အခန်း ၁၉၄၉
Vol. 131 Ch. 1949
အပိုင်း (၁၉၄၉)
ထိုက်ရွှမ်အဘိုးအို ကြုံတွေ့နေရသည့် ပြဿနာသည် မည်မျှ များပြားသည့် အစီအရင်ဗဟိုများကို တည်ဆောက်ရမည် ဆိုခြင်းပင်။
အစီအရင်၏ ဗဟိုတည်နေရာ - ဤအရာသည် အစီအရင်၏ ဗဟိုအသက်ဝင်သည့် နေရာပင် ဖြစ်လေ၏။ စွမ်းအင် များကို တောက်လျှောက်ဆိုသလိုပဲ ထည့်သွင်းနေရသည့် တည်နေရာမျိုးဖြစ်ပြီး အစီအရင်ကြီးတစ်ခုလုံး၏ အဓိက သော့ချက်တည်နေရာလည်း ဖြစ်လို့နေသည်။
ထိုက်ရွှမ်အကြီးအကဲနှင့် သုတေသန ပြုလုပ်သည် အဖွဲ့ဝင်များ အားလုံးတို့သည် ဂြိုဟ်ထဲတွင် စွမ်းအင်ထောက်ပံ့မှု အစီအရင်များကို မည်ကဲ့သို့ ဖန်တီးရမည်ဖြစ်ကြောင်း အစောကြီးကတည်းက အကြံဉာဏ် ရရှိခဲ့ပြီးသားဖြစ်၏။ ပြီးသည့်နောက် ထိုအရာများအားလုံးကို ချိတ်ဆက်ကာဖြင့် ကြီးမားလွန်းသည့် အစီအရင်ကြီးကို ထောက်ပံ့ရန် စီစဉ်ထားပြီးဖြစ်၏။
သီအိုရီအရဆိုလျှင် ထိုအရာမှာ အမှန်ပင် လွယ်ကူလှ၏။ သို့ပေမဲ့ ထာဝရလောကကြီးသည် အလွန်ပင် ကြီးမားလွန်း လှ၏။ သူတို့အနေနှင့် မည်မျှ များပြားလှသည့် အစီအရင်များကို ဖန်တီးတည်ဆောက်ရန် လိုအပ်နေမည်နည်း။ အားလုံးသော သူတို့သည် ထိုအရာများအားလုံးကို ပြည့်စုံဆောင် ချိတ်ဆက်နိုင်မည်လား ဆိုသည်မှာ မသေချာ သေးချေ။
ရှုပ်ထွေးလှသော အစီအရင်များ ဖြစ်သည်မို့ ပိုမိုပြည့်စုံရန်လည်း လိုအပ်နေသေး၏။ အနည်းငယ်လောက်သော သတိမပြုမှု၊ အမှားအယွင်း တစ်ခုခုလောက် ပြုလုပ်လိုက်သည်ဆိုလျှင် အရင်ပြုလုပ်ခဲ့သမျှ အရာအားလုံးအပေါ် သက်ရောက်ကုန်မှာသေချာ၏။ ထို့ကြောင့် ထိုက်ရွှမ်အကြီးအကဲသည် ရူးသွပ်မလို ဖြစ်နေခြင်းပင်။
သူနှင့် သူ၏ သုတေသန အဖွဲ့ဝင်များသည် မည်သို့ တိုးတက်အောင် ပြုလုပ်ရမည်ဆိုခြင်းနှင့်ပတ်သက်၍ စဉ်းစား တွေးခေါ်ရုန်းကန်လျက် ရှိနေတုန်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ လင်းယွမ်ခန်းမဆောင် တပည့်တစ်ယောက်ဖြစ်သော ရှန်ကွမ်းရှင်းရောင်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည့် ဉာဏ်ပညာနတ်သမီးတစ်ပါး ကဲ့သို့ပင်။ ထာဝရ လောကကြီး၏ မူလအရင်းအမြစ်အား အစီအရင်၏ ဗဟိုအဖြစ် အသုံးပြုရန် ရဲတင်းသည့် အကြံအစည်တစ်ခုအား အဆိုပြုခဲ့လေ၏။
ဂြိုဟ်၏ မူလအရင်းအမြစ်ကို အစီအရင်၏ ဗဟိုတည်နေရာအဖြစ် အသုံးပြုရန်ဆိုသည်မှာ ရဲတင်းလှသည့် အကြံအစည်တစ်ခုဖြစ်၏။ ထိုက်ရွှမ်အကြီးအကဲသည် ချက်ချင်းဆိုသလိုပဲ အဖွဲ့ဝင်များနှင့် စတင် ဆွေးနွေးလျက်ရှိသည်။ အနှစ်ချုပ်ရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် ပိုမို ပြည့်စုံသည့် အရာမျိုးကို ဖန်တီးတည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်းကို နားလည်လိုက်မိကြသည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလို လုပ်ကြရအောင်”
