← Chapters

အခန်း ၁၉၅၆

Vol. 131 Ch. 1956

အခန်း ၁၉၅၆

Vol. 131 Ch. 1956

အပိုင်း (၁၉၅၆)

“သေခြင်းတရားကပ်ဘေး၊ သေခြင်းတရားကပ်ဘေး ဟုတ်လား”

ကျန်းစန်း၏ စကားလုံးများသည် အမှန်ပင် လေးနက်လျက်ရှိ၏။ စနောက်နေသည့် ပုံပန်းသွင်ပြင်မျိုး တစ်ချက် ကလေးမှပင် မပေါ်ချေ။ ဟုတ်ပေ၏။ အကျဉ်းထောင်စေတီထဲတွင် အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရပြီး သည့်နောက် သူသည် ဟာသ မလုပ်ရဲတော့ချေ။

“ပိုပြီး တိတိကျကျ ပြောလို့ရမလား”

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးများရွာသွန်းခဲ့၏။ ထာဝရလောကကြီးတစ်ခုလုံးသည်လည်း စိတ်ဆင်းရဲမှု များနှင့် ပြည့်နှက်လျက် ရှိနေသည်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် မကောင်းသည့် ခံစားချက်များ ရရှိနေသည်။

“တောင်းပန်ပါတယ်”

ကျန်းစန်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ကျုပ် ရှင်းပြချင်တယ်ဆိုရင်တောင်မှ ဒီလို အသေးစိတ် အကြောင်းအရာကိစ္စရပ်တွေကို ရှင်းပြရဖို့အတွက် ကျုပ်ဆီမှာ စွမ်းဆောင်ရည် မရှိဘူး”

“..........”

ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်မိသည်။

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းစန်းက အော်ဟစ်လိုက်၏။ “မြန်မြန်ပြေးတော့”

“ခင်ဗျားဘာသာခင်ဗျား ပြောနေတာလေ။ ဒါက သေခြင်းတရားရဲ့ ကပ်ဘေးလေးတစ်ခုပါပဲ”

ကျွင်းချောင်ရှောင်း က ပြုံးကာပြောလိုက်သည်။ “ကျုပ် ထွက်ပြေးသွားနိုင်မယ်လို့ ထင်လို့လား”

“ဟင်”

ကျန်းစန်းသည် ကြောင်အသွား၏။ ဟုတ်ပေသည်။ ကံကြမ္မာဖတ်ခြင်းအတတ်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်း သည် သေခြင်းကပ်ဘေးနှင့် ရင်ဆိုင်နေရ၏။ တခြားနည်းလမ်း မရှိချေ။ မည်မျှပြေးပြေး ထိုရက်စက်လွန်းလှသည့် အစစ်အမှန်တရားကို ရင်ဆိုင်ရပေလိမ့်မည်။

ဘန်း

ကျန်းစန်းသည် သံတိုင်ကို လက်သီးဖြင့် ထိုးပြီးသည့်နောက် သူ့ကိုယ်သူ အပြစ်တင်လိုက်၏။ “ကျုပ် လုံလောက်အောင် မတော်လို့ပဲ။ ဒါ ကျုပ်အပြစ်ပဲ။ ကျုပ် ကံကြမ္မာဖတ်ခြင်းကနေပြီးတော့ ဂိုဏ်းချုပ်ကျွင်းကို ရှင်သန်လွတ်မြောက်နိုင်စေမယ့် လမ်းတခုခု မရှာနိုင်ခဲ့ဘူး”

သူသည် ပိတ်လှောင်ခံထားရပြီးသည့်နောက် ကောင်းမွန်သည့်ဝိုင်၊ ကောင်းမွန်သည့်အစားအစာများနှင့် စားသုံး နေထိုင်ခွင့် ရရှိ၏။ ထို့ကြောင့် သူသည် အိမ်ဆိုသည့်အရာကိုပင် မေ့လျော့နေမိ၏။ သူသည် ပြိုင်စံရှား ဂိုဏ်းနှင့် ကျွင်းချောင်ရှောင်းကို ဂရုစိုက်၏။ ပို၍ အရေးကြီးသည်မှာ ဤဂိုဏ်းနှင့် ဤလူတို့သည် အထက်စကြဝဠာ ၏ အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်မည့်လူများဟု သူက ယုံကြည်မိသောကြောင့်ပင်။

ဤလူများသည် အနာဂတ်၏ မျှော်လင့်ချက်ဖြစ်၏။ လောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံး တို့သည် သေဆုံးသွားနိုင်သည်ဆိုသည်မှာ သဘာဝပင်ဖြစ်၏။ သို့ပေမဲ့ သူ ထိုအရာကို လက်သင့်မခံနိုင်ခြင်းပင်။

