အခန်း ၁၉၅၃
Vol. 131 Ch. 1953
အပိုင်း (၁၉၅၃)
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထာဝရလောကကြီးကို လာရောက် မတိုက်ခိုက်ခဲ့သော်လည်း အပြင်လောကကြီးတစ်ခုလုံးကို ဖိနှိပ်ပြီး တည်နေရာနယ်မြေ ချဲ့ထွင်နိုင်ရန် လုပ်ငန်းစဉ်ကို မရပ်တန့်ခဲ့ချေ။ များပြားလှသည့် စစ်သည်များကို အဖွဲ့ခွဲကာ စေလွှတ်ပြီးနောက် ယခင်ကတည်းက ပစ်မှတ်ထားခဲ့သည့် ဂြိုဟ်များကို တိုက်ခိုက်လျက်ရှိ၏။
ထိုအရာသည် ကျွင်းချောင်ရှောင်းအတွက် အခွင့်အရေးပင် ဖြစ်လေတော့၏။ သူသည် လျင်လျင်မြန်မြန်ဖြင့် သွားရောက်ကာ ကူညီမည်ဆိုပါက သူ၏ဂုဏ်သိက္ခာတရားသည် တိုးတက်လာပေမည်။ သူ၏ဂြိုဟ်သည်လည်း နာမည်ကျော်ကြားလာမှာ သေချာ၏။ အထက် စကြဝဠာတစ်ခုလုံးအား သူ မည်ကဲ့သို့ စွမ်းဆောင်အားရှိကြောင်း ထုတ်ဖော်ပြသနိုင်ရန် အခွင့်အရေးကြီးပင်။
မှန်ပေ၏။ အဖွဲ့အစည်း တော်တော်များများမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်း မရှိကြပေ။ ဤကပ်ဘေးကြီးဆီမှ ဖြစ်တည်လာခဲ့သည့် အကျိုး ကျေးဇူးများကို လက်ခံရယူရန်သာ မျှော်လင့်ထားကြ၏။ ၎င်းတို့သည် အသက်ကို စတေးကာဖြင့် တိုက်ခိုက် မည်ဆိုပါက ဤကဲ့သို့ ကြီးကြီးမားမား အန္တရာယ်မျိုး ဖြစ်တည်လာလိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းအနေဖြင့် အစစ်အမှန် ပြုလုပ်ချင်သည်သာမက အားလုံးသောသူများကိုလည်း စုစည်းချင်မိ၏။ ထိုမှသာလျှင် သူ့အနေနှင့် ဟန်ပြလူအဖြစ်မှသည် အစစ်အမှန် သူရဲကောင်းအဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်သည်။ အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း အထီးကျန် နေသည့် သူရဲကောင်းကြီး မဖြစ်ချင်ပေ။ အားလုံစုံညီ ပူးပေါင်းတိုက်ခိုက်မှုကို အလိုရှိသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အထက်စကြဝဠာတစ်ခုလုံးကို ထိခိုက်အောင် ပြုလုပ်နေ၏။ ထို့ကြောင့် ရှိရှိ သမျှသော သက်ရှိတို့သည် အတူစုပေါင်းကာဖြင့် တစ်ဖက်လူကို တိုက်ခိုက်ရပေမည်။ အားလုံးသော သူတို့သည် ဤကဲ့သို့သော တာဝန် ဝတ္တရားများကို ဝင်ရောက်ကာ ထမ်းဆောင်သင့်သည်ဟု သူက သတ်မှတ်ထား၏။
ကုန်းရှန့်သည် တကယ့်ကို နားလည်လွယ်သော လူတစ်ယောက်ပင်ဖြစ်၏။ တခြားသောသူများကို ကယ်တင် ချင်သည်သာမဟုတ် အားလုံးသောသူများသည် မိမိတာဝန်ကို မိမိထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိနားလည် စေချင်မိသည်။
“ဟင်း”
စနစ်သည် သက်ပြင်းချလိုက်မိ၏။ “ဘာပဲပြောပြော အကျိုးကျေးဇူးကို မျှော်ကိုးပြီးလုပ်နေတာပဲ မဟုတ်လား။”
“တော်စမ်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကျိုးကျေးဇူး မရှိဘဲနဲ့ ဘယ်သူက ဘာလုပ်မှာလဲ”
ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးသလို ဆက်ပြောလိုက်၏။ “ရက်စက်တဲ့ လောကကြီးမှာ နေထိုင်ရင်း ငါက ခွင့်လွှတ်လို့ မရတဲ့အရာ၊ အကြင်နာတရား ကင်းမဲ့တဲ့အရာမျိုးကို ပြုလုပ်နေတာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ဘာသာငါ လိပ်ပြာလုံတယ်”
