အခန်း ၁၉၅၂
Vol. 131 Ch. 1952
အပိုင်း (၁၉၅၂)
ဝှီး ဝှီး
ကောင်းကင်ရိုင်းလောကအတွင်းမှာတော့ .....
များပြားလွန်းလှသော မိုင်းတူးစက်များသည် ကောင်းကင်ယံ တွင် ပျံသန်းလျက်ရှိ၏။ ရံဖန်ရံခါဆိုသလို ၎င်းတို့သည် တောအတွင်းပိုင်း၊ တောင်အတွင်းပိုင်းအတွင်းသို့ ဝင်ရောက် သည့်အပြင် အန္တရာယ်များလှပါသည်ဆိုသော တောင်ကြားထဲသို့လည်း ဝင်ရောက်၏။ ပြန်ထွက်လာသည့်အချိန်တွင် တကယ့်ကို များပြားလွန်းလှသည့် အရည်အသွေးမြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်လာခဲ့ကြ၏။
ကျွင်းချောင်ရှောင်း စနစ်ဆီမှ ဝယ်ယူထားခဲ့သည့် မိုင်းတွင်းတူးစက်များသည် တကယ့်ကို ကောင်းမွန် သည့်အရာများ ပင်ဖြစ်၏။ ထို့အပြင် ထိုသူများနှင့်အတူ ပူးပေါင်းအလုပ်လုပ်နေသည့် အရည်အချင်းရှိ လူနှစ်ယောက်က လည်း ပါဝင်လျက် ရှိနေသေးသည်။ မည်သူများနည်း။ ရမ်ရှန်နှင့် တောဝက်ရိုင်းလေးတို့ပင် ဖြစ်သည်။
တစ်ယောက်သည် ကံကောင်းခြင်း သဘာဝများကို ပိုင်ဆိုင်သူဖြစ်ပြီး တခြားတစ်ယောက်သည် တောင်များ၊ မြောင်းများကို ဖော်ဆောင်နိုင်သည့်လူတစ်ယောက်ဖြစ်၏။ နှစ်ယောက် အတူတူတွဲကာ အလုပ်လုပ်သည့် အချိန်မှာတော တစ်ဖက်လူများ၏ မျိုးဆက်များပင် တူးထုတ်စရာ မကျန်လှသည်အထိ အားလုံးအား တူးထုတ် နိုင်စွမ်း ရှိနေ၏။
ဝှစ်
ရမ်ရှန်သည် လူသူကင်းရှင်းလှသည့် တောင်ကြားကြီးတစ်ခုထဲသို့ ဆင်းသက်လိုက်၏။ သူသည် ပတ်ဝန်းကျင်ရှိ တောင်များကို ကြည့်ရှုပြီးနောက် ခန့်မှန်းလိုက်သည်။ “ဒီနေရာမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ရှိလောက်တယ်”
သေချာပေ၏။ ကံတရား၏ အကူအညီဖြင့် သူသည် ရှေးဟောင်း မိုင်းတွင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွမ်းကျင်ရှာဖွေရေးအသင်းများ၏ တွက်ချက်မှုအရဆိုလျှင် အနည်းဆုံး သန်းထောင်နှင့်ချီသည့် စိတ်ဝိညာဉ် ကျောက်တုံးများ ပါဝင်နေ၏။
“တောဝက်ရိုင်းလေး.. ဒီကိစ္စကို မင်းတာဝန် ထားလိုက်တော့မယ်”
“ကောင်းပြီ”
တောဝက်ရိုင်းလေးသည် အသာပျံသန်းလာပြီးသည့်နောက် မြေဆီလွှာများကို စားသုံးလိုက်သည်။ မကြာမီ မှာပဲ မိုင်းတွင်း၏ အဝင်ဝကြီးသည် ပေါ်ပေါက်လာခဲ့သည်။
ဟူး ဟူး
တကယ့်ကို လေ့ကျင့်ပြီးသား မိုင်းတွင်းတူးသမားတို့သည် အရှေ့ဆီသို့ တက်သွားပြီး အထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်တော့၏။ နာရီအနည်းငယ်အတွင်းမှာပဲ တကယ်ကို များပြားလွန်းသည် မိုင်းတွင်းကြီးသည် ပြောင်သလင်း ခါသွားခဲ့၏။
ဤအမြန်နှုန်း၊ ဤကဲ့သို့ လုပ်ဆောင်နိုင်မှု၊ ပြောဆိုရမည်ဆိုလျှင် အလွန့် အလွန်ကို သာလွန်လွန်းလှသည်။ တစ်သက်လုံး အရင်းအမြစ်ပေါင်းများစွာနှင့် ပေါကြွယ်စွာ နေထိုင်ခဲ့သည့် ကောင်းကင်ရိုင်းလောကကြီးသည် တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ အားလုံးသော အရာဝတ္ထုများ တူးထုတ်ခြင်း ခံခဲ့ရဿည်။
