← Chapters

အခန်း ၁၉၆၃(က)

Vol. 132 Ch. 1963-A

အခန်း ၁၉၆၃(က)

Vol. 132 Ch. 1963-A

အပိုင်း (၁၉၆၃ - က)

ရုတ်တရက် မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ ရီရှင်းချန်သည် ကြီးမားသည့် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရောက်ရှိလို့နေ၏။ သူသည် ကျောက်တုံးပေါ်တွင် ထိုင်လျက်ရှိနေပြီး သူ၏ ဘေးတွင်တော့ ရှောင်ကျီက လဲလျောင်းနေ၏။ သေသေချာချာ ပြန်လည်ကာ စဉ်းစားကြည့်ရမည်ဆိုလျှင် စိတ်ဝိညာဉ်စမ်းချောင်းတောင်ထွတ် ပေါ်သို့ သူတို့စတင် ရောက်ရှိသည့်အချိန် သာ ဖြစ်ပေမည်။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို သူတို့လာရောက် ဖျက်ဆီးသည့်အချိန်တွင် ဂိုဏ်းခေါင်းဆောင်အဖြစ်သာ ရှိနေ သေးသည့် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ဦးဆောင်ကာဖြင့် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဆီမှ သိုင်းစစ်သူကြီး သုံးယောက်တို့အား လာရောက်ကာ တိုက်ခိုက်ခဲ့၏။

အတိတ်တုန်းက ရှောင်ကျီ အနေနှင့် ရူးကြောင်ကြောင် ကိစ္စရပ်များကို ပြုလုပ်ခဲ့သေး၏။ သူသည်သာ ထိုက်ရွှမ် ကျမ်းစာကို အသုံးပြုပြီး တစ်ဖက်လူ၏ အော်ရာကို ဖုံးကွယ်မပေးခဲ့ပါက အောက်မှာရှိနေသည့်လူများသည် သူတို့ရောက်ရှိနေသည်ကို ကြိုတင်ကာ သိရှိသွားမှာ သေချာသည်။

ပြီးသည့်နောက် မြင်ကွင်းသည် ထပ်ကာတလဲလဲ ပြောင်းလဲသွား၏။ အရာအားလုံးသည် အတိတ်မှ ဖြစ်တည်ခဲ့သည့် အကြောင်းအရာများသာဖြစ်၏။ ထိုအရာများသည် ရှောင်ကျီနှင့် ပတ်သက် ဆက်နွယ်နေသည့် အတိတ်မှ မှတ်ဉာဏ်များပင် ဖြစ်၏။ အလွန်နွေးထွေးလှသည့် မြင်ကွင်းမျိုးပင် ဖြစ်ပေ၏။

သို့ပေမဲ့ ရီရှင်းချန်သည် ထိုမြင်ကွင်းများကို ထပ်ကာထပ်ကာ ကြည့်ရှုပြီးသည့်နောက် နှလုံးသားထဲတွင်ရှိသည့် နာကျင်မှုများမှာ ပိုမိုကာ တင်းကျပ်လာခဲ့၏။ သူ၏ ဝိညာဉ်အတွင်းပိုင်းတွင် ရှိနေသည့် စည်းခတ်ခံထား ရသည့် စွမ်းအင်များသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

မှတ်ဉာဏ်များသည် လက်ရှိအခြေအနေဆီသို့ ပြန်လည် ရောက်ရှိလာသည်။ သူ မီးစွမ်းအင်များ၏ လွှမ်းခြုံမှုကို ခံထားရချိန်တွင် ရှောင်ကျီသည် ရုတ်တရက် ရောက်ရှိလာပြီး အသက်ကို စတေးကာဖြင့် သူ့အား ကယ်တင်ခဲ့၏။

အား....

ရီရှင်းချန်သည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လျက် ရှိသည်။

ဘန်း ဘန်း ဘန်း ဘန်း

ချက်ချင်းပဲ ၎င်း၏ ဝိညာဉ်အတွင်းပိုင်း၌ စည်းခတ်ခြင်း ခံထားရသည့် ကြိုးများသည် တစ်ခုပြီးတစ်ခု ပြတ်တောက် သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။

“ဟမ်”

ပြိုင်စံရှားဂိုဏ်း တပည့်များကို သတ်ဖြတ်ပစ်ရန် ပြင်ဆင်လျက် ရှိသည့် အနီရောင်ဆံပင်နှင့်လူသည် ရုတ်တရက် အံ့အားသင့်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။

ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားခဲ့သော တစ်ဖက်လူ၏ မျက်နှာသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တင်းမာခက်ထန်လျက် ရှိနေပြီး ၎င်း၏အနောက်တွင် ဘုရင်ဆိုသည့် စကားလုံးက ထွက်ပေါ်လာ၏။

“ဒါ... ဒါက”

ဖန်းဝမ်လီနှင့် တခြားသောသူများသည် ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ဆွံ့အသွားမိကြသည်။ “ဘာ.. ဘာတွေ ဖြစ်နေတာလဲ”

ရီရှင်းချန် အော်ဟစ်လိုက်သည့်အချိန်မှာတော့ ကုကျောင်းရှစ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပြန်လည်မွေးဖွား နိုင်စွမ်းရှိသော စိတ်ဝိညာဉ်သည် ဒန်ထျန်ထဲမှ ထွက်ခွာသွား၏။

ဝှစ်

ပြီးသည့်နောက် ထိုစိတ်ဝိညာဉ်အမြစ်သည် ရီရှင်းချန်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဝှစ် ဝှစ်

တစ်ချိန်တည်းမှာပဲ နတ်မီးလှောင်ချိုင့်ထဲတွင် ရှိနေသည့် အလင်းတန်းနှစ်ခုသည် အပြင်ဘက်သို့ ပျံသန်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့ပင် ဖြစ်သည်။ ထိုစိတ်ဝိညာဉ်အမြစ် နှစ်ကောင်တို့သည့် အနီရောင်ဆံပင်နှင့်လူ၏ နားရွက်ကြားမှဖြတ်ကာ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့၏။

ပြီးသည့်နောက် ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် လီချင်းယန်တို့ထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်အမြစ်များ အားလုံးတို့ သည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အပြင်ဘက်သို့ ပြေးထွက်သွားသည်။

ဆွစ် ဆွစ် ဆွစ်

မတူညီသည့် အရောင်အဆင်း ခုနှစ်မျိုးဖြင့် တည်ရှိနေသော အလင်းတန်းများသည် ရီရှင်းချန် ဆီသို့ ပျံသန်းသွား ခဲ့ကြ၏။ ၎င်းတို့သည် မိစ္ဆာစိတ်ဝိညာဉ်၊ မီးစိတ်ဝိညာဉ်၊ တည်နေရာစိတ်ဝိညာဉ်၊ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်၊ မိုးကြိုးငါးပါးစိတ်ဝိညာဉ်၊ သဲစိတ်ဝိညာဉ်၊ ပြီးနောက် ကျန်းစန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ သည့် အချိန် စိတ်ဝိညာဉ်တို့ပင် ဖြစ်လေ၏။

ပြောရမည်ဆိုလျှင် ဤအရာများ အားလုံးသည် ညဘုရင်၏ ထိန်းချုပ်မှုကို ခံထားရ၏။ သို့ပေမဲ့ သုံးခု ကျန်ရှိနေသေးသည်။

ဆွစ် ဆွစ်

ရုတ်တရက် လေဟာနယ်ကို ထိုးခွင်းပြီးသည့်နောက် အလင်းတန်း သုံးခုသည် ရောက်ရှိလာ၏။ ပြီးနောက် တခြားသော စိတ်ဝိညာဉ်မျိုးစေ့ ခုနှစ်ခုတို့နှင့်အတူ စီတန်းရပ်လျက် ရှိနေပြီး ရီရှင်းချန်၏ ဦးခေါင်းထက်တွင် နာရီ ပုံစံတစ်ခုကဲ့သို့ လှည့်ပတ်နေခဲ့၏။

ဖန်းဝမ်လီ သည် စိတ်လှုပ်ရှားမှုကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ ထကာ အော်ဟစ်လိုက်မိ၏။ “စိတ်ဝိညာဉ် အမြစ် ဆယ်ခုက စုစည်းပြီးသွားပြီ။ ညဘုရင် ပြန်လာပြီ”

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ အလင်းတန်း ဆယ်ခုတို့သည် ရီရှင်းချန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာမျိုးကို ထုတ်ဖော်နေသည်။

“........”