သီးသန့်ပင်လယ်နယ်မြေ
ပထမတန်းစားဂြိုဟ်တစ်ခုအဖြစ် သုံးသပ်လို့ရနိုင်သည့် လောကကြီးတစ်ခုပင် ဖြစ်လေ၏။ နယ်မြေသခင်နှင့် သက်ရှိသတ္တဝါများသည် သံမဏိကဲ့သို့ ခိုင်မာလှသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်သည်။
မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ကျူးကျော်မှုကို ရင်ဆိုင်ရသည့်အချိန်တွင် ၎င်းတို့သည် ဂုဏ်သိက္ခာမဲ့စွာဖြင့် နေထိုင်ရမည်ထက် သေခြင်းတရားကိုသာ ရွေးချယ်ခဲ့ကြ၏။ ဤကဲ့သို့ တူညီလှသည့် လောကများ တည်ရှိနေသေး၏။ ထိုသူများ အားလုံးသည် အညံ့ခံရန်ထက် သေဆုံးခြင်းကို ရွေးချယ်ကြလေ၏။
ဤအရာသည် အစဉ်အမြဲ ကောင်းမွန်နေလေသည်လား။ မဟုတ်ပေ။ တချို့သောလူများအတွက်တော့ အသက် ရှင်သန်ရခြင်းသည် သေဆုံးရခြင်းထက် ပိုမိုကာ ကောင်းမွန်၏။ ထို့ကြောင့်ပင်လျှင် ၎င်းတို့၏ ဒူးများကို တခြား မည်သူမဆို၏ရှေ့တွင် ထောက်ကာဖြင့် အသက်ရှင်သန်နိုင်ရန် ကြိုးစားလေ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
သီးသန့်ပင်လယ်နယ်မြေ၏ အပြင်ဘက်တွင်တော့ အမြှောက်ဆံများသည် တည်နေရာအတားအဆီးကြီးကို ဆက်တိုက်ဆိုသလိုပဲ ထိမှန်နေပြီး ကြီးမားလှသည့် တွင်းကြီးတစ်ခု ဖြစ်တည်စေခဲ့သည်။
ဆွစ် ဆွစ်
ရွက်သင်္ဘောတစ်ရာကျော်တို့သည် အထဲသို့ ဝင်ရောက်သွားခဲ့ပြီးသည့်နောက် ရွက်သင်္ဘောကြီး၏အောက်တွင် အပေါက်တစ်ပေါက် ဖြစ်တည်လာခဲ့သည်။ ထိုအရာဆီမှ တကယ့်ကို တောင့်တင်းခိုင်မာလွန်းလှသည့် နတ်ဆိုး စစ်သည်များ ပျံသန်းထွက်ခွာလာခဲ့ကြ၏။
ဟမ်
စစ်သူကြီးသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “အင်ပါယာရဲ့ ခေါ်ယူမှုကို ငြင်းပယ်ရဲတယ် ဆိုမှတော့ ဒီနေ့ မင်းတို့အားလုံးက ပြာဖြစ်ရမယ်။ သေစမ်း”
မျက်စိတမှိတ်အတွင်းမှာပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်တစ်သိန်းကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကြာဖြင့် သွေးကဲ့သို့ နီရဲလှသည့် မျက်လုံးများနှင့်အတူ ရှေ့ဆီသို့ လှမ်းတက် လာခဲ့၏။ သူတို့၏ မျက်လုံးထဲတွင် ဤဂြိုဟ်ကြီးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပုန်ကန်သည့်ဂြိုဟ် ဖြစ်၏။ ထို့ကြောင့် ဤတည်နေရာတွင် မြက်တစ်ပင်၊ သစ်တစ်ပင်မှ ချန်မထားခဲ့ဟု ဆုံးဖြတ်ထားခဲ့ကြ၏။
“ငါတို့ အသက်ရှင်ရင် လောကကြီးက အသက်ရှင်မယ်။ ငါတို့သေရင် လောကကြီးက သေဆုံးသွားမှာပဲ” သီးသန့် ပင်လယ်လောက၏ အဓိကမြို့ပေါ်မှာတော့ လောကသခင်သည် အော်ဟစ်လိုက်သည်။
အချိန်အတော်ကြာ တည်ငြိမ်စွာဖြင့် စောင့်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်ကာဖြင့် လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ ၎င်းတို့သည် သေခြင်း တရားကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်လျက်ရှိကြောင်း ပြသလျက် ရှိနေကြ၏။