တူးထုတ်ထားသည့် စိတ်ဝိညာဉ်ကျောက်တုံးများသည် သတ်မှတ်ထားသည့်မြို့ဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် ရွက်သင်္ဘောများပေါ်သို့ တင်ဆောင်ကာဖြင့် ထာဝရလောကကြီးထဲသို့ ပို့ဆောင်လျက် ရှိနေသည်။ ကောင်းကင်ယံကို လှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင် ရွက်သင်္ဘာများသည် တရစပ် ရွေ့လျားသွားလာနေသည်ကို မြင်ရမှာဖြစ်၏။ ထိုရွက်သင်္ဘောများ၏အပေါ်တွင် အရည်အသွေးမြင့်မားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများ အများအပြား ပါဝင်လျက်ရှိနေ၏။
ထိုအရာများ အားလုံးသည် ကောင်းကင်ရိုင်းလောကကြီး၏ တကယ့် ထိပ်တန်း အရင်းအမြစ်များပင် ဖြစ်လေ၏။ ထိုအရာမျိုး ပြုလုပ်နေသည်ကို ဘာမှမတတ်နိုင်ဘဲ အတိုင်းသား ကြည့်ရှုနေသူများရှိလေသည်။ ထိုသူများသည် ဤကောင်းကင်ရိုင်း လောကကြီး၏ ဌာနေကျင့်ကြံသူများပင်ဖြစ်သည်။
“ခင်ဗျားတို့ အားလုံးရဲ့ လောကသခင်က ထွက်ပြေးသွားခဲ့ပြီ။ ကျုပ်.. ဒီနေ့ကစပြီး ခင်ဗျားတို့ကို မိသားစုလို ဆက်ဆံမယ်။ ဘယ်တော့မှာ ထားသွားမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီး၏ ကောင်းကင်ယံတွင် မတ်မတ်ရပ်ပြီးသည့်နောက် အားလုံးသော သတ္တဝါများ ကြားသိအောင် အော်ဟစ်လိုက်၏။
ဂြိုဟ်ကြီးများကို ပေါင်းစပ်ပြီးသည့်နောက် လူတော်တော်များများ နေထိုင်ရန် တည်နေရာများကို သူ ပိုင်ဆိုင်နေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် ပထမတန်းစားဂြိုဟ်ဆီမှ သိုင်းကျင့်ကြံသူများကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ အတိုချုပ်အားဖြင့် ကောင်းကင်ရိုင်းလောကဆီမှ အရင်းအမြစ်များကို ယူဆောင်သွားသည်သာမက အထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးကို ခေါ်ဆောင်သွားခဲ့ခြင်းပင်။
အရှက်မဲ့လှသည်ဆိုသော်လည်း ကောင်းကင်ရိုင်းလောကဆီမှ သက်ရှိသတ္တဝါများ အားလုံးသည် ကျွင်းချောင်ရှောင်းဆီသို့ ရွေးချယ်ခွင့် မရှိဘဲ လိုက်ပါလာခဲ့ရ၏။ ထိုသို့ဆိုလျှင် ၎င်းတို့၏ အနာဂတ်သည် တောက်ပတော့မှာ သေချာ၏။ အနည်းဆုံးအနေနှင့် ဤကဲ့သို့ပြဿနာများကို ကြုံဆုံရသည့်အချိန်တွင် စွန့်ပစ်ထားခြင်းကို ခံရလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုရင် ထာဝရလောကကြီး၏ နေထိုင်သူများ ဖြစ်လာကြပြီး တရား ဥပဒေကိုသာ လိုက်နာကြမည်ဆိုပါက ကျိန်းသေပေါက် မိသားစုကဲ့သို့ ဆက်ဆံခံရမှာ သေချာလေသည်။ ထို့ကြောင့် ပင်လျှင် မည်သည့်ဂြိုဟ်မှ သက်ရှိသတ္တဝါပဲ ဖြစ်ဖြစ် အထဲသို့ ရောက်ရှိလာသည်ဆိုသည်နှင့် အနာဂတ်မျိုးဆက်သစ် များအတွက် အခွင့်အရေး ဖန်တီးပေးနိုင်မည့်လူများ ဖြစ်လာပေလိမ့်မည်။
.......
