အခန်း ၁၉၅၀
Vol. 131 Ch. 1950
အပိုင်း (၁၉၅၀)
ယနေ့မှာတော့ တော်ဝင်အကာအကွယ်အစီအရင်ကြီး တစ်ခုလုံးသည် အောင်မြင်စွာဖြင့် အသက်ဝင်ခဲ့ပြီ ဖြစ်၏။ ဆိုလိုသည့်အဓိပ္ပာယ်သည် ပြိုင်စံရှားဂိုဏ်းအနေဖြင့် ရန်သူများ ဝင်ရောက်လာနိုင် မှုကို တားဆီးနိုင်သည့် အလုံးစုံ ပြည့်စုံသော အကာအကွယ်စနစ်တစ်ခုကို ပိုင်ဆိုင် တည်ရှိသွားပြီဆိုသည့်သဘောပင်။
ဤကဲ့သို့သော အောင်မြင်မှုသည် ထိုက်ရွှမ်အကြီးအကဲနှင့် အစီအရင် သုတေသနပြုမှုတွင် ပါဝင်ခဲ့ ကြသော အစီအရင် ဟောခန်းမှ အဓိကလူများအားလုံး၏ ကြိုးစားမှုကြောင့်ပင်။ ၎င်းတို့သည် အနာဂတ် မျိုးဆက်သစ်များ ဂါရဝပြုရမည့် မှတ်တမ်းမှတ်ရာထဲတွင် ပါဝင်လျက်ရှိနေ၏။
သို့ပေမဲ့ အစီအရင်သည် မည်မျှအားကောင်းသနည်း။
သေသေချာချာ တွက်ချက်ကြည့်ရမည်ဆိုလျှင် တော်ဝင်အစီအရင်ကြီး တစ်ခုလုံးသည် နတ်ဘုရားလျှို့ဝှက် အထက်အဆင့်တွင် ရှိနေသည့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့၏ တောက်လျှောက်ထိုးနှက်ရိုက်နှက်မှုကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသည်။
“အဲလောက်တောင်လား” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။
“အင်း .....”
ထိုက်ရွှမ်အကြီးအကဲသည် လေးလေးနက်နက် ပြောလိုက်၏။ “ထာဝရလောကကြီးရဲ့ မူလ အရင်းအမြစ်က အရမ်းအားကောင်းနေလို့လေ”
အစီအရင်၏ မူလဗဟိုတည်နေရာတွင် ဂြိုဟ်တစ်ခုလုံး၏ မူလအရင်းအမြစ်ကို ထားရှိထား၏။ ထို့အပြင် ထို မူလအရင်းအမြစ်သည် တကယ့်ထိပ်တန်းဂြိုဟ်ကြီးများ၏ ပေါင်းစပ်မှုဖြင့် ဖြစ်တည်လာခဲ့သည့် မူလ အရင်းအမြစ် ဖြစ်သည်မဟုတ်ပါလား။ ထို့ကြောင့် အမှန်ပင် အားကောင်းလွန်းလှ၏။ ပြောရမည်ဆိုလျှင် ဤမူလအရင်းအမြစ် သုံးခု၏ ထောက်ပံ့မှုသာ မရှိသည်ဆိုပါက ဤမျှကြီးမားလှသည့် တော်ဝင်အစီအရင်ကြီး တစ်ခုကို ဖန်တီးတည်ဆောက်ထားရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ကျုပ်စမ်းကြည့်မယ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးထဲမှ ထွက်ခွာသွား၏။ ပြီးသည့်နောက် စကြဝဠာထဲတွင် မတ်မတ်ရပ်လိုက်၏။ သူသည် အရှေ့တွင် အကာအကွယ်အစီအရင်ကြီးကို မမြင်ရချေ။ အဘယ်ကြောင့် ဆိုသော် တော်ဝင်အကာအကွယ်အစီအရင်ကြီးတစ်ခုလုံးသည် ဖုံးကွယ်ထားနိုင်သည့်အစွမ်း ရှိသောကြောင့် ပုံမှန်နှင့် မခြားနား တည်ရှိလို့နေခဲ့၏။
