← Chapters

ထူးဆန်းတဲ့မြစ်ကြမ်းပြင်

Vol. 134 Ch. 1863

ထူးဆန်းတဲ့မြစ်ကြမ်းပြင်

Vol. 134 Ch. 1863

နိဗ္ဗာန်မြစ်ထဲမှရေသည် ကြည်လင်ပြီးတောက်ပသည်။ မြစ်အောက်ခြေ၌ ပင် အလင်းရှိလျှင် ပတ်ဝန်းကျင်မှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။

သို့သော် ရှီမာယူယူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သဖြင့် အတော် ပေါ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် စီးရန်အတွက် ပစ္စည်းများချိတ်ဆွဲ ကာ မြစ်အောက်ခြေသို့ဆင်းရသည်။

“အရိပ်မည်း အငွေ့သားရဲက ဒီနားမှာလား” ရှီမာယူယူ မေးလိုက်သည်။

“အငွေ့သားရဲက မြစ်နှစ်မြစ်ဆုံတဲ့နေရာမှာ ရှိတယ်… ဒါပေမဲ့ သူက ပို ကောက်ကျစ်ပြီးတော့ နေရာအနှံ့လည်းနေတတ်တယ် အဲဒါကြောင့် အခု ဘယ် ရောက်နေလဲဆိုတာတော့ မသိဘူး” အရိပ်မည်း ပြန်ဖြေလေသည်။

“အဲဒီနေရာတွေကိုရော သိလား” ဟွမ် မေးလိုက်သည်။

“အဲဒါတွေကိုတော့ သေချာမသိဘူး ငါ သုံးခုလောက်ပဲသိတယ်” အရိပ် မည်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူသည် မြစ်အောက် ခြေမှ အခြေအနေကို ကောင်းကောင်းကြီးသိသည်ဟု လေထွားခဲ့သော်လည်း များများစားစားမသိပေ။

“မင်းပဲ ခုနက မြစ်အောက်ခြေက အခြေအနေတွေကို အကုန်သိတယ်လို့ မပြောခဲ့ဘူးလား” ဟွမ် ပြောလိုက်သည်။

“ငါက တခြားဟာတွေသိတာလေ အငွေ့သားရဲအကြောင်းကို အများကြီးမသိဘူး” အရိပ်မည်းသည် ရေရွတ်လေသည်။ ပြီးနောက် သူ ဟွမ်ကို ပြောလိုက် သည် “အဲဒါက အငွေ့သားရဲကို အထင်သေးပြီး သွားရန်မစတဲ့ အဲလူအမှားလေ အဲဒါကြောင့် ငါက သိပ်ပြီးအထိအတွေ့မရှိတာ”

‘အဲလူ’ဆိုသည်မှာ မည်သူကို ပြောသည်ကို ဟွမ်သိသည်။ သူသည် အပြစ် မတင်သော်လည်း မျက်လုံးလှိမ့်ပြလိုက်သည်။

“ရပါတယ် တခြားဟာတွေသိရင်ကို ပြဿနာတွေအများကြီး ရှောင်လို့ရ သေးတယ်” ရှီမာယူယူသည် သူ့ကိုနှစ်သိမ့်ပေးသည် “အရင်ဆုံး အဲဒီသုံးနေရာ ကို သွားကြည့်ကြတာပေါ့”

“ဟုတ်ကဲ့”

အရိပ်မည်းသည် သူတို့ကို အငွေ့သားရဲ၏ သားရဲတွင်းကိုခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် မရဏာသားရဲများစွာတွေ့ခဲ့သည်။ သူတို့သည် အဝေးမှ ကြည့်လျှင် ကြမ်းတမ်းပုံပေါ်သော်လည်း အနားကပ်လာသည့်အချိန်တွင် ရှောင် သွားကြပြီး သူတို့ကို လာမတိုက်ခိုက်ကြပေ။

ရှီမာယူယူသည် နားမလည်နိုင်ဖြစ်နေကာ မေးလိုက်သည် “နိဗ္ဗာန်မြစ်က မရဏာသားရဲတွေက ဒီလောက်တောင် ဖော်ရွေတာလား” မရဏာသားရဲ အများစုမှာ သူတို့၏ နယ်နိမိတ်အတွင်း ဖြတ်သွားလျှင် ဒေါကြီးမန်ကြီးဖြင့် တိုက်ခိုက်တတ်ကြသည်။ မြစ်အောက်ခြေက မရဏာသားရဲတွေက သူတို့ကို မြင်တာနဲ့ ဘာလို့ရှောင်သွားကြတာလဲ။

