အခန်း ၁၉၆၃(ခ)
Vol. 132 Ch. 1963-B
အပိုင်း (၁၉၆၃ - ခ)
လက်ရှိ အခြေအနေမှာတော့ သူ့အနေနှင့် ဤရူးသွပ်သွားသည့်လူကို အနိုင်ယူ တိုက်ခိုက်နိုင်မလား ဆိုသည်မှာ မသေချာချေ။ သို့ပေမဲ့ ထာဝရလောကကြီးကို ဖျက်ဆီးပြီး သူ၏လွတ်မြောက်မှုကို ပြန်လည်ရရှိနိုင်ရန် အလို့ငှာ သူ့အနေနှင့် ဖြစ်နိုင်သမျှ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးအတွက် အချိန်ဆွဲရပေလိမ့်မည်။
ထိုအရာသည် ကောင်းမွန်လှသည့် အကြံအစည်ပင် ဖြစ်၏။ လက်ရှိအချိန်မှာလည်း ပြိုင်စံရှားဂိုဏ်း၏ တပည့် များသည် အရေအတွက်အရ ဖိနှိပ်ခြင်းကို ခံထားရ၏။ ရဲရဲဝံ့ဝံ့နှင့် တိုက်ခိုက်လျက်ရှိသည် ဆိုလျှင်တောင်မှ အချိန် အတော်ကြာ တိုက်ခိုက်မည်ဆိုပါက ဆိုးရွားသည့် အခြေအနေဆီသို့ သက်ရောက်သွားမှာ သေချာ၏။
“အားနာပါတယ်။ ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”
ထိုအချိန်မှာတော့ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အနီရောင်ဆံပင်နှင့်လူသည် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ နတ်မီး လှောင်ချိုင့်ထဲဆီမှ လူတစ်လျှောက်သည် အသာ တစ်လှမ်းချင်းစီလှမ်းလျှောက်ကာ ထွက်လာ၏။ သူသည် အံ့အားသင့်သွားမိ၏။ “မင်း ဘယ်လိုထွက်လာတာလဲ”
သူ၏ နတ်ဘုရား အသိအမြင်အရဆိုလျှင် အဆုံးမဲ့ မီးတောက်များနှင့် တည်နေရာထဲတွင် စည်းခတ်ခြင်း ခံထားရ သည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် မီးတောက်များကို ခုခံနိုင်စွမ်းရှိသည် ဆိုလျှင်တောင်မှ အထဲမှ အပြင် ဆီသို့ ထွက်လာရန်မှာ မဖြစ်နိုင်ချေ။
သို့ပေမဲ့ လက်ရှိ မည်ကဲ့သို့ ဖြစ်နေရသနည်း။ နတ်မီးလှောင်ချိုင့်ထဲတွင် ရှိနေသည် ဖြစ်သော်လည်း တစ်ဖက်လူသည် လွယ်လွယ်ကူကူဖြင့် မိမိအိမ်နောက်ဖေး ခြံဝန်းထဲမှ လှမ်းလျှောက်ထွက်နေသကဲ့သို့ပင် သက်တောင့်သက်သာ ထွက်လျှောက်လာခဲ့၏။
ထိုတင် မကသေးချေ။ တစ်လှမ်းချင်း ထွက်ခွာလာပြီးသည့်နောက်မှာတော့ တစ်ဖက်လူ၏ အသွင်သဏ္ဍာန်သည် တဖြည်းဖြည်း ပိုမိုကာ ထင်ရှားလာ၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် နတ်မီးလှောင်ချိုင့် စွမ်းအင်များကို တစ်ဖက်လူသည် စုပ်ယူလျက် ရှိနေခြင်းပင်။
“ဒီကောင် ငါ့ရဲ့ နတ်မီးလှောင်ချိုင့် စွမ်းအင်တစ်ခုလုံးကို စုပ်ယူပစ်နေတာလား။ မဟုတ်သေးဘူး”
တစ်စုံတစ်ခု မှားယွင်း နေပြီဖြစ်ကြောင်းကို အနီရောင်ဆံပင်နှင့်လူက နားလည်လိုက်မိ၏။ သူသည် ချက်ချင်းဆိုသလိုပဲ မီးတောက်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်ချင်မိ၏။ သို့ပေမဲ့ မဖြစ်နိုင်တော့ချေ။ ဤမီးတောက်များကို စတင်ဖန်တီးခဲ့သူသည် သူဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ မီးတောက်များသည် သူ၏ မီးတောက်များ မဟုတ်တော့ချေ။