နှစ်လကျော်သာလျှင် ကြာမြင့်သေး၏။ ကောင်းကင်ရိုင်းလောကတွင်ရှိသည့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း များသည် တူးထုတ်ခံလိုက်ရ၏။ မူလအားဖြင့် စည်ကား သိုက်မြိုက်နေသည့် ဂြိုဟ်ကြီးတစ်ခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများနှင့် သက်ရှိများ အကုန်လုံး ဆုံးရှုံးသွားပြီးသည့်နောက် အသက်မဲ့သွားခဲ့၏။
ရိုးသားစွာ မေးမြန်းရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် နတ်ဆိုးအင်ပါယာတို့သည် ဘာကွာခြားသနည်း။ ကွာခြားချက်ဟူ၍ အနည်းငယ်လေးသာဖြစ်၏။ ဥပမာအားဖြင့် ကောင်းကင်ရိုင်းလောကကြီးကို တိုက်ခိုက် အနိုင်ယူသည့်နေရာတွင် သူသည် ကြင်နာလှသည့်နည်းလမ်းကို အသုံးပြု၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဆိုပါက ကျိန်းသေပေါက် သွေးချောင်းစီးသည့် နည်းလမ်းကို အသုံးပြုပေလိမ့်မည်။
နက်ရှိုင်းလှသည့် မြေအောက်တည်နေရာကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း စားပွဲကို အသာချပြီးသည့်နောက် တစ်ဖက် မူလအရင်းအမြစ်၏ လည်ပင်းပေါ်သို့ ဓားကိုတင်ကာ ပြောလိုက်သည်။ “လောကသခင်က အစောကြီးကတည်းက ထွက်ပြေးသွားပြီ။ မင်း ငြင်းဆန်ချင်သေးတာလား”
...........
“ငှက်ကောင်းဆိုတာ နားခိုနိုင်တဲ့ သစ်ပင်ကောင်းကောင်းကို ရွေးချယ်တတ်ရတယ်။ ပညာရှိတဲ့လူဆိုတာ အခြေအနေကို နားလည်တတ်ရတယ်”
.........
တစ်ဖက်လူအနေနှင့် ပူးပေါင်းဆောင်ရွက်မည့် ရည်ရွယ်ချက်ကို မမြင်ကြောင်း မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ဓားထဲသို့ ကောင်းကင်တေးသံ၏ စွမ်းအင်များကို ထည့်သွင်းလိုက်၏။
“ကျုပ် သဘောတူပါတယ်”
သေချာပေ၏။ အန္တိမကုန်းမြေဆီမှ ရရှိခဲ့သည့် စွမ်းအင်များ၏ အောက်တွင်တော့ မူလ အရင်းအမြစ်သည် ကြောက်ရွံ့ထိတ်လန့်သွားခဲ့၏။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ကျွင်းချောင်ရှောင်းကို သဘောတူခဲ့ရသည်။
“အင်း... ဒီကောင်လည်း သတ္တိမရှိပါလား”
ဂျိန်း
.........
