အခန်း ၁၉၆၆
Vol. 132 Ch. 1966
အပိုင်း (၁၉၆၆)
ဟုန်း ... ဟုန်း .....။
တည်နေရာကြီးတစ်ခု၌ မီးတောက်များ၏ အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ပိုမိုကာ ပူလောင်လာခဲ့သည်။
ဆွစ်
ခဏလောက်ကြာပြီးသည့်နောက် မီးပိုးကောင်တစ်ကောင်သည် ရုတ်တရက် လူသားတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုး ဖြစ်တည်လာ၏။ ပထမ၌ ပုံရိပ်ယောင်ကဲ့သို့ အကြမ်းဖျင်း ဝေဝေဝါးဝါး ဖြစ်သော်လည်း တဖြည်းဖြည်းဖြင့် သုံးဖက်မြင်ပုံရိပ်ယောင်ကဲ့သို့ပင် မျက်နှာသွင်ပြင်တစ်ခုက အကောင်အထည် ဖြစ်တည်လာခဲ့၏။ ထိုသူသည် နီကျား သတ်ဖြတ်ခဲ့သော အနီရောင်ဆံပင်နှင့်လူပင် ဖြစ်လေ၏။
သူ အဘယ့်ကြောင့်မသေရသနည်း။
ဝေါ့
အနီရောင်ဆံပင်နှင့်လူသည် ရင်ဘတ်ကို အုပ်ကိုင်လိုက်ပြီးနောက် သွေးများအန်ထွက်လာခဲ့၏။ သူသည် တင်းမာခက်ထန်လွန်းသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “ဒီကိစ္စက မရိုးရှင်းဘူး”
အချက်အလက်အားဖြင့် ရန်သူသည် အလွန်ရင်ဆိုင်ရ ခက်ခဲ့သည့် လူတစ်ယောက်ဖြစ်မှန်း သူ သိရှိပြီးသား ဖြစ်၏။ သို့ပေမဲ့ ဤမျှ ခက်ခဲလှမည်ဟုတော့ မထင်မှတ်ခဲ့ချေ။ သူသည် မီးကွင်းကြီး နှစ်ခုကို စီးနင်းထားသည့် လူငယ်၏ ရှေ့မှောက်၌ ပြန်လည်တိုက်ခိုက်နိုင်သည့် စွမ်းအင်မျိုးမရှိခဲ့ချေ။ ထို့ပြင် ရူးသွပ်လျက်ရှိနေသည့် ပြိုင်စံရှားဂိုဏ်း၏ တပည့်ကလည်းရှိနေ သေး၏။ ဤမီးတောက်လှံကြီးအောက်တွင် မသေဆုံးခဲ့လျှင်တောင်မှ တစ်ဖက်လူ၏ သတ်ဖြတ်မှုကို ခံရမှာတော့ သေချာ၏။
ဆွစ်
ထိုအချိန်မှာတော့ သူ၏ မျက်နှာဆီသို့ လေအေးများတိုက်ခတ်လာခဲ့တော့၏။ အသံတစ်ခုသည် သူ၏နားထဲ ဝင်ရောက်လာသည်။ “ခင်ဗျား ကျရှုံးခဲ့တာလား”
ဘယ်သူဖြစ်သည်ကို အနီရောင်ဆံပင်နှင့်လူက သိရှိ၏။ သူသည် မီးတောင်တစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီး အားပြတ်စွာ ပြောလိုက်၏။ “ကျုပ်တင် ကျရှုံးရုံတင် မကဘူး။ ခင်ဗျားရဲ့လူတွေလည်းပါတယ်”
“..........”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိချေ။ သို့ပေမဲ့ ၎င်း၏ မျက်လုံးများသည် နီရဲလာခဲ့၏။ သူသည် လက်ရှိအခြေအနေ၌ အလွန်တရာ ဒေါသထွက် နေ၏။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ကိုယ်သူမနည်းထိန်းသိမ်းထားနေရသည်။
ပြိုင်စံရှားဂိုဏ်းသည် ယခင်က သူ့အားအကြိမ်ပေါင်းများစွာ ဒုက္ခပေးခဲ့သည်ဆိုသော်လည်း သိပ်ပြီး မသိသာ လှချေ။ လက်ရှိအခြေအနေမှာတော့ သူ၏ရှိရှိသမျှ အင်အားစုများအားလုံး ပျက်ဆီးသွားခဲ့ခြင်းပင်။ မည်သူက ဒေါသမထွက်ဘဲနေမည်နည်း။