ဆွစ် ဆွစ် ဆွစ်
တောက်ပလွန်းသော မီးတောက်များ အားလုံးသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲသို့ ရူးရူးမူးမူး ဝင်ရောက် လာပြီးနောက် သူ၏ ဒန်ထျန်ထဲတွင် လှည့်ပတ်လျက် ရှိနေ၏။ သန့်စင်ခံရပြီးသည့်နောက် သူ၏ အသားအရေ တစ်ခုလုံးသည် ပိုမိုနီရဲလာ၏။
“ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်း တစ်ယောက် ထွက်လျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ တပည့်အားလုံးတို့သည် ၎င်းတို့၏ အားကိုးရာ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း နားလည်လိုက်မိသည်။ ရှောင်ကျီ သေဆုံးပြီး သည့်နောက် ၎င်းတို့၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် နာကျည်းမှုများသည် လက်ရှိအချိန်မှာတော့ ပြန်လည်ကာ ပြေလျော့သွားခဲ့သည်။
အထူးသဖြင့် ရီရှင်းချန်ပင် ဖြစ်သည်။ သူသည် ရူးသွပ်နေသည့် အခြေအနေတွင် ရှိသည်ဆိုသော်လည်း သူ၏ သိစိတ် တစ်ခုလုံးသည် အလွန်ကြည်လင် ရှင်းလင်းလျက် ရှိ၏။ ဂိုဏ်းချုပ် ထွက်လျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် မချင့်မရဲ ခံစားမှုမျိုးကို ရရှိလျက် ရှိနေ၏။ သူ့ကြောင့် စီနီယာအစ်ကိုရှောင် သည် သေဆုံးသွားခဲ့ပြီဖြစ်၏။
ဆွစ်
ထိုအချိန်မှာပဲ နတ်မီးလှောင်ချိုင့်တစ်ခုလုံး၏ စွမ်းအင်များသည် အလုံးစုံ စုပ်ယူခြင်းကို ခံလိုက်ရသည်။
.............
အနီရောင်ဆံပင်နှင့်လူ၏ မျက်နှာ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ အန္တရာယ်၏ အငွေ့အသက်သည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူ၏ စိတ်တစ်ခုလုံးသည် ပိုမိုကာ လှုပ်ရှားလာခဲ့၏။
ဘယ်ဘက်ခြမ်းတွင် ရှိနေသည့်လူသည် ညဘုရင်အဖြစ်သို့ အသွင်ပြောင်းခဲ့ပြီဖြစ်သော ရီရှင်းချန်ဖြစ်ပြီး ညာဘက်ခြမ်းမှာတော့ မီးတောက်များ အားလုံးကို စုပ်ယူနိုင်စွမ်း ရှိနေသည့် ကျွင်းချောင်ရှောင်း ဖြစ်လို့နေခဲ့၏။ သူ့အနေနှင့် စိတ်လှုပ်ရှားနေသည် ဆိုခြင်းမှာ နားလည်လက်ခံသင့်သည့်အရာပင်။
“သူ”
ကျွင်းချောင်ရှောင်းသည် အနီရောင်ဆံပင်နှင့်လူကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “သူ့ကို ငါ့ကိစ္စ ထားလိုက်တော့”
“နားလည်ပါပြီ”
ရီရှင်းချန်သည် အသာလှည့်ကာဖြင့် ပျံသန်းသွားခဲ့သည်။ သူသည် ရှောင်ကျီအား သတ်ဖြတ်သူကို ဂိုဏ်းချုပ်ထံသို့ လက်လွှဲပေးခဲ့ပြီဖြစ်၏။ သူ့အနေနှင့် ဂြိုဟ်ကြီးကို ခြိမ်းခြောက်နေသည့် ရန်သူ များကို သတ်ဖြတ်ပစ်ရန် တာဝန်ယူရပေမည်။
“သေစမ်း”
ဝှစ် ဝှစ် ဝှစ်
ဘန်း ဘန်း ဘန်း