ထိုရက်အတွင်းမှာပဲ ထာဝရလောကကြီးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။ ပြီးသည့်နောက် မြေပြင်တစ်ခုလုံး သည် ပိုမိုကာ ချဲ့ထွင်လာခဲ့၏။ အစပိုင်းတုန်းက သဲမှုန်တစ်ခုကဲ့သို့သော ဂြိုဟ်ကြီးသည် လက်ရှိအခြေအနေမှာ တော့ အလွန့်အလွန်ကို ကြီးမားလှသည့် ဂြိုဟ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ အားလုံးသော သူများ သည် ဟိုးအဝေးတည်နေရာဆီမှ လှမ်းကာကြည့်ရှုလိုက်မည်ဆိုပါက ကြီးမားသည့် ဂြိုဟ်ကြီးတစ်ခုကို မြင်ရမှာ သေချာသည်။
ဒွီ ဒွီ
ထာဝရလောကကြီးသည် တကယ့်ကို ကြီးမားကျယ်ပြန့်လာခဲ့၏။
ဘုန်း
မကြာခင်မှာပဲ မူလအတိုင်း ကျန်ရှိခဲ့သည့် ကောင်းကင်ရိုင်းလောကကြီးသည် ထာဝရလောကကြီး၏ ကြီးမား ကျယ်ပြန့်လာမှုကို မခုခံနိုင်တော့ဘဲ ပေါက်ကွဲထွက်ကာ အစိတ်စိတ်၊ အပိုင်းပိုင်း ပျောက်ကွယ်သွားခဲ့လေတော့၏။ အရင်းအမြစ်၊ သက်ရှိသတ္တဝါများ အရာအားလုံးတို့သည် ထာဝရလောကကြီးထဲသို့ ရောက်ရှိခဲ့လေသည်။
“ကံကောင်းတာပဲ”
ထာဝရလောကကြီး ပိုမိုကာ ကျယ်ပြန့်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ထိုက်ရွှမ် အဘိုးအိုသည် သူ၏ နဖူးစပ်တွင်ရှိသော ချွေးများကို သုတ်လိုက်မိ၏။ ဤကဲ့သို့ ဂြိုဟ်ကြီး ပိုမိုကာ ကြီးထွားလာမည် ကို နားလည်သောကြောင့် သူသည် တော်ဝင်အစီအရင်ကြီးကို ဖန်တီးသည့်နေရာတွင် ချဲ့ထွင်နိုင်စွမ်းရှိသည့် လုပ်ဆောင်ချက်ကို ထည့်သွင်းကာ ဖန်တီးပြုလုပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် အောင်မြင်သည်ဟု ပြောဆိုရပေမည်။
တကယ့်ကို ကျွမ်းကျင်လှချေ၏။ ထိုက်ရွှမ်အဘိုးအိုသည် နောင်ဖြစ်လာမည့်အရာများကိုပါ သေချာသုံးသပ်ကာ စီမံထားလေ၏။
မူလအရင်းအမြစ် လေးခုပေါင်းစပ်ပြီးသည့်နောက် ထာဝရလောကကြီးသည် ပိုမိုကာ ကျယ်ပြန့်သွားလေ၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည်လည်း ပိုမိုကာ တိုးတက်လာခဲ့သည်။ အထူးသဖြင့် တော်ဝင် အစီအရင်ကြီး၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့သည်။
ဤကဲ့သို့ ဂြိုဟ်ကြီးတစ်ခုလုံး တိုးတက်လာခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပိုမို လုံခြုံသည်ဟု ခံစားလာမိ၏။ ပထမတန်းစား ဂြိုဟ်၏ မူလအရင်းအမြစ်များနှင့် ပေါင်းစပ်ပြီးသည့်နောက် ထာဝရလောကကြီး၏ အားအင်အဆင့်သည် တိုးတက်သွားခဲ့၏။ ထိုအရာသည် သူ့ကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အကူအညီဖြစ်စေခဲ့၏။
သို့ပေမဲ့ မကြာခင်မှာပဲ ပြင်းထန်လှသည့် တိုက်ပွဲကြီးတစ်ခုကို တိုက်ခိုက်ရပေလိမ့်မည်။
“နောက်ကိစ္စက နောက်ပဲ”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ကာဖြင့် ဂုဏ်သိက္ခာထည်ဝါသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်လောကကြီးထဲမှာရှိတဲ့ စစ်သည်တွေအားလုံးက တိုက်ခိုက်ရမှာကို ကြောက်တဲ့လူတွေ မဟုတ်ဘူး”
