အခန်း ၁၉၅၇
Vol. 131 Ch. 1957
အပိုင်း (၁၉၅၇)
စကြဝဠာကောင်းကင်တွင်တော့ များပြားလွန်းလှသော ရွက်သင်္ဘောများ တည်ရှိနေကြ၏။ မည်မျှ များလိုက် သနည်း။ ရေတွက်ရန်ပင် ခက်ခဲလောက်သည်အထိ များပြားလွန်းလှ၏။
ဆွစ်
ရွက်သင်္ဘောများဆီမှ အလွန်သုန်မှုန်လှသည့် အော်ရာများ ထွက်ပေါ်နေ၏။ ထိုအော်ရာများသည် စုစည်း ပြီးနောက် စကြဝဠာတစ်ခုလုံးကို ငရဲခန်းကြီးတစ်ခုကဲ့သို့ပင် ပြောင်းလဲသွားစေခဲ့သည်။
“ထာဝရလောကကြီး ဟုတ်လား”
လေဟာနယ်၏ အတွင်းဘက်မှာတော့ အသံတစ်ခုက ထွက်ပေါ်လာသည်။ “တစ်ခါမှ မကြားဖူးဘူး”
ခရက်
ရုတ်တရက် တည်နေရာသည် ကျိုးပြတ်သွားခဲ့၏။
ဆွစ်
သေးငယ်လွန်းလှသော အက်ကွဲကြောင်းမှတဆင့် အလွန်ပူလောင်လွန်းလှသော မီးတောက်များ ထွက်ပေါ်လာ၏။ ၎င်းအရာကြီးသည် တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ပြီးသည့်နောက် လူတစ်ယောက်သည် မြန်မြန်ပဲ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိသည်။
မည်သူဖြစ်သနည်း။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ အကူအညီပင်ဖြစ်သည်။ ဤလူသည် မီးဓာတ်အမျိုးအစား၌ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပုံပေါ်၏။ ဆံပင်များပင်လျှင် မီးကဲ့သို့ နီရဲနေ၏။ သူ၏နာမည်ကို မသိရှိချေ။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ နှင့် မည်ကဲ့သို့ လျှို့ဝှက်ချက်မျိုး တည်ရှိသည်ကိုလည်း မသိရှိချေ။ ထို့ကြောင့် သူအား အနီရောင်ဆံပင်လူဟု ခေါ်ဆိုရပေမည်။
“အင်း ... အရမ်းကြီးတာပဲ။ ဒါကို ငါ ပထမဦးဆုံးအကြိမ် မြင်ဖူးတာ”
ထာဝရလောကကြီး၏ အရွယ်အစားကို ကြည့်ရှုပြီးသည့်နောက် အနီရောင်ဆံပင်နှင့်လူသည် တုန်လှုပ်သွားခဲ့မိ၏။ “အံ့အားသင့်စရာ မဟုတ်တော့ဘူး။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရှုံးနိမ့်တာ”
သူ၏အထင်အရဆိုလျှင် ဤကဲ့သို့ ကြီးမားလှသည့်ဂြိုဟ်ကြီးတွင် ကျွမ်းကျင်သူ အများအပြား တည်ရှိရပေမည်။ ထို့ကြောင့် တစ်ဖက်လူသည် သူ့အား လာရောက်ကာ အကူအညီ တောင်းခံခဲ့ခြင်းသာလျှင် ဖြစ်ပေမည်။