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ထုတ်ယူပြီးသည့်နောက် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ တစ်ခါတည်း ပိုင်းဖြတ်လိုက်၏။ သို့ပေမဲ့ ဝုန်းဆိုသည့်အသံကိုသာ ကြားလိုက်ရပြီး နောက်ဘက်သို့ ပြန်ကန်လုမတတ်ပင် ဖြစ်သွား၏။ ထာဝရလောကကြီးသည် ပြင်ပမှ တိုက်ခိုက်မှုကို ကြုံရသည့်အချိန်မှာတော့ အထဲတွင် တစ်ချက်ကလေးမှ လှုပ်ခါမှု မဖြစ်ခဲ့ချေ။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် ဓားချီများသည် မိုင်သုံးသောင်းလောက်ကို ပျံ့နှံ့သွား ခဲ့၏။ ထိုအရာသည် မတူညီသည့် တည်နေရာအသီးသီးဆီမှ ဒိုင်းအကာအကွယ် အစီအရင်ကြီးကို တိုက်ခိုက်ခြင်းပင်ဖြစ်၏။
ဝှစ် ဝှစ် ဝှစ်
ရှစ်ကျန်းရွမ်သည် ရွှမ်ယွမ်နတ်ဘုရားဓားနှင့် တစ်ခါတည်း ပေါင်းစပ်ပြီးသည့်နောက် ဓားဝိညာဉ်အဖြစ်နှင့် ပိုမိုအားကောင်းလှသည့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်ခဲ့၏။ တိုက်ခိုက်မှုစွမ်းအင် ပိုမိုတိုးတက်သွားခဲ့ပြီ ဖြစ်သော ကျွင်းချောင်ရှောင်းသည် ဤမျှလောက်နှင့် ကျေနပ်မနေခဲ့ချေ။ သူသည် နှင်းဆီဧကရီကိုပင် သူ၏ ခန္ဓာကိုယ်အား ဝင်စီးစေခဲ့၏။ ထိုတင်မျှမကသေးချေ။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် ကိုလည်း အသက်သွင်းခဲ့သေးသည်။
ဘန်း ဘန်း ဘန်း
ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးသည့်နောက် အလုပ်ဖြစ်သည်ကို မြင်ရ၏။ ထာဝရ လောကကြီးတွင် မျက်လုံးနှင့် မြင်နိုင်စွမ်းရှိသည့်လှိုင်းများ ဖြစ်တည်နေသည်ဆိုသော်လည်း ထာဝရ လောကကြီးကို ထိခိုက်မှုတော့ မရှိခဲ့ချေ။ သို့ပေမဲ့ ဤမျှလောက်သာဖြစ်၏။ ကျွင်းချောင်ရှောင်းအနေဖြင့် အားကောင်းလွန်းလှသော အခြေအနေဖြင့် ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်ကာဖြင့် အသက်ကို မနည်းရှူနေရ၏။
“ဒါ အရမ်းကို အားကောင်းတာပဲ”
သူသည် ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို အသုံးပြုသည့်အပြင် မိန်းကလေးများ၏ ထောက်ပံ့မှုကိုလည်း ရယူခဲ့သေး၏။ အားအင်အဆင့်သည် ကျိန်းသေပေါက် နတ်ဘုရားလျှို့ဝှက်အဆင့်ထက် သာလွန်မှာ သေချာ၏။ ထိုသို့ဆိုလျှင်တောင်မှ တော်ဝင်အစီအရင်ကြီးတစ်ခုလုံးကို လှုပ်ခါသွားအောင် မပြုလုပ်နိုင်ခဲ့ချေ။ အရည်အသွေးအရ စမ်းသပ်မှုတွင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည်ဟု ဆိုရပေမည်။
“အခု လုံခြုံသွားပြီပဲ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ယုံကြည်စိတ်ချမှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ထာဝရလောကကြီးသည် ဖုံးကွယ်ထားနိုင်သည်ဆိုသော်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေနှင့် ရှာဖွေတွေ့ရှိသွားနိုင်မလား၊ မသွားနိုင်ဘူးလား ဆိုသည်ကို သူသေသေချာချာ မသိနိုင်ချေ။ စိုးရွံ့မှုများ တည်ရှိခဲ့သည်။ လက်ရှိ တော်ဝင်အကာအကွယ်ကြီးကို ဖန်တီးတည်ဆောက်ပြီးပြီ ဖြစ်သောကြောင့် တစ်ဖက်လူ တွေ့သွားမည်ဆိုလျှင် တောင်မှ သူ့တွင်ယုံကြည်ချက်တချို့က တည်ရှိလို့လာခဲ့၏။
“နောက် ဘာဆက်လုပ်မှာလဲ” ဟွာမင်ကွေ့က မေးမြန်းလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်ကာ စဉ်းစားလိုက်၏။ “ထာဝရလောကကြီး ကို ထုတ်ဖော်ပြီး အထက်စကြဝဠာတစ်ခုလုံးမှာ မားမားမတ်မတ် ရပ်တည်ထားနိုင်ဖို့”
ဟွာမင်ကွေ့က ပြောလိုက်သည်။ “ဒါဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရှာတွေ့သွားမှာပေါ့”
အချက်အလက်အားဖြင့် ထာဝရလောကကြီး၏ လက်ရှိအကာအကွယ်အစီအရင်သည် အမှန်ပင် အားကောင်း လွန်းလှ၏။ အထက်စကြဝဠာတစ်ခုလုံးတွင် မည်သည်ဂြိုဟ်ကမှ လာရောက်ကာ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သာမန်လူများအားလုံးကို ထိခိုက်နိုင်စွမ်းရှိသည့် နတ်ဆိုးကတော့ အကြီးမားဆုံး ရန်သူကြီးအဖြစ် တည်ရှိလို့နေခဲ့၏။ သူတို့သာ ပေါ်ပေါက်လာမည်ဆိုပါက တစ်ဖက်လူသည် ကျိန်းသေပေါက် ပစ်မှတ်ထားမှာ သေချာ၏။
“ထပ်ပြီးတော့ ပုန်းမနေချင်တော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တရားမျှမျှတတ ယှဉ်ပြိုင်တိုက်ခိုက်လိုက်ချင်တယ်”
ပုန်းကွယ်နေရခြင်းဆိုသည်မှာ တခဏသာ ဖြစ်ပေလိမ့်မည်။ သူ၏ အမူအကျင့်အရဆိုလျှင် သူ၏အားအင် အဆင့်ကိုသာ အသုံးပြုပြီး နောက်ဆုံးဆရာကြီးနှင့် ရင်ဆိုင် တိုက်ခိုက်ချင်၏။ ထို့အပြင် ကျွင်းချောင်ရှောင်း၌ အကြံအစည်တစ်ခု တည်ရှိလို့နေခဲ့သည်။
ထာဝရလောကကြီးကို ခံတပ်တစ်ခုအဖြစ် အသုံးပြုပြီးသည့်နောက် များပြားလွန်းလှသည့် စကြဝဠာဂြိုဟ် ပတ်လမ်းအတွင်းတွင် ရှိနေသည့် အင်အားစုများကို ဦးဆောင်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် တိုက်ခိုက်ရန် စီစဉ်ထား၏။
“ဒါက အန္တရာယ်များတယ်”
ဟွာမင်ကွေ့က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မက ယောက်ျားကို ယုံကြည်တယ်။ ပြီးတော့ ဘိုးဘေးအကြီးအကဲကြီး လေ့လာထားတဲ့ တော်ဝင်အစီအရင်ကြီး တစ်ခုလုံးလည်း ရှိနေသေးတာပဲ”
မူလအားဖြင့် မနည်းကြိုးစားရုန်းကန်နေရသည့် ကျွင်းချောင်ရှောင်းသည် သူမ၏ ထောက်ခံအားပေးမှုကို ရလိုက်သည့်အချိန်မှာတော့ ချက်ချင်းပဲ ပေါင်ကိုရိုက်ကာ ပြောလိုက်မိသည်။ “ဒါဆိုရင် ပုန်းမနေတော့ဘူး။ ရှိရှိသမျှ အရာအားလုံးကို စားပွဲပေါ်တင်ပြီး ထုတ်ဖော်ပြသလိုက်ကြတာပေါ့”
“ရှင်က နည်းနည်းတော့ စိတ်တိုဖို့ကောင်းတယ်” နှင်းဆီဧကရီသည် ရှက်ရွံ့သွားမိ၏။ အဘယ်ကြောင့်နည်း။ ကုန်းရှန့်သည် သူမ ပေါင်ကို ရိုက်သောကြောင့်ပင်။
..........