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်၏။ “အစီအရင်ရဲ့ ဗဟိုတည်နေရာမှာ မူလအရင်းအမြစ်ကို အသုံးပြု ရတဲ့ အကျိုးကျေးဇူးက ကြီးမားတဲ့ အစီအရင်ကြီးတစ်ခုကို ထောက်ပံ့နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဆိုးရွားတဲ့အရာမျိုးလည်း ဖြစ်လာနိုင်တယ်”
“အင်း... ဘာပဲဖြစ်ဖြစ် လုပ်လိုက်လေ။ ကောင်းတာနဲ့ဆိုးတာဆိုတာ အမြဲဒွန်တွဲနေတဲ့အရာပဲ”
ထာဝရလောကကြီး၏ မူလအရင်းအမြစ်၊ စွမ်းအင်နှင့် လက်ရှိ အရွယ်အစားအရဆိုလျှင် ကြီးမားသည့် အစီအရင်ကြီးများကို ထောက်ပံ့ရန် အတွက် ပြဿနာတစ်ခု မဟုတ်လှချေ။ သို့ပေမဲ့ နှစ်ခု ချိတ်ဆက်ခဲ့သည်ဖြစ်သောကြောင့် တစ်ခု ထိခိုက်မိသည်ဆိုပါက တခြားတစ်ဖက်သည်လည်း တန်ပြန်မှုကို ခံစားရမှု သေချာသည်။
ဥပမာအားဖြင့် ဂြိုဟ်တစ်ခုလုံး၏ အကာအကွယ်အစီအရင်အား အောင်မြင်စွာ တည်ဆောက်ပြီးပြီဆိုပါက ထိုအရာ ချိုးဖြတ်ခံရသည်နှင့်တပြိုင်နက် ဂြိုဟ်၏ မူလအရင်းအမြစ်သည် ထိခိုက်မှုကို ခံစားရမှာ သေချာသည်။ မူလအရင်း အမြစ် ပျက်စီးသွားသည်ဆိုခြင်းမှာ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပြိုလဲသွားခဲ့ခြင်းဖြစ်၏။ သက်ရှိ သတ္တဝါများ အားလုံးတို့သည် လောကကြီးတစ်ခုလုံး ပျက်စီးသွားသည့် ကပ်ဘေးကြီးကို ခံစားရမှာ သေချာ၏။
“အင်း... ပြဿနာတော့ များတာပဲ”
ကျွင်းချောင်ရှောင်းသည် အတွေးနက်နေမိ၏။ သူသည် အားတက်သရော ဖြစ်နေကြသော ထိုက်ရွှမ်အကြီးအကဲနှင့် လေ့လာသူများအားလုံး ပြန်လည်ကာ တည်ငြိမ်သွားသည်ကို လှမ်းမြင်လိုက်ရ၏။
“အင်း... ငါ လောင်းကစား မလုပ်ချင်ဘူး”
အစီအရင်ကြီးတစ်ခု ဖျက်ဆီးခံလိုက်ရသည်ဆိုလျှင် နောက်တစ်ခါ ပြန်လည်ပြင်ဆင်နိုင်စွမ်း ရှိနေသေး၏။ သို့ပေမဲ့ လောကကြီးတစ်ခုလုံး၏ နှလုံးသည်းပွတ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် မူလအရင်းအမြစ် ပျက်စီးသွားမည်ဆိုလျှင် ကုသနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“မဟုတ်သေးဘူး”
ထိုက်ရွှမ်အကြီးအကဲသည် ထပ်တလဲလဲ စဉ်းစားပြီးသည့်နောက် ငြင်းပယ်လိုက်၏။ “ဒီနည်းလမ်းက အရမ်းကို အစွန်းရောက်တယ်။ ကျုပ်တို့လုပ်လို့ မဖြစ်ဘူး”
ကျွင်းချောင်ရှောင်းသည် အသာမေးထောက်ကာဖြင့် မေးလိုက်သည်။ “ဆရာကြီး... ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်စေတဲ့ အတားအဆီး အစီအရင်တစ်ခုကို ဘာကြောင့် တည်ဆောက်တယ်ဆိုတာကို သိလား”
“............”