ခရက် ခရက်
ရွက်သင်္ဘောများအားလုံးသည် ရပ်တန့်သွားခဲ့ပြီးသည့်နောက် လက်နက်များကို ထုတ်ဖော်လိုက်ကြ၏။ ထို ရွက်သင်္ဘောများဆီမှ အမြောက်ဆံများသည် ထာဝရလောကကြီးကို ချိန်ရွယ်ထားကြ၏။
“မလိုဘူး”
ထိုအချိန်မှာပဲ အနီရောင်ဆံပင်နှင့်လူသည် လက်ကိုမြှောက်ကာ ပြောလိုက်သည်။ “ငါ့တာဝန် ထားလိုက်တော့”
အဓိကရွက်သင်္ဘောတွင် ရှိသော ဦးဆောင်သူသည် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိ၏။ သို့ပေမဲ့ ချက်ချင်းပဲ မျက်မှောင်ကုတ်ကာ ရပ်တန့်လိုက်၏။ တစ်ဖက်လူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကိုယ်တိုင် ဖိတ်ခေါ် ထားသည့်လူတစ်ယောက် ဖြစ်သောကြောင့် ထိုရွက်သင်္ဘောများအားလုံးကို ရပ်တန့်ရန် ချက်ချင်းပဲ အချက်ပြ လိုက်၏။
ဆွစ် ......။
အနီရောင်ဆံပင်နှင့်လူသည် သူ၏ လည်ပတ်ကို အသာချွတ်ယူလိုက်၏။ အားကောင်းလွန်းလှသည့် ခန္ဓာကိုယ် ၏ ကြွက်သားများသည် ပေါ်ပေါက်လာခဲ့၏။ ရင်ဘတ်တွင် ကြာပန်းပုံစံ တက်တူးကြီးတစ်ခုက တလက်လက် တောက်ပလို့ နေသည်။
“ငါ လွတ်လပ်တော့မယ်ကွ”
သူသည် လက်နှစ်ချောင်းကို မြှောက်ပြီးသည့်နောက် အသာလှုပ်ခတ်ကြည့်လိုက်၏။ မီးတောက်များသည် ဘောလုံးကြီးတစ်ခုကဲ့သို့ အသွင်ဖြစ်တည်လာခဲ့၏။ သူက ပြောလိုက်၏။ “ငါ့ရဲ့လွတ်မြောက်မှုဆိုတာ ဒီဂြိုဟ်ပေါ်မှာ မူတည်နေတာကိုး”
သို့ပေမဲ့ မပြီးသေးချေ။ အနီရောင်ဆံပင်နှင့်လူသည် သူ၏လက်ချောင်းများကို ဆက်လက်ကာ လှုပ်ခါလျက် ရှိနေတုန်းပင်။
ဝှစ် ဝှစ် ဝှစ်
ကျယ်ပြောလွန်းလှသော စကြဝဠာကြီး အတွင်းဘက်တွင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် ဆွဲယူ ခံလိုက်သည့်ပုံစံများဖြင့် မီးဓာတ်သဘာဝများဆီသို့ တိုးဝင်လျက် ရှိနေ၏။ မီးတောက်များသည် ပိုမိုကာ ကြီးမားလာခဲ့၏။ ခဏလောက်ကြာပြီးသည့်နောက် ကြီးမားလှသည့် မီးဘောလုံးကြီးသည် အနီရောင်ဆံပင်နှင့် လူ၏ လက်ချောင်းထိပ်တွင် လည်ပတ်လျက် ရှိနေသည်။
ခရက် ခရက် ......။
ပူလောင်လှသည့် လေများ ပြည့်နှက်လာပြီး တည်နေရာကြီး တစ်ခုလုံးကိုပင် ကျွမ်းလောင်လာစေခဲ့၏။
..........