အရိပ်မည်းနှင့် ဟွမ်တို့သည် အဖြစ်အပျက်ကို သိထားသော်လည်း သူမကို မပြောကြပေ။ သူတို့သည် ဝိုးတိုးဝါးတားပင်ပြောလေသည် “အဲလိုနေမှာပေါ့”

“အင်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒါလည်းကောင်းတာပဲ ငါတို့တွေ ဒုက္ခနည်း တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ် ဒါကောင်းတယ်” အရိပ်မည်း ပြုံးလိုက်သည်။ မရဏာသားရဲ တစ်ကောင်သည် သူ့ကို ကြောက်လန့်တကြားကြည့်သည်ကို မြင်သောအခါ ပြန်စိုက်ကြည့်ပေးလိုက်သည်။ ထိုမရဏာသားရဲသည် ကိုယ်ပိုင်အသိစိတ်နှင့် ပင် ပြန်လှည့်ပြေးသွားလေသည်။

သူသည် ပြုံးပြီး မေးစေ့ကို ထိလိုက်သည်။ သူက အားကောင်းတယ်လို့ ထင်စရာပဲ။

ရှီမာယူယူသည် အရိပ်မည်းမှ ထိုမရဏာသားရဲကို စိုက်ကြည့်နေသည်ကို မမြင်လိုက်ရပေ။ ထိုမရဏာသားရဲ ထွက်ပြေးသွားသည်ကိုသာ မြင်လိုက်ရကာ ပြောလေသည် “မင်းရဲ့မရဏာရောင်ဝါက အားကောင်းလွန်းလို့ မရဏာသားရဲ ကိုတောင်မှ ကြောက်ပြီးပြေးသွားစေတာပဲ”

“ဟီးဟီး…” အရိပ်မည်းသည် ဘာတစ်ခွန်းမှမပြောဘဲ ရယ်သာနေလေ သည်။

ထိုအရာမှာ မရဏာနှင့် ဘာမှမသက်ဆိုင်ပေ။ သူတို့၏ အသက်ရှုသံမှာ မထုတ်ရသေးသဖြင့် မရဏာသားရဲများသည် သူတို့၏သရုပ်မှန်ကို မသိကြပေ။ သူတို့ကြောက်သည်မှာ သူ၏နောက်ကွယ်တွင် ဝူလင်းယူဆိုသည့်လူရှိနေခြင်း ကြောင့်သာဖြစ်သည်။ သူတို့ သူ့ကိုမြင်ချိန်တွင် ဝူလင်းယူကို မြင်လိုက်ရသကဲ့ သို့ ကြောက်ရွံ့ကြသည်။

ထိုအကြောင်းကြောင့်ပင် လမ်းတစ်လျှောက်တွင် မရဏာသားရဲများ သည် သူတို့ကို လမ်းဖယ်ပေးကြသည်။ မကြာမီတွင် သူတို့သည် အငွေ့သားရဲ ၏ အသိုက်သို့ရောက်လေသည်။ သူတို့ထင်ထားသည့်အတိုင်းပင် သားရဲတွင်း သုံးခုလုံးမှာ ရှင်းလင်းနေကာ အငွေ့သားရဲကိုမတွေ့ရပေ။

“သားရဲတွင်း သုံးခုလုံးမှာမရှိဘူး တခြားသားရဲတွင်းများရှိမလားလို့ တစ် ယောက်ယောက်ကို ရှာမေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော် သွားမေးလိုက်မယ် သခင်မလေးနဲ့ ဟွမ်က ဒီမှာစောင့်နေ” အရိပ်မည်း ပြောလိုက်သည်။

“အတူသွားကြမလား” ရှီမာယူယူသည် သူတစ်ယောက်တည်း သွားသည် ကိုစိတ်ပူနေကာ အကြံပြုလိုက်သည်။

“သူ့ကို တစ်ယောက်တည်း သွားခိုင်းလိုက်ပါ” ဟွမ် ပြောလေသည် “ကျွန်တော်တို့ ဒီမှာပဲစောင့်ကြတာပေါ့”

“ဟုတ်ပြီလေ တစ်ခုခုအန္တရာယ်ဖြစ်ပြီဆိုရင် ငါတို့ကို ချက်ချင်း ဆက်သွယ်ပေး” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” အရိပ်မည်းသည် ပြန်ဖြေပြီးနောက် ထွက်သွားလေသည်။ သူသည် သူတို့မမြင်နိုင်သည့် အဝေးတစ်နေရာသို့ လာပြီး တွေ့သည့် ငါးတစ် ကောင်ကို ရှာမေးလိုက်သည်။