အနီရောင်ဆံပင်နှင့်လူသည် ထိုအခြင်းအရာကို အာရုံခံမိ၏။ ထို့ကြောင့် သူသည် အသက်ကို ပြင်းပြင်း ရှူကာဖြင့် ခေါင်းကိုခါယမ်းလိုက်၏။ “ခင်ဗျားဘာလို့ ကျုပ်ကို ဒီလိုလုပ်ခိုင်းတယ်ဆိုတာ ကျုပ်နားလည် ခဲ့တယ်”
“.........”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
“ဒီ မီးပိုးကောင်းရဲ့ ပြန်လည် ရှင်သန်နိုင်စွမ်းကို အသုံးပြုပြီး ကျုပ် အသက်ရှင်နိုင်ခဲ့တယ်။ ဒါပေမဲ့ မိစ္ဆာမီးတွေရဲ့ တန်ပြန်မှုကို ခံစားနေရတုန်းပဲ။ အချိန်အတော်ကြာသည်အထိ ဒုက္ခိတအဖြစ် ဖြစ်နေအုံးမှာပဲ။ ဒီတော့ ကျုပ်လွတ်လပ်မှုကို မလိုချင်သေးဘူး။ အခြားတစ်ယောက်ကို အကူအညီသွားရှာတော့” အနီရောင် ဆံပင်နှင့်လူသည် အားပြတ်စွာ ပြောလိုက်သည်။
“ဟုတ်တယ်”
သူသည် ခက်ခက်ခဲခဲဖြင့် ဆက်ပြောလိုက်၏။ “ခင်ဗျား အခွင့်အရေးယူပြီး ကျုပ်ကို သတ်လို့လည်း ရတယ်”
“ခင်ဗျားကို သတ်လို့ ဘာကောင်းကျိုးရမှာလဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏ဒေါသတရားများကို ဖိနှိပ်ပြီးသည့်နောက် တည်နေရာထဲမှ ပြန်လည် ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ ထွက်ခွာရန် ပြင်လိုက်သည့်အချိန်မှာပဲ အနီရောင်ဆံပင်နှင့်လူ၏ အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ “အရိုးသားဆုံးပြောရမယ်ဆိုရင် အဲလူတွေက မရိုးရှင်းဘူး”
“အဲတော့ ဘာဖြစ်လဲ”
“ခင်ဗျားအနေနဲ့ အထက်စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်မယ်ဆိုတဲ့အကြံအစည်ကို ရပ်တန့်လိုက်ဖို့ ကျုပ်အကြံပေးချင်တယ်”
“ခင်ဗျား မှားနေပြီ”
အသာနောက်ပြန်လှည့်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့”
သူသည် ခဏလောက်ရပ်တန့်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်၏။ “အချိန်တန်ရင် နားလည် လာလိမ့်မယ်”
အနီရောင်ဆံပင်နှင့်လူသည် တုန်လှုပ်စွာဖြင့် ခေါင်းကိုမော့လိုက်၏။ ပြီးနောက် “ဖြစ်နိုင်တာက”
ဟူး ဟူး
ထိုအချိန်မှာတော့ အလွန်နက်မှောင်လွန်းလှသည့် အော်ရာများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အနောက်ဘက်မှ ဖြစ်တည်လာခဲ့၏။ ထိုအရာသည် တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှချေသည်။
“ခင်ဗျား.. နတ်ဆိုးဝါးမြိုခြင်းနည်းစနစ်ကို နားလည်သွားခဲ့ပြီလား”
“နည်းနည်းပါ”
“..........”