ထိုက်ရွှမ်အကြီးအကဲသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျွင်းချောင်းရှောင်းက ပြောလိုက်သည်။ “အစီအရင် တည်ရှိမှုက သက်ရှိသတ္တဝါအားလုံးကို လုံခြုံတဲ့ စိတ်ခံစားချက် ကို ပေးစွမ်းနိုင်တယ်။ တခြားသူတွေရဲ့ ချိုးဖြတ်မှုကို ခံရပြီဆိုမှတော့”
သူသည် ရုတ်တရက် မတ်တပ်ထရပ် လိုက်၏။ ပြီးနောက် လေးနက်တည်ကြည်သည့် မျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်၏။ “အစီအရင်ရှိနေတယ် ဆိုရင် လောကကြီးက ရှိနေမှာပဲ။ အစီအရင် မရှိတော့ဘူး၊ ဖျက်ဆီးခံလိုက်ရပြီဆိုရင် ဒီလောကကြီးကလည်း ရှိတော့မှာ မဟုတ်ဘူး”
မှန်ပေ၏။ ဂြိုဟ်တစ်ခုလုံး၏ အတားအဆီး အစီအရင်သည် ကာကွယ်ရန် လုပ်ဆောင်မှုတစ်ခုသာဖြစ်၏။ ၎င်း၏ လုပ်ဆောင်မှု မရှိလျှင် အထဲတွင် ရှိနေသည့်လောကကြီးသည် ထိခိုက်ပျက်စီးမှုဖြစ်၏။ ထိုသို့ဆိုမှတော့ ဂြိုဟ်၏ အကာအကွယ်ကို မူလအရင်းအမြစ် သုံးပြီး အဘယ့်ကြောင့် မပြုလုပ်ရမည်နည်း။
“အစီအစဉ်ဆွဲမယ်။ နားထောင်ကြ”
ဆွစ် ဆွစ်
လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် သုတေသန ပြုလုပ်သူများသည် အားတက်သရောဖြင့် မတ်တပ်ထရပ်လိုက်၏။ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် မီးတောက်ကဲ့သို့ပင် စူးရှလျက် ရှိနေကြ၏။ သူက ပြောလိုက်သည်။ “ဂြိုဟ်ရဲ့ မူလအရင်းအမြစ်ကို အသုံးပြုပြီးတော့ တော်ဝင်အတားအဆီး အစီအရင်တစ်ခုကို ပြုလုပ်ကြစို့။ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး လိုချင်တယ်”
တည်ကြည်လေးနက်မှုနှင့် ဆန်းကြယ်မှု၊ လက်ရှိအခြေအနေ၌ ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်တစ်ယောက်၌ ရှိသင့်သော ဟန်ပန်အမူအရာမျိုး ထွက်ပေါ်လျက်ရှိ၏။ သူသည် တပည့်များကို ကလေးကဲ့သို့ သဘောထားပြီး ပြိုင်စံရှားဂိုဏ်း အား သူ၏ အိမ်အဖြစ် သဘောထားသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် အရာကိစ္စအားလုံးကို ပြုလုပ်သည့် နေရာတွင် အလေးအနက်ထားကာ ပြုလုပ်နေခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် တခြားသောသူများအတွက် ခန့်မှန်းရခက်သည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ သူ့၌ အရည်အသွေး သုံးခုရှိသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ချေ။ ၎င်းမှာ စည်းမျဉ်းစည်းကမ်း ကောင်းမွန်၏။ အောက်ခြေအကန့်အသတ်ကို နားလည်နိုင်စွမ်းရှိသည်။ ထို့အပြင် တာဝန်ယူစိတ်လည်း တည်ရှိနေသေးသည်။
