အခန်း ၁၉၆၉
Vol. 132 Ch. 1969
အပိုင်း (၁၉၆၉)
ပြိုင်စံရှားဂိုဏ်း၏ မီးဖိုချောင်အတွင်းမှာတော့ …. ။
ဒုန်း ဒုန်း ဒုန်း
မာယုံနင်သည် သူ၏ မီးဖိုချောင်ဓားမော့ကြီးကို အသာဝှေ့ယမ်းကာဖြင့် စဉ်းတီးတုံးပေါ်တွင်ရှိသော ဟင်းသီး ဟင်းရွက်များကို လှီးဖြတ်လျက်ရှိနေ၏။ သူအသုံးပြုနေသည့် နည်းစနစ်ကို ကြည့်ရှုရမည်ဆိုလျှင် အလွန်ပဲ ကျွမ်းကျင်လှကြောင်း သိသာလွန်းလှ၏။
အားဟိုင်နှင့် ရိဟိုင်တို့သည် ခုတ်ဖြတ်ထားပြီးသော ဟင်းသီးဟင်းရွက်များကို ပြေးပြေးလွှားလွှားဖြင့် လာရောက်ကာ ယူငင်လျက်ရှိသည်။ သူတို့သည် အလွန် အလုပ်များလျက် ရှိသည်ဆိုသော်လည်း မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးများက တည်ရှိနေသည်။
ရှဲ….
အိုးပူလာချိန်မှာတော့ ဆီကိုအသာ လောင်းထည့်လိုက်သည်။ ပြီးနောက် ချင်စုံပေါင်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ဒယ်ကို ကိုင်ကာ ညာဘက်လက်ဖြင့် မီးကို ထိန်းချုပ်ထားလိုက်သည်။ အရာအားလုံး အ ဆင်သင့်ဖြစ်ပြီးနောက် သူသည် ချက်ပြုတ်ရာတွင်သာ အာရုံစိုက်လိုက်၏။ သူသည် ပျော်ရွှင်လျက် ရှိနေ၏။
တခြားသော မီးဖိုဘေးတွင်တော့ လျှိုဝမ်ရှစ်သည် ကြီးမားလှသည့် အိုးကြီးပေါ် လက်ကိုတင်ထား၏။ မျက်လုံးကို မှိတ်ပြီးသည့်နောက် ချက်ချင်းပဲ မီးတောက်များကို ဖန်တီးလေ၏။ သူမသည် မျက်လုံးမှိတ်ကာ ဟင်းချက်ရန် ပြင်ဆင်နေပုံပင်။
စားသောက်ခန်းတစ်ခုလုံးသည် အလွန်ပင် အလုပ်များလျက်ရှိ၏။ ဘာတွေဖြစ်နေသနည်း။ ထွေထွေထူးထူး ပြောနေစရာမလိုချေ။ တကယ့်ကို ကြီးမားလှသည့် စားပွဲကြီးတစ်ခုကို ဖန်တီးပြုလုပ်နေခြင်းပင်။
အောင်ပွဲခံစရာ အရာကိစ္စသုံးခုရှိ၏။ ပထမတစ်ခုအနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီး တစ်ခုလုံးကို သုတ်သင်ပစ်လိုက်နိုင်၏။ ဒုတိယအနေဖြင့် ဂိုဏ်းချုပ်၏ မိဘနှစ်ပါးသည် ပြန်လည်ပေါင်းစည်းနိုင် ခဲ့၏။ တတိယအနေဖြင့် ရှောင်ကျီသည် ပြန်လည်ရှင်သန်လာခဲ့၏။
အားလုံးသော ကိစ္စများသည် ပျော်ရွှင်စရာ ကိစ္စရပ်ကြီးပင်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် တကယ့်ကို ကြီးမားလှသည့် စားပွဲကြီးတစ်ခုကို ပြင်ဆင်ထားပြီး ထာဝရလောကကြီးထဲတွင် ရှိနေသည့် အထင်ကရ ပုဂ္ဂိုလ်များကို တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။
ဆွစ် ဆွစ် ဆွစ်