“သေချာပြီလား။ နှစ်ခါပြန်တွေးအုံး”
ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ ဂိုဏ်းချုပ်သည် ထာဝရလောကကြီးကို ပေါ်ပေါ်တင်တင်ဖြင့် အထက်စကြဝဠာကြီးထဲတွင် ထားရှိတော့မည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် ပြန်လည်ကာ ဖြောင်းဖျလျက် ရှိနေကြ၏။ သူတို့အနေနှင့် ဂိုဏ်း၏ တော်ဝင်အစီအရင်ကြီး ကို မယုံ၍မဟုတ်ချေ။ ပွင့်ပွင့်လင်းလင်း နေထိုင်ခြင်းထက် အမှောင်ထဲတွင် နေထိုင်ခြင်းကသာ ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက စကြဝဠာတစ်ခုလုံးကို ထိခိုက်အောင် လုပ်ထားတယ်လေ။ လူတွေ အကုန်လုံးက ဆိုးဆိုးရွားရွား အခြေအနေကို ခံစားနေရတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအချိန်မျိုးမှာ ကျုပ်က မီးပြတိုက်လိုပဲ အမှောင်ထဲမှာ အလင်းကို ပြသရမယ်”
အားလုံးသော သူတို့က နားလည်သွားမိသည်။ ဂိုဏ်းချုပ်သည် ထာဝရလောကကြီးအား မီးပြတိုက်တစ်ခု အဖြစ် အသုံးပြုချင်ပုံပေါ်၏။
“ကောင်းပြီ”
ကျန့်ကွေ့ရှုက သဘောတူလိုက်သည်။ “အခု စကြဝဠာတစ်ခုလုံးက ရှုပ်ထွေးနေတာ။ ဂြိုဟ် တော်တော်များများနဲ့ ဂိုဏ်းတွေအကုန်လုံးက သူတို့ဘာသူတို့ တိုက်ခိုက်နေကြတယ်။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်တဲ့ အရမ်းအားကောင်းလှတဲ့ ဂြိုဟ်တစ်ခုခုကို သူတို့လိုအပ်နေတာ သေချာတယ်”
အမှောင်ထဲတွင် ပုန်းအောင်းနေခြင်းဆိုသည်မှာ ကောင်းမွန်လှ၏။ သို့ပေမဲ့ အဆုံးထိ နတ်ဆိုးကို ယှဉ်ပြိုင် တိုက်ခိုက်ရန် စဉ်းစားထားသည်ဆိုမှတော့ သူတို့အနေနှင့် ပွင့်ပွင့်လင်းလင်းဖြင့် ခံတပ်တစ်ခုကို ထုတ်ဖော် ပြသမှ ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ မေးမြန်းလိုက်၏။ “ငြင်းချင်သေးလား”
“ငြင်းစရာ မရှိပါဘူး” အားလုံးတို့သည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြသည်။
“သဘက်ခါကျရင် ထာဝရလောကကြီးက အထက်စကြဝဠာတစ်ခုလုံးမှာ မားမားမတ်မတ်နဲ့ ရပ်တည် လိမ့်မယ်။ အမှောင်ထုတွေအကုန်လုံး ကွယ်ပျောက်ပြီး အလင်းပဲ ပေါ်လာရမယ်” ကျွင်းချောင်ရှောင်းသည် ခိုင်မာတည်ကြည်စွာ ပြောလိုက်၏။
သူအဘယ်ကြောင့် သဘက်ခါကို ရွေးချယ်ရသနည်း။ ပြက္ခဒိန်များကို ကြည့်၍ ရွေးချယ်ခြင်း မဟုတ်ချေ။ သူတွက်ချက်ထားမှုအရ ထာဝရရွက်သင်္ဘောကြီးသည် သူသတ်မှတ်ထားသည့် တည်နေရာသို့ အဲအချိန်တွင် ရောက်ရှိမည် ဖြစ်သောကြောင့်ပင်။
ကောင်းကင်ရိုင်းလောက - မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တိတ်တဆိတ် ကြိတ်ကာ ထိန်းချုပ်ထားသည့် ပထမတန်းစားဂြိုဟ်တစ်ခုဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် ရွက်သင်္ဘောနှင့် လက်နက် ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သည့်လောကတစ်ခုဖြစ်ပြီး ကောင်းကင်ရိုင်းလောကမှာတော့ သိုင်းအရင်း အမြစ်များအားလုံးကို ထောက်ပံ့ပေးနိုင်သည့် လောကကြီးတစ်ခုသာဖြစ်၏။