အနီရောင်ဆံပင်နှင့်လူသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ပုံရိပ်သည် မီးပင်လယ်ကြားတွင် ဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားခဲ့၏။ မထွက်ခွာခင်၌ ၎င်းက ပြောခဲ့၏။ “ခေတ်သစ် ရောက်တာကို ခင်ဗျား မျက်မြင်မြင်အောင်လို့ ဒီတိုင်းအသက်ရှင်နေလိုက်အုံး”
“ဒီလူကတော့ ရူးနေပြီပဲ”
အနီရောင်ဆံပင်နှင့်လူသည် ခြေချိတ်ကာထိုင်လိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းချုပ်လိုက်၏။ သူ၏ အတွေးများသည် စောနက တိုက်ပွဲဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရင်းနှီးသည့် အော်ရာတစ်ခုကို ခံစားခဲ့ရသည်။
“သူမ လား။ ဟင်း ငါအတွေးလွန်နေတာပဲဖြစ်မယ်”
အနီရောင်ဆံပင်နှင့်လူသည် ထပ်မံကာ မတွေးတော့ချေ။ သူ့အနေနှင့် အတိတ်ကို ပြန်လည်ကာစဉ်းစားမိ၏။ အထူးသဖြင့် အနှီးနှင့်ပတ်ချည်ခြင်းကို ခံထားရသည့် ကလေးအကြောင်းကို စဉ်းစားရသည့်အချိန်မှာ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် နာကျင်မှုများသည် ပိုမိုကာနက်ရှိုင်းလာခဲ့၏။
“သား .... မင်းကို တကယ့်ကို ခန့်မှန်းလို့မရအောင် အားကောင်းတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ ငါမျှော်လင့်မိတယ်။ ဒါပေမဲ့ ငါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ အောက်ဆွဲတစ်ယောက်ဖြစ်ခဲ့တယ်။ မင်းနဲ့ငါ တချိန်ချိန်မှာ ပြန်ဆုံမယ်ဆိုရင် ငါ့ရဲ့ အမှောင်ဘက်ခြမ်းကို ခွင့်လွှတ်ပေးနိုင်မလား”
..........
ထာဝရလောကကြီး၊ ကျောက်ရုပ်ထုမျိုးနွယ်မြို့
“အမျိုးသမီးကုန်းစွန်း... ဒါကသင့်တော်ရဲ့လား”
အနောက်ဘက် ခြံဝန်းထဲမှာတော့ မျက်နှာပြင်တစ်ခုလုံး လက်ဝါးရာများနှင့် ပြည့်နှက်လျက် ရှိနေသည့် ကျန်းစန်း သည် ထိုင်လျက်ရှိနေ၏။ ကုန်းစွန်းရော့လီသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည် ဖြစ်သောကြောင့် သူ၏ မျက်နှာတစ်ခုလုံးသည် နာကျင် ဖူးယောင်လျက်ရှိ၏။
“ဆရာကြီး အားနာပါတယ်”
“ဟင်း”
ကျန်းစန်းသည် သက်ပြင်းချကာပြောလိုက်သည်။ “ခင်ဗျားရဲ့ နာကျင်မှုကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်း မသိအောင် ဒီလိုလုပ်ရတာက နည်းနည်း .....”
.....
“သူရဲ့လက်နဲ့ သူ့ရဲ့အမေကို သတ်ခဲ့တာသာ သိရင် ပိုပြီးနာကျင်ရမှာပေါ့” ကုန်းစွန်းရော့လီက ပြောလိုက်၏။
“.........”
