အခန်း ၁၉၅၅
Vol. 131 Ch. 1955
အပိုင်း (၁၉၅၅)
ဘုန်း ဘုန်း
အဓိကဂြိုဟ်အသီးသီးတွင် ရှိနေသော ပုံရိပ်ယောင်အစီအရင်များသည် နေ့စဉ်နေ့တိုင်းဆိုသလို ပြသလျက် ရှိနေ၏။ ကျင်းဟီတစ်ယောက် သီးသန့်ပင်လယ်လောကကြီးကို ကယ်တင်သည်သာမက ပြိုင်စံရှားဂိုဏ်းသားများ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လက်ရွေးစင်ရွက်သင်္ဘောများကို တားဆီးကာ တိုက်ခိုက်ခဲ့သည့် မြင်ကွင်း များကိုလည်း ထပ်တလဲလဲ ပြသနေ၏။
ကုန်းရှန့်၏ အကြံအစည်သည် အလွန်ပင် ရိုးရှင်းလွန်းလှ၏။ မယုံဘူးလား။ မယုံမချင်း ကြည့်ပေတော့။
“အားလုံးပဲ... မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အထက်စကြဝဠာတစ်ခုလုံးရဲ့ ဘေးဒုက္ခကြီးပဲ။ ဘယ်သူမှ နေသာသလို နေလို့မရဘူး”
ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်မြင်ကွင်း၏ အလယ်ဗဟိုတွင် ပေါ်ပေါက်လာ ပြီးသည့်နောက် အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုလျက်ရှိနေသည်။
“သတ္တဝါပေါင်း သောင်းချီရှိတယ်။ အနာဂတ် မျိုးဆက်သစ်တွေ အားလုံးအတွက် ကျုပ်တို့က ကိုယ့်ရဲ့လက်နက် တွေကို ဆွဲကိုင်ပြီး ပြန်လည် တိုက်ခိုက်ရမယ်။ ပြီးတော့ ထာဝရလောကကြီး၊ ပြိုင်စံရှားဂိုဏ်းက ဒါကိုလုပ်ဖို့ အတွက် အရည်အသွေး အပြည့်ရှိတယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေနဲ့ အားလုံးသောသူတွေကို ဒုက္ခ ရောက်အောင် လုပ်နေတာကြာပြီ။ ကျုပ်တို့သူ့ကို မတိုက်ခိုက်ဘဲ လွှတ်ထားမယ်ဆိုရင် ဒီထက်ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်”
“............”
အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ တစ်ဖက်လူသည် ပုံရိပ်ယောင်မြင်ကွင်းကို အသုံးပြုကာဖြင့် သူ့ကိုယ်သူ ကြော်ငြာလျက် ရှိနေ၏။
ဟုတ်ပေသည်။ တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးမှ ကြိုဆိုပါသည် ဆိုသည့် စာတမ်းများ၊ သူ့ဂြိုဟ်ကြီး၏ လှပသည့်မြင်ကွင်းများကို ဓာတ်ပုံများ ဝေဝေဆာဆာ ရိုက်နှက်ကာဖြင့် ပုံရိပ်ယောင်မြင်ကွင်းမှတဆင့် နေ့စဉ်ရက်စက်ဆိုသလို ပြသလျက် ရှိနေသည်။
“တံခါးက အမြဲတမ်း ဖွင့်ထားတယ်”
“လက်ကမ်းပြီး ကြိုဆိုနေပါတယ်”
“ပွေ့ဖက်ခြင်းက နည်းဗျူဟာတစ်ခုပဲ”
“ဒီနေရာကြီးက ချစ်မြတ်နိုးခြင်းနဲ့အတူ အားလုံးကို ကြိုဆိုနေတယ်”
မြင်ကွင်းပေါ်တွင် သာယာလှသော အသံများသည် တောက်လျှောက်ဆိုသလိုပဲ ထွက်ပေါ်လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲ နှင့် တပည့်များ အားလုံးတို့သည် ပြုံးရွှင်သည့် မျက်နှာထားနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်လျက် ရှိနေကြသည်။
...........
