယ်။ တိုက်ခိုက်ချင်တယ်"
ထိုအချိန်မှာတော့ ဖန့်ရှန်းရ ၏ အမူအရာများသည် မကျေနပ်မှု ၊ အလိုမကျမှုတွေနှင့် ပြည့်နှက်လာသည်။
"လူသားတွေက သူတော်စင်တွေ မဟုတ်ဘူး။ သူတို့ဆီမှာ ကိုယ်ကျိုးအတွက်ဆိုတဲ့ အရာမျိုး အမြဲတမ်း ရှိနေမှာပဲ" ကျန့်ကွေ့ရှုက ပြောလိုက်၏။
ဖန့်ရှန်းရ က ဆက်ပြောလိုက်သည်။ "ကျုပ် လူသားတွေရဲ့ အတွေးကို ဖယ်ရှားပစ်ဖို့ နည်းလမ်းတစ်ခု တွေ့ခဲ့တယ်။ သူတို့တွေက ကိုယ်နေရာကိုယ်သိပြီးတော့ ကောင်းကောင်းနေထိုင်ကြမယ်။ ဒါဆိုရင် ပူပင်သောကကင်းတဲ့ လောကကြီးတစ်ခု ဖြစ်လာမှာပေါ့။ "
သူသည် မည်သည့် ပူပင်သောကစိတ်မှမရှိဘဲ အေးချမ်းသော လောကကြီးတစ်ခု အဖြစ် ပြောင်းလဲပစ်ချင်ခဲ့၏။ သို့ပေမဲ့ လူပေါင်းများစွာတို့သည် ထိုအရာကို ငြင်းဆန်ပုန်ကန်ခဲ့သေး၏။ ထိုကြောင့်ပင်လျှင် အားလုံးသော သူတို့ကို ဦးနှောက်ဆေးခဲ့ခြင်းပင်။
"ဒီတော့"
ကျန့်ကွေ့ရှုသည် အေးစက်စွာဖြင့် ပြောလိုက်၏။ "မင်း မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ လက်အောက်ကို ဝင်ခဲ့တယ်။ ဟုတ်လား"
"မဟုတ်ပါဘူး"
ဖန့်ရှန်းရက ပြောလိုက်သည်။ "ဒါက ပူးပေါင်းမှုလေး တစ်ခုပါပဲ"
"........"
ကျန့်ကွေ့ရှုသည် သွေးအန်လုမတက်ပင် ဖြစ်မိနေ၏။ တစ်ဖက်လူသည် လောကကြီး တည်ငြိမ်အေးချမ်းရန် အလို့ငှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာလိုလူနှင့် ပူးပေါင်းမှု ပြုလုပ်ခဲ့သည်။ သောက်ကျိုးနည်းလှချေသည်တကား။
"စီနီယာကွေ့ရှု"
ဖန့်ရှန်းရ သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာက လူသားတွေကြားမှာ ရှိနေတဲ့ မကောင်းတဲ့စိတ်ဆန္ဒတွေကို ဖယ်ရှားပစ်နိုင်တဲ့ နည်းလမ်းတစ်ခု ကျုပ်ကို ပေးခဲ့တယ်။ သူက ကျုပ်ရဲ့ အိမ်မက်တွေကို တကယ်ဖြစ်လာဖို့ ကူညီခဲ့တယ်။ သူ့ကြောင့် အခု ဂြိုလ်ကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းအောင် ပြုလုပ်နိုင်ခဲ့ပြီ"
"ဟုတ်ပြီ"
ကျန့်ကွေ့ရှုသည် မထူးခြားသလို ပြောလိုက်၏။ "မင်းအောင်မြင်ခဲ့တယ်။ ဒါပေမဲ့ မင်းက မိစ္ဆာအလုပ်တွေ လုပ်ဖို့အတွက် ဗိလိန်ကို ကူညီခဲ့တာနဲ့ အတူတူပဲ"
"ကျုပ် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ သဘောတူညီမှု လုပ်ထားတယ်။ သူက ဟယ်ယွမ်လောကကြီးကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ ဒီမှာရှိတဲ့ သက်ရှိတွေကိုလည်း လုံခြုံရစေမယ်လို့ ကတိပေးထားတယ်"
ဖန့်ရှန်းရ သည် ပြောလိုက်၏။ "ဒီတော့ ကျုပ်လုပ်ခဲ့တာ မှားလို့လား"
"………..."