ကျန်းစန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ကျွန်မရဲ့ သားမွေးမွေးပြီးချင်းမှာပဲ သူ့အမေက အကြင်နာတရားကင်းမဲ့စွာနဲ့ ထွက်ခွာသွားခဲ့တယ်လေ။ သူ့အပေါ် တစ်ချက်ကလေးမှ မေတ္တာတရား မရှိခဲ့ဘူး။ ဆရာကြီး ... အတင်းကြီး သရုပ်ဆောင်နေစရာ မလိုပါဘူး။ သက်တောင့်သက်သာ နေပါ” ကုန်းစွန်းရော့လီက ပြောလိုက်၏။
“ကောင်းပါပြီ”
ကျန်းစန်းကပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်က ဂိုဏ်းချုပ်ကျွင်းရဲ့အဖေ အဲ အမေအဖြစ် ဆက်ပြီးတော့ ဟန်ဆောင်ရတော့မှာပေါ့”
ချီးထဲမှ ..... ဤအရာသည် မည်ကဲ့သို့သော အခြေအနေဖြစ်သနည်း။
တကယ်တမ်းမှာတော့ အခြေအနေသည် ဤကဲ့သို့ဖြစ်၍သွားခဲ့၏။ ကုန်းစွန်းရော့လီသည် ထာဝရ လောကကြီးထဲမှ ပျံသန်းထွက်ခွာလာသည့်အချိန်မှာတော့ သူမ၏မျက်လုံးများသည် အနီရောင်ဆံပင်နှင့်လူ ဆီသို့ ရောက်ရှိသွား၏။ အနောက်ဘက်မှ မြင်ရသည်ဆိုလျှင်တောင်မှ သူမနှင့် သူမ၏သားတို့အား စွန့်ပစ်သွားခဲ့သည့် အကြင်နာကင်းမဲ့လှသည့်လူဖြစ်ကြောင်းကို တစ်ခါတည်းမှတ်မိခဲ့၏။
ဆိုလိုသည့်အဓိပ္ပါယ်မှာ စာဖတ်သူများ ခန့်မှန်းခဲ့သည်မှာ အမှန်ပင်ဖြစ်လေ၏။ ထိုသို့ဆိုလျှင် ကျန်းစန်း ကရော ...... ။ ကုန်းစွန်းရော့လီနှင့် အနီရောင်ဆံပင်နှင့် လူတို့၏ကြားတွင် ဖြစ်တည်နေသည့်အခြေအနေကို နားလည်ပြီးသည့်နောက် သူသည် ဘာမှန်းမသိဘဲ တစ်ဖက်လူ၏ အမေ ဖြစ်ခဲ့ခြင်းပင်။
မီးတောက်များ လွှမ်းခြုံနေလျက်ရှိနေသည့် လူငယ်လေးသည် ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှုကို ခံထားရသည် ဖြစ်ကြောင်း ကုန်းစွန်းရော့လီက နားလည်လိုက်သည်။ အနီရောင်ဆံပင်နှင့် လူကို သတ်ဖြတ်လိုက်သည့်သူမှာ ကျွင်းချောင်ရှောင်းဖြစ်ကြောင်း သူမ သတိပြုမိသွား၏။ ထို့ကြောင့်ပင်လျှင် သူမသည် အသံပို့လွှတ်ကာ အကူအညီ တောင်းခဲ့ခြင်းပင်။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် မသိရှိခဲ့ကြချေ။ သို့ပေမဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ၏။
ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး နဝေတိမ်တောင်ဖြစ်နေသည့်အချိန်တွင် သူမသည် ကျန်းစန်းကို လှမ်းကြည့်ကာ အော်ဟစ်ခဲ့၏။ ထို့ပြင် ပိုမိုကာ ပီသစေရန်အတွက် ပါးကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့၏။ အဘယ့်ကြောင့် သူမ ဤကဲ့သို့လုပ်ရသနည်း။ ကျွင်းချောင်ရှောင်းတစ်ယောက် သူ၏အမေကို သတ်ဖြတ်မိသည့်အတွက် ခံစားရမည့် နာကျင်မှုများကို မခံစားစေချင်သောကြောင့်ပင်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် အနီရောင်ဆံပင်နှင့်လူကို မြင်လိုက်ရစဉ်က အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုံးစုံသော စိတ်နှလုံးများ ပြိုလဲခဲ့၏။ အထူးသဖြင့် သတ်ဖြတ်ခဲ့သူသည် သူမ၏သား ဖြစ်နေသောကြောင့်ပင်။ သို့ပေမဲ့ သူမသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ရပေလိမ့်မည်။
