ခွေးတွေကို တံခါးပိတ်ရိုက်ရတာကိုကြိုက်တယ်
Vol. 133 Ch. 1852
ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ မည်မျှပင် အားကောင်းစေကာမူ သူတို့ သည် ငယ်ရွယ်သေးသဖြင့် မရဏာသူတော်စင်အဆင့်သို့ပင် မရောက်သေးပေ။ ထို့ကြောင့် သူတို့သည် ထိုတိုက်ကွက်ကို မရှောင်နိုင်ကြပေ။
ရှောင်ရော့ပိုင်သည် နေရာတွင်ပင် အေးခဲနေကာ လှုပ်မရတော့သည်ကို သိလိုက်ရသည်။ သူမသည် ဝိညာဉ်စွမ်းအင် နီးနီးလာသည်ကိုသာ ကြည့်နေရ ပြီး ထပ်သာနီးကပ်လာပါက သေတော့မည်ဟု ခံစားရလေသည်။
သူမသည် ကြောက်ရွံ့မှုမရှိစေရန် မျက်လုံးကိုပိတ်ထားသင့်သည်။ သို့သော် သူမသည် ခံစားချက်ကို ထိန်းချုပ်ပြီး နီးလာသည့် ဝိညာဉ်စွမ်းအင်ကို ဆက်ကြည့်နေသည်။
သေတော့မည့်အသက်ရှုသံ… မျှော်လင့်ချက်ကင်းမဲ့ခြင်းများ… မလိုလား ခြင်းများ…
သူမ သေတော့မည်ဟု တွေးလိုက်သည့်အချိန်တွင် လက်တစ်ဖက်သည် သူမ၏ လက်ကိုလာဆွဲကိုင်သည်။ အားအင်၊ ယုံကြည်မှုနှင့် မျှော်လင့်ချက်များ အပြည့်ရှိနေသော လက်…
ရှီမာယူယူ၏ ရင်းနှီးသော နောက်ကျောပြင်သည် သူမ၏အရှေ့တွင်ရှိနေ ပြီး နီးကပ်လာသည့် သေခြင်းတရားကို ပိတ်ထားသည်။ နောက်တွင် သူမ မြင် လိုက်ရသည်မှာ ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး ထိုတိုက်ကွက်ကို ပျောက်အောင်လုပ်လိုက်သည်။
“ရှီ.. ရှီအာ…”
ထိုနေရာတွင် ရှိနေသောလူများအားလုံး မှင်တက်သွားကြသည်။ သူမက မရဏာစံတင်အဆင့် တိုက်ကွက်ကို ဘယ်လိုလုပ် အလွယ်တကူတားနိုင်တာ လဲ။
ရှီမာယူယူသည် ခေါင်းလှည့်လာပြီး ရှောင်ရော့ပိုင်ကို ပြုံးပြပြီး ပြောလိုက် သည် “စိတ်မပူနဲ့ ငါ နင့်ကိုကာကွယ်ပေးမယ်”
ရှောင်ရော့ပိုင်၏ မျက်လုံးထဲမှ မျက်ရည်များ အဆက်မပြတ်ကျလာ သည်။
ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူမမျက်နှာမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ သူမသည် လက်တွဲလိုက်ကာ တိစစ်ခုံကို မျက်နှာချင်း ဆိုင်လိုက်သည်။
တိစစ်ခုံသည် အံ့ဩမှုကို အမြန်ပင်အဖတ်ဆယ်ကာ ပြောလိုက်သည် “မင်းက မရဏာစံတင်အဆင့် ရောက်နေမယ်လို့ ထင်တောင်ထင်မထားဘူး… ငါ့ကို တကယ်အံ့ဩသွားစေတာပဲ… အဲဒါကြောင့် မင်းက တစ်ယောက်တည်း လာရဲတာကိုး”
နဂါးနက်တစ်ကောင်၊ သန္ဓေပြောင်းခွေး၊ သူမ၏ ကိုယ်ပိုင်အားနှင့် ပေါင်း လိုက်လျှင် အမှန်တကယ်ပင် ယုံကြည်မှုရှိလောက်ပေသည်။
“ကျွန်မက တစ်ယောက်တည်းလာချင်တာမဟုတ်ဘူး တခြားတစ် ယောက်ကိုအတူခေါ်လာဖို့ ကျွန်မကိုအခွင့်အရေးမပေးတာလေ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း သူတို့ကို ဒီအတိုင်းခေါ်သွားလို့ရမယ်လို့ ထင်နေလား… မင်း အဲလောက်ရိုးစင်းမယ်လို့ ငါမထင်ဘူး” တိစစ်ခုံပြောလိုက်သည်။
“ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတွဲလုပ်ပြီး သဘောတူညီချက်ထား လိုက်ရင် အကောင်းဆုံးပဲလေ မဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည် “ဒါပေမဲ့ ရှင်က ကျွန်မသူငယ်ချင်းတွေကို ထိခိုက်အောင်လုပ်ရင် ဘာမှပြော စရာ မရှိတော့ဘူး”
“မင်း ဒီအတိုင်းထွက်သွားလို့ရမယ်လို့ ထင်နေလား” တိစစ်ခုံ ပြောလိုက် သည်။ “ရေလိုက်ငါးလိုက်နေရမယ်ဆိုတာကို ဉာဏ်ကောင်းတဲ့လူတွေက သိကြ တယ်… ဒီမှာ မင်းသေသွားမယ်ဆိုရင် ဘယ်လောက်တောင် နှမြောဖို့ကောင်း လိုက်မလဲ”
“အနောက်တောင်မှာ လူ ၁၅ ယောက်… အရှေ့တောင်မှာ ၁၀ ယောက် မြောက်ဘက်မှာ ၁၀ ယောက်နဲ့ အနောက်ဘက်မှာ ၁၂ ယောက်… အားအနိမ့် ဆုံးက မရဏာသူတော်စင်အဆင့်ပဲ ကျွန်မပြောတာ မှန်လား” ရှီမာယူယူသည် ခြံထဲမှ ပုန်းအောင်းနေသော စာရင်းများအားလုံးကို ရွတ်ပြလိုက်သည်။ တိစစ်ခုံ ၏ မျက်နှာထားမှာ မည်းနက်သွားတော့သည်။
ခြံထဲမှာ လူဘယ်လောက်ရှိတယ်ဆိုတာကို သူမ ရှင်းရှင်းလင်းလင်းကို သိနေတာပဲ။ သူမ ဘယ်လိုသိတာလဲ။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ဆက်ပြောလေသည် “အဲဒါအပြင် အပြင် မှာ တပ်သား ၁၀၀ ကျော်ရပ်နေတယ် ဟုတ်တယ်မလား”
“မင်းရဲ့ သတိက အဲလောက်အားကောင်းမယ်လို့ ထင်မထားဘူး… ဒါပေမဲ့ မင်းသူတို့ကို ရှာတွေ့ရင်တောင် ဒီကထွက်သွားနိုင်မယ်လို့ မဆိုလိုဘူး” တိစစ်ခုံ ပြောလိုက်သည် “ဒီမှာဘယ်သူတွေ ရှိတယ်ဆိုတာ မင်းသိမှတော့ မင်း ရဲ့အားက ဒီနေရာကို လွှမ်းမိုးနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း နားလည်သင့် တယ်… မလိုအပ်ဘဲ မတိုက်ခိုက်တာကောင်းလိမ့်မယ်… ငါတို့တွေ ပြဿနာ တွေကိုလျော့ချရမယ်လေ”
သူတို့နှစ်ယောက်၏ စကားများကို ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့ ကြားလိုက်ချိန်တွင် စိတ်လှုပ်ရှားလာကြသည်။ ဒီလိုအခြေအနေမှာ သူတို့ ဘယ်လိုလုပ် ထွက်လို့ရနိုင်မလဲ။
ရှီမာယူယူသည် သူတို့နှစ်ယောက်ကို နှစ်သိမ့်သော အကြည့်ဖြင့်ကြည့်ပြီး တိစစ်ခုံကို ပြောလိုက်သည် “ကျွန်မက အတင်းထွက်သွားမယ်ဆိုရင်ရော”
“နောက်ခံမရှိဘဲ မင်းဘာလုပ်နိုင်မှာမို့လို့လဲ” တိစစ်ခုံ ပြောလေသည် “ငါ လိုချင်တာကို မရနိုင်ရင် အဲဒါကို ဒီကမ္ဘာမှာရှိဖို့ တားမြစ်ရလိမ့်မယ်”
“ဒါဆိုရင်တော့ စစ်ကြေညာတဲ့ အဓိပ္ပာယ်ပဲ” ရှီမာယူယူ သက်ပြင်းချ လိုက်သည် “ဒါပေမဲ့ ရှင် မှားနေတာ တစ်ခုရှိတယ်”
