အခန်း ၁၉၇၂(ခ)
Vol. 132 Ch. 1972-B
အပိုင်း (၁၉၇၂ - ခ)
ကျွင်းချောင်ရှောင်းသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာမှာတင် မတ်မတ်ရပ်ပြီး ဆွံ့အလျက်ရှိနေသည်။
ဤလူ … ဤလူသည် ဒ႑ာရီလာ ပုဂ္ဂိုလ်တစ်ပါးလေးလား။
တစ်နေ့ ဤလူနှင့် တွေ့ဆုံရလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက ခန့်မှန်းတွက်ချက်ထားခဲ့သည်။ ထိုသို့ တွေ့ဆုံလျှင် ရွှေပေါင်ကြီးကို ပြေးဖက်ကာ အော်ဟစ်တောင်းဆိုမည်ဟု တွေးတောခဲ့ဖူးသည်။
ယခု ..
ရုတ်တရက် တွေ့ဆုံချိန်မှာတော့ သူသည်ဘာလုပ်လို့ ၊ ဘာကိုင်ရမှန်းမသိအောင်ပင် ဗျာများလို့နေခဲ့၏။
“အင်မော်တယ်လမ်းစဉ်တွေ ပါဝင်နေတဲ့ တံခါးရဲ့ ဆွဲဆောင်မှုကို ငြင်းဆန်နိုင်တဲ့ သိုင်းကျင့်ကြံသူဆိုတာ တစ်ယောက်မှ မရှိသေးဘူး။”
ထိုသူသည် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည် “မင်းက ပထမဆုံး အရှံးပေးတဲ့သူပဲ။”
“ဒီလိုစိတ်ထားမျိုးကိုပိုင်ဆိုင်တဲ့သူဆိုတာ ရှားလွန်းတယ်။ စီနီယာ .... ဆုလေးဘာလေးပေးဖို့ အစီအစဉ် မရှိဘူးလား” ခဏလောက် အံ့အားသင့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ယခင်အတိုင်း မျက်နှာပြောင်တိုက်သည့် အကျင့်ပြန်ပေါ်လာ၏။
“ဘာဆုလိုချင်တာလဲ”
သက်တန့်ရောင်စဉ်ကျမ်းကို အချိန်ကာလ တစ်ခုထိ ထိန်းသိမ်းထားပြီးနောက် အလင်းတန်းများ ပေါ်ပေါက်လာသည် ဆိုခြင်းမှာ သက်ဆိုင်ရာ အချိန်ကာလ တွင် အသက်ဝင်ရန် ဖန်တီးထားခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် သူ အခက်အခဲ ကြုံနေရချိန် ပေါ်လာခြင်းလည်း ဖြစ်သည်။
စိတ်ကို အေးအေးထား။ ကြုံရာကျပမ်း ရွေးလိုက်လို့မဖြစ်ဘူး။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ပြီး သေသေချာချာ စဉ်းစားလိုက်၏ “ကျုပ် လောဘမကြီးပါဘူး။ အထက်စကြဝဠာကြီးတစ်ခုလုံး မှာ အားအကောင်းဆုံးသူ ဖြစ်ချင်တယ်။ ဂိုဏ်းကို ... မဟုတ်ဘူး .. ထာဝရလောကြီးတစ်ခုလုံးကို အန္တိမလောကဆီ ခေါ်သွားနိုင်တဲ့သူ ဖြစ်ချင်တယ်”
သက်တန့်ရောင် သူတော်စင်က ပြောလိုက်သည် “ပြန်အိပ်တော့ .. အိမ်မက် မက်လို့ရအောင် ...”
“........”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဒါဆို တစ်ခုလျော့လိုက်မယ်။ အထက်စကြဝဠာကြီးတစ်ခုလုံးမှာ အားအကောင်းဆုံး ဖြစ်ချင်တယ်”
“ငါ မဖြည့်စည်းပေးနိုင်ဘူး”
“........”
