အခန်း ၁၉၅၄
Vol. 131 Ch. 1954
အပိုင်း (၁၉၅၄)
ထာဝရလောကကြီးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များကို သုတ်သင်သတ်ဖြတ်ခဲ့ပြီး သီးသန့် ပင်လယ်လောကကြီးကို ကယ်တင်ခဲ့သည်ဆိုသောသတင်းသည် အထက်စကြဝဠာကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျွင်းချောင်ရှောင်းသည် တမင်တကာ ထိုသတင်းကို ဖြန့်ခဲ့ခြင်းပင်။ အားလုံးသောသူတို့ ယုံကြည်စေရန် အလို့ငှာ သူသည် မိုးဆွေဟောခန်းမှ တပည့်အသီးသီးကို များပြားလှသည့် ဂြိုဟ်အသီးသီးသို့ စေလွှတ်ကာ သတင်းများ ဖြန့်ဝေခိုင်းခဲ့ခြင်းပင်။
“စကားလုံးတွေက သက်သေမရှိဘူး”
တစ်စုံတစ်ယောက် မေးခွန်းထုတ်လိုက်သည်။ “ဘယ်သူက ယုံမှာလဲ”
“အမှန်ပဲ။ ကျုပ်တို့အားလုံးက အရူးမှ မဟုတ်တာ”
ဆက်တိုက်ဆိုသလိုပဲ များပြားလှသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ထိုအရာကို မယုံခဲ့ကြချေ။ ထာဝရလောကကြီးအနေနှင့် ထိုသတင်းကို ဖန်တီးခဲ့သည်ဟု ထိုသူတို့က တွေးထင် ထားခဲ့သည်။ အားလုံးသော သူတို့ မေးခွန်းထုတ်လျက် ရှိနေတုန်းမှာပဲ များပြားလှသည့် ဂြိုဟ်အသီးသီး၏ ကောင်းကင်ယံထက်တွင် ပုံရိပ်ယောင်အစီအရင်ကြီးက ဖြစ်ပေါ်လာခဲ့၏။
“ဘာတွေဖြစ်နေတာလဲ” သိုင်းကျင့်ကြံသူများသည် အံ့အားသင့်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်ကြသည်။
ဝှစ်
ရုတ်တရက် ပုံရိပ်ယောင်မြင်ကွင်းထက်တွင် ပုံရိပ်များ ပေါ်ပေါက်လာခဲ့တော့၏။ ထိုအရာသည် တည်နေရာကြီး တစ်ခုလုံး ကွဲအက်လျက်ရှိနေသည့် ဂြိုဟ်ကြီးတစ်ခုလုံးကို ပြသနေခြင်းပင်။
“ဒါက”
အားလုံးက ထကာ အော်ဟစ်လိုက်ကြ၏။ “သီးသန့်ပင်လယ်လောကကြီးပါလား”
ဘုန်း ဘုန်း ဘုန်း
မြင်ကွင်းများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ အလွန်ကြမ်းတမ်းပုံပေါ်ပြီး သေသေချာချာ လေ့ကျင့်ထားခြင်းကို ခံရသည့် စစ်သည်များသည် အပြင်ဘက်သို့ ထွက်ပေါ်လာကြသည်။
“ဒါ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ စစ်သည်တွေပဲ”
များပြားလှသော ဂြိုဟ်အသီးသီးမှ ကျင့်ကြံသူများသည် ပုံရိပ်များကို မြင်လိုက်သည်နှင့် တပြိုင်နက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာမှ သီးသန့်ပင်လယ်လောကသို့ ဝင်ရောက်တိုက်ခိုက်သည့် မြင်ကွင်းများဖြစ်ကြောင်း နားလည်လိုက်ကြ၏။
ဝှစ်
ရုတ်တရက် အလင်းတန်းတစ်ခုသည် ပျံသန်းလာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖြတ်သန်း သွားခဲ့၏။ ထိုအရာသည် အလွန်လင်းလက်လွန်းလှပြီး ကောင်းကင်ကြီးထက်၌ နေကြီးတစ်ခုကဲ့သို့ပင်။
“သီးသန့် ပင်လယ်လောကကြီးကို ကယ်တင်မယ်” ကျင်းဟီ၏ အသံသည် ထွက်ပေါ်လာခဲ့၏။
များပြားလှသော ဂြိုဟ်အသီးသီး၏ ပုံရိပ်ယောင်မြင်ကွင်းမှာလည်း ထိုအသံက ပျံ့လွင့်နေသည်။
ဤအရာသည် သီးသန့်ပင်လယ်လောကကြီးကို ကူညီကယ်တင်သည့်အချိန်တွင် ကြိုတင်ကာဖြင့် ပုံရိပ်ယောင် မှတ်တမ်းများကို ရယူထားခဲ့ခြင်းပင်ဖြစ်၏။ စကားလုံးသည် သက်သေပြချက် မရှိလှပေ။ ကောင်းပြီ။ ယနေ့ အချိန်မှာတော့ အားလုံးသောသူတို့၏ ကိုယ်ပိုင်မျက်စိများနှင့်မြင်ရအောင် ပြုလုပ်ပေးခဲ့၏။
ဘုန်း ဘုန်း ဘုန်း