ဆံပင်အနီရောင်နှင့်လူသည် မျက်မှောင်ကုတ်လိုက်မိ၏။ အလွန်အားကောင်းလှသည့် အန္တရာယ်၏ အငွေ့အသက် များသည် သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာ၏။

ရှောင်ကျီသေဆုံးခြင်းအား ရီရှင်းချန်သည် မည်သို့မှ လက်မခံနိုင်ခဲ့ချေ။ သူ၏ဝိညာဉ်အတွင်းပိုင်းထဲတွင် စည်းခတ်ခြင်း ခံထားရသည့် စွမ်းအင်များသည် အလုံးစုံ ထွက်ပေါ်လာခဲ့ပြီဖြစ်၏။ ရုတ်တရက်ဆန်လွန်းလှ၏။ စည်းခတ်ခံထားရသော စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ညဘုရင် တစ်ချိန်က ပိုင်ဆိုင်ထားခဲ့သည့် စိတ်ဝိညာဉ်အမြစ် ဆယ်ခုတို့သည် လက်ရှိဆက်ခံထားသည့် ဆက်ခံသူများထံမှ ထွက်ပေါ်လာကာ ရီရှင်းချန်၏ ခန္ဓာကိုယ်နှင့် လာရောက်ကာ ပေါင်းစပ်ခဲ့သည်။

ဤမြင်ကွင်းသည် အစစ်အမှန်ပိုင်ရှင်ဆီသို့ ပြန်လာခြင်းဟု သုံးသပ်ရပေလိမ့်မည်။ သို့ပေမဲ့ စိတ်ဝိညာဉ်အမြစ် ဆယ်ခုလုံးကို ယူဆောင်သွားခဲ့ပြီးသည့်နောက် တခြားသူများ ဘာဖြစ်သွားမည်နည်း။ အထူးသဖြင့် ၎င်း၏ စိတ်ဝိညာဉ်အမြစ် နှစ်ခုဖြစ်သော ရှောင်ဟော့နှင့် ရှောင်ရှစ်တို့အား ကိုယ်ပိုင်သားကဲ့သို့ ဆက်ဆံ ပြုစုပျိုးထောင် ခဲ့သော ကျွင်းချောင်ရှောင်းပင် ဖြစ်လေ၏။

ကျွင်းချောင်ရှောင်းအတွက် ဝမ်းနည်းစရာ ကိစ္စရပ်ပင် ဖြစ်ပေလိမ့်မည်။ ယုစီနန်နှင့် တခြားသူများမှာတော့ ၎င်းတို့၏ စိတ်ဝိညာဉ်အမြစ်များ ယူဆောင်သွားခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် ရီရှင်းချန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်ကို တွေ့ရှိကြသောကြောင့်ဖြစ်၏။ ထိုသို့ ပေါင်းစပ်ပြီးသည့်နောက် ရီရှင်းချန်၏ တိုက်ခိုက်မှု စွမ်းအင်များသည် အလုံးစုံ တိုးတက်သွားပေလိမ့်မည်။

ရီရှင်းချန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အမြစ်တို့ ပေါင်းစပ်ပြီးသည့်နောက် ခန့်မှန်း၍ မရနိုင်သော အားအင် အဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။ အနီရောင်ဆံပင်နှင့်လူသည် မျက်မှောင်ကုတ်ပြီးသည့်နောက် အန္တရာယ်၏ အငွေ့အသက်ကို ခံယူလိုက်မိ၏။ ကြီးမားလှသည့် ကပ်ဘေးကြီးသည် ရောက်ရှိလာပေတော့မည်။

“ခင်ဗျား.. ကျုပ်ရဲ့ ဂိုဏ်းတူရောင်းရင်းကို သတ်ပစ်တယ်”

ရီရှင်းချန်သည် ခေါင်းကိုငုံ့ကာဖြင့် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်သည်။ “ခွင့်လွှတ်ပေးလို့ မရတော့ဘူး”

သူ၏ အေးစက်သည့် စကားသံသည် ဒေါသထွက်ခြင်း၊ သတ်ဖြတ်လိုခြင်းများ အော်ရာများ မပေါ်ချေ။ သို့ပေမဲ့ ကြားရသူအားလုံးကို ကြက်သီးမွှေးညှင်းများပင် ထသွားစေခဲ့၏။ အော်ဟစ်ပြောဆို ဆဲဆိုနေတိုင်း ကြမ်းတမ်းမှုကို ထုတ်ဖော်ပြောဆိုသည့် နည်းလမ်း မဟုတ်ချေ။ လေသံသည် အလုံးစုံသော ‌အေးစက်ခြင်းများ တည်ရှိ နေသည်ဆိုပါက ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့၏။