မှန်ပေ၏။ ဤဂြိုဟ်ကြီးသည် အလွန်ပင် များပြားလွန်းလှသော အရင်းအမြစ်များကို ပိုင်ဆိုင်လေ၏။ ဖမ်းဆီး ထားသည့် စစ်သူကြီး၏ ဝန်ခံချက်အရဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ကောင်းကင်ရိုင်းမြို့ဆီသို့ အချိန်အတော်ကြာလျှင် တစ်ခါဆိုသလို ရောက်ရှိလာပြီး အရင်းအမြစ်များကို ယူဆောင်တတ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည်လည်း ထိုလောကနှင့် ပေါင်းစပ်ကာ ကုန်သွယ်မှုကို ပြုလုပ်တတ်သေး၏။
“အရင်းအမြစ်တွေ အရမ်းကို များတာလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်လောက်များပြီးတော့ ဘယ်လောက် ချမ်းသာတာလဲ”
.........
သဘက်ခါ
ထာဝရလောကကြီးသည် ကတိပြုထားသည့်အတိုင်း ကောင်းကင်ရိုင်းလောကကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြ၏။ ဤဂြိုဟ်ကြီးသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောက ထက်ပင် ပိုမိုကာကြီးမားသေး၏။
“အားနာပါတယ်”
ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေ၏။ ညာဘက်လက်ထဲတွင် ရှိနေသည့် ဝိုင်ခွက်ကို အသာလှုပ်ခတ်လျက်ရှိသည်။ “နတ်ဆိုးတွေကို ကူညီဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ ဒီထဲမှာ ရှိနေတဲ့ အရင်းအမြစ်တွေ အကုန်လုံးက ပြိုင်စံရှားဂိုဏ်း ပိုင်တာဖြစ်သွားပြီ”
သူသည် ဟန်ထုတ်နေခြင်း မဟုတ်ပေ။ ဤနေရာဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ လုယက်ရန်ပင် ဖြစ်လေ၏။
“ဘယ်သူလဲ” ရုတ်တရက် ကောင်းကင်ရိုင်းလောကဆီမှ အသံကြီးတစ်ခုက ထွက်ပေါ်လာသည်။
ဆွစ် ဆွစ် ဆွစ်
ကျော်ကြားလှသည့် သိုင်းပညာရှင်များသည် အတွင်းဆီမှ ပျံသန်းလာပြီး ထွက်လာကြ၏။ ကြည့်ရသည်မှာ ဂြိုဟ်၏အပြင်ဘက်သို့ ထောက်လှမ်းကြည့်ရှုနိုင်သည့် ပစ္စည်းတစ်မျိုးမျိုး ရှိပုံပေါ်သည်။ ထာဝရ ရွက်သင်္ဘောကြီးရပ်တန့်သွားသည်နှင့် သူတို့က တစ်ခါတည်း သိရှိလို့နေ၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ ကျွင်းချောင်ရှောင်း အနေနှင့် ပုန်းလျှိုးကွယ်လျှိုးလုပ်ရန် ရည်ရွယ်ချက် မရှိသောကြောင့်ပင်။
သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျုပ်က ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းချုပ်ပဲ”
“ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ဟုတ်လား”