အဓိကတောင်ထွတ်၏ ကြီးမားလွန်းလှသော သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင်တော့ စားပွဲများသည် စီစီရီရီဖြင့် တည်ရှိနေ၏။ စားသောက်ခန်း၏ အဖွဲ့ဝင်အားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာဖြင့် အရသာရှိလှသော စားပွဲများနှင့် တကယ်ပြင်းလှသော ဝိုင်များကို စီစီရီရီဖြင့် ချထားလေသည်။
ကျန့်ကွေ့ရှုနှင့် တခြားသောသူများသည် အသက်ကို ပြင်းပြင်းရှိုက်ပြီးသည့်နောက် ပြောလိုက်မိသည်။ “တကယ့်ကို အရသာရှိမယ့်ပုံပဲ”
နှစ်နာရီကျော် ပြင်ဆင်ပြီးသည့်နောက် ဝိုင်နှင့်ဟင်းပွဲများ အားလုံးသည် အဆင်သင့် ဖြစ်လို့နေခဲ့၏။
“ထိုင်ကြ” ယွမ်သခင်လေးက ပြောလိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ တကယ့်ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများနှင့် မြို့ထဲရှိ အထင်ကရ ပုဂ္ဂိုလ်များ အားလုံးတို့သည် အသာ ထိုင်ချလိုက်၏။ သူတို့သည် ဝိုင်များဖြည့်ထားသည့်ခွက်ကို အသာလှမ်းကိုင်လိုက်သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို အသာမပြီးသည့်နောက် လေးနက်စွာ ပြောလိုက်၏။ “ဒီခွက်က အသက်ပေးခဲ့ကြတဲ့ မြင့်မြတ်တဲ့ကျင့်ကြံသူတွေ အတွက်ပဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီး ထာဝရလောကကြီးကို လာရောက်တိုက်ခိုက်သည့် အချိန်တွင် များပြားလှသည့် ကလန်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အစီအရင်ကြီးကို အားကောင်း စေရန်အတွက် ကြိုးစားရင်း သေဆုံးခဲ့ရ၏။ သူသည် ထိုလူများကို မေ့ပစ်လိမ့်မည် မဟုတ်ချေ။ တစ်သက်လုံး စိတ်ထဲတွင် ထိန်းသိမ်းထားရပေမည်။
သံမဏိအရိုးတောင်
ဤတည်နေရာကြီးသည် ဖုန်းရွှေသဘောအရ အလွန်အားကောင်းသည့် တည်နေရာဖြစ်၏။ ထိုသူရဲကောင်းတို့၏ အလောင်းများကို လီချင်းယန်သည် ဤတည်နေရာသို့ ယူဆောင်လာခဲ့၏။ သေဆုံးသွားခဲ့သည့် သူများကို ဤတည်နေရာတွင် မြှုပ်နှံထားပြီး လူတိုင်းလာရောက် ဂါရဝပြုနိုင်ရန် စီစဉ်ထားခြင်းပင်။
“သား”
သေဆုံးသွားသည့် သူရဲကောင်းများ၏ ဗိမာန်ကို တည်ဆောက်ခဲ့ပြီးသည့်နောက် ကျန်းစန်းသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိ၏။ “မင်း ရွေးချယ်တဲ့နေရာက တကယ့်ကို ဖုန်းရွှေ သဘောအရ အရမ်းကို ကောင်းတဲ့နေရာပဲ။ ဒီမှာမြှုပ်နှံခံရတဲ့ လူတွေက် ဖုန်းရွှေသဘောတရားရဲ့ ကောင်းချီးကို ခံရပြီး သူတို့က ပြန်လည်မွေးဖွားလာတဲ့အချိန်မှာ တကယ့်ကို သာမန်ထက်ပိုတဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်”