ကုန်းရှန့်သည် အံ့အားသင့်သွားမိသည် “ဒါဆို စီနီယာ ဘာလုပ်နိုင်တာလဲ”
“မင်းကို အန္တိမ ကုန်းမြေဆီ ခေါ်သွားလို့ရတယ်”
“ကျုပ်တစ်ယောက်တည်းလား”
“အမှန်ပဲ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “ကျုပ် ငြင်းတယ်”
“လောကမှာ တန်ဖိုးဖြတ်မရဆုံး အခွင့်အရေးပဲ .... သေချာ စဉ်းစားဖို့ လိုတယ်” သက်တန့်ရောင် သူတော်စင်၏ စကားလုံးများထဲတွင် ထူးခြားလွန်းသည့် မှော်စွမ်းအင်များ ပါဝင်နေပုံပင်။ သူ့အား ရှေ့ဆီသို့ တိုးသွားစေရန် စိတ်ဆန္ဓများ ဖြစ်တည်လာစေ၏။
ကျွင်းချောင်ရှောင်း၏ သံမဏိလို ခိုင်မာသည့် စိတ်ဓာတ်များသည် လှုပ်ခါသွားသည်။ သူသည် ခက်ခက်ခဲခဲဖြင့် ရှေ့ဆီသို့ လှမ်းလျှောက်လိုက်သည်။ ရှေ့တွင် တောက်ပသည့် တံခါးတစ်ချပ်က စောင့်လို့နေသည်။
တစ်လှမ်း ....
နှစ်လှမ်း ...။
အလင်းတံခါးကို ထိပြီး ဝင်ရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ပြီးနောက် အော်ဟစ်လိုက်သည် “ကျုပ် ငြင်းတယ်”
ဝှစ် .. ဝှစ် ...။
သူ၏ သိစိတ်၊ အတွေးတစ်ခုလုံးကို ဖိနှိပ်ထားသော စွမ်းအင်တစ်မျိုးသည် ပျောက်ကွယ်သွား၏။
ဝှစ် ...
ကျွင်းချောင်ရှောင်းသည် ကျောက်တံခါးကြီးဆီမှ ခပ်လှမ်းလှမ်းကို ခုန်ဆုတ်လိုက်သည် “ကံကောင်းလို့ .. ငါ ခုခံနိုင်ခဲ့တယ်”
“လူငယ်လေး ...”
သက်တန့်ရောင် သူတော်စင် က ပြောလိုက်သည် “စိတ်ဓာတ်က မာကျောတယ်။”
“ကျေးဇူးပါ”
“ဒီအခွင့်အရေး လွဲချော်ပြီးရင် အန္တိမကုန်းမြေဆီ ဝင်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်”
“.......” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သက်တန့်ရောင်သူတော်စင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ ထိုပုံရိပ်သည် ပြုံးလျက် ပျောက်ကွယ်သွားခြင်းပင်။
ကြီးမားလွန်းသည့် ကျောက်တံခါးကြီးသည် ပြန်ပိတ်သွားသည်။ ပြီးနောက် ၎င်း၏ မျက်နှာပေါ်တွင် အက်ကွဲကြောင်း များ ဖြစ်တည်လာပြီး နောက်ဆုံးမှာတော့ အပိုင်းပိုင်း ဖြစ်ကုန်လေ၏။
အခွင့်အရေး ... ။
သူထိုအရာကို ဤကဲ့သို့ပင် လွဲချော်ခံခဲ့သည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အနည်းနှင့် အများဆိုသလို စိတ်ဓာတ်တော့ ကျမိသည်။ သို့ပေမဲ့ သူ၏ ဂိုဏ်း ... အရင်းနှီးဆုံး မိတ်ဆွေများအကြောင်း ပြန်လည် စဉ်းစားမိချိန်မှာတော့ နောင်တတရား ၊ မပြတ်မသား စိတ်ဓာတ်များ အားလုံးပျောက်ကွယ်သွားခဲ့၏။
ဝေါ့ ..။
ထိုအချိန်မှာပဲ သွေးအန်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် ကျောက်တံခါးကြီးပျောက်ကွယ်သွားရာ နေရာဆီ လှမ်းကြည့်လိုက်တော့ အမဲရောင် အရိပ်တစ်ခု တည်ရှိနေကြောင်း မြင်လိုက်ရသည်။ သူသည် ရုတ်တရက် ထအော်လိုက်မိ၏ “မိုးကောင်းကင် နတ်ဆိုး အင်ပါယာ”
မှန်ပေ၏။ တခြားလေဝဲဆီမှ ရောက်ရှိလာသော မိုးကောင်းကင်နတ်ဆိုးအင်ပါယာပင် ဖြစ်သည်။
သူ၏ တဆတ်ဆတ် တုန်ယင်နေသော လက်ကို ကြည့်ရလျှင် အလွန်အမင်း ဒေါသထွက်နေပုံ ပေါ်သည် “ချီးတဲ့မှ ... မင်း ဘာလို့ ငြင်းလိုက်တာလဲ”
“????” ကျွင်းချောင်ရှောင်းသည် ကြောင်အအနှင့် ဖြစ်မိနေ၏။
..........