ကျင်းဟီတစ်ယောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များကို ရှောင်ထျန်းစက်ရုပ်ကြီး၏ အကူအညီဖြင့် သတ်ဖြတ်နေသည့်မြင်ကွင်းသည် အားလုံးသောသူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ လူတစ်ယောက်တည်းနှင့် စစ်တပ်ကြီးတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့၏။ မယုံကြည်နိုင်ဖွယ်ရာပင်။ ပုံရိပ်ယောင်အစီအရင် မရှိသည်ဆိုပါက ၎င်းတို့အားလုံးသည် သံသယဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာ တော့ အမှန်ပဲ တုန်လှုပ် နေမိသည်။
ထာဝရလောကကြီးဆိုသည်မှာ အမှန်ပင် အားကောင်းနေလေသည်လား။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်လား။
“သွားကြရအောင်”
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် ကျန်းတယ်ကျွင်းသည် သူ၏လူများကို ဦးဆောင်ကာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့၏။
သူတို့ ထွက်ခွာသွားပြီးသည့်နောက် မြို့ထဲတွင် ရှိနေသည့် အစီအရင်ဆရာတော်တော်များများတို့သည် ရောက်ရှိလာကာ အော်ဟစ်လိုက်သည်။ “ဘယ်သူက ငါတို့ရဲ့ အစီအရင်စနစ် တစ်ခုလုံးကို ခိုးယူသွားခဲ့တာလဲ”
မှန်ပေ၏။ ကျန်းတယ်ကျွင်းသည် ဤဂြိုဟ်ကြီးတွင် ရှိနေသည့် အစီအရင် စနစ်ကြီးတစ်ခုလုံးကို တစ်ဖက်လူ၏ ခွင့်ပြုချက် မယူဘဲ ခိုးယူကာဖြင့် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုလုံးကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်၏။
“ဒါက အရမ်းကို မြင့်မားတယ်။ ငါတို့ ပိတ်လို့ မရနိုင်ခဲ့ဘူး”
“ချီးတဲ့မှ..”
သူတို့သည် မြင်သာ မြင်နေခဲ့ရ၏။ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။ တစ်ဖက်လူများ အားလုံးသည် ပြချင်တာကို ပြသပြီးသည့်နောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကြသည်။
“ဟင်း”
အစီအရင်ဆရာများ အားလုံးသည် တစ်ဖက်လူများ မရှိတော့သည်ကို သိရှိပြီးသည့်နောက် စိတ်သက်သာရာ ရသလို သက်မများပင် ချမိလိုက်ကြ၏။
တူညီသည့် ဖြစ်စဉ်များသည်လည်း တခြားသော ဂြိုဟ်အသီးသီးတွင် ဖြစ်ပေါ်လာကြ၏။ ၎င်းတို့၏ အစီအရင် စနစ်တစ်ခုလုံးသည် ခိုးယူခြင်းကို ခံခဲ့ရပြီး ပုံရိပ်ယောင် အစီအရင်များသည် ကောင်းကင်တွင် အလိုလို ထင်ပေါ်လာခဲ့သည်။ ဂြိုဟ်အသီးသီးတွင် ရှိနေသည့် အစီအရင်ဆရာများသည် ဘာမှ မတတ်နိုင်ဘဲ လက်မှိုင်ချကာ ကြည့်ရှုနေကြရ၏။
သူတို့ ဤအတိုင်း ထွက်ခွာသွားခဲ့လေသည်လား။ မဟုတ်ပေ။ ဒုတိယရက်မှာတော့ ပုံရိပ်ယောင်အစီအရင်သည် ထပ်မံကာ အသက်ဝင်လာခဲ့ပြန်၏။ ကျင်းဟီ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးကို တိုက်ခိုက် နေသည့် မြင်ကွင်းအား ထပ်မံကာ ပြသပြန်သည်။
“ထပ်လာပြန်ပြီလား”
အစီအရင်ဆရာများ အားလုံးသည် ပြိုလဲလုမတတ် ဖြစ်နေကြ၏။ ဆယ်မိနစ်ခန့် ပြသခဲ့ပြီးသည့်နောက် သူ့အလိုလို ပျောက်ကွယ်သွားပြန်၏။ နေ့စဉ်နေ့တိုင်းဆိုသလို ထိုအရာကို ပြသလျက်ရှိ၏။
ကျင်းဟီတစ်ယောက် စက်ရုပ်ကြီး၏ ပခုံးထက်တွင် ထိုင်ကာဖြင့် အားရပါးရ အောင်ပွဲခံနေသည့် မြင်ကွင်းသည် အားလုံး၏ စိတ်ကို လွှမ်းမိုးနေပြီဖြစ်၏။ ဤအရာသည် ကုန်းရှန့်တစ်ယောက် နဂါးကျားတိုက်ပွဲမှာတုန်းက ပြုလုပ်ခဲ့သည့် ထပ်တလဲလဲ ကြော်ငြာခြင်းပင် ဖြစ်လေ၏။ အမှန်ပင် စိတ်ပျက်စရာ ကောင်းလှသည်ဆိုသော်လည်း အကျိုးကျေးဇူးမှာတော့ သိသာလွန်းလှသည်။