ကျန့်ကွေ့ရှုသည် ဆွံ့အသွားမိ၏။ သူသည် တစ်ဖက်လူအား အမှန်ပင် အထင်ကြီးခဲ့မိလေသည်။
ဖြောင်း … ဖြောင်း …. ဖြောင်း .....။
ထိုအချိန်မှာပဲ လက်ခုပ်သံ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် လက်ခုပ်ကို စည်းချက်ကျကျ တီးရင်း အမှောင်ထဲမှ ထွက်လျှောက်လာသည်။ ၎င်း၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်လှသည့် အပြုံးတစ်ခုက တည်ရှိနေခဲ့၏။
"မင်းဘယ်သူလဲ"
ဖန့်ရှန်းရ က မေးမြန်းလိုက်သည်။ သူသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ဟောခန်း၏ အပြင်ဖက်တွင် အစောင့်များစွာ တည်ရှိလို့နေ၏။ ဤနှစ်ယောက်သည် အစောင့်များမသိအောင် မည်ကဲ့သို့ ဝင်လာသနည်း။
"စီနီယာကွေ့ရှုရဲ့ သူငယ်ချင်းပါ" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ဪ”
ဖန့်ရှန်းရ သည် သက်သောင့်သက်သာ ဖြစ်သွားမိသည်။ "လောကသခင်ဖန့်"
ကျွင်းချောင်ရှောင်းသည် ခွင့်ပြုချက်မတောင်းဘဲ ဝင်ထိုင်လိုက်၏။ ပြီးနောက် ဒူးပေါ် လက်တင်ကာ ဟန်ပါပါ ပြောလိုက်၏။ "ခင်ဗျားရဲ့ စကားတွေကို ဒီကျွင်းက လုံးဝသဘောမတူဘူး။ "
ဟမ်
"ဂြိုဟ်ထဲမှာ ရှိတဲ့ သက်ရှိတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ဖွံ့ဖြိုးလာရမှာလေ။ အခု ခင်ဗျားက ထိန်းချုပ်ထားတယ်ဆိုမှတော့ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ဖန်တီးနိုင်စွမ်းတွေကို ပိတ်လှောင်လိုက်တာနဲ့ အတူတူပဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"လွတ်လပ်တဲ့ အတွေးအခေါ်တွေ အားလုံးက သတ်ဖြတ်မှုဆီကိုပဲ ဦးတည်တာ မဟုတ်လား" ဖန့်ရှန်းရ က မေးမြန်းလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလိုထိန်းချုပ်ထားမယ် ဆိုရင် လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေနဲ့ ဘာထူးခြားတော့မှာလဲ"
"မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ ကျုပ် သဘောတူညီမှု ရထားတယ်။ သူက ကျုပ်တို့ ဂြိုဟ် ကို ကျူးကျော်မှာ မဟုတ်သလို ၊ ကျုပ်ကလည်း တခြားဂြိုဟ်တွေကို ကျူးကျော်မှာ မဟုတ်ဘူး"
"ခင်ဗျားရဲ့ ဒီလိုစကားမျိုးကို သုံးနှစ်သားကလေးတွေပဲ နားထောင်လိမ့်မယ်" ကျွင်းချောင်ရှောင်းသည် လှောင်ပြောင်လိုက်မိ၏ ။
"မင်း ဘယ်သူ့ကို လာပြီးတော့ အပြစ်တင်နေတာလဲ" ဖန့်ရှန်းရ သည် ချက်ချင်းပဲ ဒေါသထွက်သွားသည်။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက်တင်လိုက်၏။ ပြီးနောက် လက်ညိုးနှင့်ထိုးကာ ဒေါသတကြီး ပြောလိုက်၏။
"ကောင်းမွန်နေတဲ့ဂြိုဟ်ကြီးကို လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေနဲ့ လောကြီး အဖြစ် ပြောင်းလဲခဲ့တယ်။ ပြီးတော့ ကိုယ်ဘာသာ ငြိမ်းချမ်းတဲ့ မြို့ကြီးတစ်ခု ဖန်တီးနိုင်ပြီးလို့ ယုံကြည်နေသေးတယ်။ ခင်ဗျားမှ မရူးရင် ဘယ်သူက ရူးမှလဲ"
"..."