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ “ခင်ဗျားပြောတာတွေနဲ့ ပတ်သက်ပြီး ကျုပ် သဘော မတူဘူး”

ပြတင်းပေါက် အပြင်ဘက်တွင် တည်ရှိနေသည့် အမဲရောင်တိမ်များကို လှမ်းကာ မော့ကြည့်ရင်း သူသည် လေးလေးနက်နက် ပြောလိုက်၏။ “လူတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းဆိုတာ ကံကြမ္မာဖတ်ခြင်းကနေ ရှောင်လွဲလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကိုယ်ဘာသာကိုယ် ရှောင်လွှဲမှ ရမှာ”

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဂုဏ်ရှိန်ဂုဏ်ဝါ တောက်ပသည့် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျန်းစန်းသည် ထိုအရာကို ကြည့်ရှုပြီးသည့်နောက် အံချီးနပမ်း ဖြစ်လို့နေသည်။ အတိတ်တုန်းကသာဆိုလျှင် ဤလူသည် အထက်စကြဝဠာကြီး တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မည့် လူဟု သူက မယုံကြည်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့ပြီဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း... ဒီရက်ပိုင်းအတွင်း ကျုပ်ကို ဂရုစိုက်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး တံခါးကိုဖွင့်ပေးပါ။ ကျုပ် ဂိုဏ်းချုပ်နဲ့အတူ သေအတူရှင်အတူ နေထိုင်ပါရစေ”

ဤလူသည် စကြဝဠာ၏ မျှော်လင့်ချက် ဖြစ်သည်ဖြစ်သောကြောင့် ကျန်းစန်းအနေနှင့် ကျိန်းသေပေါက် ကူညီရပေလိမ့်မည်။ သူသေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှပေါ့။

ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်လှုပ်ရှားသွားမိ၏။ အဓိကဂြိုဟ်အသီးသီးတို့သည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို ကြောက်လန့်ကြ၏။ ထို့ကြောင့် သူ့အား မကူညီရဲကြချေ။ သို့ပေမဲ့ ဤကံကြမ္မာဖတ်သည့် လူမှာတော့ သူ့အား အန္တရာယ်ကျရောက်နေချိန်တွင် အလုံးစုံ ထောက်ပံ့ကူညီမည်ဟု ပြောဆိုလျက် ရှိနေ၏။ ဤအရာသည် အစစ်အမှန် ရက်စက်သည့်လောကကြီးတွင် တရားမျှတမှု တည်ရှိနေသည်ဆိုသည့် သက်သေပင်။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ထွက်ခွာသွားခဲ့၏။

“ဟေး”

ကျန်းစန်းသည် သံတိုင်များကြားမှ ခေါင်းပြူထွက်ကာဖြင့် ပြောလိုက်သည်။ “မသွားနဲ့အုံးလေ။ တံခါးဖွင့်ပေးအုံး”

ဘုတ်

ကျွင်းချောင်ရှောင်းသည် အသာရပ်တန့်ပြီးသည့်နောက် လှည့်မကြည့်ဘဲ ပြောလိုက်၏။ “ဒါက ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းရဲ့ သေခြင်းကပ်ဘေးပဲလေ။ တခြားသူတွေ ဝင်ပြီး ပါဝင်ပတ်သက်လို့ မရဘူး”

ဤစကားလုံး ပြောပြီးပြီးချင်းမှာပဲ သူသည် အစစ်အမှန် စိတ်လှုပ်ရှားနေခဲ့၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက အပြင်လူတစ်ယောက်လေ”

ကျန်းစန်းသည် သံတိုင်များကြားမှ အော်ဟစ်လျက်ရှိ၏။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ပြီးလိုက်ရင် အပြင်လူ ဖြစ်သေးလား”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်ဖက်လူ၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် ရှေ့ဆီသို့ ဝင်ခွင့်ဖောင်ကို ချကာ လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျား အပြင်လူ မဖြစ်ချင်ဘူးဆိုရင် ဒီမှာ လက်မှတ်ထိုးလိုက်တော့”

“........”

ကျန်းစန်းသည် တွေဝေငေးငိုင်စွာဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ တစ်ဖက်လူသည် သူကိုယ်တိုင် တွင်းထဲသို့ ခုန်ဝင်လာမည့်အချိန်ကိ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခြင်းပင်။

......