ကလေးများပင်လျှင် ထိုကဲ့သို့သော စိတ်ဓာတ်များ တည်ရှိနေ၏။ ကြောက်ရွံ့မှုဆိုသည်မှာ သူတို့၌ မရှိပေ။ သူတို့၏ အမိမြေကြီးနှင့်အတူ အသက်သေဆုံးမည်ဆိုသည့်အကြောင်းအရာကို အစောကြီးကတည်းက လက်ခံထားခဲ့ပြီး သား ဖြစ်သည်။
ဘုန်း ဘုန်း
မိုးကောင်းကင်နတ်ဆိုးအင်ပါယာကြီးသည် စစ်တပ်ချင်း တိုက်ခိုက်ခဲ့ခြင်းသာ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ရွက်သင်္ဘောပေါ်မှတဆင့် အဓိကမြို့ကြီးကို တောက်လျှောက်ဆိုသလိုပဲ ပစ်ခတ်ပြီး ဖျက်ဆီးလျက် ရှိနေ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
အကာအကွယ်အစီအရင်များသည် တစ်ခုပြီးတစ်ခု ကျိုးပြတ်သွားခဲ့၏။ အထဲရှိ သက်ရှိသတ္တဝါများ အားလုံး တို့သည် သေဆုံးရန်သာ စောင့်မျှော်နေရတော့၏။ အသက်အိုမင်းသူ၊ အားနည်းသူ၊ အမျိုးသမီး၊ ကလေးများ အားလုံးတို့သည် တုန်ခါလျက်ရှိနေသည့် အိမ်များထဲတွင် ပုန်းအောင်းလျက် ရှိနေကြ၏။ ၎င်းတို့သည် ဒူးထောက် ကာဖြင့် လက်အုပ်ချီ၍ ဆုတောင်းလျက် ရှိနေကြ၏။ ၎င်းတို့၏ သီးသန့်ပင်လယ်နယ်မြေကြီးအား နတ်ဘုရား တစ်ပါးက လာရောက်၍ ကယ်တင်ပါစေရန် တောင်းဆုပြုလျက် ရှိနေသည်။
“အမ်”
ပက်ပက်စက်စက် သတ်ဖြတ်မှုကို ပြုလုပ်ရန် ပြင်ဆင်နေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ် ကြီးသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီးသည့်နောက် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်များကို လှမ်းကာ ကြည့်ရှုလိုက်၏။
ဆွစ်
အလင်းတန်းတစ်ခုသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့၏။ ဤအရာသည် အလွန် ကြီးမားလွန်းလှသည့် စက်ရုပ်ကြီးတစ်ခုပင် ဖြစ်လေ၏။ ကောင်းကင်ယံထက်တွင် ၎င်းသည် မတ်မတ်ရပ်လျက် ရှိနေပြီး ခန္ဓာကိုယ်မှ အလင်းတန်းများ ထုတ်ဖော်လျက် ရှိသည်။
ခလွပ်
၎င်းသည် လက်ကြီးကို မြှောက်ပြီးသည့်နောက် ဓားကို ဆွဲထုတ်လိုက်သည်။ “သီးသန့်ပင်လယ်နယ်မြေ လောက ကြီးကို ကာကွယ်ပေးမယ်” ကျယ်လောင်သည့်အသံတစ်ခုသည် ရှောင်ထျန်းစက်ရုပ်ကြီးဆီမှ ထွက်ပေါ်လာ၏။
“သေချင်နေတာပဲ”
ရန်သူစစ်သူကြီးသည် အံ့အားသင့်သွားမိသည်။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ ရွက်သင်္ဘောတစ်ရာကျော်တို့သည် ထိုကြီးမားလှသည့် စက်ရုပ်ကြီးကို အမြှောက်များ ဖြင့် ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြသည်။
“ဟမ့်”
ရှောင်ထျန်းစက်ရုပ်ကြီးသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် ချက်ချင်း မတိုက်ခိုက်ခဲ့ချေ။ ထိုအစား ဌာနချုပ် ဆီသို့ ဆက်သွယ်ကာ မေးမြန်းလိုက်၏။ “သတ်ဖြတ်ဖို့ ခွင့်ပြုပါသလား”
“ခွင့်ပြုတယ်”
“ရွက်သင်္ဘောတွေအားလုံးကို ဖျက်ဆီးဖို့ ခွင့်ပြုပါသလား”
“ခွင့်ပြုတယ်”
“ဟမ်”
ထာဝရရွက်သင်္ဘော၏ ပဲ့ပိုင်းတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် လှမ်းကာ အော်ဟစ်လိုက်၏။ “ဘာလို့ ပေါက်တတ်ကရတွေ မေးနေတာလဲ။ တိုက်စရာရှိတာ တိုက်တော့လေ။ အချိန်ဖြုန်း မနေနဲ့”