ရီရှင်းချန်သည် သေမင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံပေါ်၏။ သူပျံသန်းသွားသည့် တည်နေရာတိုင်း၌ စိတ်ဝိညာဉ် မျိုးစေ့များကို အသုံးပြုတိုက်ခိုက်နေသောကြောင့် ရှိရှိသမျှသော ရန်သူများ အားလုံးသည် သေဆုံးကုန်ကြသည်။
“သတ်.. သတ်ကြတော့”
ကျုံးရီသည် သူ၏ဓားမော့ကြီးကို မြှောက်ကိုင်ကာ အော်ဟစ်လိုက်၏။ ချက်ချင်းပဲ သားရဲစီးဟောခန်းဆီမှ အဖွဲ့ဝင်များသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်း အကြီးအကဲနှင့် လက်ရွေးစင်တပည့်များသည် ၎င်းတို့၏ လက်နက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာဖြင့် ရန်သူစစ်သည်များကို သတ်ဖြတ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့ကြ၏။ လက်ရှိအခြေအနေတွင် နှောင့်နှေးနေသူ ဟူ၍ မည်သူမှ မရှိကြချေ။
ဟုတ်ပေသည်။ သူတို့သည်ကာ နှေးကွေးသွားသည်ဆိုပါက သတ်ဖြတ်ခံရသူသည် သူတို့သာ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ရူးသွပ်လျက် ရှိနေသည့် ရီရှင်းချန်သည် နတ်ဆိုးစစ်သည်များ အားလုံးကို လှုပ်ရှားမှု တစ်ခုပြုလုပ်တိုင်း များပြားလှသည့် အရေအတွက်ဖြင့် သတ်ဖြတ်ပစ်လျက် ရှိနေ၏။
ကြောက်မက်ဖွယ်ရာ အကောင်းဆုံးမှာ တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ရန် အလို့ငှာ ရီရှင်းချန်သည် တည်နေရာစွမ်းအင်၊ မိစ္ဆာစွမ်းအင်၊ မီးစွမ်းအင် တခြားသော စွမ်းအင်များ အားလုံးကို စုပေါင်းကာ တိုက်ခိုက် နေခြင်းပင်။
“ဟမ့်” သူ့၏နောက်ဘက်တွင် ရှိနေသည့် ကြီးမားလှသည့် တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ ရပ်တန့်သွားခဲ့၏။
ဖြောက်
ရီရှင်းချန်သည် အသာအယာပင် လက်ဖျောက်တီးလိုက်သည်။
ဘန်း ဘန်း ဘန်း
ချက်ချင်းပဲ စည်းခတ်ထားသော တည်နေရာထဲတွင် ရှိနေသည့် စစ်သည်ပေါင်း သိန်းချီတို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။
“..........”
လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများသည် ကြက်သီးများပင် ထမိနေကြသည်။ သက်ရှိ တစ်သိန်းကျော်တို့အား လွယ်လွယ်ကူကူပင် လက်ဖျောက်လေးတီး၍ သတ်ဖြတ်လျက် ရှိနေ၏။ ဤကဲ့သို့သတ်ဖြတ်နေခြင်းဆိုသည်မှာ အားလုံးကို ယင်ကောင်ကဲ့သို့ သဘောထားနေခြင်းလား မသိချေ။
ရီရှင်းချန်၏ မျက်လုံးများသည် နီရဲလျက် ရှိ၏။ လက်ရှိအချိန်တွင် ရီရှင်းချန်ဆိုသည်မှာ သေမင်းဝင်စားသည့် နတ်ဆိုးတစ်ပါးပင် ဖြစ်ပေလိမ့်မည်။ ရှောင်ကျီအတွက် သူသည် အထက်စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ ရီရှင်းချန်အနေနှင့် ရှောင်ကျီအပေါ် ချစ်ခင်နားလည်မှုသည် တကယ့် ညီရင်းအစ်ကို ကဲ့သို့ပင်။
............