“ငါ့နာမည်က ကျန်းစန်း၊ ငါ ပြိုင်စံရှားဂိုဏ်းထဲကို ကြောင်တောင်တောင်နဲ့ ရောက်သွားခဲ့ပြီ။ ဒီဂိုဏ်းထဲကနေ ထွက်ဖို့အတွက် ရွေးချယ်ခွင့် ရှိသေးရဲ့လား”

.............

ထိုကဲ့သို့ပင် ပြိုင်စံရှားဂိုဏ်းထဲသို့ နောက်ထပ် အားကောင်းလှသည့် လူတစ်ယောက် ရောက်ရှိလာခဲ့တော့သည်။ ကျန်းစန်းသည် ကံကြမ္မာဖတ်သည့် လူတစ်ယောက်သာ ဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ကိုယ်ပွားနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ဖူးသည့်လူတစ်ယောက် ဖြစ်သောကြောင့် သူ၏ သိုင်းပညာ အရည်အချင်းသည် သာမန်ထက်ပိုမှာ သေချာ၏။

တစ်ရက်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲနှင့် တပည့်များ အားလုံးသည် အဓိက တောင်ထွတ်၏ လေ့ကျင့်ရေးကွင်းပြင်တွင် စုဝေးလျက် ရှိနေကြသည်။

“ဒီနေ့ကစပြီး”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းရှေ့တွင် မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်၏။ “ကျန်းစန်း က ပြိုင်စံရှားဂိုဏ်းရဲ့ ကံကြမ္မာဖတ်ခြင်းဟောခန်း ခေါင်းဆောင်တစ်ယောက်ပဲ”

ဖြောင်း ဖြောင်း ဖြောင်း

အားလုံးတို့သည် ကြိုဆိုစွာဖြင့် လက်ခုပ်တီးလိုက်ကြသည်။ ဤကဲ့သို့ တိမ်များဖုံးလွှမ်းပြီး မိုးများရွာသွန်းနေသည့် အချိန်တွင် ပျော်ရွှင်စရာ အခိုက်အတန့်သည်လည်း ဖြစ်တည်ခဲ့လေသည်။

“ဂိုဏ်းချုပ်”

ကျန်းစန်းသည် အသံပို့လွှတ်လိုက်၏။ “ကံကြမ္မာဖတ်ခြင်းဟောခန်းရဲ့ အဓိက တာဝန်တွေက ဘာတွေလဲ”

“ကျုပ်လည်း မသိသေးဘူးလေ။ ခင်ဗျား အရင်ဆုံး ခေါင်းဆောင်သာ လုပ်လိုက်ပါ”

“..........” ကျန်းစန်းသည် ဆွံ့အသွားမိသည်။

စနစ်သည် စောဒက တက်လိုက်၏။ “ဘာမှတောင် မတွေးရသေးဘူး။ ဘယ်လိုဖြစ်ပြီးတော့ ခေါင်းဆောင် တန်းခန့်လိုက်တာလဲ”

ဘုန်း ဘုန်း

ရုတ်တရက် ကောင်းကင်ယံထက်မှ မိုးကြိုးပစ်သံများ ကျဆင်းလာခဲ့၏။ တည်နေရာတစ်ခုလုံးသည်လည်း ပိုမိုကာ လေးနက်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး၊ ထာဝရလောကကြီး ထဲတွင်ရှိနေသည့် သတ္တဝါများ အားလုံးသည်လည်း တစ်ခုခု ဖြစ်တော့မည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနေမိ၏။ ထိုကြီးမားသည့်အရာကြီးဆိုသည်မှာ သေခြင်းရှင်ခြင်းတရားပင် ဖြစ်ပေလိမ့်မည်။

“.........”

ကျန့်ကွေ့ရှုသည် မျက်မှောင်ကုတ်လိုက်၏။ အဆင့်မြင့်မားသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လေ မကောင်းသည့် ခံစားချက်များကို ပိုမိုကာ ရရှိလာလေပင်။

ဟူး....

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏။ ပြီးနောက် အသာလှည့်ကာ အမိန့်ပေးလိုက်သည်။ “တုတု... မီးမွှေးပြီး ချက်တော့”

“ဂိုဏ်းချုပ်”

“မြန်မြန် သွားတော့”

“ကောင်းပါပြီ”

စားသောက်ခန်းသည် အမှန်ပင် အလုပ်များသွားခဲ့၏။ မကြာခင်မှာပဲ အရသာရှိလွန်းလှသော စားသောက်ပွဲများသည် စားပွဲပေါ်တွင် အဆင်သင့်ဖြစ်လို့ နေခဲ့၏။ ထိုအရာများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် ခင်းကျင်းထားခဲ့ပြီး တချို့ အကြီးအကဲများ၏ တောင်ထွတ်များတွင်လည်း ခင်းကျင်းထားခဲ့၏။

လက်ရှိအချိန်မှာတော့ အားလုံးသောဂိုဏ်းသားများသည် အခမ်းအနား တစ်ခုအနေနှင့် အစားအစာများကို အပြည့်အဝ စားသုံးရန် ပြင်ဆင်နေကြသည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် ကျယ်လောင်စွာ ပြောလိုက်၏။ “အစားအသောက်တွေ အဆင်သင့်ပါပဲ။ အေးဆေးမှ စားကြမလား”

“.............”