“ကောင်းပါပြီ”
တပည့်များအားလုံးတို့သည် သံပြိုင်ဆိုသလိုပဲ ပြောဆိုလိုက်ကြ၏။ တစ်ရက်တည်းမှာပဲ ထိုက်ရွှမ် အဘိုးအိုသည် အားလုံးကို ဦးဆောင်ကာ အလုပ်လုပ်တော့၏။ မည်သို့လုပ်ရမည်ဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သောကြောင့် ပိုမိုကာ လွယ်ကူလာခဲ့ကြ၏။
“ဘိုးဘေးအကြီးအကဲကြီး... အဆင်ပြေရဲ့လား”
“ပြေပါတယ်”
“ဘိုးဘေးအကြီးအကဲကြီး... အဆင်ပြေရဲ့လား”
“ပြေပါတယ်”
သုတေသန ပြုလုပ်ရေးအဖွဲ့ဝင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအမြင်များကို ထပ်တလဲလဲ ထောက်ပံ့ ပေးလျက် ရှိနေကြ၏။ ဖြစ်နိုင်ဖွယ်ရာအကြံများနှင့် မတူညီသည့် အကြံအစည်များသည် စားပွဲပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုက်ရွှမ်အဘိုးအိုသည် ကျွင်းချောင်ရှောင်းကို ဆုံးဖြတ်ခိုင်းရန် ရည်ရွယ်၏။ သို့ပေမဲ့ သူပြန်ရသည့်အဖြေသည် “ခင်ဗျားက ဒီနေရာမှာ ပိုပြီး ကျွမ်းကျင်တယ်။ ကိုယ့်ဘာကိုယ် ဆုံးဖြတ်လိုက်တော့”
အရာကိစ္စများကို အစီအရင်ဟောခန်းဆီသို့ လွှဲအပ်လိုက်ပြီးသည့်နောက် သူသည် ဘာကိုပဲမဆို ထောက်ပံ့ ပေးရတော့မှာဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးနှင့် ဤနေရာတွင်ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့၏ အသက်များကို သူ၏လက်ထဲသို့ ထိုးအပ်ခဲ့သည်ဖြစ်သောကြောင့် ထိုက်ရွှမ်အဘိုးအိုသည် ကြီးမားလှ သည့်တာဝန်ဝတ္တရားကို ခံစားနေရသည်။
“ကောင်းပါပြီ”
သူသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။ “မင်းကို စိတ်မပျက်စေရပါဘူး”
ပြီးသည့်နောက်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် တပည့်များကို ဦးဆောင်ကာဖြင့် စတင်လေ့လာခဲ့တော့သည်။
ဒက် ဒက် ဒက် ဒက်
ဒါဇင်နှင့်ချီသည့် သုတေသန အဖွဲ့ဝင်များအားလုံးသည် စားပွဲရှေ့တွင်ထိုင်ပြီးသည့်နောက် ပေသီးများကို ခေါက်လျက် ရှိနေကြ၏။ သူတို့၏ ခေါင်းများသည် လှုပ်ခါလျက် ရှိနေကြပြီး လျှာများလည်း ထွက်နေကြ၏။ အလုပ်ထဲတွင် အကြီးအကျယ် အာရုံစိုက်နေသည့် သဘောပင်။
……………