“အင်း… ထာဝရလောကကြီးမှာ သေဆုံးသွားတဲ့လူတွေကို ရှောင်ကျီလိုမျိုး ပြန်လည်ရှင်သန်လာအောင် မလုပ်ပေး နိုင်ဘူးဆိုပေမဲ့”
ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင် ရှိနေသည့် အုတ်ဂူများကို လေးလေးနက်နက် ဦးညွတ်ကာ ဂါရဝပြုလိုက်၏။ “နောင်ဘဝမှာ သူတို့ အကောင်းဆုံး အနေအထားနဲ့ ပြန်လည်မွေးဖွားနိုင်စွမ်း ရှိအောင်လို့ ပြုလုပ်ပေးနိုင် ပါသေးတယ်”
စစ်ပွဲ - စစ်ပွဲဆိုသည်မှာ အဆုံးသတ်၌ စတေးစရာများ ရှိလာနိုင်သေး၏။ ရှောင်ကျီသည် လင်းယွမ်ခန်းမဆောင်၏ အကျိုးသက်ရောက်မှုကို အသုံးပြုပြီးသည့်နောက် သေဆုံးရာမှ ပြန်လည်ကာ အသက်ရှင်သန်လာခဲ့၏။ သို့ပေမဲ့ တိုက်ပွဲတွင် သေဆုံးခဲ့သည့်လူများမှာတော့ ပြန်လည်ရှင်သန်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့်ပင်လျှင် ၎င်းတို့၏ အနာဂတ်များ တောက်ပလာစေရန်အတွက် ပြန်လည်မွေးဖွားနိုင်စွမ်း ပိုမိုအားကောင်းလာစေရန် ကောင်းမွန်လှသည့် ဖုန်းရွှေတည်နေရာထဲတွင် ၎င်းတို့၏ အလောင်းများအား မြှုပ်နှံခဲ့ခြင်း ဖြစ်၏။ ပြည့်စုံလှသည့် အဆုံးသတ်တစ်ခုကို ဖန်တီးပေးခြင်းဟု ပြော၍ရလေသည်။
ရွှီး
ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့် အားလုံးသောသူများ၊ မျိုးနွယ်စု အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ၎င်းတို့၏ ဝိုင်ခွက်များကို မြှောက်လိုက်၏။ ပြီးနောက် တစ်ခါတည်း မော့သောက်လိုက်ကြ သည်။ ဤဝိုင်ခွက်သည် သေဆုံးသွားကြသည့် သူရဲကောင်းများ အားလုံးကို ဂုဏ်ပြုသည့်ဝိုင်ခွက်ပင် ဖြစ်လေ၏။
ကျွင်းချောင်ရှောင်းသည် နောက်ထပ် ဝိုင်တစ်ခွက်ကို ငှဲ့ကာဖြင့် မြှောက်လိုက်ပြန်၏။ သူသည် ထာဝရ လောကကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒုတိယခွက်ကတော့ ဒီမှာရှိတဲ့လူတွေ အားလုံးအတွက်ပဲ။ ပြီးတော့ လောကကြီးမှာရှိတဲ့ လူတွေ အားလုံးအတွက်”
သေဆုံးသွားခဲ့သည့် သတ္တဝါများကို သတိရမှတ်တမ်းတင်ထားရမည် ဖြစ်သော်လည်း အသက်ရှင်လျက် ရှိနေကြသည့် လူပေါင်းများစွာတို့ကို ဂရုစိုက်ရန်လည်း လိုအပ်နေသေး၏။ ဤလောကကြီးတွင် ရှိနေသည့် လူများ အားလုံးသည် မိမိ၏ အသက်ကို စတေးကာဖြင့် အကြောက်အလန့် ကင်းမဲ့စွာ သေခြင်းတရားကို ရင်ဆိုင်နိုင်စွမ်း ရှိသည့် စိတ်ဓာတ်ပိုင်ဆိုင်သည့်လူများ ဖြစ်ကြောင်း သူက သိရှိခဲ့ပြီးဖြစ်၏။
ဂလု
ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို ကောက်မော့လိုက်၏။ လက်ရှိအခြေအနေမှာတော့ သူသည် အလွန်တရာ လေးနက်လို့ နေခဲ့၏။ အစစ်အမှန် ဂိုဏ်းချုပ်တစ်ယောက်ကဲ့သို့ပင်။
များပြားလှသည့် မျိုးနွယ်စုအသီးသီးမှ လူများသည် ဝိုင်ခွက်ကို မြှောက်ကာဖြင့် မော့လိုက်ကြပြန်၏။ ပြီးသည့် နောက် နောက်တစ်ခွက်ကို ထပ်မြှောက်ပြီး ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ သံပြိုင်ပြောလိုက်၏။ “ဒီ ဝိုင်ခွက်ကတော့ ဂိုဏ်းချုပ်ကျွင်းအတွက်၊ ပြီးတော့ ပြိုင်စံရှားဂိုဏ်းအတွက်ပဲ”
ထာဝရလောကကြီး ဘေးအန္တရာယ် ကြုံတွေ့လာသည့်အချိန်တွင် အကြီးကျယ်ဆုံးသော စွန့်စားတိုက်ခိုက်ခဲ့သည့် လူများသည် ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ဂိုဏ်းသားများဖြစ်၏။ ထို့ကြောင့် အသက်ရှင်နေထိုင်ကြသည့် သက်ရှိ သတ္တဝါများ၏ ကျေးဇူးတင်မှုသည် စကားလုံးနှင့် ဖော်ညွှန်းရန်ပင် မတတ်နိုင်ခဲ့ချေ။
“လာခဲ့…. သောက်ကြရအောင်”
သောက်ပြီးသည့်နောက် စားပွဲသည် တရားဝင်စတင်ခဲ့ပြီးဖြစ်၏။ တည်နေရာ ထဲတွင် ရှိနေသည့် ဝမ်းနည်းမှုများ အားလုံးသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ချီးမြှောက်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
ဘန်း
ရီရှင်းချန်သည် အသာထိုင်ချလိုက်၏။ သူသည် စားပွဲပေါ်သို့ အရက်မူးအိမ်မက်ဝိုင်ဂျားနှစ်ခုကို ဆောင့်ချကာဖြင့် အေးစက်စက် ပြောလိုက်၏။ “မမူးမချင်း သောက်ကြရအောင်”
“………”
ရှောင်ကျီသည် နဝေတိမ်တောင်ဖြင့် ဖြစ်လို့နေ၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် ဝိုင်ဂျားနှစ်ခုကို ကောက်ယူကာဖြင့် ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။ “ကောင်းပြီ”
“ကျုပ်လည်း ပါလို့ရလား”
စုရှောင်မိုသည် အပျော်သဘောဖြင့် ဝင်ရောက်လာခဲ့၏။ သို့ပေမဲ့ သူသည် ဝိုင်တစ်ဂျားထဲကိုသာ ယူလာ၏။
“သောက်နိုင်လို့လား” ရီရှင်းချန်က မေးခွန်းထုတ်လိုက်သည်။
“အင်း”
စုရှောင်မိုသည် ဆရာကြီးစတိုင်ဖြင့် ပြောလိုက်၏။ “မင်းကိုတော့ မရှုံးဘူး”
“ဒါဆိုရင် လာခဲ့လိုက်”
သူတို့ သုံးယောက်သည် တပြိုင်နက်တည်းမှာပဲ ဝိုင်ဂျားများကို စည်းဖယ်ကာဖြင့် တစ်ခါတည်း ကောက်ကာ မော့ကြတော့သည်။
“ဟွန့်”
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသည့် လျှိုဝမ်ရှစ်သည် ထိုအခြင်းအရာကို မြင်သည့်အခါမှာတော့ နှာခေါင်းရှုံ့လိုက်မိ၏။ “မသောက်နဲ့တော့၊ စားကြရအောင်”
………..