ထာဝရလောကကြီးသည် သီးသန့်ပင်လယ်လောကကြီးကို ကယ်တင်ခဲ့ကြောင်း ဂြိုဟ်အသီးသီးတွင် ရှိသည့် သိုင်းကျင့်ကြံသူများက ယုံကြည်လက်ခံခဲ့ရလေ၏။
“အဲတော့ ဘာဖြစ်လဲ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ လက်ရွေးစင် စစ်တပ်ကြီးမှ မဟုတ်တာ။”
...........
လောကအသီးသီးတွင် ရှိနေသည့် သံသယစကားများကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဟောခန်းထဲတွင် ထိုင်နေမိ၏။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက် သူသည် အသာလှည့်ကာဖြင့် အော်ဟစ်လိုက်မိ၏။
“သူတို့ရဲ့ အသိအမှတ်ပြုမှုကိုရဖို့ ချီးတဲ့မှ.. အဲလောက်တောင် ခက်တာလား”
ဟုတ်ပေသည်။ လက်ရွေးစင် စစ်တပ်များနှင့် မလုံလောက်ချေ။ ပြိုင်စံရှားဂိုဏ်းသည် လက်ရွေးစင်စစ်သည်များနှင့် တိုက်ခိုက်ရပေမည်။
ဒွီ ဒွီ
တစ်ရက်မှာတော့ များပြားလှသည့် ဂြိုဟ်အသီးသီးရှိ အဓိကမြို့များတွင် ရှိသော ပုံရိပ်ယောင်အစီအရင်များသည် ထပ်မံကာ အသက်ဝင်ခဲ့၏။ အားလုံးတို့သည် အသားကျနေပြီဖြစ်၏။ ထို့ကြောင့် တစ်ချက်လှမ်းကြည့်ပြီး လုပ်စရာ ရှိသည်များကို ဆက်လက်ကာ လုပ်ဆောင်နေကြ၏။
တစ်ခုခု မှားယွင်းနေလေသည်။ မနေ့က ပုံရိပ်မြင်ကွင်းနှင့် ခြားနားသည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာခဲ့၏။ အားလုံးသော သူတို့သည် ထပ်မံကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တည်နေရာကြီးတစ်ခုလုံး ပျက်ယွင်း သွားခြင်း မဟုတ်ဘဲ ကျယ်ပြောလှသည့် ကြယ်တာရာကောင်းကင်ကြီးတစ်ခုကို မြင်နေရခြင်းပင်။
“ညီအစ်ကိုတို့”
ရုတ်တရက် အားလုံး၏ စိတ်ထဲတွင် ကဗ္ဗည်းထိုးထားသလို ထင်ရှားနေပြီဖြစ်သော အမျိုးသမီး တစ်ယောက်၏ ပုံရိပ်ယောင်မြင်ကွင်းသည် ပေါ်လာ၏။ ထိုသူသည် ဦးထုပ်ကို အသာဝတ်ပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒီနေ့မှာ ထာဝရလောကကြီးအနေနဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ လက်ရွေးစင် စစ်သည်တွေကို ဘယ်လို တိုက်ခိုက်မလဲဆိုတာကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ်”
“တိုက်ရိုက်ပြမှာ ဟုတ်လား” အားလုံးက ဆွံအသွား၏။ လက်ရှိအချိန်မှာတော့ ကောင်းကင်ယံထက်တွင် အမဲရောင် ရွက်သင်္ဘောတစ်ရာကျော်တို့သည် တည်ရှိနေခဲ့ကြ၏။ ထိုအရာသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ် များသာဖြစ်တော့၏။ ၎င်းတို့အားလုံးသည် တည်နေရာကို ချိုးဖြတ်ကာ ထွက်ခွာသွားချင်ပေမယ့် အတင်း တားဆီးခံထားရပုံပေါ်သည်။
“သတ်ကြ၊ သတ်ကြ”
ကျယ်လောင်သော အော်သံကြီးများ ထွက်ပေါ်လာခဲ့၏။ များပြားလွန်းလှသော စက်ရုပ်များနှင့် သိုင်းကျင့်ကြံသူများသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ချီးတဲ့မှ” အားလုံးသော သူတို့သည် လူအရေအတွက်နှင့် အစွမ်းသတ္တိကို မြင်တွေ့ရသည့်အချိန်မှာတော့ ကျောရိုးမကြီးများပင် စိမ့်တက်သွားမိကြ၏။ ၎င်းတို့အားလုံးသည် ဤတည်နေရာဆီမှ လှမ်းကာ ကြည့်ရှုနေရ သည်ဆိုသော်လည်း အလင်းမြင်ကွင်းဆီမှ အလွန်အားကောင်းလွန်းလှသည့် သတ်ဖြတ်လိုခြင်းအော်ရာများ ထွက်ပေါ်နေသည်ကို ခံစားမိကြသည်။
..............