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်မှုကြီးနှင့် ကြုံရပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ၏ စစ်သည်များသည် အမှန်ပင် တုန်လှုပ် ကြောက်ရွံ့လျက် ရှိနေကြ၏။ လက်ရှိအခြေအနေမှာတော့ သူတို့သည် ကြောက်လန့်မှုကိုသာ အလုံးစုံ ခံစားလျက် ရှိနေ၏။ အနောက်ဘက်သို့ တစ်လှမ်းချင်း ဆုတ်ခွာလျက် ရှိနေပြီး မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေ၏။
“နောက်ကိုဆုတ်ကြ” စစ်သူကြီးက အမိန့်ပေးလိုက်သည်။ တစ်ဖက်လူသည် လွယ်လွယ်ကူကူဖြင့် သတ်ဖြတ် ချင်တိုင်း သတ်ဖြတ်လျက်ရှိနေ၏။ ထို့အပြင် အနီရောင်ဆံပင်နှင့်လူအား ကျွင်းချောင်ရှောင်းက ထိန်းချုပ်ထားခဲ့၏။ ထို့ကြောင့် သူတို့သည် ဖြစ်နိုင်သမျှ အနောက်ကို ဆုတ်မှသာလျှင် အသက်ချမ်းသာရာ ရပေလိမ့်မည်။
“နောက်ကိုဆုတ်မယ် ဟုတ်လား” ရီရှင်းချန်က နှာခေါင်းရှုံ့လိုက်၏။
ဆွစ်
သူ၏လက်များကို ဖြန့်ကားလိုက်ပြီးသည့်နောက် တည်နေရာစွမ်းအင်များသည် အလုံးစုံ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်များသည် အလင်းအတားအဆီးကြီး တစ်ခုအဖြစ် ဖြစ်တည်ကာ နတ်ဆိုးအင်ပါယာ၏ စစ်သည်များကို ချုပ်နှောင်လိုက်၏။ ထို့အပြင် အဝေးတစ်နေရာတွင် ရှိနေသည့် ရွက်သင်္ဘောများ အားလုံးကိုပါ ချုပ်နှောင်လိုက်သည်။
“မင်းတို့”
ရီရှင်းချန်သည် ဦးခေါင်းကို မော့လိုက်၏။ သူ၏ မျက်နှာသွင်ပြင်သည် သေမင်းနတ်ဘုရားတစ်ပါး၏ မျက်နှာ သွင်ပြင်ကဲ့သို့ပင် အေးစက်လျက် ရှိနေ၏။ “ငါ့ရဲ့ စီနီယာအစ်ကို နောက်ကို လိုက်သွားကြတော့”
“မဟုတ်ဘူး”
ဘန်း ဘန်း ဘန်း
တည်နေရာထဲတွင် ရှိနေသည့် နတ်ဆိုးစစ်သည်အားလုံးတို့သည် အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ သွေးများသည် တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့နေ၏။
ရွက်သင်္ဘောများသည်လည်း ဖျက်ဆီးခံရခြင်းမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။ အားလုံးသော ရွက်သင်္ဘောတို့သည် ဖောက်ခွဲခြင်းကို ခံနေကြရသည်။
ယနေ့အချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောတစ်သောင်းကျော်နှင့် စစ်သည်ပေါင်း သန်းချီတို့သည် သတ်ဖြတ်ခြင်းကို ခံနေရ၏။ သတ်ဖြတ်သူသည် ရီရှင်းချန်ပင် ဖြစ်လေ၏။