ကျန်းစန်း - ဤကဲ့သို့မထင်မှတ်သည့် အခြေအနေ တစ်ခုလုံးတွင် ဝင်ရောက်ကာသရုပ်ဆောင်ခဲ့သည် ဆိုသော်လည်း သူ၏သရုပ်ဆောင်မှုသည် ပြစ်ချက်ကင်းမဲ့လွန်းလှ၏။ တကယ့်ကို ဝါရင့်ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ပင်။ ပိုမိုကာ သဏ္ဍာန်တူစေရန်အတွက် ပက်ပက်စက်စက်ပါးရိုက်ခြင်းကိုလည်း ခံခဲ့ရသေး၏။
ကုန်းစွန်းရော့လီသည် သူမ၏သား သံသယဝင်မည်ကို စိုးရိမ်မိ၏။ သို့ပေမဲ့ တကယ်တော့ အပူပန်လွန်နေခြင်း သာလျှင်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည်တစ်ချက် ကလေးမှ သံသယမဝင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကုန်းစွန်းရော့လီ၏ ကလေးမဟုတ်သောကြောင့်ပင်။ သူ့အနေနှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်ကို အမွေဆက်ဆံရရှိခဲ့သည်ဆိုခြင်းမှာ အခွင့်အရေးတစ်ခုမျှသာ ဖြစ်လေသည်။
ကျွင်းချောင်ရှောင်းတစ်ယောက် သူ၏အမေကို သတ်ဖြတ်ခဲ့သည့်အချိန်တွင် သွေးချင်းဆက်စပ် တုံ့ပြန်မှုကို ခံစားမရရှိဘူးလား။ အားနာပါသည်။ မရရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကျောက်ရုပ်ထုမျိုးနွယ်ကလန် ပိုင်ဆိုင်သည့် သွေးမျိုးဆက်သည် အနီရောင်ဆံပင်နှင့်လူဆီမှ သွေးမျိုးဆက်မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ၎င်းတို့ နှစ်ယောက်သည် မည်သည့်သွေးခြင်းနီးစပ်မှုမှ မရှိဘူးဟု ပြောဆိုရပေလိမ့်မည်။
“အဖေ၊ အမေ”
ကျွင်းချောင်ရှောင်းသည် ပျံသန်းရောက်ရှိလာခဲ့သည်။ သူ၏မျက်နှာ ပေါ်တွင် ပျော်ရွှင်မှု၊ နာကျင်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူ၏မိဘများ ပြန်လည် ပေါင်းစုံမှုအတွက် ပျော်ရွှင်လျက်ရှိနေသည် ဆိုသော်လည်း သူ၏တပည့်သေဆုံးသွားခဲ့သည့်အတွက်လည်း ဝမ်းနည်းနေမိသည်။
“သား”
ကျန်းစန်းသည်အသာလျှောက်လာပြီးသည့်နောက် ပခုံးကို ပုတ်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ချစ်ခြင်း မေတ္တာတရားများနှင့် ပြည့်နှက်လျက် ရှိနေ၏။ “မင်း ဒီလိုကြီးပြင်းလာလိမ့်မယ်လို့ ငါမထင်မိဘူး”
သူ၏သရုပ်ဆောင်မှုသည် အမှန်ပင် ပြည့်စုံလွန်းလှ၏။ သို့ပေမဲ့ နှလုံးသားထဲမှာတော့အော်ဟစ်လျက်ရှိသည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်နတ်ဘုရားတွေကို ကျိန်ဆိုပါတယ်။ ခင်ဗျားကို အခွင့်အရေးယူချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး”