အခန်း ၁၉၄၃
Vol. 130 Ch. 1943
အပိုင်း (၁၉၄၃)
ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကို အသုံးပြုပြီး ဖန့်ရှန်းရ ၏ ဦးနှောက်များ ပြန်လည် ကောင်းမွန်လာစေရန် ကြိုးစားနေတုန်းမှာပဲ ကောင်းကင်နဂါးစစ်သူကြီးလေးဦးသည် ဘယ်ကမှန်းမသိဘဲ ပေါ်ပေါက်လာ၏။ အစစ်အမှန် စိတ်ပျက်ဖွယ်ရာပင် ဖြစ်လေသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းက နားလည်မိ၏။
ဖန့်ရှန်းရ တစ်ယောက် သူ၏ဝိညာဉ်ကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီသို့ ရောင်းချပြီးပြီ ဖြစ်သောကြောင့် တစ်ဖက်လူ၏ နောက်လိုက်များ ရောက်ရှိလာခြင်းဆိုသည်မှာ သာမန်သာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ အစစ်အမှန် တရားမှာတော့ ဟယ်ယွမ်လောက၏ လောကသခင်သည် သူ၏မျက်နှာကို အုပ်ကာကာဖြင့် အံ့အားတသင့် မေးလိုက်၏။ “ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ဟမ်… သူခေါ်လိုက်တာ မဟုတ်ဘူးလား”
“လောကသခင်ဖန့်”
အရပ်ရှည်ရှည်နှင့် သိုင်းကျင့်ကြံသူသည် အသာပြောလိုက်တော့၏။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာရဲ့ အမိန့်နဲ့ ဒီမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေကို ကျုပ်တို့ လာခေါ်တာပဲ”
ဤလူသည် ကျားဘုရင် ပင်ဖြစ်သည်။ သူ၏ဘေးနားတွင် ရှိနေသည့် လူသုံးယောက်တို့သည် ပီချာဘုရင်၊ လောင်လောင်ဘုရင်နှင့် မိုယွမ်ဘုရင် တို့ ဖြစ်တော့၏။ ၎င်းတို့၏ အသွင်အပြင်များနှင့် နာမည်များမှာ ခြားနားလျက် ရှိနေသည်။ သို့ပေမဲ့ တူညီသည်မှာ နတ်ဘုရားလျှို့ဝှက်နယ်မြေ၏ အထက်ပိုင်းအဆင့်ကို ရောက်ရှိနေသည့် အလွန် အားကောင်းလှသော ကျင့်ကြံသူ များ ဖြစ်နေခြင်းပင်။
“လာခေါ်တာ ဟုတ်လား”
ဖန့်ရှန်းရ သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ”
“အခုတလော မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဆန့်ကျင်နေတဲ့အဖွဲ့တွေ အများကြီး ပေါ်ပေါက်လာခဲ့တယ် လေ။ ဒါကြောင့် ကျုပ်တို့ လူအင်အားအနည်းငယ် လိုအပ်နေတယ်။ ဒါကြောင့် ခင်ဗျားဆီက စစ်သားအနည်းငယ် လိုချင်လို့ လာယူတာပဲ”
ကျားဘုရင်၏ လေသံသည် အချက်အလက်နှင့် ပြည့်စုံလွန်းလှ၏။ ၎င်းဆီမှ တစ်စုံတစ်ခုကို ငှားရမ်းထားသကဲ့သို့ပင် တောင်းဆိုလျက် ရှိနေလေ၏။
ဖန့်ရှန်းရ သည် မပျော်မရွှင်ဖြစ်သွား၏။ သူ၏ စိတ်ပိုင်းဆိုင်ရာသည် အစွန်းတစ်ဖက်တွင် ရောက်ရှိနေသော်လည်း လောကကြီးထဲတွင် ရှိနေသည့် သက်ရှိများအားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နိုင်ခြင်းသည် သူ၏ အစစ်အမှန် ရည်ရွယ်ချက်ပင် ဖြစ်၏။ ရှိရှိသမျှသော လောကသားများ အားလုံးအား ပူပင်ကြောင့်ကြ ကင်းမဲ့စွာဖြင့် နေထိုင် နိုင်ခြင်းကို သူ လိုချင်သည်။
ထို့ကြောင့် တခြားသောသူများက စစ်သည်များအဖြစ် အသုံးပြုမည်ဟု လာရောက်ပြောဆိုခြင်းအား သူ လုံးဝ သည်းခံ လိမ့်မည် မဟုတ်ချေ။ စစ်သည်များဆိုသည်က ဆိုးရွားလှသည် မဟုတ်ပေ။ သို့ပေမဲ့ စတေးခံများအဖြစ် အသုံးပြု လိုက်သည်ဆိုပါက အဆိုးရွားဆုံး အခြေအနေအဖြစ်သို့ ရောက်ရှိသွားမှာ ဖြစ်၏။
အချက်အလက်အားဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စစ်သည်အရေအတွက် အများအပြားကို ပြုစု ပျိုးထောင်ခဲ့၏။ ထိုအတူ တခြားသောဂြိုဟ်များတွင်ရှိသော သိုင်းကျင့်ကြံသူများကို အသုံးပြုရန်လည်း ဝန်မလေးခဲ့ချေ။
အထူးသဖြင့် မကြာသေးခင်က ၎င်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ လက်ရွေးစင်စစ်သည်များကို ပေးပို့ခဲ့၏။ သို့ပေမဲ့ လေးယောက်သာလျှင် ပြန်လည်ရောက်ရှိခဲ့၏။ သူ၏ ရွက်သင်္ဘောများနှင့် စစ်သည်များသည် ဆုံးရှုံးခဲ့ရ၏။
“အားနာပါတယ်”
ဖန့်ရှန်းရ က ငြင်းပယ်လိုက်သည်။ “မရပါဘူး”
“ကျုပ်ရဲ့အင်ပါယာက ပြောခဲ့တယ်။ လောကသခင်ဖန့် က ကိုယ့်ရဲ့ လောကလူသားတွေကို ကိုယ့်ရဲ့ကလေးတွေ လိုပဲ ချစ်မြတ်နိုးတယ်တဲ့”
ကျားဘုရင်သည် အံ့အားမသင့်ချေ။ သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့ဆီမှာ တာဝန်ရှိတယ်လေ။ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ဒီမှာရှိတဲ့ သိုင်းကျင့်ကြံသူအားလုံးကို ခေါ်သွားမှဖြစ်မယ်”
“အားလုံး ဟုတ်လား” ဖန့်ရှန်းရ သည် ဒေါသထွက်သွား၏။
“ဟင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောကသခင်ဖန့်… ခင်ဗျား နားလည်ပြီလား။ ခင်ဗျား ဒါမှမဟုတ် ဟမ်ယွမ်လောကထဲမှာရှိနေတဲ့ ဘယ်သူမဆိုက မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆိုတဲ့ ခွေးအိုကြီးရဲ့ မျက်လုံးထဲမှာ စစ်တုရင်ရုပ်လေးတစ်ခုလိုပဲ။ သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ အားလုံးက လာချင်လာ၊ သွားချင်သွား လုပ်ရလိမ့်မယ်”
“ခွေးအိုကြီး ဟုတ်လား”
ကျားဘုရင်၏ မျက်နှာသည် နက်မှောင်သွား၏။ “ငါ့အင်ပါယာကို ဘာပြောတာလဲ”
“ခင်ဗျားက ငြင်းချင်လို့လား” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ခွန်းတုံ့ပြန်လိုက်သည်။
သူ၏မောက်မာမှုကို မြင်ရသည့်အချိန်မှာတော့ ကောင်းကင်နဂါးလေးကောင်တို့သည် ဒေါသထွက်သွားခဲ့ကြ၏။
“သွား… မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားပြောလိုက်။ ဒီအချိန်မှာ”