ရွက်သင်္ဘောပေါ်တွင် ရှိနေသည့် ဦးဆောင်လာခဲ့သည်လူ၏ အမူအရာသည် အလွန်ပင် တည်ကြည်လေးနက် လာခဲ့၏။ သူ၏ နဖူးစပ်ဆီမှ ချွေးစက်များပင်လျှင် ကျဆင်းလာခဲ့၏။ ရွက်သင်္ဘောကြီးသည် အပူနှင့် အအေးဒဏ်ကို ကောင်းကောင်းကာကွယ်နိုင်သည့် စွမ်းအင်ရှိ၏။ သို့ပေမဲ့ ဤကြီးမားလှသည့် မီးဘောလုံးကြီးကို ကြည့်ရှုပြီးသည့် နောက် သူသည် ပူလောင်မှုကိုပင် ခံစားလာမိသည်။
“စစ်သူကြီး”
စစ်သည်များထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဒီလူရဲ့ အားအင်အဆင့်က အရင်ကထက် ဘယ်လိုမှ အားမနည်းဘူးပဲ”
“သူက အရင်ကထက်တောင် ပိုပြီး အားကောင်းလာသေးတယ်”
စစ်သူကြီးသည် နဖူးစပ်တွင်ရှိသော ချွေးများကို သုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ထာဝရလောကကြီးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် ရှိရှိသမျှသော စစ်သည်များကို လွှတ်ကာ တိုက်ခိုက်စေခဲ့သည်။ သူသည် ဦးစီးသူ စစ်သူကြီးတစ်ယောက်ဖြစ်၏။ ထို့အပြင် ယုံကြည်ရသည့် နောက်လိုက်တစ်ယောက်လည်း ဖြစ်၏။
ထို့ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ဤအနီရောင်ဆံပင်နှင့်လူတို့၏ကြား တိုက်ပွဲကို မျက်မြင် မြင်တွေ့ ခဲ့ဖူး၏။ တိုက်ပွဲသည် တကယ့်ကို လောကကြီး တစ်ခုလုံး ပျက်စီးသွားနိုင်သည့် တိုက်ပွဲကြီးပင်ဖြစ်သည်။
အဆုံးသတ်တွင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အနိုင်ရရှိခဲ့သည်ဆိုသော်လည်း တစ်ဖက်လူမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း မငြင်းပယ်နိုင်ချေ။
“အထက်စကြဝဠာကြီးထဲမှာ ဒီလိုမျိုး အင်ပါယာကို ခြိမ်းခြောက်နိုင်တဲ့ လူတွေထဲက တစ်ဦးတည်းသောလူက ညဘုရင်ပဲ” စစ်သူကြီးက ပြောလိုက်၏။
“ဆိုးတာက”
ဗျူဟာမှူးသည် ပြုံးကာပြောလိုက်သည်။ “သူက ကျုပ်တို့အင်ပါယာကို ရှုံးနိမ့်ခဲ့သေးတယ်လေ”
“အင်း... ဒါ့ကြောင့်လည်း ငါတို့ ခေတ်သစ်ကြီးတစ်ခုကို အင်ပါယာနဲ့အတူ စတင်နိုင်တော့မှာပေါ့”
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏နောက်သို့ လိုက်ပါလာသည့် ဤသိုင်းကျင့်ကြံသူများ အားလုံးသည် ဦးနှောက်ဆေးခြင်းကို ခံထားရသည့် လူများပင်ဖြစ်၏။ ၎င်းတို့အားလုံးသည် သမိုင်းတွင် အလွန်ကြီးကျယ်လှသည့် ကိစ္စရပ်ကြီးကို ပြုလုပ်နေသူများကဲ့သို့ပင် ပြောဆိုလျက်ရှိသည်။ သူတို့သည် သမိုင်းသစ်ကြီးကို ဖော်ဆောင်မည့်နေရာတွင် သူရဲကောင်းများအဖြစ် ပါဝင်နေသည်ဟုလည်း တွေးထင်မိ၏။
ဆွစ်
အနီရောင်ဆံပင်နှင့်လူသည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် လက်ကို အသာဝှေ့ယမ်း ပြီးသည့်နောက် ထိုကြီးမားလွန်းလှသည့် မီးတောက်လုံးကြီးသည် ထာဝရလောကကြီးဆီသို့ ပျံ့သန်းသွားခဲ့သည်။ ဖြစ်စဉ်သည် အလွန်နှေးကွေးလှသည်ဆိုသော်လည်း ကြမ်းတမ်းလွန်းလှသည့် အော်ရာများသည် ပေါက်ကွဲ ထွက်ပေါ်လျက်ရှိသည်။