သိုင်းကျင့်ကြံသူများသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်မိလိုက်ကြသည်။ “ဒီကောင်တွေ အရူးတွေလား မသိဘူး”
သို့ပေမဲ့ တော်တော်များများတို့သည် စတင်ကာ စဉ်းစားလာကြ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် လူတော်တော် များများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ကြောက်လန့်ကြ၏။ ထို့ကြောင့် အမှောင်ထဲတွင် မီးအလင်း ပြမည့်လူကို စောင့်မျှော်နေမိကြ၏။ ထိုသို့သောလူမျိုး ပေါ်ပေါက်လာသည်ဆိုပါက ကျိန်းသေပေါက် သူတို့သည် ထောက်ပံ့ပေးမှာ ဖြစ်၏။ သို့ပေမဲ့ အားလုံးသောသူတို့သည် အလုံးစုံ ကျေနပ်သွားခဲ့ကြသည် မဟုတ်ချေ။
“ငါတို့ သွားလို့မဖြစ်ဘူး”
တစ်စုံတစ်ယောက်သည် ကြောက်လန့်စွာဖြင့် ပြောလိုက်မိ၏။ “သွားမယ်ဆိုရင် မြန်မြန် သေသွားမှာပေါ့။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာလည်း ဒီပုံရိပ်ယောင်အစီအရင် မြင်ကွင်းကို မြင်မှာပဲလေ။ သူ့ရဲ့နောက်လိုက်တွေ ဒီလိုမျိုး သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး ကျိန်းသေပေါက် သည်းခံနိုင်မှာ မဟုတ်ဘူး။ ရှိရှိသမျှ အလုံးစုံကို ထုတ်ဖော်ပြီး တိုက်ခိုက်မှာသေချာတယ်။ ငါတို့သွားရင် ငါတို့လည်း ဒီကိစ္စထဲ ပတ်သက်သွားမှာပေါ့”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ အသေခံလို့ မဖြစ်ဘူး”
သိုင်းကျင့်ကြံသူ တော်တော်များများသည် ရွေးချယ်မှုကို ပြုလုပ်ကြသည်ဆိုသော်လည်း တချို့သောသူများမှာတော့ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
“အင်း”
တစ်ဖက်လူများ၏ စိတ်နေစိတ်ထားကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခေါင်းကိုသာ ခါယမ်း လိုက်မိ၏။ “အားလုံးက ဒီလိုအတွေးမျိုး ရှိတယ်ဆိုရင် စကြဝဠာကြီးကို ဘယ်သူက ကယ်တင်မှာလဲ။ ထားလိုက်တော့။ ထားလိုက်တော့။ သူတို့မလာဘူးဆိုရင် သူတို့ကို အတင်းဖိအားပေးလို့ မဖြစ်ဘူး”
ကျွင်းချောင်ရှောင်းသည် အထက်စကြဝဠာတစ်ခုလုံးကို ပေါင်းစည်းပြီး မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ တိုက်ခိုက်ချင်စိတ်ရှိ၏။ တစ်ဖက်လူများသည် ပူးပေါင်းချင်စိတ် မရှိပါက သူ့ဘာသူလုပ်ရန်သာ ရှိတော့သည်။
“တခြားနည်းလမ်းလည်း မရှိတော့ဘူး”
စနစ်က ပြောလိုက်၏။ “သူရဲကောင်းတွေဆိုတာ အထီးကျန်တယ်လေ”
ကျွင်းချောင်ရှောင်းသည် ထိုအခြင်းအရာနှင့်ပတ်သက်၍ သဘောတူညီမိ၏။ သူ့အနေနှင့် ရန်သူများကို သွားရောက်ကာ တိုက်ခိုက်ရမည့်လမ်းစဉ်တွင် လောကကြီး၏ ထောက်ပံ့မှုကို မရဘူးဆိုရင်တောင်မှ သူတစ်ယောက်တည်း သွားရောက်ကာ တိုက်ခိုက်ရမှာဖြစ်သည်။
........