ဖန့်ရှန်းသည် ရုတ်တရက် ထပြောလိုက်၏။ “ကျုပ်တို့ ဟယ်ယွမ်လောကကြီးက ဒီစစ်ပွဲကို ဘယ်တော့မှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ စစ်သည်တွေ ငှားချင်တယ်ဆိုရင် တခြားလောကဆီကို သွားကြပါ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာအား ခွေးအိုကြီးဟု ခေါ်ရဲသည့် တစ်စုံတစ်ယောက် တည်ရှိနေသည် ဖြစ်သောကြောင့် ၎င်းတို့လေးယောက်သည် အလွန်အမင်း ဒေါသထွက်လျက်ရှိ၏။ အခု ထပ်မံကာ ငြင်းပယ်သည်ကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများသည် မထိန်းချုပ်နိုင် သလိုပင် ဖြစ်လာခဲ့သည်။
“ဖန့်ရှန်းရ”
ကျားဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျား ကျုပ်တို့ကို မျက်နှာသာ မပေးဘူးလား”
“ဒါဆိုရင် အစ်ကိုကြီး”
ပီချာဘုရင်က ပြောလိုက်သည်။ “စစ်သည်တွေ ငှားရမ်းတဲ့ကိစ္စမှာ ဆွေးနွေးစရာ မလိုဘူးလို့ အင်ပါယာက ပြောခဲ့တယ် မဟုတ်လား”
“ဪ… ငါမေ့သွားတော့မလို့ဘဲ”
ကျားဘုရင်သည် သူ၏ဒေါသတရားများကို ဖိနှိပ်ကာ နှာခေါင်းရှုံ့လိုက်၏။ “လောကဘုရင်ဖန့်… ခင်ဗျားက မပေးနိုင်ဘူးဆိုတာနဲ့ ကျုပ်တို့က ယူမသွားနိုင်ဘူးလို့ ထင်နေတာလား”
“ဘာကိုဆိုလိုတာလဲ” ဖန်းရှန်းရက မျက်မှောင်ကုတ်သွားသည်။
ရွှီး ...။
ကျားဘုရင်သည် သေသပ် သပ်ရပ်လွန်းလှသည့် ခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် ထိုအရာကို အသာလှုပ်ခါကာ ပြောလိုက်တော့သည်။ “ဟယ်ယွမ်လောကမှာရှိနေတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံး ငါ့အမိန့်ကို နားထောင်ကြ။ မြန်မြန်လာပြီးတော့ ငါ့ကိုတွေ့ကြ”
ဒင် ဒင် ဒင်
ခေါင်းလောင်း လှုပ်ခါသွားသည်နှင့်တပြိုင်နက် ထိုခေါင်းလောင်းသံသည် လောကတစ်ခုလုံးကို ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ အားလုံးသော သူတို့သည် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ ပျံသန်း ရောက်ရှိလာခဲ့ကြ၏။
ရွှီး ရွှီး ရွှီး
မြို့အသီးသီး၊ နယ်မြေအသီးသီး၊ တည်နေရာအသီးသီးမှာ ရှိနေကြသော သိုင်းကျင့်ကြံသူ အားလုံးတို့သည် ရုတ်တရက် ရောက်ရှိလာခဲ့ကြကာဖြင့် စီစီရီရီ ရပ်တန့်လျက် ရှိနေ၏။ ၎င်းတို့၏ မျက်လုံးများသည် ဗလာ ဟင်းလင်းဖြစ်ကာဖြင့် အသက်ဓာတ်များ ကင်းမဲ့နေခဲ့ကြသည်။ လမ်းလျှောက်လျက် ရှိနေသည့် အလောင်းကောင် များကဲ့သို့ပင်။
“ဒါက” ဖန့်ရှန်းရ သည် ကြောင်အသွားမိ၏။
“ခင်ဗျား နားမလည်သေးဘူးလား”
ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာ ပြောလိုက်သည်။ “ခင်ဗျား သူတို့ကို ပေးထားတဲ့ ဆေးတွေက တခြားအရာ တစ်ခုခု နဲ့ ထိန်းချုပ်နိုင်တဲ့အရာလည်း ဖြစ်နေသေးတယ်”
ဖြောက် ဖြောက် ဖြောက် ဖြောက်
ကျားဘုရင်သည် ခါးထောက်ကာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်သည်။ “ကျုပ်တို့အင်ပါယာ က ခင်ဗျားကို ငြိမ်းချမ်းခြင်း လောကကြီးတစ်ခု တကယ်ပေးမယ် ထင်နေတာလား။ အိမ်မက် မက်နေတာ ရပ်လိုက်စမ်း”
ခလွပ်
ဖန့်ရှန်းရ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲလာခဲ့၏။ သူသည် အစွန်းတစ်ဖက်သို့ ရောက်သည်ဆိုသော်လည်း အရူးတစ်ယောက်တော့ မဟုတ်ချေ။ လက်ရှိအခြေအနေ မှာတော့ အရာအားလုံးကို နားလည်သွားခဲ့ပြီဖြစ်၏။ သူ့ကို ကူညီခြင်းဆိုသည်မှာ အတုအယောင်ပင် ဖြစ်လေ၏။ အစစ်အမှန် ရည်ရွယ်ချက်သည် စတေးခံစစ်သားများကို လိုအပ်နေခြင်း သာလျှင်ဖြစ်၏။ သူ့အတွက် နယ်မြေအသီးသီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် လာရောက် ကာဖြင့် စတေးရပေမည်။ သေဆုံးပေးရပေမည်။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ခင်ဗျားက သက်ရှိသတ္တဝါတွေကို ခင်ဗျားရဲ့ ဇာတ်လမ်းအတိုင်း နေထိုင်စေရုံတင်သာမကဘူး အရေးအကြောင်းလည်း ပေါ်လာတော့ သူတို့အားလုံးကို ရောင်းစားသလိုတောင် ဖြစ်နေပြီ။ ဒီတော့ ဟယ်ယွမ်လောကကြီးထဲမှာ အပြစ်ရှိတဲ့လူတစ်ယောက်ကို လက်ညှိုးထိုး ပြပါဆိုရင် ခင်ဗျားပဲ”
“ကျုပ်က တကယ့်ကို ငြိမ်းချမ်းတဲ့ လောကကြီးတစ်ခုကို တည်ဆောက်ချင်တာ။ အားလုံးသောသူတွေကို လုံခြုံပြီး စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ နေထိုင်စေချင်တာ”
ဖန့်ရှန်းရ က အော်ဟစ်လိုက်၏။ သူသည် သူ၏အိမ်မက်ကို အစစ်အမှန် ဖြစ်တည်လာအောင် ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုအရာများအားလုံးသည် ရယ်ပွဲဖွဲ့စရာပင် ဖြစ်လို့လာခဲ့သည်။
“ဒါက အရေးမကြီးပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အရေးကြီးတာက ကစားပွဲက ပြီးသွားပြီပဲ”
မှန်ပေသည်။ အားလုံးသောသူတို့ ငြိမ်းချမ်းခြင်းဆိုသည့် ကစားပွဲကြီးတစ်ခုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သရုပ်ဆောင်ကြသည့် ဇာတ်ပို့၊ ဇာတ်ရံများအားလုံးကို တစ်စုံတစ်ယောက်က ထိန်းချုပ်သွားခဲ့သောကြောင့်ပင်။ ယခု လောကကြီးတွင် ရှိသောလူများအားလုံးသည် ထိန်းချုပ်ခြင်းကို ခံထားရပြီ ဖြစ်သောကြောင့် ဖန့်ရှန်းရတစ်ယောက် သာလျှင် ကျန်ရှိတော့၏။ တစ်ယောက်တည်းနှင့် ဆက်လက် ပွဲကရန် မဖြစ်နိုင်ချေ။
“ကောင်လေး”
ကျားဘုရင်သည် အေးစက်စက် ပြောလိုက်၏။ “မင်းဘယ်သူလဲ။ ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ”
ဆွစ်
ကျွင်းချောင်ရှောင်းသည် သူ၏အင်္ကျီလက်ကို အသာယမ်းခါပြီးသည့်နောက် လေထဲတွင် ထိုင်ချလိုက်၏။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”
“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
ကောင်းကင်နဂါးစစ်သူကြီးလေးဦးတို့သည် အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်၏။ ဤကောင်လေးသည် အလွန်မောက်မာလှသည့်ပုံ ပေါ်သလို ဂိုဏ်း၏နာမည်မှာလည်း ဝင့်ကြွားလွန်းလှ၏။