စုရှောင်မိုနှင့် တခြားသောသူများသည် ရံဖန်ရံခါဆိုသလို အထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ကြ၏။ တစ်ဖက်လူ၏ ရူးရူးမူးမူး ပုံပန်းသွင်ပြင်များကို မြင်ရသည့်အချိန်မှာတော့ ထိတ်လန့်တကြားဖြင့် ထအော်မိကြ၏။ “ကောင်းကင်ဘုံ.. ဒီကောင်တွေ ကြောက်စရာပဲ”
လျှို့ဝှက်နယ်မြေထဲတွင်တော့ အချိန်များသည် တရွေ့ရွေ့ကုန်ဆုံးနေသည်။
ဘုတ်
အဖွဲ့ဝင်တစ်ယောက်သည် မြေပေါ်သို့ လဲကျသွား၏။ ၎င်းသည် မျက်လုံးများ ချာချာလည်လျက်ရှိ၏။ ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက် ရှိ၏။
အား…
ထိုက်ရွှမ်အဘိုးအိုသည် ထိုအရာကို မြင်ပြီးသည့်နောက် မည်သို့မှ မခံစားနိုင်တော့ချေ။ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “သူ့ကိုခေါ်သွားတော့”
ဆေးဟောခန်းမှ အဖွဲ့ဝင်များသည် လျင်လျင်မြန်မြန်ဖြင့် ရောက်ရှိလာပြီးသည့်နောက် ထိုသူအား အလျင်အမြန်ဖြင့် ကုသပေး၏။ ထိုသူသည် သတိလစ်မေ့မျောနေသည်ဆိုလျှင်တောင်မှ လက်မှာတော့ တဆတ်ဆတ်နှင့် လှုပ်လျက် ရှိနေသေး၏။ ဆိုလိုသည့်အဓိပ္ပာယ်မှာ သတိမေ့လျက်ရှိနေသည်ဆိုလျှင်တောင်မှ အလုပ်လုပ်နေသည် ဆိုသည့် သဘောပင်။
“လေးစားပါတယ်”
ဆေးဟောခန်း၏ လမ်းပေါ်မှာတော့ တပည့်များသည် နှစ်တန်းရပ်တည်ကာဖြင့် ထိုသူ့အား အသိအမှတ်ပြု ဦးညွတ်လိုက်ကြ၏။
ဖြောက်
လီထျန်းထျန်းသည် အခွင့်အရေးကို အရယူပြီးနောက် ထာဝရမှတ်တမ်းတင်နိုင်သည့် ဤကဲ့သို့သော ဓာတ်ပုံများကို ရိုက်ယူထားလေသည်။
ဘုတ် ဘုတ်
လျှို့ဝှက်နယ်မြေထဲမှာတော့ သုတေသနပြုသူများသည် တကယ့် အရေးကြီးသည့် အခြေအနေဆီသို့ ရောက်ရှိလာ၏။ ပြင်းပြင်းထန်ထန် အလုပ်လုပ်ပြီးသည့်နောက် အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျလျက်ရှိ၏။
“မဖြစ်သေးဘူး။ ကျုပ်တွက်နိုင်သေးတယ်”
အဖွဲ့ဝင် တော်တော်များများတို့သည် အပြင်းအထန် ဒဏ်ရာရရှိနေကြပြီ ဖြစ်၏။ ထို့ကြောင့် ကုသမှုကို ခံယူရန် ဆွဲခေါ်ခြင်းကို ခံနေရသည်။
တောင်၏အနောက်ဘက် ဇီးပင်၏အောက်တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် မျက်လုံးများကို မှိတ်ကာဖြင့် စိတ်ထဲ၌ ကြိတ်ကာပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ ကြိုးစားမှုနဲ့ လုပ်ရပ်တွေ အကုန်လုံးက နောင် အနာဂတ် မျိုးဆက်သစ်တွေ သတိရမယ့်အရာမျိုး ဖြစ်လာလိမ့်မယ်”
…….