“ကောင်းပါပြီ ဂိုဏ်းချုပ်”
ဂိုဏ်းချုပ်၏ ခွင့်ပြုချက်ကို ရရှိပြီးသည့်နောက် ရှောင်ထျန်းစက်ရုပ်ကြီး၏ မျက်လုံးများသည် လင်းလက်သွား၏။ ကျင်းဟီသည် ထိန်းချုပ်မှု ခလုတ်များအား တောက်လျှောက်နှိပ်လျက် ရှိနေသည်။
“စတင်မည်”
ဆွစ်
ပြောပြီးပြီးချင်းမှာပဲ ရှောင်ထျန်းစက်ရုပ်ကြီးသည် ပျောက်ကွယ်သွားခဲ့တော့၏။ မြို့ထဲတွင် ရှိနေသည့် သီးသန့် ပင်လယ်လောကဆီမှ သိုင်းကျင့်ကြံသူများ အားလုံးသည် မျက်လုံးပြူးသွား၏။ အဘယ်ကြောင့်ဆိုသော် ရန်သူ ရွက်သင်္ဘောများ၏ ကြားထဲတွင် ဇက်ပုံသဏ္ဍာန်ဓားရာကြီးတစ်ခုက ပေါ်ပေါက်နေသောကြောင့်ပင်။
ဘန်း ဘန်း ဘန်း
ချက်ချင်းပဲ ဒါဇင်နှင့်ချီသည့် ရွက်သင်္ဘောများသည် ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ရှောင်ထျန်းစက်ရုပ်ကြီး၏ အနောက်ဘက်တွင် မီးတောက်များ လင်းလက်လျက် ရှိနေ၏။ လူများအားလုံးသည် ထိုအရာကြီး၏ အထက်တွင် ရှိနေသည့် နံပါတ် (၆၆) ဟူသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
“ဒါက” ရန်သူစစ်သူကြီးသည် ဆွံ့အသွားမိသည်။
ဆွစ်
ရှောင်ထျန်းစက်ရုပ်ကြီးသည် ထပ်မံကာလှုပ်ရှားပြန်၏။ ၎င်းသည် လေထဲတွင် ဝေ့ဝဲသွားလာပြီးသည့်နောက် ဓားကြီးကို ကိုင်ဆောင်ကာဖြင့် ခုတ်ပိုင်းလျက် ရှိနေ၏။ ရွက်သင်္ဘောများ အားလုံးတို့သည့် စုတ်ပြတ်သတ်လျက် ရှိနေ၏။ ထက်ပိုင်းပြတ်ကာ အောက်သို့ ပြုတ်ကျသည့် ရွက်သင်္ဘောများသည် တော်တော်ပင် များပြားလှ၏။
“သေစမ်း”
ရှောင်ထျန်းစက်ရုပ်ကြီးသည် မရပ်တန့်ချေ။ တွေဝေငေးငိုင်လျက်ရှိနေသည့် စစ်သည်တစ်သိန်းကျော် တို့ဆီ ဝင်ရောက်ကာ ဓားနှင့် ခုတ်ပိုင်းပြန်သည်။
ဆွစ် ဆွစ် ဆွစ်
မကြာခင်မှာပဲ လေဟာနယ်ထဲတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။
ကျုံးရီ ဦးဆောင်သော သားရဲစီးဟောခန်းဆီမှ လက်ရွေးစင်တပည့်များသည် ရောက်ရှိလာခဲ့ကြ၏။သို့ပေမဲ့ ၎င်းတို့အားလုံး ဘာမှမလုပ်လိုက်ရချေ။ တည်နေရာထဲတွင် ရွက်သင်္ဘောများ၏ အပိုင်းအစ အပျက်များ၊ ရန်သူသင်္ဘောများ၏ အလောင်းများ ပြည့်နှက်နေလေသည်။
“အားနာပါတယ်”
ရှောင်ထျန်းစက်ရုပ်ကြီး၏ ပခုံးထက်တွင် ထိုင်လျက်ရှိနေသည့် ကျင်းဟီသည် သွားဖြီးကာ ပြောလိုက်၏။ “နည်းနည်းလေး လက်လွန်သွားတယ်”
ဤတစ်ကြိမ်မှာတော့ သူမသည် အစစ်အမှန် ကောင်းမွန်လှသည့် လုပ်ဆောင်မှုပုံစံကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်၏။ သူမသည် အမှန်ပင် ဂုဏ်ယူဝံ့ကြွားမိ၏။
“ဟင်း”
ကျုံးရီသည် ဦးခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်မိ၏။ သူတို့ မြန်မြန်ဆန်ဆန် ထွက်ခွာခဲ့သည် ဆိုသော်လည်း ရှောင်ထျန်းစက်ရုပ်ကြီး၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်လှသည် ဖြစ်သောကြောင့် သူတို့ အနေနှင့် အစွမ်းအစပင် ပြခွင့်မရခဲ့ချေ။
..........