အားလုံးသော သူတို့သည် စကြဝဠာထဲတွင် မတ်မတ်ရပ်ကာဖြင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက် တိုက်ခိုက်ရန် ပြင်ဆင်ပြီးသားဖြစ်၏။ သို့ပေမဲ့ ထူးဆန်းလှချေသည်။ လအနည်းငယ်ကြာမြင့်လာခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် နည်းနည်းလေးမှ မလှုပ်ရှားသေးချေ။
“မဟုတ်သေးဘူး”
ကျန့်ကွေ့ရှုက စဉ်းစားလိုက်၏။ “စစ်သည်တွေကို လွှတ်ပြီး ကျုပ်တို့ကို တိုက်ခိုက်ရတော့မှာ မဟုတ်လား”
“အင်း.. ကျုပ်က လုပ်နိုင်စွမ်းရှိတဲ့ စစ်သူကြီးရှစ်ယောက်လုံးကို သတ်ခဲ့ပြီးပြီလေ။ ဘယ်သူမှ မကျန်တော့တာလဲ ဖြစ်နိုင်တာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“မဟုတ်သေးဘူး”
ကျန့်ကွေ့ရှုက ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာမှာ ကိုယ်ပွားတွေ အများကြီး ရှိတယ်။ အားအင်အရ ဆိုရင် ကောင်းကင်နဂါး စစ်သူကြီးရှစ်ဦးထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး”
“ဒါဆိုရင် ဖြစ်နိုင်တာက”
ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိသည်။ ပြီးနောက် သူက ပြောလိုက်တော့၏။ “တစ်စုံတစ်ခု လုပ်ဖို့အတွက် စီစဉ်နေတာလား”
အတိတ်တုန်းကသာဆိုလျှင် သူပုန်းအောင်းနေသောကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ လာရှာ၍ မရနိုင်ပေ။ ယခု ထာဝရလောကကြီးသည် အထက်စကြဝဠာထဲတွင် မားမားမတ်မတ်ရပ်တည်နေ၏။ အမှန်ပင် ပစ်မှတ်အဖြစ် ထားသင့်သည့် အရာမျိုးပင်။
“ပြောဖို့ခက်တယ်”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဘာပဲပြောပြော သတိထားမှဖြစ်မယ်”
“စီနီယာ.. စိတ်ချပါ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တပည့်တွေ အကုန်လုံးကို သတိအပြည့်နဲ့ နေဖို့ သတိပေးထားပြီပြီ”
“ကောင်းပြီ” ကျန့်ကွေ့ရှုက ခေါင်းညိတ်လိုက်သည်။
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ မလှုပ်ရှားဘူးဆိုရင် ကျုပ် လှုပ်ရှားရမှာပေါ့” ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။
တစ်ရက်အတွင်းမှာပဲ ထာဝရလောကကြီးအတွင်းမှ များပြားလွန်းလှသော ရွက်သင်္ဘောများ ထွက်ပေါ်လာခဲ့ပြီး အဆုံးအစမဲ့စကြဝဠာထဲသို့ ထွက်ခွာသွားကြသည်။ ၎င်းတို့အားလုံးသည် တည်နေရာ အနှံ့ဆီသို့ ပျံသန်းသွားခဲ့ကြ၏။ ၎င်းတို့၏ တာဝန်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် မျှမျှတတ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထာဝရလောကကြီး တည်ရှိနေသည်ဖြစ်ကြောင်းကို သတင်းသွားရောက် ပေးပို့ရန်ပင် ဖြစ်၏။ တကယ့်ကို ရည်မှန်းချက် ကြီးမားသူများသည် လာရောက်ကာ ပူးပေါင်းပေလိမ့်မည်။
မကြာခင်မှာပဲ ထိုသတင်းသည် ပျံ့နှံသွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်လျက်ရှိသည့် ဂြိုဟ်အသီးသီး၊ အင်အားစု အသီးသီးတို့သည် ထိုသတင်းကို ရရှိပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် စတင်ကာ ဆွေးနွေးခဲ့ကြ၏။ အနှစ်ချုပ်ရမည်ဆိုလျှင် ဤဂြိုဟ်ကြီးသည် မည်သည့်အချိန်က ပေါ်လာမှန်းမသိဘဲ စစ်သည်များကို စုဆောင်းလျက် ရှိနေသည်ဆိုသည့်အကြောင်းအရာပင်။
“ဟမ့်”