“ဘာလဲ”
“ကျွန်မ ဒီကို တစ်ယောက်တည်းလာတာမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မ သူငယ်ချင်းက ထွက်လာချင်တာ မစောင့်နိုင်တော့ဘူး”
ပြောပြီးသည်နှင့် သူမသည် သားရဲများအားလုံးကို ခေါ်ထုတ်လိုက်သည်။ ရှောင်ချီ၊ အိပ်မက်လေး၊ ပန်းလေး၊ ရွှေလေး၊ ငှက်လေး၊ ဟာစွန်၊ ရာဟွောင်၊ အမည်းလေး၊ မဟူရာ၊ မီအာ၊ ခရမ်းလေး… သားရဲ ၁၁ ကောင်သည် သူမအနား တွင်ပေါ်လာရာ အားလုံး ထိတ်လန့်သွားလေသည်။
“ဝိုး ရှီအာ နင့်မှာ စာချုပ်သားရဲတွေ ဒီလောက်အများကြီးရှိတယ်ပေါ့” ကုန်းဇီယွမ်သည် အံ့ဩလွန်းသဖြင့် ထခုန်မတတ်ဖြစ်သွားသည်။
ရှောင်ရော့ပိုင်လည်း မတည်ငြိမ်နိုင်တော့ပေ။ ရှီမာယူယူတွင် ဤမျှ များပြားလှသော စာချုပ်သားရဲများရှိလိမ့်မည်ဟု ထင်မထားပေ။
တိစစ်ခုံသည် သားရဲများကို မြင်ချိန်တွင် အံ့ဩပုံမပြပေ။ ထိုအစား သူ ပြုံး လိုက်သည်။
“မင်းက မုရုန်ရှီမဟုတ်ဘူးပဲ… ဒီစာချုပ်သားရဲတချို့က လူသားလောက ကပဲ.. ငါ မမှားဘူးဆိုရင် မင်းက အမှောင်မင်းသမီးရဲ့သမီး ရှီမာယူယူပဲ ငါ ပြော တာမှန်လား”
“ရှင်က တစ်လျှောက်လုံး ရှင့်ခန့်မှန်းချက်ကို အတည်ပြုဖို့ စောင့်နေတာ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “အခု ရှင့်ခန့်မှန်းချက် မှန်တယ် ဆိုတာကို ကျွန်မ သက်သေပြလိုက်ပြီ”
“ဟားဟား မင်းသိနေမှတော့ ဘာလို့များ စာချုပ်သားရဲတွေကို ထုတ်ပြီး မင်းရဲ့သရုပ်မှန်ကို အတည်ပြုလိုက်တာလဲ” တိစစ်ခုံ ပြောလေသည်။
“ဘာလို့လဲဆိုတော့… ရှင့်ကို သတင်းဖြန့်ခွင့်ပေးမှာ မဟုတ်လို့ပဲ” ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည် “ရှင် ထွက်မသွားနိုင်သရွေ့တော့ ဒီ သတင်းက ပျံ့သွားမှာမဟုတ်ဘူး”
“ဟားဟား… ငါ့ကိုယ်ငါ ယုံကြည်ချက်ရှိလွန်းတဲ့လူလို့ ထင်နေတာ… ငါ့ ထက်တောင် ယုံကြည်ချက်တွေ ခိုင်မာနေတဲ့လူကို တွေ့ရလိမ့်မယ်လို့ ထင် မထားဘူး… မင်းရဲ့ စာချုပ်သားရဲတွေနဲ့ ငါ့တပ်အောက်ကနေ လွတ်မယ်လို့ ထင်နေလား”
“ဒါဆိုရင် ဘယ်သူက ဘယ်သူ့ကိုဝိုင်းမလဲဆိုတာပေါ်မှာ မူတည်တာပေါ့” ရှီမာယူယူ သူ့ကို ပြုံးပြလိုက်သည်။ ထိုအပြုံးသည် ဆိုးဝါးသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
“သခင် ကျွန်တော်တို့ လေဟာနယ်ကို ချိပ်ပိတ်လိုက်ပြီ” တပ်သားတစ် ယောက်သည် လေဟာပြင်မှ ပေါ်လာကာ တိစစ်ခုံဘေးတွင် ဒူးထောက်လိုက် သည်။
“မင်း ဘာလုပ်လိုက်တာလဲ” တိစစ်ခုံသည် ရှီမာယူယူကို ကြည့်လိုက် သည်။