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် အားနည်းလှသည် မဟုတ်ချေ။ သို့ပေမဲ့ အားလုံးသော သူတို့သည် ကျင်းဟီ ထိန်းချုပ်ထားသော ရှောင်ထျန်းစက်ရုပ်ကြီး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ဤအရာသည် သီးသန့်ပင်လယ်လောကထဲတွင် ရှိနေသည့် သတ္တဝါများအားလုံးကို တုန်လှုပ်စေခဲ့၏။
“ရောင်းရင်းလေး”
လောကသခင်သည် အထက်ပိုင်း အကြီးအကဲများနှင့်အတူ လူကိုယ်တိုင် လာရောက်ကာ ကျေးဇူးတင်စကားဆို၏။ “လာရောက်ကူညီတဲ့အတွက် ကျေးဇူးပါပဲ”
“အင်း... လောကကြီးကို ကယ်တင်ဖို့ဆိုတာ ထာဝရလောကကြီးရဲ့ တာဝန်ဝတ္တရားဖြစ်တယ်လို့ ဂိုဏ်းချုပ်က ပြောထားတယ်။ ဒီတော့ ကျေးဇူးတင်စရာ မလိုဘူး” ကျင်းဟီက ပြောလိုက်သည်။
“ဒါဆိုရင် မေးပါရစေ ရောင်းရင်းလေး.... မင်းရဲ့ဂိုဏ်းချုပ်က ဘယ်သူလဲ”
“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း ပါပဲ”
အားလုံးသော သူတို့သည် ဂိုဏ်းချုပ်၏ နာမည်ကို သေသေချာချာ မှတ်မိသွားခဲ့ကြ၏။
“ဒင်... လက်ခံသူသည် သီးသန့်ပင်လယ်လောကကြီးကို လွှမ်းမိုးနိုင်မှု ရှိခဲ့၏။ အဓိကတာဝန် ပြည့်စုံသွားခဲ့သည်။ တာဝန်ပြည့်စုံမှုနှုန်းသည် ငါးဆယ့်ငါးရာခိုင်နှုန်းဖြစ်သည်”
“ငါးရာခိုင်နှုန်းထဲလား” ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ပျက်သွားခဲ့၏။
“မဆိုးပါဘူး”
စနစ်က ပြောလိုက်သည်။ “အနည်းဆုံး တစ်ရာခိုင်နှုန်းထက်တော့ ပိုပြီးတော့ များသေးတာပဲ”
“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ ထို့ကြောင့် အသံပို့လွှတ် လိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ထာဝရလောကကြီးနဲ့ မဟာမိတ် ဖွဲ့မလားလို့ သူတို့ကို မေးလိုက်”
“ကောင်းပါပြီ” ကျင်းဟီသည် ချက်ချင်းပဲ လောကသခင်အား ပြန်လည်ကာ မေးမြန်းလိုက်သည်။
ခဏလောက် စဉ်းစားပြီးသည့်နောက် လောကသခင်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “စိတ်မရှိဘူး ဆိုရင် ကျုပ်တို့က နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ရေတွေ၊ မီးတွေကို ကျော်ဖြတ်ပြီးတော့ လိုလိုချင်ချင် တိုက်ခိုက် ပါ့မယ်”
ယနေ့အချိန်မှာတော့ ထာဝရလောကကြီးသည် လက်တွဲဖော်တစ်ယောက်ကို ရရှိခဲ့ပြီးပြီဖြစ်၏။ ဟုတ်ပေသည်။ ဤအရာသည် ပထမဦးဆုံးအရာဖြစ်၏။ နောက်ဆုံး မဟုတ်သေးချေ။ ကျွင်းချောင်ရှောင်းအနေနှင့် အချိန်အတိုင်း အတာအတွင်း များပြားလှသည့် ဂြိုဟ်များကို သွားရောက်ကာ ပေါင်းစည်းနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။