အထက်စကြဝဠာတစ်ခုလုံး တည်ငြိမ်အေးချမ်းရန်အတွက် ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြီးကြီးမားမား ပြသလျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်းမှ လက်ရွေးစင်တပည့်များ၊ စီနီယာနှင့် တပည့်များ အားလုံးတို့ သည် လက်ရှိအချိန်တွင် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးကို ရုတ်တရက် ကြားဖြတ်ကာ တိုက်ခိုက်နေကြ၏။
အစမှအဆုံးထိ တစ်ဖက်လူများသည် ပြန်လည်တိုက်ခိုက်ရန် အားအင်ပင် မရှိခဲ့ချေ။ အထူးသဖြင့် ထိပ်ဆုံး တည်နေရာတွင် တည်ရှိနေသည့် ဟယ်ဝူတီပင်ဖြစ်သည်။ ၎င်းသည် ရန်သူများအားလုံးကို အထက်စည်းမှ ဖိနှိပ် ကာဖြင့် တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်လျက်ရှိနေသည်။
တိုက်ခိုက်မှု မြင်ကွင်းများသည် ထပ်တလဲလဲ ပြောင်းလဲ သွားခဲ့ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် မိမိတို့၏ ပင်ကိုယ်စွမ်းရည်ကို အမှီခိုပြုကာဖြင့် ရန်သူပေါင်း များစွာ တို့ကို သုတ်သင်ပစ်ခဲ့တ၏။ ဤနေရာတွင် ဟယ်ဝူတီသည် တကယ့် ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသခဲ့၏။
ရွှီး ......
ပြိုင်စံရှားဂိုဏ်းသည် အဓိက ရွက်သင်္ဘောကြီးကို ဝင်ရောက်ကာ တိုက်ခိုက်ပြန်သည်။
ဆွစ် ဆွစ်
အရာအားလုံးအား တိုက်ခိုက်သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်မြင်ကွင်း ဘက်သို့ မျက်နှာလှည့်ကာဖြင့် မေးမြန်းလိုက်သည်။
“ကဲ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက တစ်ဖက်လူတွေနဲ့ အကောင်းဆုံး တိုက်ခိုက်နိုင်တယ် မဟုတ်လား။ ချီးတဲ့မှ.... ဘာလို့ အခုထိ မယုံကြသေးတာလဲ”
“.............”
အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားမိကြ၏။ သူတို့သည် စိတ်ထဲမှကြိတ်ကာ ဤအရာကိုတော့ ဝန်ခံလိုက်မိပြီဖြစ်သည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံး အားကောင်းသလား၊ အားမကောင်းလား ဆိုသည်မှာ ၎င်းဂိုဏ်းသားများ၏ ကြမ်းတမ်းသလား၊ မကြမ်းတမ်းသလားပေါ်တွင် မူတည်၏။ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ကြည့်ရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ထိုအရာကို အကောင်းဆုံးသက်သေပြခဲ့ပြီဖြစ်၏။
“ဒီဂိုဏ်းက အရမ်းကို ကြောက်ဖို့ကောင်းတယ်။ သူတို့က လောကကြီးကို ကယ်တင်နိုင်မယ်လို့ ယုံကြည်မိတယ်” ပုံရိပ်ယောင်မြင်ကွင်းများဖြင့် အထပ်ထပ် သက်သေပြခဲ့ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိနေကြသည်။