“ကျွန်မ အကြိုက်ဆုံးထဲက တစ်ခုက ခွေးကို တံခါးပိတ်ပြီးရိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ရှင်က ကျွန်မအကြောင်းကို အဲလောက် အများကြီး သိနေမှတော့ ရှင်သိသင့်ပြီမဟုတ်ဘူးလား ဟွမ်… ကျေးဇူးပဲ”
ဟွမ်သည် လေထဲတွင်ပေါ်လာကာ လက်ပိုက်ပြီး အောက်မှ အခြေအနေ ကိုကြည့်နေသည်။
“ဟင်း မင်းရဲ့အားလောက်နဲ့ ငါတို့ကို ခုခံနိုင်မယ်ထင်နေလား” သူမကို ခေါ်လာသော အစေခံသည် အော်လေသည်။
သို့သော် တိစစ်ခုံသည် ယုံကြည်ချက်မရှိပေ။ သူသည် ဟွမ်၏ အားအင်ကို သိချင်သဖြင့် သူ့ကိုလှမ်းကြည့်လိုက်သည်။
ခြံဝန်းအပြင်ဘက်ရှိ လေဟာနယ်တစ်ခုလုံးကို ကန့်သတ်လိုက်သည်မှာ သာမန်လူလုပ်နိုင်သည့် အရာမဟုတ်ပေ။ ဒီဟွမ်ဆိုသည့်လူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသောလူပင်ဖြစ်ရမည်။
“သူ့ကို အဲလိုမျိုးကြည့်ဖို့မလိုပါဘူး သူက တံခါးပိတ်ဖို့ကိုပဲ တာဝန်ယူထား တာ… ခွေးတွေကိုမရိုက်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အတော်ပဲ တစ္ဆေ လောကကိုရောက်ပြီးကတည်းက သားရဲတွေက အချိန်ကောင်းမရှိသေးဘူး.. သားရဲတွေလည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားတော့ ပျော်စရာကြီးပဲ… အခု မင်းတို့ ဘာသာပျော်လိုက်ကြတော့”
“အိုး ဘုရားရေ နောက်ဆုံးတော့ ပျော်စရာရှိပြီပဲ” ရှောင်ချီသည် လက်သီး ကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် “ငါ့လက်သီးတွေက ယားနေပြီ”
“အရင်လိုပဲမလား” ပန်းလေးသည် ကြိမ်ကိုဝှေ့ယမ်းလိုက်သည်နှင့် လူသားစားပန်းများ ပွင့်လာကာ စူးထက်လှသော သွားများသည် အေးစက်စွာ တောက်ပနေသည်။
“ကောင်းတာပေါ့” ရှောင်ချီ သဘောတူလိုက်သည်။
“မင်းတို့တွေက အပိုတွေတအားပြောတယ် ငါအရင်လှုပ်ရှားမယ်” မဟူရာ သည် အတောင်ပံများကို ဖြန့်ပြီး အနောက်တောင်ဘက်တွင် ပုန်းနေသည့်လူ များကို တိုက်ခိုက်လေသည်။
မဟူရာလှုပ်ရှားသည်နှင့် တခြားသော သားရဲများလည်း လှုပ်ရှားကြ သည်။ ခရမ်းလေးတစ်ကောင်သာ ရှီမာယူယူ၏ ရင်ခွင်ထဲတွင် လှဲလျောင်းပြီး သမ်းဝေနေသည်။
ရှီမာယူယူသည် တိုက်ပွဲသက်ရောက်မှုမရှိစေရန် သူတို့သုံးယောက်၏ ပတ်ပတ်လည်ကို အကာအကွယ်စီမံလိုက်သည်။
“ဒီကောင်တော့” အစေခံသည် တိစစ်ခုံ၏ ဘီးတပ်ကုလားထိုင်ဘေးမှ ထွက်လာပြီး ရှီမာယူယူကို ဓားရှည်ဖြင့်ရွယ်ကာ ပျံလာလေသည်။
“ငါ စွမ်းအားမပြတာနဲ့ ငါ့ကို ကိုယ်လက်အင်္ဂါချို့တဲ့နေတဲ့ ကြောင်လို့ ထင် နေတာလား” ခရမ်းလေးသည် ထိုအမျိုးသမီးအားကြည့်ပြီး အေးစက်စွာ နှာမှုတ်ကာ လက်သည်းဖြင့် ဝေ့ယမ်းလိုက်သည်။
***