“ကိုယ့်သခင် ဘာများမိန့်မလို့လဲ” ငါးလေးသည် တုန်တုန်ယင်ယင်ပင် ကူးခတ်လာပြီး မေးလေသည်။

“မင်းက အငွေ့သားရဲနဲ့ ရင်းနှီးတဲ့ပုံပဲ… သူ့ရဲ့ တခြားသားရဲတွင်းတွေက ဘယ်မှာလဲဆိုတာ သိလား” အရိပ်မည်း မေးလိုက်သည်။

“အငွေ့သားရဲလား မေ့ပျောက်ခြင်းမြစ်နားမှာတော့ အသိုက်တစ်ခုရှိတယ် လို့ ကြားဖူးတယ်.. ဒါပေမဲ့ နေရာအတိအကျကိုတော့ မသိူဘူး” ငါးလေး ပြန်ဖြေ လေသည်။

“မေ့ပျောက်ခြင်းမြစ်ကိုရှောင်ဖို့ နည်းနည်းတော့ လှည့်စားရမယ်” အရိပ် မည်းသည် ပြောပြီးနောက် မေးစေ့ကို ထိလိုက်သည်။

ဝူလင်းယူသည် မေ့ပျောက်ခြင်းမြစ်နှင့် တစ်သားတည်းဖြစ်နေလေပြီ။ ရှီမာယူယူ မေ့ပျောက်ခြင်းမြစ်သို့ရောက်သည်နှင့် သူမရှိနေသည်ကို သူ ချက်ချင်းပင် အာရုံခံနိုင်မည်။ အဲလိုဆိုရင် သူ သိသွားမှာပဲ။

“အဲဒီနေရာအပြင် တခြားနေရာရှိသေးလား” အရိပ်မည်း မေးလိုက်သည်။

“နောက်ထပ် နှစ်နေရာတော့ရှိတယ်… အဲဒါက ကိုယ့်သခင်တို့ လာတဲ့ ဘက်မှာရှိတာပဲ၊ ကြည့်ရတာ အဲဒီနေရာတွေကို ရောက်ခဲ့ပြီထင်တယ်” ငါးလေး ပြောလေသည်။

သူ နောက်ထပ် သတင်းမရနိုင်တော့သည်ကို သိလိုက်သည်နှင့် အရိပ် မည်းသည် သူ၏လက်ကိုဝေ့ယမ်းကာ ငါးလေးကို သွားခိုင်းလိုက်တော့သည်

ပြီးနောက်တွင် သူသည် နောက်ထပ်မရဏာသားရဲ နှစ်ကောင်ကိုတား ကာ မေးသည်။ ရလဒ်မှာတော့ အတူတူပင်။

ထို့ကြောင့် သူပြန်ပြီး သိလာသမျှကို ရှီမာယူယူအား ပြောပြလိုက်သည်။

ရှီမာယူယူသည် စိတ်မပျက်ပေ။ အငွေ့သားရဲသည် အစကတည်းကပင် ကောက်ကျစ်သည်။ ထို့ကြောင့် သူ ဒဏ်ရာရပြီးနောက်တွင် အလုံခြုံဆုံးဟု ခံစားရသည့်နေရာသို့ ပြန်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အဲလိုဆိုရင် ရှာဖို့ အလွယ်ဆုံးနေရာကို ဘယ်ရွေးမလဲ။

သို့သော် ယေဘုယျ ဦးတည်ဘက်ကိုသိလျှင် ရှာရန်မခက်ပေ။

သူတို့သည် မေ့ပျောက်ခြင်းမြစ်ဘက်သို့ ချဉ်းကပ်သွားပြီး နီးလာလေလေ မရဏာသားရဲများမှာ ထူးဆန်းလေလေဖြစ်သည်။ အရိပ်မည်းကို မြင်သောအခါ သူတို့၏ တုံ့ပြန်ချက်မှာ ပြင်းထန်လာလေဖြစ်သည်။ ရှီမာယူယူသည် သင်္ကာ မကင်းဖြစ်ကာ သူ့ကို အကြိမ်ပေါင်းများစွာ ကြည့်လာသည်။

အရိပ်မည်းသည် မသိချင်ယောင်ဆောင်ထားသည်။ သို့သော် တိတ်တိတ် လေး မျက်လုံးလှိမ့်မိသည်။ ဒါ သူ့အမှားမဟုတ်ဘူးလေ။ လတ်တလောမှာ မရဏာသားရဲတွေကို အညှာအတာမရှိလွန်းတဲ့ လူတစ်ယောက်ကြောင့်လေ။ သူနဲ့ ဘာမှမဆိုင်ဘူး… ဒါပေမဲ့ သူပါရောပါသွားတာပဲ။