ဘုတ်
အရက်မူးအိမ်မက်ဝိုင်တစ်ဂျားကို သောက်ပြီးသည့်နောက် စုရှောင်မိုသည် စားပွဲပေါ်သို့ လဲကျသွားတော့သည်။ ၎င်းသည် ဝိုင်ပုလင်းအလွတ်ကြီးကို အသာဖက်ကာဖြင့် တတွတ်တွတ် ရွတ်လျက်ရှိသည် “သောက်နိုင် သေးတယ်။ မမူးသေးဘူး”
ရီရှင်းချန်နှင့် ရှောင်ကျီတို့မှာတော့ မည်သူအနိုင်ရမည် ဖြစ်ကြောင်းကို ဆုံးဖြတ်ရပေဦးမည်။ ၎င်းတို့သည် နောက်ထပ် ဝိုင်တစ်ပုလင်းကို ထုတ်ယူကာဖြင့် ဆက်လက်ကာ သောက်လျက်ရှိ၏။ အားလုံး၏ အမြင်မှာတော့ ၎င်းတို့နှစ်ယောက်သည် သောက်လျက်ရှိနေ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဝိုင်များ မဟုတ်ကြချေ။ ဂိုဏ်းထဲတွင် ရှိနေသည့် ဂိုဏ်းတူရောင်းရင်းများ၏ ချစ်ခြင်းမေတ္တာတရားများကို သောက်နေခြင်းပင်။
ရှောင်ကျီ ပြန်လည်ရှင်သန်လာသည်ကို မြင်ပြီးသည့်နောက် ရီရှင်းချန်သည် လက်သီးဖြင့် ထိုးနှက်ခဲ့၏။ ထိုအရာကို ရှင်းပြနေစရာမလိုချေ။ ၎င်း၏ စိတ်ထဲတွင် ဖြစ်တည်နေသည့် နာကျင်စရာအားလုံးကို ဖြေလျော့လိုက်ခြင်းသာ။
စားပွဲသည် ညသန်းခေါင်ထိသို့ပင် ရောက်ရှိခဲ့၏။ လူတော်တော်များများသည် တကယ့်ကို မူးရူးနေအောင် အရက် သောက်လျက် ရှိနေကြ၏။ ယိုင်ထိုးယိုင်တိုင်နှင့်ပင် ဖြစ်လို့နေခဲ့သည်။ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် အလွန်အကျွံ မူးနေကြ၏။ အရက်ဓာတ်၏ လွှမ်းမိုးမှုအောက်မှာတော့ ၎င်းတို့သည် မီးပုံပွဲဘေးနားတွင် မျောက်များကဲ့သို့ပင် ကခုန်လျက် ရှိနေလေ၏။
လေးနာရီ
စားပွဲသည် ပြီးဆုံးသွားခဲ့၏။ သိုင်းကျင့်ကြံသူများနှင့် တပည့်များ အားလုံးသည် မိမိဆိုင်ရာဆီသို့ ပြန်သွားခဲ့၏။ အားလုံးသော သူတို့သည် အားရပါးရ စားသောက်ပြီးသည့်နောက် ကောင်းမွန်သည့်အချိန်များကို ရရှိခဲ့သည်။
သို့ပေမဲ့ ဤဂုဏ်ပြုပွဲ၏ အဓိကဇာတ်ကောင်ဖြစ်သော ကုန်းစွန်းရော့လီမှာတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ အဓိက မျှော်စင်ကြီးပေါ်တွင် တစ်ယောက်တည်း ထိုင်နေ၏။ သူမသည် ကောင်းကင်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူမ၏သားသည် အမေကို သတ်ဖြတ်ခဲ့သည်ဆိုသည့် အကြောင်းအရာကို သူမ ပြင်းပြင်းထန်ထန် ဖုံးကွယ်ခဲ့ရ၏။ ထို့ကြောင့် သူမသည် နာကျင်မှုများကို တစ်ယောက်တည်း ကြိတ်ကာ ခံနေရ၏။
“အဖေ”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အနောက်ဘက်ဆီမှ ရောက်ရှိလာခဲ့၏။ “ကြည့်ရတာ မပျော်ရွှင်သလိုပါပဲလား”
“မဟုတ်ဘူး”
ကုန်းစွန်းရော့လီသည် မျက်လုံးထောင့်တွင် ရှိနေသည့် မျက်ရည်များကို အသာသုတ်ကာဖြင့် ပြောလိုက်သည်။ “အရမ်းကို ပျော်ပါတယ်”