အရှေ့တွင်ရှိသည့် ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အစစ်အမှန် ဒေါသထွက်လျက်ရှိ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ဒေါသတကြီး အော်ဟစ် လိုက်၏။
“ငါ... ဒီပြိုင်စံရှားဂိုဏ်းကိုမှ မဖျက်ဆီးနိုင်ရင် ဒေါသတရားကို ဘယ်လိုဖြေနိုင်မှာလဲ”
သူသည် အစစ်အမှန် ဒေါသထွက်လျက် ရှိသည်။
“အင်ပါယာ”
အတိုင်ပင်ခံတစ်ယောက်သည် ဦးခေါင်းကို ငုံ့ကာ ပြောလိုက်၏။ “ဒီဂိုဏ်းက ကျုပ်တို့ကို ထပ်တလဲလဲ ပုန်ကန်နေတာကြာပြီ။ ပြီးတော့ အခုမြင်ကွင်းမျိုးကို ဂြိုဟ်အသီးသီးဆီ လိုက်ပြီး ပြနေသေးတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးပစ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်”
“ဖျက်ဆီးရမယ်။ ကျိန်းသေပေါက် ဖျက်ဆီးရမယ်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပြန်လည်ထိုင်ချ ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “ရှိရှိသမျှ အင်အားစုတွေအကုန် စုစည်းလိုက်။ ငါတို့ ထာဝရ လောကကြီးနဲ့ ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးရမယ်”
“ကောင်းပါပြီ”
အတိုင်ပင်ခံသည် အလျင်အမြန် ဦးညွတ်ကာဖြင့် စစ်သည်များကို စုစည်းရန် ထွက်ခွာသွားခဲ့၏။
“ကျွင်းချောင်ရှောင်း”
ဒေါသတရားကို ဖိနှိပ်ထားခဲ့သည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အေးစက်စက် ပြောလိုက်၏။ “အထက်စကြဝဠာ တစ်ခုလုံးကို ဝေပုကျိရဲ့ ဟောကိန်းအတိုင်း ဘယ်သူက ပြောင်းလဲမှာလဲ။ မင်းများလား။ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါ့ကို ဘက်ကန်တဲ့လူတွေ အားလုံးက မြေကြီးအောက်ကို ရောက်သွားရမှာပဲ။ လောကကြီးမှာ အထက်စကြဝဠာတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့လူက ငါ မိုးကောင်းကင် နတ်ဆိုးအင်ပါယာပဲ ဖြစ်ရမယ်။ တခြား ဘယ်သူမှ အရည်အသွေး မရှိဘူး”
...............
ဆွစ် ဆွစ်
နေရာအနှံ့ မီးများတောက်လောင်လျက်ရှိသည်။ ရှင်းလင်းသည့် ပုံပန်းသွင်ပြင်မျိုး မရှိသော မိုးကောင်းကင် နတ်ဆိုး အင်ပါယာသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။
အံ့အားသင့်သည့် အသံတစ်ခုသည် မီးတောက်ထဲမှ ပေါ်ပေါက် လာခဲ့သည်။ “ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
“ကျုပ်အတွက် တစ်ခုလုပ်ပေး”
“အင်း... လူကိုယ်တိုင် လာခဲ့တယ်ဆိုတော့ အရမ်းကို ခက်ခဲတဲ့ကိစ္စပဲ ဖြစ်ရမယ်”
“လုပ်ပေးမှာလား။ မလုပ်ပေးဘူးလား”
“အကျိုးကျေးဇူးက”
“ခင်ဗျားကို လွတ်မြောက်ခွင့်ပေးမယ်”
“ဟား ဟား ဟား... မိုးကောင်းကင်နတ်ဆိုးအင်ပါယာ.. ခင်ဗျား ပေါက်ပန်းလေးဆယ် ပြောတာတွေကို ယုံကြည် မယ်လို့ ထင်လို့လား”
“ယုံချင်ယုံ၊ မယုံချင်နေ။ ခင်ဗျားရဲ့ ရွေးချယ်မှုပဲ”
“..........”