“နေအုံး… ပြိုင်စံရှားဂိုဏ်း၊ ကျွင်းချောင်ရှောင်း ဟုတ်လား”
ဆွစ်
ချက်ချင်းပဲ ကျားဘုရင်နှင့် တခြားသူအားလုံးတို့သည် အတူတကွ စုစည်းပြီးနောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက် ကြ၏။ သူတို့အားလုံးသည် သံပြိုင်ဆိုသလိုပဲ ထကာအော်ဟစ်လိုက်၏။ “ဪ.. မင်းကိုး”
“အံ့အားသင့်သွားတာလား”
“……”
ကျားဘုရင်နှင့် တခြားသောသူတို့၏ အမူအရာသည် လေးနက်သွားကြ၏။ သူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အမုန်းဆုံး လူတစ်ယောက်နှင့် ဤဟယ်ယွမ်လောကကြီးတွင် လာရောက်တွေ့ဆုံ နေသည်ကို အလွန်ပင် အံ့အားသင့်မိနေ၏။
“အစ်ကိုကြီး…”
လောင်လောင်ဘုရင်သည် အသံပို့လွှတ်လိုက်တော့၏။ “ဒီကောင့် ခေါင်းကို ယူသွားပြီးတော့ အင်ပါယာဆီ ပြန်ပြီးတော့ ဆက်သရမယ်”
“အမှုမဲ့ အမှတ်မဲ့ မလုပ်နဲ့”
ကျားဘုရင်သည် တီးတိုးပြောလိုက်သည်။ “ဒီကောင်လေးက တုံ့လဘုရင်နဲ့ တခြားသူတွေ ကိုတောင် သတ်ဖြတ်ပစ်နိုင်တယ်ဆိုမှတော့ အားအင်အဆင့်က ငါတို့အောက်မှာ မရှိနိုင်ဘူး”
အစောကြီးကတည်းက သူတို့သည် ဤကောင်လေး၏ မောက်မာမှုကို မြင်ရနေပြီဖြစ်သောကြောင့် ပိုမိုကာ သတိထားရပေမည်။ ရွေးချယ်ခွင့်လည်း မရှိလှချေ။ ကောင်းကင်နဂါးစစ်သူကြီး လေးယောက်တို့သည် ဤကုန်းရှန့်၏ လက်ထဲတွင် သေဆုံးခဲ့ပြီဖြစ်၏။ ကျန်သည့်လေးယောက်သည်လည်း လေးလေးနက်နက်သာ မှတ်ယူခြင်း မရှိပါက ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
“သွား.. ပြန်ပြီးတော့ ခွေးအိုကြီးကို သတင်းပို့လိုက်”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက ဟယ်ယွမ်လောကကြီးကို နှစ်သက်နေတယ်။ ဒီတော့ ခင်ဗျားတို့ ဒါကို မထိနဲ့တော့”
“ဟမ့်”
ကျားဘုရင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းကိုမင်း ဘာထင်နေတာလဲ”
ဆွစ်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ အသာလှမ်းတက်လာပြီးသည့်နောက် ရွှမ်ယွမ်နတ်ဘုရားဓားကို အသာဝှေ့ယမ်းလိုက်၏။
ဝှစ် ဝှစ်
ရှစ်ကျန်းရွမ်သည် ရုတ်တရက် လက်နက်စိတ်ဝိညာဉ်အသွင်ကို ပြောင်းလဲပြီးနောက် ဓားဆီကို ဝင်ရောက် ကာဖြင့် အလွန်အားကောင်းလှသည့် ဓားအော်ရာများကို ထုတ်ဖော်လိုက်သည်။
ဆွစ်
မြင်ကွင်းသည် ပုံမှန်အဖြစ်သို့ ပြန်လည်ပြောင်းလဲပြီးသည့်နောက်မှာတော့ ထက်ရှလှသော ဓားတစ်စင်းသည် ကျားဘုရင်၏ နှာခေါင်းထိပ် တည့်တည့် တည်နေရာဆီသို့ ရောက်ရှိနေလေ၏။
ရွှီး ….
ကျားဘုရင်သည် လျင်မြန်စွာဖြင့် ရှောင်ရှားလိုက်၏။ သို့ပေမဲ့ မိုယွမ်ဘုရင်၏ ပခုံးသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သွေးများသည် ပန်းထွက်လာခဲ့၏။ ၎င်းသည် ကြောင်အအဖြင့် ရပ်နေမိသည်။ “အစ်ကိုကြီး… ကျုပ်ကို ရောင်းစားတာလား”