အချိန်ကို နောက်ပြန်ဆုတ်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း လေဝဲထဲလျှောက်ဝင်လာချိန်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည်လည်း ခြောက်ခြားဖွယ်ရာ လေဝဲမှ တဆင့် အထဲသို့ ဝင်လာခဲ့သည်။
တစ်ယောက်သည် ညာဘက်မှ ဝင်လာပြီး တစ်ယောက်သည် ဘယ်ဘက်မှ ဝင်လာခြင်း ဖြစ်၏။
ကျောက်တံခါး အထဲသို့ဝင်လိုက်လျှင် တစ်ယောက်နှင့်တစ်ယောက် မြင်ရမှာဖြစ်သည်။
ဝှစ် ...။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေး ကို တွေ့နေရပြီ ဖြစ်သည်။ သူကြိုးစားနေသမျှ အရာအားလုံးသည် ထိုနေရာဆီသို့ ဝင်ခွင့်ရစေရန်ပင်။ သူ လုပ်ခဲ့သမျှ အရာအားလုံး သည်လည်း ထိုနေရာဆီသို့ ဝင်ခွင့်ရရန် မျှော်လင့်ချက်နှင့်ပင်။ ယခု အခွင့်အရေးသည် သူ၏ မျက်စိရှေ့သို့ ရောက်နေပြီ ဖြစ်၏။
သူ ပျော်ရွှင်လျက်ရှိနေတုန်းမှာပဲ ဝိညာဉ်လို ပုံရိပ်ယောင်တစ်ခုက မေးမြန်းလိုက်သည် “အန္တိမကုန်းမြေ ထဲ ဝင်ချင်တာလား”
“အင်း”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တစ်ချက်ကလေးတောင် မတွေးတော့ချေ။
“ဒါဆို ဟိုဘက်တံခါးက တစ်ယောက်ရဲ့ အဖြေကို စောင့်အုံး .. အဖြေက တူညီရင် အန္တိမကုန်းမြေထဲ ဝင်ခွင့်ရမယ်”
တခြားသူလား။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အံ့အားသင့်သွားမိသည် “အခြားတစ်ယောက်လည်း ဒီကို လာတာလား”
ဟမ့် .. မည်သို့သော သူပဲ ဖြစ်ဖြစ် ဤကဲ့သို့သော အခွင့်အလမ်းကို ငြင်းပယ်လိမ့်မည်မဟုတ်ချေ။ အန္တိမကုန်းမြေ ဆိုသည်မှာ အထက်စကြဝဠာ၏ ကျင့်ကြံသူတိုင်း အိမ်မက်မက်သည့် အရာပင် မဟုတ်ပါလား။
သူသည် မကြာခင် လိုချင့်တောင့်တလွန်းသော တည်နေရာကြီးဆီသို့ ရောက်ရှိပေတော့မည်။ အထက် စကြဝဠာကြီး တစ်ခုလုံးကို မစုစည်းနိုင်၊ ပြိုင်စံရှားဂိုဏ်းကို သူ၏ လက်ဖြင့် မဖျက်ဆီးခဲ့ရသည့် နောင်တတရားလေး နည်းနည်းသာ ရှိသည်။ သို့ပေမဲ့ အန္တိမ ကုန်းမြေဆီသို့ ဝင်ခွင့်ရခြင်းနှင့် နှိုင်းယှဉ်ရလျှင် ထိုအရာမှာ ဘာမှ ပြောပလောက်သည့် အရာမဟုတ်ချေ။
သို့ပေမဲ့ သူ ဝမ်းသာလုံးဆို့လျက်ရှိနေတုန်းမှာပဲ ရှေ့ရှိ တံခါးကြီးသည် ပျောက်ကွယ်သွားခဲ့သည်။
အဆုံးသတ်မှာတော့ သွေးပင်အန်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ မြင်ကွင်းထဲ ကျွင်ချောင်ရှောင်း ပေါ်လာခဲ့သောကြောင့်ပင်။
ဒင်း ... ဒင်း ... အခွင့်အရေးကို ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။