“နောက်ကိုဆုတ်ကြ”
ဦးဆောင်လာသည့် စစ်သူကြီးသည် အလောတကြီးဖြင့် ပြောလိုက်၏။ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေ၏။
ဝှစ် ဝှစ် ဝှစ်
ရေတွက်လို့မရအောင် များပြားလွန်းလှသော ရွက်သင်္ဘောများသည် လုံလုံလောက်လောက် ဝေးကွာသည့် တည်နေရာတွင် တည်ရှိနေပြီးသားဖြစ်၏။ သို့ပေမဲ့ ဤကြာပန်းပုံသဏ္ဍာန် မီးဘောလုံးကြီးကို မြင်ရသည့်အချိန် မှာတော့ အားလုံးသောသူတို့သည် အနောက်ကို ဆုတ်ခွာလိုက်ကြရသည်။
ဘုန်း
ချက်ချင်းပဲ စကြဝဠာကြီးတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး တည်နေရာလှိုင်းများအားလုံးသည် ပြိုလဲ ထွက်ကုန်၏။
ခရက် ခရက် ခရက်
စကြဝဠာ၏ တည်နေရာ လေဟာနယ် တော်တော်များများသည် ပြိုလဲသွားခဲ့သည်။
“...........”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ကြက်သီး မွှေးညှင်းများပင် ထကုန်ကြ၏။ သူတို့သည်သာ မြန်မြန်ဆန်ဆန် မဆုတ်ခွာနိုင်သည်ဆိုပါက ဤတိုက်ခိုက်ချက် ကြားထဲတွင် တစ်ခါတည်း သေဆုံးသွားနိုင်၏။
အနီရောင်ဆံပင်နှင့်လူသည် သူတို့ကို နောက်ကျောပေးကာ ရပ်တန့်လျက်ရှိ၏။ သူသည် လက်ချောင်းများနှင့် နားကိုကုတ်ကာဖြင့် ပြောလိုက်သည်။
“သူတို့က မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရန်စရဲတယ်ဆိုမှတော့ သေချာ ပြင်ဆင်ပြီးသား ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ထာဝရလောကကြီးက ငါထင်ထားသလောက်လဲ အားမကောင်းပါ့လား”
ရုတ်တရက် သူသည် နားကုတ်ခြင်းမှ ရပ်တန့်လိုက်၏။ မျက်နှာပေါ်တွင် ရှိနေသည့် ပြောင်ချော်ချော် အမူအရာ များသည် ရပ်တန့်သွားခဲ့၏။
“ဒါ.. ဒါက”
စစ်သူကြီးသည် မျက်လုံးကို ပွတ်သပ်လိုက်၏။ သူ ထင်မြင်ချက် မှားသလားဆိုသည်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် မယုံကြည်စွာဖြင့် ပြောလိုက်၏။ “ဘယ်လိုဖြစ်နိုင်မှာလဲ”
လက်ရှိအခြေအနေမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များသည် ဆွံ့အသွားခဲ့ကြသည်။ စွမ်းအား၏ ပေါက်ကွဲမှုများသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် ပေါက်ကွဲပျက်စီးသွားနိုင်သည့်အရာမျိုးပင်။ အထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို မဆိုနှင့် ဂြိုဟ်တစ်ခုလုံးပင်လျှင် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကြမ်းတမ်းလှသော မီးတောက်များသည် ထာဝရလောကကြီးပေါ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်မှာတော့ အလုံးစုံ ပျောက်ကွယ်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် ဆွံ့အလျက် ရှိနေကြခြင်းပင်။
“...........”
အနီရောင်ဆံပင်နှင့်လူသည်လည်း မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် သူ၏အားအင်အဆင့်ကို ကောင်းကောင်း သိ၏။ ဂြိုဟ်တစ်ခုကို ဖောက်ခွဲဖျက်ဆီးရန် ဆိုသည်မှာ သူ့အတွက် အလွန်ကို လွယ်ကူလွန်းလှ၏။ ပြောရမည်ဆိုလျှင် မီးဘောလုံးကြီးနှင့် စတင်တိုက်ခိုက်စဉ်ကတည်းက ဤဂြိုဟ်ကြီးမှာ သူ၏လက်ထဲတွင် ပျောက်ကွယ်သွားရမည့် အရာဟု သုံးသပ်ခဲ့၏။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူမထင်မှတ်ထားခဲ့သည် ရလဒ်မျိုး ဖြစ်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာကို ပိတ်ရိုက်ခံလိုက်ရသကဲ့သို့ပင်။
ဒွီ ဒွီ
ထိုအချိန်မှာတော ထာဝရလောကကြီးသည် အသာတုန်ခါလာခဲ့၏။ များပြားလွန်းလှသော အရေးအကြောင်း များ ဖြစ်တည်လာခဲ့ပြီး အကာအကွယ်စနစ်ကြီး တစ်ခုလုံးသည် ကြက်ဥခွံကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။
“..........”
အနီရောင်ဆံပင်နှင့်လူသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ ထာဝရလောကကြီး၌ အကာအကွယ် အစီအရင် တစ်ခု တည်ရှိနေကြောင်း နောက်ဆုံး၌ သူနားလည်လိုက်မိသည်။ သို့ပေမဲ့ ဤကဲ့သို့ ကြီးမားလှသည့် ဂြိုဟ်ကြီးတွင် အဘယ်ကြောင့် ကြီးမားလှသည့် အစီအရင်ကြီးက တည်ရှိနေရသနည်း။ သူသည် အံ့အားသင့်မိ နေသလို တုန်လည်း တုန်လှုပ်နေမိသည်။
“အံ့အားသင့်စရာ မဟုတ်တော့ဘူး”
အနီရောင်ဆံပင်နှင့်လူသည် စိတ်တည်ငြိမ်သွား၏။ သူသည် ခေါင်းကိုငုံ့ပြီးသည့်နောက် ဆံပင်များကို လက်နှင့်ဆော့ကစားကာ ပြောလိုက်မိသည်။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာက ငါ့ကို ဒါကြောင့်လည်း လုပ်ဖို့ တောင်းဆိုခဲ့တာကိုး”
ဆွစ်
သူသည် လက်ဝါးကို အသာလှန်လိုက်ပြီးသည့်နောက် ထာဝရလောကကြီးကို ချိန်ရွယ်ကာ ပြောလိုက်သည်။ “လေးလေးနက်နက် တိုက်ခိုက်ရမယ်”
ဝှစ်
ချက်ချင်းပဲ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံး ပြိုလဲလုမတတ် ဖြစ်တည်စေခဲ့သည့် မီးဓာတ်သဘာဝများသည် သူ့ဆီ၌ လာရောက်ကာ စုစည်းပြန်သည်။ မီးဘောလုံးများသည် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံး၊ ငါးလုံး စသည်ဖြင့် စုစည်းကာ ဖြစ်တည်လာ၏။
ဝှစ် ဝှစ် ဝှစ်
ဤမီးတောက်ငါးခုသည် ယခင် ပထမတစ်ခုလောက် မကြီးမားသည်ဆိုသော်လည်း အထဲတွင် ပါဝင်နေသည့် မီးဓာတ် စွမ်းအင်များမှာတော့ ပိုမိုကာ များပြားသည်။
“အင်း... အဆုံးသတ်အထိ တစ်ခါတည်း တိုက်ခိုက်တော့မှာပေါ့” စစ်သူကြီးသည် အံ့အားသင့်စွာဖြင့် ပြောလိုက် မိ၏။
ဘုန်း ဘုန်း
ချက်ချင်းပဲ မီးတောက်စွမ်းအင်များသည် အစီအရင်ကို သွားရောက်ရိုက်နှက်ပြီးသည့်နောက် ထာဝရလောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ အလွန်အားကောင်းလှသည့် စွမ်းအင်များသည် ပျံ့နှံ့လျက် ရှိနေပြီး ပတ်ဝန်းကျင် တည်နေရာ လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း ပြိုလဲကုန်သည်။
“မဟုတ်တော့ဘူး။ ငါတို့ နောက်ကို ဆုတ်ကြ၊ ဆုတ်ကြ” စစ်သူကြီးသည် ပြောပြောပြီးချင်းမှာပဲ ဒါဇင်နှင့်ချီသည့် ရွက်သင်္ဘောများ အားလုံးသည် ပေါက်ကွဲမှုထဲတွင် ပါဝင်သွားခဲ့ကြ၏။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်” ရွက်သင်္ဘောများအားလုံးသည် နောက်ကို ဆုတ်လိုက်ကြသည်။
“ငါပြောဖို့ မေ့သွားတယ်”
အနီရောင်ဆံပင်နှင့်လူသည် အသာခေါင်းလှည့်ကြည့်ကာ ပြောလိုက်၏။ “အပျင်းပြေ ကြည့်ရင်တောင် ကြည့်ခတော့ ပေးရမယ်”
“..........”
စစ်သူကြီး၏ မျက်နှာသည် မဲမှောင်သွား၏။ တစ်ဖက်လူသည် ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဖြစ်ကြောင်းကို သူသိရှိပြီးဖြစ်သည်။
အနီရောင်ဆံပင်နှင့်လူသည် အနောက်ကို ပြန်လည်ကာ ကြည်ရှုလိုက်သည့်အချိန်မှာတော့ တည်နေရာ တစ်ခုလုံးသည် မီးတောက်များနှင့် ဖုံးလွှမ်းလျက် ရှိနေ၏။
“ဘာလို့ ရှိနေသေးတာလဲ”
မီးတောက်များ ပျောက်ဆုံးသွားသည့်အချိန်အထိ ထာဝရလောကကြီးမှာ တိုက်ခိုက်ချက် ငါးခုကို ခံရသည် ဖြစ်သော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် တည်ရှိနေသေးကြောင်း သူတို့က မြင်လိုက်ရ၏။ တစ်ချက်ကလေးမှ ကွဲအက်သွားနိုင်သည့် သင်္ကေတမျိုး မရှိခဲ့ချေ။
“ချီးတဲ့မှ.. ဒီအစီအရင်ကြီးက တကယ့်ကို ကြီးမား ခိုင်ခံ့လွန်းတာကိုး”
“ချီးတဲ့မှ”
အနီရောင်ဆံပင်နှင့်လူသည် ဦးခေါင်းကို မော့လိုက်၏။ ပြီးနောက် သူသည် လက်ဝါးချက်များကို ဆက်လက် ထုတ်ဖော်ကာ ရိုက်နှက်ပြန်၏။ “ငါ မဖျက်ဆီးနိုင်ဘူးဆိုတာ မယုံဘူး”
“ဟမ်”
သူသည် မျက်လုံးကို မှိတ်လိုက်၏။ သူ၏မြင်ကွင်းထဲတွင် ပုံရိပ်ယောင်တစ်ခုသည် အလင်းအတားအဆီးကို ဖြတ်သန်းကာ ပျံလာ၏။ ပြီးသည့်နောက် ဦးခေါင်းကို အသာငိုက်စိုက်ချကာဖြင့် ရှေ့ဆီသို့ လျှောက်လှမ်းလာ၏။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေမဲ့ ညာဘက်လက်တွင် ထက်ရှလွန်းသော ဓားတစ်စင်းကို ကိုင်ထားပြီး ဘယ်ဘက်လက်မှာတော့ ဓားကျိုးတစ်ခုကို ကိုင်ထား၏။ ဆံပင်များသည် အစိမ်းရောင်ဖြစ်ပြီး လူများ အားလုံးကို ထိတ်လန့်စေရန်အသွင်မျိုးပင်။
“ဘယ်သူလဲ”
“လူသေက ကျုပ်ဘယ်သူလဲဆိုတာ သိဖို့ မထိုက်တန်ဘူး”