နှစ်အနည်းငယ် ကြာပြီးသည့်နောက် လျှို့ဝှက်နယ်မြေအတွင်း သုတေသနပြုလုပ်ထားသည့် စာရွက်ပုံများသည် ကြီးမားလှသည့် တောင်ထွတ်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ ရှေ့ဆုံးတွင် ဇွဲကောင်းကောင်းဖြင့် သုတေသန ပြုလုပ်နေသည့်အဖွဲ့ဝင်မှာ အနည်းငယ်သာ ကျန်ရှိတော့သည်။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
စာရွက်ပုံများကြားမှ ရယ်မောသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုက်ရွှမ်အဘိုးအိုသည် ထိုတောင်ကဲ့သို့ ကြီးမားလွန်းလှ သည့် စာရွက်ပုံများကြားထဲမှ အရူးတစ်ယောက်လိုပင် ခုန်ထွက်လာခဲ့၏။
“ပြီးသွားပြီ။ နောက်ဆုံးတော့ ပြီးသွားပြီပဲ”
သူ၏ခေါင်းတစ်ခုလုံးသည် ဆံပင်များ မရှိတော့ဘဲ တောက်ပြောင်လျက် ရှိနေ၏။ မုတ်ဆိတ်မွှေးများပင်လျှင် ဖြူနေသည်။ ကြည့်ရသည်မှာ အစီအရင်ကို သုတေသန ပြုလုပ်ပြီးသည့်နောက် အလုံးစုံ ခေါင်းတုံးအဖြစ်သို့ ပြောင်းလဲသွားပုံပင်။ စုစုပေါင်း ဆယ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်၏။ ရက်ပေါင်း သုံးထောင်ခြောက်ရာကျော်ဖြစ်သည်။
အစီအရင်ဟောခန်းမှ အဖွဲ့ဝင်တို့သည် အရှေ့သို့ တိုးလာပြီးသည့်နောက် အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရ၏။ ထာဝရလောကကြီး၏ မူလအရင်းအမြစ်ကို အခြေခံသော အစီအရင် အကြံအစည်ကြီး တစ်ခုလုံး သည် ယနေ့တွင် အလုံးစုံပြည့်စုံသွားခဲ့ပြီဖြစ်၏။
…..
ဆွစ် ဆွစ်
ထာဝရလောကကြီး၏ ထောင့်တည်နေရာတိုင်း၊ မြို့တိုင်းအသီးသီးတွင် ပြိုင်စံရှားဂိုဏ်း တပည့်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် ရှုပ်ထွေးလှသည့် အစီအရင်များကို ဖန်တီးတည်ဆောက်ပြီးသည့် နောက် နောက်ထပ်တည်နေရာတစ်ခုသို့ ဆက်လက်ကာ သွားပြန်သည်။
လအနည်းငယ်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ပြီး အစီအရင်၏ ဗဟိုတည်နေရာတွင် ရပ်တန့် လိုက်၏။
ထိုက်ရွှမ်အကြီးအကဲသည် သုတေသနအဖွဲ့ဝင်များကို ဦးဆောင်ကာဖြင့် အနီးအနားတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် မျှော်လင့်တကြီး အမူအရာများ ဖြစ်တည်နေသည်။
“မိုးကြိုးကြံ့ကလန်၏ အစီအရင် ပြည့်စုံသည်”
“ရေခဲဖီးနစ် ကလန်၏ အစီအရင် ပြည့်စုံသည်”
“ကျောက်ရုပ်ထုမျိုးနွယ် ကလန်၏ အစီအရင် ပြည့်စုံသည်”
“ဝိညာဉ်မျိုးနွယ်ကလန်၏ အစီအရင်…”
……….
ခဏလောက် ကြာပြီးသည့်နောက် …….
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်”
ရှန့်ကွမ်းရှင်းရောင်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “တည်နေရာအသီးသီး၊ မြို့အသီးသီးမှာရှိတဲ့ အစီအရင်တွေ အကုန်လုံးကို အသက်သွင်းလိုက်ပါပြီ”
ဆွစ်
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် သူ၏ဝိညာဉ်မှတဆင့် ထာဝရလောကကြီး၏ မူလ အရင်းအမြစ်နှင့် ချိတ်ဆက်လိုက်သည်။ သူသည် ဂုဏ်ယူစွာပြောလိုက်သည်။ “ဒီကံကြမ္မာအလှည့်အပြောင်းတွေ ကသာ အရောင်ရှိမယ်ဆိုရင် အဲတာက ....”