မီးတောက်များကြားတွင် မည်သည့်အသံမှ မရှိချေ။ အရာအားလုံး တိတ်ဆိတ်နေ၏။
ခဏလောက် ကြာပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ဘယ်လိုလဲ။ ကျုပ်ကို ကူညီပြီးတော့ ဂြိုဟ်တစ်ခုနဲ့ ဂိုဏ်းတစ်ခုကို ဖျက်ဆီးပေး”
“ခင်ဗျားကိုယ်တိုင် လုပ်လို့မရတဲ့ အရာမလို့လား”
“ကျုပ်မှာ အချိန်မရှိဘူး”
“ဒါဆိုရင် ခင်ဗျားနောက်လိုက်ရှစ်ယောက်ကကော”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကြားရပြီးသည့်နောက် တစ်ဖက်လူသည် တစ်ခုခုကို သိရှိသွားခဲ့၏။ “ကြည့်ရတာ သေသွားတာပဲ နေမယ်”
မီးတောက်များ ပျောက်ကွယ်သွားပြီးသည့်နောက် ရင်ဘတ်ဗလာကျင်း၊ အနီရောင်ဆံပင်နှင့် လူတစ်ယောက် ထွက်လျှောက်လာ၏။ ၎င်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ဖြစ်တည်နေ၏။ “အင်း.. ကျုပ် ခင်ဗျားကို ထပ်ပြီး ယုံကြည်လိုက်တော့မယ်”
ထိုသူသည် အလွန်ငယ်ရွယ်လှသည့်ပုံပေါ်၏။ သို့ပေမဲ့ ၎င်း၏ မျက်လုံးထဲတွင်တော့ ကြီးမားလှသည့် အတွေ့အကြုံ များ၊ ဒုက္ခတရားများကို ဖြတ်သန်းခဲ့ရပုံ အထင်းသားပေါ်နေသည်။ သူသည် အစစ်အမှန် မငယ်ရွယ်တော့ချေ။
ဝှစ် ဝှစ်
မီးတောက်များသည် ခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းပြီးနောက် ၎င်း၏ ရင်ဘတ်ပေါ်တွင် အနီရောင်ကြာပန်း ပုံသဏ္ဍာန်တစ်ခု က ဖြစ်တည်လာ၏။ “ဂြိုဟ်၊ ဂိုဏ်း”
“ထာဝရလောက၊ ပြိုင်စံရှားဂိုဏ်း”
…….
ဝှစ်
ထာဝရလောကကြီးထဲတွင်တော့ မိုးများ သည်းထန်စွာ ရွာသွန်းလျက် ရှိနေတော့၏။ ကျွင်းချောင်ရှောင်းသည် ရေနွေးကို အသာသောက်ကာဖြင့် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။
“အင်း... ဒီလိုဆိုးရွားတဲ့ ရာသီဥတုဆိုတာ ဆိုးရွားတဲ့အရာတွေ ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်လား”
“သခင်”
ရုတ်တရက် အားရာက အသံပို့လွှတ်လိုက်သည်။ “ကျန်းစန်းက တွေ့ချင်တယ်တဲ့”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ဝင်ရောက်လိုက်၏။ အထဲသို့ ရောက်ရောက်ခြင်းမှာပဲ ကျန်းစန်းသည် တံခါးကို မှီကာဖြင့် ကြောက်လန့်နေသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ပြေးတော့။ မဟုတ်ရင် ခင်ဗျားနဲ့ ခင်ဗျားဂိုဏ်းတစ်ခုလုံးက သုတ်သင်ခံရ လိမ့်မယ်”
“.........”
ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိသွား၏။
ကျန်းစန်းက ပြောလိုက်သည်။ “ကျုပ် ကံကြမ္မာဖတ်လိုက်တယ်။ ပြိုင်စံရှားဂိုဏ်းက ကြီးမားတဲ့ ကပ်ဘေးကြီးကို ရောက်ရှိနေပြီ။ မဟုတ်သေးဘူး။ တော်ရုံ ကြီးမားတာ မဟုတ်ဘူး။ သေခြင်းတရားရဲ့ ကပ်ဘေးကို ကျနေတာ”