“သတ်... သတ်ကြတော့”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ရီရှင်းချန် တစ်ယောက် ဤကဲ့သို့ ပြောင်းလဲသွားသည်နှင့် ပတ်သက်၍ လုံးဝဂရုမစိုက်ကြချေ။ သူတို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များကို တိုက်ခိုက်လျက် ရှိနေ၏။ အရေအတွက်အရ အသာစီး ရရှိနေသည်ကို အခွင့်ကောင်းယူကာ အားလုံးသော သူများကို ဖိနှိပ်ပစ်ရန် ကြိုးစားလျက် ရှိနေ၏။ သူတို့၏ ဦးခေါင်းထဲ၌ တစ်ခုတည်းသော အကြောင်းအရာသာ ရှိ၏။ ဤအရာသည် ဤဂိုဏ်းနှင့် ဤဂြိုဟ်ကြီးအား ဖျက်ဆီးပစ်ရမည် ဆိုခြင်းပင်။

ဒွီ ဒွီ

သို့ပေမဲ့ ၎င်းတို့သည် အရှေ့ဆီသို့ လှမ်းတက်လိုက်သည့်အချိန်မှာတော့ ပတ်ဝန်းကျင်ရှိ တည်နေရာတစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ပြီးနောက် အလင်းတန်းကြီး တစ်ခုသည် ဖြတ်သန်းရောက်ရှိလာပြီး ၎င်းတို့အား ရစ်ပတ် သွား၏။

ရီရှင်းချန်သည် ဦးခေါင်းငုံ့လျက်ပင် ရှိသေး၏။ သို့ပေမဲ့ သူ၏လက်များကတော့ ဖြန့်ကားလျက် ရှိသည်။ လက်ဆယ်ချောင်းသည် တည်နေရာများ၏ အတွင်းပိုင်းဆီသို့ လှမ်းလျက်ရှိပြီး ဖြည်းဖြည်းချင်း လှုပ်ရှားလိုက် တော့၏။ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် ရန်သူများအား တည်နေရာ တစ်ခုထဲတွင် ချုပ်နှောင်လိုက်သည်။

ယုစီနန်သည် ဆွံ့အသွားခဲ့သည်။ တည်နေရာစွမ်းအင်အား ဤကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြု၍ တိုက်ခိုက်လျက် ရှိနေ၏။ ထိုအရာသည် သူ့အတွက်တော့ အသစ်အဆန်း ကဲ့သို့ပင်။

“သေစမ်း”

ရီရှင်းချန်က တီးတိုးပြောလိုက်၏။ သူ၏ စကားလုံးများတွင်လည်း အလွန် နက်နဲလှသည့် နိယာမများ ပါဝင်နေသကဲ့သို့ပင်။

ဘုန်း ဘုန်း ဘုန်း

တည်နေရာစိတ်ဝိညာဉ်နှင့် ချုပ်နှောင်ခြင်းကို ခံထားရသော စစ်သည်များသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ဤကဲ့သို့သော သတ်ဖြတ်မှုတွင် လူပေါင်းသောင်းချီ သေဆုံးသွားသည်ဟု ဆိုရမည်။

ရွှီ

ထိုအချိန်မှာတော့ ရီရှင်းချန်သည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် တခြားတည်နေရာသို့ လက်နှစ်ချောင်း နှင့်ထိုးနှက်လိုက်၏။ သဲစိတ်ဝိညာဉ်၏ စွမ်းအင်များသည် သူ၏လက်ချောင်းထိပ်တွင် ဖြစ်တည်လာခဲ့ပြီးသည့် နောက် ထက်ရှလှသော အပ်ကလေးကဲ့သို့ ပြောင်းလဲကာ ရန်သူများဆီသို့ သဲမိုးများ ရွာချလေတော့၏။

ဆွစ် ဆွစ်

ဇွိ ဇွိ ဇွိ

ထက်ရှလှသော သဲအပ်များသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များ ခန္ဓာကိုယ်ကို ထိုးဖောက် သွားခဲ့၏။ အားလုံးသောသူတို့၏ ခန္ဓာကိုယ်တွင် အပေါက်များ ဖြစ်တည်လာခဲ့ပြီး မျက်စိတမှိတ်အတွင်း အားလုံး သော သူတို့သည် သေဆုံးသွားခဲ့ကြ၏။

ရီရှင်းချန်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ဤနှုန်းအတိုင်းဆိုလျှင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ စစ်သည်များကို သတ်ဖြတ်ပစ်ရန် ဆိုသည်မှာ အလွန်ပင် မြန်ဆန်ပေလိမ့်မည်။

ဟုတ်ပေသည်။ အနီရောင်ဆံပင်နှင့်လူသည် သူ့အား လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ ချက်ချင်းပဲ သူ၏ လက်သီးထဲတွင် မီးတောက်များ စုစည်းကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မင်းရဲ့ပြိုင်ဘက်က ငါပဲ”

All Chapters