“အင်း… စိတ်ထဲမှာ တစ်မျိုးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အမေ့ကို ကြည့်ရတာလည်း တစ်မျိုးပဲ”
“ထာဝရလောကကြီးက မင်းရဲ့ အပိုင်လေ။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကလည်း ဒီလောကကြီးရဲ့ ထုံးတမ်း စဉ်လာကို လိုက်နာရမှာပေါ့။ ဒါကြောင့် ဒီနေ့ကစပြီး ငါ့ကို အမေလို့ပဲ ခေါ်တော့” ကုန်းစွန်းရော့လီက ဖြတ်ပြော လိုက်သည်။
ကျွင်းချောင်ရှောင်းက မငြင်းပယ်ခဲ့ချေ။ မည်သို့ပင်ခေါ်ခေါ် သူမသည် သူ၏မိသားစုထဲတွင် တည်ရှိနေပြီးသား ဖြစ်တော့သည်။ ဤအရာသည် ပြောင်းလဲနိုင်မည် မဟုတ်ချေ။ “ကောင်းပါပြီ အဖေ”
“အမေလို့ခေါ်”
“အမေ”
ကုန်းစွန်းရော့လီသည် ကျွင်းချောင်ရှောင်း၏ မျက်နှာကို လက်ဖြင့် အသာပွတ်သပ်ကာ ပြောလိုက်မိသည်။ “ကောင်လေး.. ငါ့ဆီမှာ တောင်းဆုတစ်ခုပဲ ရှိတယ်။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်သွား ရမယ်”
သူမ၏လက်ဝါးဆီမှ နွေးထွေးသည့် ခံစားချက်များကို ရရှိခဲ့၏။ ထို့အတူ သူမ၏ နှလုံးသားထဲတွင် ရှိနေသည့် နာကျင်မှုများသည် အနည်းငယ် လျော့ပါးသွားခဲ့၏။ သား - သားဆိုသည်မှာ တစ်ယောက်တည်း ရှိတော့၏။ တကယ့်ကို မိသားစု၏ ချစ်ခြင်းမေတ္တာကို ခံယူထိုက်သော လူတစ်ယောက်လည်း ဖြစ်နေသည်။
ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်နှင့် ပေါင်းစပ်ခဲ့ပြီးသည့်နောက် သူမကို လိမ်ညာသလို ဖြစ်နေသည့်အချိန်၌ ကျွင်းချောင်ရှောင်းသည် အားနာသလို ခံစားနေမိ၏။
“အခြားနည်းလမ်းလည်း မရှိဘူး”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက ထိခိုက်နာကျင်အောင် ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်မှ မရှိတာ”
“အမေ”
ကျွင်းချောင်ရှောင်းသည် တောက်ပစွာ ပြုံး၍ ပြောလိုက်၏။ “ကောင်းကောင်းမွန်မွန် အသက်ရှင် နေထိုင်ပြီး သားသမီးဝတ်ကို ကျေပွန်ချင်တယ်။ အမေ့ကိုလည်း လွတ်လွတ်လပ်လပ်နဲ့ သာယာတဲ့ ဘဝမှာ နေထိုင်စေချင်တယ်”
ကုန်းစွန်းရော့လီသည် မျက်လုံးများ ချာချာလည်သွားခဲ့သည်။ “အင်း.. အငြိမ်းစား ယူရလောက်အောင် ငါက မအိုသေးပါဘူး”
“မဟုတ်ဘူး၊ မဟုတ်ဘူး” ကျွင်းချောင်ရှောင်းက အလောတကြီး ပြောလိုက်၏။
ကုန်းစွန်းရော့လီသည် လက်ကို အသာဝှေ့ယမ်းကာဖြင့် အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ “ချွေးမလေး စောင့်နေတာ ကြာတော့မယ်။ သွား ပြန်ပြီး အနားယူတော့”
ကျွင်းချောင်ရှောင်း၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ရုတ်တရက် နီမြန်းသွားခဲ့တော့၏။