“ရှေ့မှာ လှုပ်ရှားမှုရှိတယ်” ဟွမ်သည် အရှေ့ကို ညွှန်ပြလေသည်။

ရှီမာယူယူသည် ဟွမ်ညွှန်ပြသော ဘက်သို့ကြည့်လိုက်ရာ မရဏာသားရဲ နှစ်ကောင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ထိုအရာမှာ ထူးခြားလှ သည်တော့မဟုတ်။ သို့သော် သူတို့အနောက်ကို မြင်လိုက်ရချိန်တွင်တော့ သူမ အော်မိလိုက်သည် “အငွေ့သားရဲက ဒီမှာပဲ”

ထိုသို့ပြောရင်းနှင့် သူမ ပျံသွားလိုက်သည်။ ဟွမ်နှင့် အရိပ်မည်းတို့သည် အငွေ့သားရဲကို မမြင်ရသော်လည်း သူမ နောက်မှလိုက်လာခဲ့သည်။ သို့သော် တိုက်ခိုက်နေကြသော မရဏာသားရဲများသည် အရိပ်မည်းကိုမြင်သည်နှင့် ထွက်ပြေးကြလေသည်။

အငွေ့သားရဲသည် မရဏာသားရဲနှစ်ကောင်၏ အနောက်တွင် ပုန်းကာ သူတို့ တိုက်ခိုက်နေသည်ကို လောဘတက်စွာကြည့်နေသည်။ သူတို့ ဒဏ်ရာရ သည်နှင့် သွားစားရုံပင်ဖြစ်သည်။ ထိုအချိန်တွင် သူ့ဒဏ်ရာမှာ အမြန်သက်သာ လာပြီး ထိုတစ္ဆေမျိုးနွယ်ကို လက်စားချေနိုင်မည်ဖြစ်သည်။

သူ စိတ်အားထက်သန်စွာဖြင့် ကြည့်နေချိန်တွင် မရဏာသားရဲနှစ်ကောင် မှာ ရုတ်တရက်ထပြေးသဖြင့် သူကြောင်သွားသည်။ တစ်ခုခုလွဲမှားနေသည်ကို မစုံစမ်းရသေးခင်မှာပင် လူသုံးယောက် လာနေသည်ကို မြင်လိုက်ရသည်။

အဲမိန်းမက သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူ မဟုတ်ဘူးလား။ သူမ မျက်လုံးတွေက သူ့အပေါ်ရောက်နေတာဆိုတော့ သူမက မြင်နိုင်တယ်ဆိုတဲ့ သဘောလား။

“သေစမ်း ဒီမိန်းမက ဘာလဲဟ” သူသည် လှည့်ပျံကာ စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။ တခြားသူတွေ မမြင်ရတာကို သူမက ဘယ်လိုလုပ်မြင်ရတာလဲ။ သူမက ဒီအထိလိုက်လာတာဆိုတော့ သူ့ကိုသတ်ဖို့ဆိုတာ မလွဲဘူးပဲ။ သူတို့က အခု အစပ်မှာပဲရှိသေးတာ သူ့နယ်နိမိတ်ထဲရောက်ရင်တော့ လက်စားချေဖို့ အခွင့်အရေးပဲ။

အငွေ့သားရဲ ထွက်ပြေးတော့မည်ကို ရှီမာယူယူမြင်သောအခါ ထိုနေရာ သို့ညွှန်ပြပြီး အော်လိုက်သည် “ဟိုမှာပဲ”

အရိပ်မည်းနှင့် ဟွမ်တို့သည် အတူလုပ်ဆောင်သော်လည်း သူ ထွက်ပြေး နိုင်တုန်းပင်ဖြစ်သည်။ မကြာမီတွင် သူတို့ မေ့ပျောက်ခြင်းမြစ်သို့ ရောက်လာ သည်။

ထိုအချိန်တွင် ငါးတစ်အုပ်သည် နှစ်ဖက်မှ ကူးခတ်လာပြီး အရိပ်မည်းနှင့် ဟွမ်တို့ကို ပိတ်လိုက်သည်။ ရှီမာယူယူသည် လက်ကောက်ဝတ်တွင် ရစ်ပတ် ရှုပ်ထွေးမှုကိုခံစားလိုက်ရပြီး စက္ကန့်ပိုင်းအတွင်း၌ပင် မေ့ပျောက်ခြင်းမြစ်ဆီသို့ ဆွဲခေါ်သွားခံလိုက်ရတော့သည်။

***

All Chapters