အင်အားစုတစ်ခု၏ အဓိကဟောခန်းထဲမှာတော့ အဘိုးအိုတစ်ယောက်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့တယ်။ အတွေ့အကြုံနဲ့ အားအင်က တော်တော်တောင် ကြီးထွားနေပြီ။ ဘယ်လိုဖြစ်ပြီး ထာဝရလောကကြီးဆီ သွားရမှာလဲ။ ကျုပ်အမြင်အရဆိုရင် ဒီဂြိုဟ်ကသာ ကျုပ်တို့နဲ့ လာပြီး ပူးပေါင်းသင့်တယ်”
သတင်းဖြန့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အစစ်အမှန် ရည်မှန်းချက် ကြီးမားလှသည့်လူများကို ခေါ်ယူရန် ကျရှုံးခဲ့သည်သာမက သူ့အားပင် အထင်အမြင်သေးလျက် ရှိနေသည်။ နားလည်ဖွယ်ရာပင်။ တချို့သော ဆရာကြီးများသည် ဘာမှန်းမသိဘဲ ပေါ်လာသည့် အရာများကို အထင်အမြင် သေးတတ်သည်မှာ လောကသဘာဝပင် ဖြစ်လေသည်။
ဟုတ်ပေ၏။ ယခုထက်ပိုသည့် အကြောင်းအရာ တစ်ခုက တည်ရှိနေသေး၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အထက်စကြဝဠာတစ်ခုလုံးကို ပြဿနာရှာနေသည့်အချိန်တွင် အန္တိမလမ်းစဉ်ကို ထိတွေ့ခွင့်ရမည့် အခွင့်အလမ်း ပေါ်ပေါက်လာပြီ ဆိုပြီး ပုန်းအောင်းလျက်ရှိနေသည့် ကျင့်ကြံသူများသည် အလိုလို ထွက်လာခဲ့ကြ၏။ သဘာဝအားဖြင့် ထိုသူတို့အားလုံးသည် တခြားသူ၏ လက်အောက်သို့ မဝင်ချင်ကြချေ။
“အင်း”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေပြီး အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ထာဝရလောကကြီးက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တကယ့်အရာမျိုး ဖြစ်ရမယ်။ ငါတို့အနေနဲ့ လုံလောက်တဲ့အားအင်အဆင့်ကို သက်သေပြဖို့ လိုအပ်နေသေးတာပဲ”
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒီအဖွဲ့တွေက မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ တိုက်ခိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်တာလေ။ ဘာလို့ သူတို့ကို သွားပြီးတော့ ခေါ်နေမှာလဲ”
“အင်း.. အရင်တုန်းက ငါလည်း အဲလိုမျိုး တွေးခဲ့တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ အားအင်အဆင့်က ဘာလဲဆိုတာ မသိဘူးလေ။ ငါတို့ အထက်စကြဝဠာထဲမှာရှိတဲ့ အားအင် တွေကို စုစည်းပြီးတော့မှ အနိုင်ယူနိုင်မယ်လို့ ထင်တယ်”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ စစ်တပ်ကြီးက သီးသန့်ပင်လယ်နယ်မြေကို ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းကြားထားတယ်”
“အင်း.. ကျုပ်တို့ အခွင့်အရေး ရလာပြီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ “သားရဲစီး ဟောခန်းက လက်ရွေးစင်အားလုံးကို ခေါ်ပြီးတော့ အဲဂြိုဟ်ကို သွားပြီး ကူညီလိုက်ကြ”
“ကောင်းပါပြီ”
ဆွစ် ဆွစ်
ခဏအတွင်းမှာပဲ ရွက်သင်္ဘောရာချီတို့သည် ထာဝရလောကကြီးအတွင်းမှ ပျံသန်းထွက်ခွာသွားခဲ့ကြ၏။ ရှေ့ဆုံးတွင် ဦးဆောင်လျက်ရှိနေသည့် ရွက်သင်္ဘောအတွင်းမှာတော့ ကျင်းဟီသည် ပြတင်းပေါက်တံခါးဆီမှ အပြင်ဘက်ဆီသို့ လှမ်းကာကြည့်ရှုလျက်ရှိ၏။ သူမသည် ဂိုဏ်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်ဆင်လျက် ရှိနေပြီး ခေါင်းစွပ်ကို အသာစွပ်လိုက်၏။ သူမ၏ အစစ်အမှန် စွမ်းရည်ကို ပြသရန် အချိန်ကျရောက်လာခဲ့လေပြီ။