အကြီးအကဲဝေနှင့် တခြားသူများနှင့် နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သေခြင်းတရားသည် မကြာခင် ရောက်ရှိ လာတော့မည်ဖြစ်၏။ သို့ပေမဲ့ ဤမိန်းကလေးသည် ပြောင်စပ်စပ်နှင့် လုပ်နေတုန်းပင်။

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချကာ ပြောလိုက်သည်။ “အရင်ဆုံး ဝအောင် စားလိုက်ကြတာပေါ့”

ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်း၏ လူပေါင်းများစွာတို့သည် မိမိ၏ သက်ဆိုင်ရာ ထိုင်ခုံတွင် ထိုင်ချလိုက်ကြ၏။ ၎င်းတို့သည် တစ်ချက် လေးမှ ပြုံးရွှင်ခြင်း မရှိဘဲ စားသောက်ခဲ့ကြသည်။ အစားအသောက်များမှာ အရသာရှိသည်ဆိုသော်လည်း စားသုံးလေလေ ကျဆင်းလာသည့် ဖိအားများသည် ပိုမိုကာ ကြီးမားလာသည်ဟု သူတို့က ခံစားနေမိ၏။

“ဒုတိယစီနီယာအစ်ကို”

“စား”

“.......”

စုရှောင်မိုသည် ပါးစပ်ကို ပိတ်ထား၏။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စားလျက်ရှိနေသည်။ ထူးဆန်းစွာဖြင့် အားလုံးသောသူတို့သည် ယနေ့တွင် ဆာလောင်လျက် ရှိနေကြ၏။ အမှန်တကယ်လည်း စားခဲ့ကြ၏။ စားပွဲပေါ်တွင် ထမင်းလုံးတစ်လုံးမှပင် မထားခဲ့ကြချေ။

ဂလု

ကျွင်းချောင်ရှောင်းသည် စွပ်ပြုတ်တစ်ဇွန်းကို အသာသောက်ပြီးသည့်နောက် လက်သုတ်ပုဝါကို ယူကာဖြင့် ပါးစပ်ကို အသာသုတ်လိုက်၏။ ပြီးနောက် ပြုံးကာပြောလိုက်သည်။

“ကျုပ်တို့ ဗိုက်ဝမှ နိုင်အောင်တိုက်နိုင်မှာမလား”

အားလုံးသောသူတို့သည် နားလည်သွားခဲ့ကြ၏။ မကြာခင်မှာပဲ ကြမ်းတမ်းသည့် တိုက်ပွဲကြီးသည် ဖြစ်ပေါ်ပေ လိမ့်မည်။

“စားကြ”

ရှောင်ကျီသည် လက်နှစ်ဖက်ဖြင့် ပေါက်ဆီများကို ယူဆောင်လာခဲ့၏။ သူသည် ချက်ချင်းဆိုသလိုပဲ ပါးစပ်ထဲသို့ ထိုးထည့်ကာ ဝါးစားလေ၏။ တပည့်များအားလုံးသည်လည်း သာမန်ထက်ပိုကာ စားသုံးကြ၏။ ဂိုဏ်းချုပ်က ပြောထားသည်။ ဗိုက်ပြည့်မှ အနိုင်ယူနိုင်မည်ဟု။ စားပွဲပေါ်တွင် အစားအစာများသာလျှင်မက အရက်မူးအိမ်မက်ဝိုင်ကလည်း တည်ရှိနေ၏။

“လာခဲ့... သောက်ကြရအောင်”

ကျွင်းချောင်ရှောင်းသည် ခွေးခြေပေါ်သို့ ခြေတစ်ဖက်တင်ကာဖြင့် သူရဲကောင်း ဆန်သည့်ဟန်ပန် အမူအရာမျိုးကို ထုတ်ဖော်ကာ ဝိုင်ခွက်ကို မော့ကာသောက်၏။ ပြီးနောက် တစ်ခါတည်း ခွက်ကို ခွဲလိုက်သည်။