ဆွစ် ဆွစ်
ချက်ချင်းပဲ ထာဝရလောကကြီးတစ်ခုလုံးသည် လင်းလက်သွားသည့်ပုံပင်။ မြို့အသီးနှင့် ကလန်အသီးသီးတို့တွင် အလင်းတန်းများကို ထုတ်လွှတ်လျက် ရှိနေကြပြီး ထိုအရာများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွား၏။
ဒွီ ဒွီ ဒွီ
မြေကြီးဆီမှ မျက်လုံးနှင့် မြင်နိုင်စွမ်းရှိသည့်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးကို ပျံ့တက်သွားသည်။
“အားလုံးပဲ။ နဂါးအော်သံကို နားထောင်ကြ”
အစီအရင်ဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ရှန်ကွမ်းရှင်းရောင်သည် အလင်းမြင်ကွင်းထဲမှတဆင့် အစီအရင်၏ လုပ်ဆောင်မှု ပုံစံများကို သေသေချာချာ စစ်ဆေးလျက် ရှိနေ၏။ အားလုံးတည်ငြိမ်လျက် ရှိနေသည်ကို မြင်ရပြီး သည့်နောက် သူမက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ အတားအဆီး အကာအကွယ် အစီအရင်ကြီး ကို အသက်သွင်းလိုက်ပါပြီ။ အားလုံး အောင်မြင်ပါတယ်”
သူမ၏အသံသည် ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိ၏။
“ပြီးသွားပြီ။ ပြီးသွားပြီဟေ့”
အစီအရင်ဟောခန်းထဲတွင် ရှိနေသော အဖွဲ့ဝင်အားလုံးတို့သည် အားရပါးရ အော်ဟစ် လိုက်ကြ၏။ ၎င်းတို့သည် လက်များကို မြှောက်ကာဖြင့် အော်ဟစ်နေမိသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်လျက်လည်းရှိနေကြ၏။ နှလုံးသားထဲတွင် ရှိနေသည့် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများသည် နတ်ဘုရားလျှို့ဝှက် အဆင့်ကို တက်လှမ်းရသည့် လူများထက်ပင် ပိုမိုကာ ပျော်ရွှင်နေကြသည်။
စိတ်လှုပ်ရှားလျက်ရှိနေသည့် လူများကြားထဲတွင် ထိုက်ရွှမ်အကြီးအကဲသည် အသာလှည့်ပြီးသည့်နောက် တဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့၏။ ပြီးသည့်နောက် သူသည် အဝေးတစ်နေရာတွင် ရှိနေသည့် ကျောက်လှေကား များကြားတွင် အသာထိုင်ချလိုက်၏။ သူသည် ခံစားချက်များကို ထိန်းချုပ်ချင်၏။ သို့ပေမဲ့ မျက်ရည်များသည် မျက်လုံး၏ထောင့်တွင် ရစ်သိုင်းလျက် ရှိနေ၏။
“အားလုံးပဲ…ကျုပ်အမိန့်ကို နားထောင်ကြ”
ရုတ်တရက် အဓိကဂြိုဟ်ကြီး တစ်ခုလုံးတွင်ရှိနေသည့် သက်ရှိသတ္တဝါ များအားလုံးသည် ပြိုင်စံရှားဂိုဏ်းဘက်သို့ မျက်နှာမူလိုက်ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ စီနီယာနှင့် တပည့်များအားလုံးသည် အစီအရင်ဟောခန်းအဖွဲ့ဝင်များနှင့် ကျောက်လှေကားပေါ်တွင် ထိုင်နေသည့် အဘိုးအိုဆီသို့ လှမ်းကာကြည့်ရှုလိုက်ကြသည်။
“ကြီးမြတ်တဲ့ လေးစားမှုကို ပြသကြ”
ဆွစ် ဆွစ်
ထာဝရလောကကြီးနှင့် ပြိုင်စံရှားဂိုဏ်းမှ သက်ရှိသတ္တဝါများ အားလုံးတို့သည် ညာဘက်လက်ကို ရင်ဘတ်ပေါ်သို့ ပြိုင်တူဆိုသလို တင်လိုက်ကြ၏။ ပြီးနောက် လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ဂိုဏ်းအတွက် အကြီးအကျယ် ကြိုးစားခဲ့ ကြသော အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များ အားလုံးကို ဂါရဝပြုလိုက်ကြသည်။ အားလုံးသော သူတို့သည် အရှေ့ဆုံးမှနေ၍ အဓိက ဦးတည်ကာ ကြိုးစားပေးခဲ့သည့် ဘိုးဘေးအကြီးအကဲကြီးကို ဂါရဝပြုနေကြခြင်းပင်။