ကောင်းကင်ရိုင်းလောကမှ သိုင်းပညာရှင်များ၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြသည်။ မကြာသေးခင်ကပင် ကြယ်တာရာစိတ်ဝိညာဉ်လောက ဖျက်ဆီးခံလိုက်ရပြီး ထိုအရာ၏ လက်သည်တရားခံသည် ပြိုင်စံရှားဂိုဏ်းဖြစ်ကြောင်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ သတင်းကို သူတို့ ရရှိထားသည်။
“ပြဿနာပဲ။ မြန်မြန် ပထမတန်းစား သတိပေးမှုကို လုပ်တော့” ကောင်းကင်ရိုင်းလောကမှ သိုင်းကျင့်ကြံသူ များသည် စိုးရွံ့သွားခဲ့ကြ၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထာဝရလောကကြီးက ဒီနေရာမှ အခြေချမယ်။ ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့ဂြိုဟ်ကို သိမ်းဆည်းတော့မယ်”
ပြီးသည့်နောက် သူသည် လက်ဖျောက်တစ်ချက် တီးလိုက်၏။ ချက်ချင်းပဲ မြေအောက်တွင်ရှိနေသည့် ဂြိုဟ်၏ မူလအရင်းအမြစ်သည် အသက်ဝင်သွားခဲ့၏။ တလက်လက်တောက်ပသည့် အလင်းတန်းများနှင့်အတူ ဖြစ်တည်ပြီးသည့်နောက် ထိုအရာကြီးသည် ကြီးမားလှသည့် ဂြိုဟ်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
ဖြောက် ဖြောက် ဖြောက် ဖြောက်
အပြင်ဘက်လောကကြီးမှာတော့ စကြဝဠာ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားခဲ့၏။
“ဒါ.. ဒါ”
ကောင်းကင်ရိုင်းလောကမှ သိုင်းကျင့်ကြံသူများသည် မျက်လုံးပြူးသွားမိ၏။ တိတိကျကျ ပြောရမည် ဆိုလျှင် မျက်လုံးများသည် အပြင်ဘက်သို့ ပြုတ်ထွက်လာလုမတတ်ပင်။ အဘယ်ကြောင့်ဆိုသော် တည်နေရာ တစ်ခုလုံးသည် စုတ်ပြတ်လျက်ရှိနေပြီး ကြီးမားလှသည့် ဂြိုဟ်ကြီးတစ်ခုသည် ဖြည်းဖြည်းချင်း ရွေ့လျားလာ သောကြောင့်ပင်။
မည်မျှကြီးမားလိုက်သနည်း။ ဤဂြိုဟ်ကြီးသည် အလုံးစုံပေါ်ပေါက်လာသည့်အချိန်မှာတော့ ကောင်းကင်ရိုင်း လောကကြီးနှင့် ဘေးချင်းကပ် ဖြစ်တည်လာခဲ့၏။ ကြည့်ရှုရမည်ဆိုလျှင် ကလေးလေးတစ်ယောက်နှင့် လူရွယ် တစ်ယောက်တို့ ယှဉ်ကာ ရပ်နေသည့်ပုံစံပင်။ အနည်းဆုံး ကောင်းကင်ရိုင်းလောကကြီးထက် ငါးဆလောက် ပိုမိုကာ ကြီးမား၏။
“ဒါ .. ဒါ”
မူလအရင်းအမြစ်များ ပေါင်းစပ်ပြီးသည့်နောက် ထာဝရလောကကြီး၏ အစစ်အမှန် ခန္ဓာကိုယ်သည် ဤအရာပင်ဖြစ်လေ၏။ အထက်စကြဝဠာ တစ်ခုလုံးတွင် ဤကဲ့သို့ ကြီးမားလှသော ဂြိုဟ်ကြီးကို ရှာဖွေ တွေ့ရှိရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
ဟား ဟား ဟား ဟား
စကြဝဠာထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည့် ကောင်းကင်ရိုင်းလောကမှ သိုင်းကျင့်ကြံသူများသည် သစ်သားရုပ်များကဲ့သို့ မတ်မတ်ရပ်ကာဖြင့် ထာဝရလောကကြီး ပေါ်ပေါက်လာသည်ကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်ရှုနေကြောင်း မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာကို အုပ်ကာကာဖြင့် ရယ်မောလိုက်မိသည်။ “အင်း... ကြောက်လိုက်ကြစမ်း”