ဘုတ် ဘုတ်

တပည့်များ အားလုံးသည်လည်း ထိုနည်းလည်းကောင်း လိုက်ပါ ပြုလုပ်ကြ၏။ ခွက်များကွဲသည့်အသံသည် စီစီရီရီ ထွက်ပေါ်လာခဲ့၏။

ဤအရာသည် ယွမ်သခင်လေးကို အမှန်ပင် စိတ်နှလုံးနာကျင်စေခဲ့၏။ ခွက်များသည် ဈေးကြီးပေးကာ ဝယ်ထားရသည့်အရာမျိုးဖြစ်၏။ အဘယ်ကြောင့် ရည်ရွယ်ချက်ရှိရှိနှင့် ဖျက်ဆီးနေရသနည်း။

အရင်တုန်းကသာဆိုလျှင် ဂိုဏ်းချုပ်တစ်ယောက် ရှေ့မှဦးဆောင်ကာ ပြုလုပ်သည်ဆိုလျှင်တောင်မှ ယွမ်သခင်လေးသည် ထိုအရာကို မှတ်သားကာ လစဉ်ဝင်ငွေထဲမှ ပြန်လည်နှုတ်မှာ သေချာ၏။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ မျက်လုံးကန်းနေသူတစ်ယောက်ကဲ့သို့ပင် မမြင်ချင်ယောင် ဆောင်ထားရလေသည်။

ဘန်း ဘန်း

စိတ်ဝိညာဉ်ဟောခန်းတောင်ထွတ်မှာတော့ ဟောခန်းသခင်ကျိနှင့် သူ၏နောက်လိုက်များအားလုံးတို့သည် ခွက်များကို ဖောက်ခွဲလိုက်ကြ၏။ ခွက်များကွဲသည့်အသံသည် လေထုတစ်ခုလုံး၌ ပြည့်နှက်သွား၏။

ထိုအသံသည် ယွမ်သခင်လေး၏ နားထဲသို့ ဝင်ရောက်လာသည်။ သူသည် ချက်ချင်း မျက်လုံးကို ဖွင့်ပြီးသည့်နောက် မှတ်စုစာအုပ်ထဲတွင် မှတ်သားတော့သည်။ “စိတ်ဝိညာဉ်သားရဲဟောခန်း ခွက်များကို ခွဲခဲ့သည်”

“ချီးတဲ့မှ”

ဟောခန်းသခင်ကျိသည် ရုတ်တရက် မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။ “ခုဏတုန်းက ဂိုဏ်းချုပ် ခွက်ခွဲတုန်းက ဘာမှမလုပ်ဘူး။ ဘာလို့ ကျုပ်တို့ ခွက်ခွဲတော့မှာ လာမှတ်နေရတာလဲ။ ဒါ ဘာအဓိပ္ပာယ်လဲ”

ဘန်း

ချက်ချင်းပဲ သူဝတ်ဆင်ထားသည့် ဂိုဏ်းဝတ်စုံသည် ပေါက်ကွဲထွက်သွားခဲ့၏။ အားလုံးသောသူများ၏ရှေ့တွင် သူ၏ ခန္ဓာကိုယ်၌ အနီရောင်အတွင်းခံ တစ်ထည်သာလျှင် ကျန်ရှိတော့သည်။

“ဟောခန်းသခင်ကျိ... စိတ်ကိုလျော့ပါ။ စိတ်ကိုလျော့ပါ” သူ၏နောက်လိုက်များသည် ဖြောင်းဖျရန် ကြိုးစားခဲ့၏။

“စိတ်ကိုလျော့။ ချီးကို စိတ်ကိုလျော့ပါလား”

အဓိကတောင်ထွတ်ပေါ်တွင် စာရင်းမှတ်လျက်ရှိနေသည့် ယွမ်သခင်လေးဆီသို့ လက်ညှိုးထိုးကာဖြင့် ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ယွမ်ဖန်.. အခုတလောအတွင်း ငါမင်းကို သည်းခံနေတာ အတော်ကြာပြီ”

ဘုန်း

ရုတ်တရက် နားကွဲလောက်စရာ အသံကြီးထွက်ပေါ်လာ၏။ ထာဝရလောကကြီးတစ်ခုလုံးသည် တုန်ယင်သွားခဲ့ သည်။ ကောင်းကင်ယံထက်တွင် မျက်လုံးနှင့်မြင်နိုင်စွမ်းရှိသည့် လှိုင်းများ ဖြစ်တည်လာခဲ့၏။

“မကောင်းတော့ဘူး”

ထိုက်ရွှမ်အကြီးအကဲက အော်ဟစ်လိုက်၏။ “တော်ဝင်အတားအဆီး အစီအရင်ကြီး ပေါ်လာပြီပဲ”

All Chapters