ကျန့်ကွေ့ရှုသည် စိတ်ဓာတ်တကျဖြင့် တွေးလိုက်မိ၏။ ဒီလူ ဒီမှာပေါ်လာတာ တစ်ဖက်လူကို ဆဲဆိုဖို့လား။
"ကျုပ်ကို လာပြီးတော့ အရှက်မခွဲနဲ့"
"ချီးကို အရှက်ခွဲရမှာလား။ ခင်ဗျား တကယ့်ကို တည်ငြိမ်အေးချမ်းတဲ့ လောကကြီး ဖန်တီးချင်တယ် ဆိုရင် အရင်ဆုံး သက်ရှိတွေရဲ့ အတွေးတွေကို နားထောင်ပေးရမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပေးရမယ်။ မလျော်ညီတဲ့ နည်းလမ်းတွေ သုံးပြီးတော့ ထိန်းချုပ်ထားတယ်ဆိုတာ ဘာကောင်းနေလို့လဲ။ "
ကျွင်းချောင်ရှောင်းသည် စားပွဲကို လက်ဖြင့်ပုတ်ကာ ပြောလိုက်၏။ ဒီဂြိုဟ်ကြီးရဲ့ ငြိမ်းချမ်းမှုဆိုတာ ခင်ဗျားရဲ့ ငြိမ်းချမ်းမှုပဲ။ ခင်ဗျားရဲ့ သိစိတ်ထဲမှာပဲ ရှိနေတဲ့ အတွေးအခေါ်တွေ။ တခြားသူတွေက ဒီလိုမျိုး တွေးနေတာ မဟုတ်ဘူး။ သူတို့ သတိပြန်ဝင်လာပြီ ဆိုတာနဲ့ သူတို့ထိန်းချုပ်ခံရတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြည့်လိုက်။ ငြိမ်းချမ်းမှုအတွက် ခင်ဗျားကို ကူညီကြမယ် ထင်နေလား။ ခင်ဗျား သူတို့ သတိပြန်ရအောင် ခင်ဗျား မလုပ်ရဲဘူး။ ခင်ဗျားက ငကြောက်ပါ "
ဖန့်ရှန်းရ မပြောရသေးခင် ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလို ပြောဆိုလျက် ရှိနေသည်။
"ဒီမှာရှိနေတဲ့ သက်ရှိတွေ ဝိညာဉ် နဲ့ အတွေးတွေ ပြန်ပြီးရသွားမှာကို ခင်ဗျားစိုးရိမ်နေတာပဲ။ ချီးတဲ့မှ …. ဂြိုဟ်တစ်ခုထဲမှာ မကောင်းတဲ့အရာတွေ ရှိသလို ၊ ကောင်းတဲ့အရာတွေလည်း ရှိတာပဲ။ ဒါက မပြောင်းလဲနိုင်တဲ့ နိယာမတွေပဲ။ မကောင်းတဲ့အရာတွေကို ဖယ်ရှားပြီးတော့ ကောင်းမှုတွေပဲ ရှိအောင် မူးယစ်ဆေးနဲ့ ထိန်းချုပ်ထားလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ"
ကျန့်ကွေ့ရှုသည် ဆွံ့အလျက် ရှိနေ၏။ ဂိုဏ်းချုပ်ကျွင်းသည် အမှန်ပင် လျော်ညီလှသည့် စကားများကို ပြောဆိုလျက် ရှိနေ၏။
ကုန်းရှန့်သည် ယနေ့အချိန်မှတော့ စကားလုံးများနှင့် အပီအပြင်ပင် တိုက်ခိုက်လျက် ရှိနေသည်။
ဘုတ်
ဖန့်ရှန်းရသည် ငုတ်တုတ်ထိုင်ချလိုက်၏။ သူ၏ခေါင်းထဲတွင် ကောင်းမှုနှင့် မကောင်းမှုများ ပြည့်နှက်လျက်ရှိနေ၏။ ထိုအရာများ အားလုံးသည် ကျွင်းချောင်ရှောင်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းပင်။
ထွီ
ကျွင်းချောင်ရှောင်းသည် တံတွေး ထွေးလိုက်၏။ ပြီးနောက် အားရပါးရ ပြောပြန်သည်။ "ခင်ဗျားက နတ်သမီးပုံပြင်တွေထဲမှာ အသက်ရှင်နေတဲ့ ဒါဏ္ဍာရီလာ ပုဂ္ဂိုလ်လို လုပ်နေတာပဲ။ လောကကြီးရဲ့ ငြိမ်းချမ်းမှုဆိုတာ အတူတူ ပူးပေါင်းပြီးတော့ နေထိုင်သွားရမဲ့ အရာမျိုးပဲ"
ဝေါ့
ဖန်းရှန်းရ၏ နားထဲသို့ စကားလုံးများ အဆက်မပြတ် တိုးဝင်လျက်ရှိ၏။ နောက်ဆုံးမှတော့ သူသည် မည်သို့မျှမနေနိုင်ဘဲ သွေးပင် အန်ထွက်လာခဲ့၏။
ကျွင်းချောင်ရှောင်း၏ စကားလုံးများနှင့် တိုက်ခိုက်ခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတစ်ခုဆီသို့ပင် ရောက်ရှိနေလေတော့သည်။